အခန်း (၄၈၃)
Vol. 39 Ch. 483
လီချန်ချင်းသည် ရိုးရှင်းသော စာကြောင်းနှစ်ကြောင်းကိုသာ ပြောခဲ့သည်။ ထိုစကားများ ပြောပြီးသည်နှင့် ထျန်းဟိုင်မြို့တော်တစ်ခုလုံး တုန်လှုပ်သွားကြသည်။
‘လီချန်ချင်း?’
ယခင်ကဆိုလျှင် လီချန်ချင်းဟူသော အမည်သည် စန်းယွမ်နယ်မြေတွင် အလွန်နိမ့်ကျနေသေးသည်။ လီဟမ်ရှန်း ပေါ်ပေါက်လာပြီးနောက်တွင် လီချန်ချင်းဟူသော အမည်သည် စန်းယွမ်နယ်မြေ တစ်ခုလုံးတွင် အလွန်တရာ ကျော်ကြားလာခဲ့သည်ဟု ဆိုနိုင်ပေသည်။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း တည်ထောင်သူ…
သူသည် ဓားခုနစ်ချောင်းကိုင်ဆောင်ထားသော ချင်းလဲ့ဓားသခင်လည်း ဖြစ်သည်။
‘ဒါပေမယ့် လီချန်ချင်းက သေပြီမလား။
သူဘာလို့ ဒီမှာရှိနေတာလဲ။’
ကွမ်ကျူးသည်လည်း ထိတ်လန့်သွားခဲ့သည်။
‘ဒီလူက လီချန်ချင်းလား။
မဖြစ်နိုင်ဘူး။’
လီကျင့်စုန်လည်း ထိတ်လန့်သွားသည်။ ယခင်အချိန်က လီချန်ချင်းကို မြင်ဖူးသော်လည်း သူ၏အရှေ့ရှိ ဤလူနှင့် လုံးဝဥဿုံ ကိုက်ညီမနေပေ။
‘တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာ ဖြစ်နိုင်လား။’
ယခုအချိန်တွင် လူအတော်များများက သူတို့၏ နှလုံးသားထဲ၌ပင် အဖြေရှိနေပြီဖြစ်သည်။ လီချန်ချင်း၏ကိုယ်ခန္ဓာ ပျက်စီးသွားသောအခါ လီချန်ချင်းက ကလဲ့စားချေရန်အတွက် အခြားတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့လေသည်။
သို့သော် သူ့အရှေ့ရှိ ဤလူ၏ အရှိန်အဝါသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပသည်။
လီချန်ချင်းဆိုသည့် အမည်ကို ကြားလိုက်ရချိန်၌ ယွဲ့ကျီမင်၏ မျက်နှာသည်လည်း မှုန်မှိုင်းသွားခဲ့လေသည်။
လီချန်ချင်းက မည်သူဆိုသည်ကို သူကောင်းကောင်းသိလေသည်။ ယွဲ့ဟန်ကျွင်း၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
သို့သော် ယွဲ့ဟန်ကျွင်းသည် နောက်ဆုံး၌ သူ၏စိတ်ဝိညာဉ်ကို ပြန်လည်ရယူလိုက်သည့်အချိန်တွင် သူ၏စိတ်ဝိညာဉ်တစ်ခုသည် တစ်စုံတစ်ဦးကြောင့် ဖုံးကွယ်ခံလိုက်ပြီး သူသည်လည်း ယခုအချိန်အထိ မဟာလွတ်မြောက်ခြင်းအဆင့်ထဲသို့ အမှန်တကယ် မဝင်ရောက်နိုင်ခဲ့သည်ကို မည်သူမျှ မထင်မှတ်ခဲ့ကြပေ။
ယခု လီချန်ချင်းက သူ့အရှေ့တွင် ပေါ်လာခဲ့ပြန်သည်။ ထိုအရာကြည့်ပြီး ယွဲ့ဟန်ကျွင်းသည် ယနေ့တော့ သူသည် မဟာလွတ်မြောက်ခြင်းအဆင့်သို့ အမှန်တကယ် ဝင်ရောက်နိုင်လိမ့်မည်ဟု ထင်မြင်ခဲ့သည်။
