အခန်း (၄၈၄)
Vol. 39 Ch. 484
“မမေ့နဲ့ လီဟမ်ရှန်းက ငါ့သားပဲဆိုတာ…”
ယွဲ့ဟန်ကျွင်းသည် ဒေါသကြောင့် မျက်လုံးများပင် ပြူးကျယ်သွားရသည်။
“မင်းက အဖေဖြစ်ဖို့ မထိုက်တန်ဘူး….”
ထိုအချိန်တွင် လီချန်ချင်းက သူ၏လက်ကို မြှောက်လိုက်ပြီး ယွဲ့ဟန်ကျွင်းကို ဖိနှိပ်လိုက်သည်။
“လီချန်ချင်း!”
လီချန်ချင်းသည် သူ့ကိုသတ်ရန် အမှန်တကယ် ကြိုးစားနေသည်ကို တွေ့လိုက်ရသည့်အခါ ယွဲ့ဟန်ကျွင်း ဒေါသထွက်သွားရသည်။ သူ၏လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ဧကရာဇ်စုတ်တံကို ချက်ချင်းအသုံးပြုခဲ့သည်။
“ဘန်း!”
ဧကရာဇ်စုတ်တံ ထွက်လာသည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီးသည် မှောင်မိုက်သွားခဲ့သည်။ ယွဲ့ဟန်ကျွင်းသည် မြစ်များ၊ နေနှင့် လတို့ကို ကလောင်တံဖြင့် သာမာန်ကာလျှံကာ ရေးဆွဲကာ ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း ဆွဲခေါ်လိုက်သည် ။
“ဟမ်?”
လီချန်ချင်းသည် ပေါ့ပါးသော အာမေဋိတ်တစ်ခု ပြောလိုက်သော်လည်း ထိုကမ္ဘာတွင် သူ့ကိုယ်သူ ပိတ်မိနေခဲ့သည်။ မရေမတွက်နိုင်သော ရောင်ခြည်အလင်းတန်းများသည် အချိန်နှင့်အမျှ သူ၏မျက်လုံးရှေ့မှ ဖြတ်သွားခဲ့သည်။ ယွဲ့ဟန်ကျွင်းသည် သူနှင့် ပို၍ပို၍ ဝေးလာသကဲ့သို့ ထျန်းဟိုင်မြို့တော် တစ်ခုလုံးသည်လည်း သူနှင့် ပိုဝေးလာလေလေဖြစ်သည်။
“အဲ့ဒါက နတ်ဘုရားအဆင့် နံပါတ်တစ်လက်နက် ဧကရာဇ်စုတ်တံလား?”
ဧကရာဇ်စုတ်တံကို ပထမဆုံးအကြိမ် တွေ့လိုက်ရသောအခါ လူအများ အံ့အားသင့်သွားကြသည်။
သို့သော် လီချန်ချင်းသည် ထိုအချိန်တွင် ရှေ့သို့ ခြေတစ်လှမ်းတိုးခဲ့ပြီး သူ၏ ပုံသဏ္ဍာန်မဲ့နှင့် မမြင်နိုင်သော စွမ်းအားသည် ဤကမ္ဘာ၏ ပိတ်ဆို့ခြင်းကို တိုက်ရိုက်ဖြတ်ကျော်ကာ ယွဲ့ဟန်ကျွင်းရှေ့သို့ တစ်ဖန်ရောက်ရှိလာခဲ့သည်။
ယွဲ့ဟန်ကျွင်းသည် သူ၏လက်ကို ဝှေ့ယမ်းရုံမျှဖြင့် မဟာလွတ်မြောက်ခြင်း အဆင့်ရှိသော လီချန်ချင်းကို ထောင်ချောက်ဆင်နိုင်ခဲ့မည်ဟု မထင်မိခဲ့ပေ။ သူသည် အချိန်ဆွဲချင်ရုံသက်သက်သာ ကြိုးစားနေခြင်းဖြစ်သည်။
လီချန်ချင်းသည် ထိုကမ္ဘာမှ ထွက်လာသည့်အချိန်တွင် ယွဲ့ဟန်ကျွင်း၏လက်မှ စာလိပ်တစ်လိပ် ထွက်လာခဲ့သည်။ စာလိပ်က ပျံဝဲနေပြီး လေထုအလယ်တွင် ဖြန့်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် မလွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုသည် စာလိပ်မှ ထွက်ကျလာပြီး ထိုအရှိန်အဝါသည် လူတိုင်းကို အရောင်ပြောင်းစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရှိန်အဝါသည် သူတို့အမြဲ ခံစားရလေ့ရှိသော ပန်းချီရတနာ၏ အရှိန်အဝါကိုပင် လုံးဝ ကျော်လွန်သွားသောကြောင့်ဖြစ်သည်။
“ဒါက အင်မော်တယ်ရတနာလား?”
အင်မော်တယ်ရတနာ ပေါ်လာသည်နှင့်တပြိုင်နက် ၎င်း၏ ချေမှုန်းနိုင်သည့် စွမ်းအားသည် ကြောက်စရာကောင်းလှသည်။
လူအတော်များများသည် သူတို့၏ ဘဝတစ်လျှောက်လုံး၌ အင်မော်တယ်ရတနာများကို မမြင်ဖူးကြပေ။
ထိုအချိန်တွင် ယွဲ့ဟန်ကျွင်း၏ အင်မော်တယ်ရတနာသည် သူတို့ကို အင်မော်တယ်ရတနာများနှင့် သာမန်ပန်းချီရတနာများကြား ခြားနားချက်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားရစေခဲ့သည်။
စာလိပ်ပေါ်တွင် မြင်ရသမျှမှာ အလွန်အမင်း နက်မှောင်လှသည့် ခေါင်းတလား၏ ရုပ်ပုံဖြစ်သည်။ ခေါင်းတလားသည် ညအမှောင်ကဲ့သို့ နက်စွေးနေသည်။
ကြည့်လိုက်ရုံနှင့်ပင် လူတိုင်းကို ရဲရင့်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
“အဲဒါက ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလား....”
ကွမ်ကျူးသည် ယခုအခိုက်အတန့်တွင် ထိတ်လန့်၊တုန်လှုပ်သွားသည့်ပုံစံကို ပြသခဲ့သည်။
“ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလား?”
လူအတော်များများသည် ထိုအရာက ဘာလဲဆိုသည်ကို မသိကြပေ။
ကျူးရွှမ်မင်းပင်လျှင် ကွမ်ကျူးအား ပဟေဠိဖြစ်နေသောအကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလား ဆိုတာ ဘာလဲ….”
ကွမ်ကျူး၏ မျက်နှာသည် အလေးအနက် ဖြစ်လာခဲ့သည်။
“ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလား ဆိုတာက ဒဏ္ဍာရီတစ်ခုလိုပဲ…. ပြောရရင်တော့ ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကပေါ့… တစ်နေ့မှာတော့ ငါတို့ စန်းယွမ်နယ်မြေရဲ့ ကောင်းကင်ယံမှာ အပေါက်ကြီးတစ်ခု ပေါ်လာခဲ့တယ်… အနက်ရောင်ခေါင်းတလားက ငါတို့ စန်းယွမ်နယ်မြေရဲ့ အတားအဆီးကို ဖြတ်ကျော်ဝင်ရောက်ပြီး စန်းယွမ်နယ်မြေကို ရောက်လာခဲ့တယ်… အဲဒီအချိန် ကောင်းကင်နဲ့ မြေကြီးက မှောင်မိုက်နေပြီး နေနဲ့ လကလည်း အလင်းရောင်ပျောက်သွားခဲ့တယ်… အနက်ရောင်ခေါင်းတလား တည်ရှိမှုကြောင့် ဆယ်နှစ်ကျော်ကျော်လောက် နေရောင်မရခဲ့ဘူး…. မှတ်တမ်းရာဇဝင်တွေမှာတော့ အဲ့ဒီအချိန်ကာလကို အမှောင်ခေတ်လို့ ခေါ်ခဲ့ကြတယ်….”
“အမှောင်ခေတ်?”
“အဲ့တုန်းက?”