ထိုအချိန်တွင် ထျန်းဟိုင်မြို့တော်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ထိုသူတို့သည် မူလက ယနေ့ မင်္ဂလာပွဲတက်ရောက်ရန် ဤနေရာသို့ ရောက်နေကြသော်လည်း ယခုလိုအဖြစ်မျိုး ကြုံရမည်ဆိုသည်ကို မည်သူသိပါလိမ့်မည်နည်း။
“လီချန်ချင်း! မင်းတစ်သက်လုံး ပုန်းနေမယ်လို့ ငါထင်ခဲ့တာ… ဒါပေမယ့် မင်းငါ့ဆီ ရောက်လာလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး…”
ယွဲ့ဟန်ကျွင်း က လီချန်ချင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“မင်းနဲ့ငါ့အကြားမှာ ပြောစရာဘာမှမရှိဘူး… မင်းကငါ… ငါကမင်းပဲလေ… ဒီကိစ္စက ဘယ်သူ့စရိုက်(personality)က ပိုလွှမ်းမိုးနေလဲဆိုတာပဲ… မင်းနဲ့ငါ့အကြားက ပြဿနာတွေကို ဖြေရှင်းရမယ်… အဲ့ဒါမှပဲ ဘယ်စိတ်ခွဲက အနိုင်ရမလဲဆိုတာ သိနိုင်မှာ”
“ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကိုစာရင်းရှင်းဖို့ ငါဒီကိုရောက်လာတာ မဟုတ်ဘူး… ငါသေပြီးတဲ့နောက်မှာ မင်း ဟမ်ရှန်းကို ဘာလုပ်ခဲ့တာလဲ…”
“ရိုးရိုးသားသား ပြောရရင်တော့ အဲ့တာကငါ့ကို ဒေါသထွက်စေတယ်…”
လီချန်ချင်း၏ အသံသည် ရေနှင့်တူလှသည်။
“ဒေါသထွက်တော့ရော ဘာလုပ်ရမှာလဲ…”
ယွဲ့ဟန်ကျွင်းက ခေါင်းမော့ပြီး ပြုံးလိုက်သည်။
အမှန်တကယ်တော့ သူသည် လီချန်ချင်းက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ဟု ထင်မိခဲ့ခြင်းဖြစ်သည်။
“ငါ နားလည်ပြီ….”
ထိုအချိန်တွင် ယွဲ့ကျီမင်က သူ့ကိုဖမ်းဆီးရန် စေခိုင်းလိုက်သည်။ အသံထွက်လာသည်နှင့် တပြိုင်နက် ထျန်းဟိုင်မြို့တော်၏ အရပ်ရပ်မှ ဆရာသခင်များစွာ ပြေးထွက်လာကြသည်။
ဆရာသခင်အချို့သည် ယွဲ့မိသားစုမှဖြစ်ပြီး အချို့မှာမူ အခြားမိသားစုများမှဖြစ်သည်။ တစ်ချို့က ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြပြီး တစ်ချို့သည် လူအုပ်ထဲတွင် ပုန်းအောင်းနေကြသော်လည်း ယွဲ့ကျီမင် အမိန့်ပေးသည့်အခါ အားလုံး ပြေးထွက်လာကြသည်။
ထိုလူများသည် မိသားစုတစ်ခုစီ၏ ထိပ်တန်းများဖြစ်ကြပြီး ၎င်းတို့အနက်မှ မူလအဆင့်အောက် ရောက်နေသူများမှာ အလွန်နည်းပါးလှပေသည်။ အဆင့်မြင့် ဆရာသခင် ရှစ်ယောက်၊ ကိုးယောက်ပင် ပါဝင်သေးသည်။
တခဏချင်းတွင်ပင် ဆရာသခင် ဒါဇင်ပေါင်းများစွာက လီချန်ချင်းကို စုပေါင်းတိုက်ခိုက်ခဲ့ကြသည်။
သို့သော် ထိုသူတို့၏တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း လီချန်ချင်းသည် သူတို့ကို အကြည့်တစ်ချက်ပင် မစွန့်ကြဲခဲ့ပေ။ သူ၏လက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး တစ်ချက်မျှ ဝှေ့ယမ်းလိုက်သည်။
ချက်ခြင်းဆိုသလိုပင် အရှိန်ပြင်းပြင်း ပြေးတက်လာသော ထိုလူများသည် လေထုတစ်ဝက်၌ပင် အေးခဲသွားကြသည်။
သို့သော် ဖြစ်ပျက်နေသည့်အရာများကို သူတို့နားမလည်မီတွင် သူတို့၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်အလင်းတန်းသည် အလွန်တောက်ပနေသဖြင့် လူတိုင်း၏ခန္ဓာကိုယ်သည် ယခင်က လီချန်ချင်းဖြစ်သွားသကဲ့သို့ အလင်းဘောလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျံဝဲနေသော ဒုဓလီပန်းများကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
အဆင့်မြင့် ဆရာသခင်ကိုးဦးအပါအဝင် စွမ်းအားရှင် ဒါဇင်ပေါင်းများစွာသည် အော်သံတစ်သံမျှပင် လုံးဝဥဿုံ မပြုလုပ်နိုင်ခဲ့ဘဲ သူ၏တည်ရှိနေမှုကို အာရုံခံစားနိုင်စွမ်း မရှိတော့ပေ။
ထိုမြင်ကွင်းသည် စန်းယွမ်နယ်မြေတစ်ခုလုံး၏ ဆရာသခင်များကို တိုက်ရိုက်ပင် ထိတ်လန့်စေခဲ့သည်။
'ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ။’
သို့သော် ယွဲ့ဟန်ကျွင်းက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။
“အသွင်မရှိ ပုံသဏ္ဍာန်မဲ့!”
“မဟာလွတ်မြောက်ခြင်းအဆင့်!”
“မင်း….. မင်း မဟာလွတ်မြောက်ခြင်းအဆင့်ထဲကို ရောက်သွားခဲ့ပြီပဲ!”
ယခုအချိန်တွင် ယွဲ့ဟန်ကျွင်း၏ မျက်လုံးများသည် နီရဲနေပြီ ဖြစ်သည်။ လီချန်ချင်းသည် မဟာလွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဟု သူတစ်ခါမှ မထင်မှတ်ထားခဲ့ပေ။
ထိုအဆင့်နောက်သို့ လိုက်ရန်အတွက် သူ၏ညီအစ်ကိုများ၊ သူ၏ဇနီးနှင့် သားကိုပင် စတေးခဲ့သည်။ ကံမကောင်းစွာဖြင့်ပင် အဆုံး၌ သူသည် မဟာလွတ်မြောက်ခြင်းအဆင့်သို့ မဝင်ရောက်နိုင်ခဲ့သေးသည့်တိုင် လီချန်ချင်းသည်တော့ အမှန်တကယ်ပင် မဟာလွတ်မြောက်ခြင်းအဆင့်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’
ထိုစကားများသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ မျက်လုံးပေါင်းများစွာက လီချန်ချင်းကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်ကြသည်။
‘မဟာလွတ်မြောက်ခြင်းအဆင့်!’
‘အဲဒီအဆင့် တကယ်ရှိတာလား။’
ရှိနေကြသော မြေအင်မော်တယ်များပင်လျှင် မယုံကြည်နိုင်ကြပေ။
သူတို့ထဲရှိ အတော်များများက အစစ်အမှန် ပန်းချီအင်မော်တယ်ကို မမြင်ဖူးကြသလို ပန်းချီအင်မော်တယ်၏ လုပ်ဆောင်ချက်ကိုလည်း မည်သူမှ မမြင်ဖူးကြပေ။ သို့သော် ယွဲ့ဟန်ကျွင်းကပင် ဤကဲ့သို့ ပြောခဲ့သည်ဆိုလျှင် အမှန်ပင်ဖြစ်ရမည်။
သို့သော် ယွဲ့ဟန်ကျွင်းသည် လီချန်ချင်းက အဘယ်ကြောင့် မဟာလွတ်မြောက်ခြင်း အဆင့်သို့ ဝင်ရောက်နိုင်သည်ကို အဖြေရှာမရပေ။
‘သူ့မှာ စိတ်ဝိညာဉ်တစ်ခုပဲရှိတယ် မဟုတ်လား။’
‘ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။’
“ဘာလို့လဲ!”
ယွဲ့ဟန်ကျွင်း ဒေါသထွက်သွားသည်။ ဤခဏတာ၌ သူသည် နောက်ဆုံးတွင် တည်ငြိမ်အေးဆေးမှုများ မထိန်းနိုင်တော့ဘဲ အလုံးစုံ ဆုံးရှုံးခဲ့ပြီဖြစ်သည်။
“ဘိုးဘေး! ကျုပ်အတွက် သူ့ကို ဖမ်းပေးပါ…”
ယွဲ့ဟန်ကျွင်းသည် သူ့နံဘေးရှိ ယွဲ့ကျီမင်ကို ပြောလိုက်သည်။
ယွဲ့ကျီမင်သည် ထိုစကားကိုကြားသော် သူသည် တုံ့ဆိုင်းမနေတော့ဘဲ လီချန်းကျင်းကို တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။
သူသည် မြေအင်မော်တယ်အဆင့်တွင် ရှိနေသူဖြစ်သည်။ မဟာလွတ်မြောက်ခြင်းအဆင့်ရှိ အင်မော်တယ်များကို တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်ဖူးသော်လည်း လီချန်ချင်းထက်တော့ ပိုဆိုးလိမ့်မည်မဟုတ်ဟု သူယုံကြည်ခဲ့သည်။
သူသည် လီချန်ချင်းကို အနိုင်ယူနေသရွေ့ ယွဲ့ဟန်ကျွင်းက မဟာလွတ်မြောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။
ထို့အပြင် စန်းယွမ်နယ်မြေ၏ စစ်မှန်သော အုပ်ချုပ်သူအရှင်သခင် ဖြစ်လာပေလိမ့်မည်။ ၎င်းကို နှစ်ရှည်လများ အစီအစဉ် ချထားသော်လည်း ယနေ့ထိတိုင် မအောင်မြင်နိုင်သေးပေ။
ထို့ကြောင့် ယွဲ့ကျီမင်သည် တိုက်ခိုက်သောအခါတွင် သူ၏ ခွန်အားအလုံးစုံကို အသုံးပြုခဲ့သည်။
ယွဲ့ကျီမင် စတင်လှုပ်ရှားလိုက်သည့်အခါ ကောင်းကင်နှင့်မြေကြီးသည် တခဏချင်း အရောင်ပြောင်းသွားပြီး ကမ္ဘာကြီးသည် အမှောင်ထုအဖြစ်သို့ ပြောင်းလဲသွားကာ တောက်ပနေသောလသည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ယွဲ့ကျီမင်၏ ကမ္ဘာသည် လီချန်ချင်းဆီသို့ တိုက်ရိုက်ပြေးလာပြီး သူ့ကို ချေမှုန်းပစ်လိုက်သည်။
မြေအင်မော်တယ်များသည် ကမ္ဘာကြီးကို ပြောင်းလဲသွားစေနိုင်ပြီး မရေမတွက်နိုင်သော စွမ်းအားရှိသူများက ထိုမြင်ကွင်းကို ခံစားခဲ့ရသည်။ ယွဲ့ကျီမင်၏ စွမ်းအားပင်။
“လီချန်ချင်း! ငါ့ရဲ့ လမင်းစွမ်းအင်အောက်မှာ နစ်မြုပ်ကျဆုံးသွားစမ်း!”
ကောင်းကင်ယံထက်ရှိ တောက်ပနေသည့် လမင်းသည် ရုတ်တရက် အေးစက်သည့် အလင်းရောင်တစ်ခုအဖြစ်သို့ ပေါက်ကွဲသွားပြီး အလင်းရောင်ဖြတ်သန်းသွားတိုင်း အရာအားလုံးကို အသွင်ပြောင်းသွားသလိုပင်။ လမင်းအလင်းရောင်တွင် အရာအားလုံးသည် ဘာမှမရှိတော့သကဲ့သို့ ဖြစ်သွားသည်။
ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို ပြောင်းပြန်လှန်လုနီးပါးပင်။
တောက်ပသောလမင်းသည် ပိုကြီးလာသည်နှင့်အမျှ လီချန်ချင်းသည် တောက်ပနေသောလမင်း၏ အရှေ့တွင် သေးနုပ်လှသည့် လူသားတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။ အလွန်တရာ မထင်မရှားဖြစ်နေခြင်းပင်။
သို့သော် လီချန်ချင်းသည် မတိုင်မီက လက်တစ်ဖက်သာ မြှောက်လိုက်သကဲ့သို့ သူ၏ လက်ဖဝါးတစ်ဖက်နှင့်အတူ ခြေထောက်ကိုမြှောက်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
တောက်ပသောလမင်း၏ အထက်တွင် ရွှေရောင်အလင်းတန်းများ ဖြတ်ကျော်သွားကာ လီချန်ချင်း၏ လက်ဖဝါးသည် ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ပြီး ယွဲ့ကျီမင်၏ လမင်းစက်ဝန်းကို အမှန်တစ်ကယ်ပင် ဆုတ်ဖြဲပစ်လိုက်သည်။
ထိုအချိန်တွင် ယွဲ့ကျီမင်၏ကမ္ဘာသည် သတိပေးခြင်း အလျှင်းမရှိဘဲ လီချန်ချင်းကြောင့် ရှုံးနိမ့်သွားခဲ့သည်။
ပေါ့ပါးသော လက်ဖဝါးရိုက်ချက်သည် လောကစည်းမျဥ်းများကို ပုံပျက်သွားစေခဲ့ပြီး ကောင်းကင်ဘုံ၏ မဟာတာအိုကိုပင် နှိမ်နှင်းပစ်လိုက်သည်။
“ဖွီ!”
ယွဲ့ကျီမင်၏နှုတ်ခမ်းမှ သွေးများ ကျဆင်းလာပြီး သူ၏မျက်နှာထက်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ လီချန်ချင်းက သူ၏ ကိုယ်ပိုင်ကမ္ဘာကြီးကို အလွယ်တကူ ဖြိုခွဲပစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
မဟာလွတ်မြောက်ခြင်းအဆင့်ရှိ လီချန်ချင်းကြောင့် တခဏအတွင်း သူ ရှုံးနိမ့်ခဲ့ရခြင်းက မည်သို့ဖြစ်နိုင်မည်နည်း။
လီချန်ချင်းသည် ယခုအချိန်တွင် အရာရာစွမ်းဆောင်နိုင်သော နတ်ဘုရားကဲ့သို့ပင်။
လေဟာနယ်ကို ခြေတစ်လှမ်း ဖြတ်သန်းပြီး အမှောင်ထုကို လက်ဗလာနှင့် ပယ်ဖျက်လိုက်ခြင်းပင်။
ယွဲ့ကျီမင်သည် ယခုအချိန်တွင် မြေပြင်ထက်၌ ဒူးထောက်လျက် လဲကျသွားသည်။ လီချန်ချင်းသည် သူ၏ကိုယ်ပိုင်ကမ္ဘာကို ချေမှုန်းပစ်ခဲ့သည်။ ဤခဏတာအတွင်း ယွဲ့ကျီမင်ရခဲ့သည့် ဒဏ်ရာသည် အလွန်တရာ ပြင်းထန်လှသည်။
အခြားမြေအင်မော်တယ်များလည်း ထိတ်လန့်သွားကြသည်။
‘လီချန်ချင်းက အရမ်းသန်မာတာပဲ။’
ကွမ်ကျူးပင် အံ့အားသင့်သွားသည်။ ယွဲ့ကျီမင်သည် အလွန်အမင်း အင်အားကြီးသည်။ သူသာ ယွဲ့ကျီမင်နှင့် တိုက်ခိုက်ဖြစ်လျှင် လွယ်လွယ်နှင့် အနိုင်ရမည်မဟုတ်ချေ။
အခြားသူများကလည်း လုံးဝ ထိတ်လန့်သွားခဲ့ကြသည်။ ယခုအချိန်တွင် လီချန်ချင်းသည် ယွဲ့ဟန်ကျွင်းရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
ယွဲ့ဟန်ကျွင်းက ကုလားထိုင်ပေါ်တွင်ထိုင်နေကာ အနောက်သို့ လက်နှစ်ဖက်နောက်ပစ်ကာ သူ့ဆီသို့ လျှောက်လာနေသည့် လီချန်ချင်းကို လှမ်းကြည့်လိုက်သည်။ ယခုအချိန်တွင် သူသည် နှလုံးသား ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။
‘ဘယ်လိုတောင် ဒီလောက်သန်မာနိုင်ရတာလဲ?
ပိုတောင် ပြင်းထန်လွန်းတယ်။’
ထိုအချိန်တွင် လီချန်ချင်းသည် ယွဲ့ဟန်ကျွင်းရှေ့တွင် ရပ်နေသည်။ ယွဲ့ဟန်ကျွင်းအတွက် ၎င်းသည် သူ့အပေါ်၌ ဖိထားသော တောင်ကြီးတစ်ခုလိုမျိုးဖြစ်နေပြီး အသက်ရှူရ ခက်ခဲစေသည်။
ဖိနှိပ်ချုပ်ချယ်မှု ခံစားချက်က တကယ့်ကို ပြင်းထန်လွန်းလှသည်။
ယွဲ့ဟန်ကျွင်း၏ ထင်မြင်ယူဆချက်အရ လီချန်ချင်းသည် ယခုအချိန်တွင် သူ့အား လူသားတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သည့်ပုံစံနှင့် မကွာခြားလှချေ။
“ငါ့သားကို အန္တရာယ်ပြုဝံ့တယ်….”
“မင်းက သေဖို့ထိုက်တန်တယ်….”
လီချန်ချင်း၏ အမူအရာက နွေးထွေးမနေသလို ဒေါသလည်း မထွက်သော်လည်း သူ၏အသံမှာမူ အေးစက်နေပေသည်။
(မူရင်းစာရေးသူ၏ အမှာ - ပရိသတ်တွေက လီချန်ချင်းကို နဂါးနိုင်လက်ဝါးသုံးစေချင်ကြတယ်။ လီချန်ချင်းရဲ့ နဂါးအတွင်းအားတွေက မူလခန္ဓာကိုယ်သေဆုံးသွားလို့ ပျောက်ကွယ်သွားပါပြီ။ ဒါကြောင့် နဂါးနိုင်လက်ဝါးကို အစကနေပြန်ကျင့်မှာပဲ အတွင်းအားစုဆောင်းပြီး သုံးနိုင်မှာပါ။ ကုဟန်ရှီရဲ့ခန္ဓာကိုယ်က နဂါးနိုင်လက်ဝါးကို မကျင့်ကြံခဲ့ဖူးတာကြောင့် လီချန်ချင်းက နဂါးနိုင်လက်ဝါးသိုင်းကို တတ်ကျွမ်းပေမဲ့ အသုံးမပြုနိုင်ခဲ့တာပါ။ အနည်းဆုံးတော့ လီချန်ချင်းက အသက်ပိုငယ်သွားပြီး ပိုချောသွားတာမို့ ဒီလောက်နဲ့ ကျေနပ်လိုက်ပါ)