ရှေးဟောင်းစာအုပ်များတွင် အမှောင်ခေတ်အကြောင်း ဖော်ပြချက်များကို လူအချို့က မှတ်မိကြသော်လည်း ၎င်းတို့သည် အသေးစိတ်၊အတိအကျ မပါရှိပေ။
“ဒီလိုနဲ့ တစ်နေ့မှာတော့ အနက်ရောင်ခေါင်းတလားက အကြောင်းရင်းတစ်ခုခုကြောင့် ပြန်ထွက်သွားခဲ့ပြီး စန်းယွမ်နယ်မြေရဲ့ ကောင်းကင်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တယ်…. နောက်တော့ ပန်းချီအင်မော်တယ် စီမာရီချွမ်က အနက်ရောင်ခေါင်းတလားကို ပန်းချီဆွဲပြီး အနက်ရောင်ခေါင်းတလားရဲ့ အင်မော်တယ်ရတနာကို လက်ဆင့်ကမ်း အမွေပေးခဲ့တယ်…. ဒါပေမယ့် ဒီလိုရတနာကို တွေ့ခွင့်ရဖို့ ကံကောင်းလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး…”
“အင်မော်တယ်ရတနာ...”
မရေမတွက်နိုင်သော လူများ၏ မျက်လုံးများက အရောင်ပြောင်းသွားခဲ့ကြသည်။
‘ဒီလိုရတနာမျိုးကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။’
ထိုအခိုက်အတန့်တွင် လီဟမ်ရှန်းကို တွေ့ရှိသူ မည်သူမဆို မှော်ရတနာတစ်ခုနှင့် လဲလှယ်ရန် သူ့ထံသို့လာနိုင်ကြောင်း ယွဲ့ဟန်ကျွင်း ပြောခဲ့သည့်စကားကို မတွေးတောဘဲ မနေနိုင်တော့ပေ။
အင်မော်တယ်ရတနာသည် ထိုမျှလောက် အစွမ်းထက်သော ရတနာတစ်ပါးဖြစ်ကြောင်း ထင်ရှားလှပေသည်။ ယခုအချိန်တွင် သူတို့၏ နှလုံးသားများ ပူလောင်နေကြပြီဖြစ်သည်။
ယွဲ့ဟန်ကျွင်းသည် သူ၏ အင်မော်တယ်ရတနာကို အသုံးပြုလိုက်သောကြောင့် လီချန်ချင်းသည် ကြာကြာထိန်းထားနိုင်တော့မည် မဟုတ်ပေ။
လီချန်ချင်း၏ အသွင်အပြင်သည် ၎င်းတို့အား ထိတ်လန့်စေခဲ့သော်လည်း လီချန်ချင်းသည် မဟာလွတ်မြောက်ခြင်း အဆင့်ရှိသူဖြစ်လျှင်ပင် အင်မော်တယ်ရတနာကို ရင်ဆိုင်ပြီး အနိုင်ရရန် အခွင့်အလမ်းမရှိပေ။
မဟာသိုင်းဂိုဏ်းအဆင့်ရှိ ဆရာသခင်တစ်ယောက်သည် အင်မော်တယ်ရတနာတစ်ခုသာ ပိုင်ဆိုင်ပါက ကမ္ဘာပေါ်ရှိ အင်မော်တယ်များကိုပင် ယှဉ်နိုင်သည်ဟု ဆိုကြသည်။
ယခုအခိုက်အတန့်တွင် အနက်ရောင်ခေါင်းတလား ပေါ်လာသောအခါ ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားလေသည်။ လီချန်ချင်းသည် စာလိပ်ထဲမှ အနက်ရောင်ခေါင်းတလား ပျံထွက်လာသည်ကို မြင်သည့်အခါတွင် လေးနက်သောအမူအရာကို ပြသခဲ့သည်။
‘ဒါ အင်မော်တယ်ရတနာလား။’
စွမ်းအားက စင်စစ်ပင် အံ့မခန်း ထူးခြားလှပေသည်။
အနက်ရောင်ခေါင်းတလားသည် အရှိန်ပြင်းပြင်း ရထားကဲ့သို့ ခပ်အုပ်အုပ် မြည်ဟည်းသံပေးကာ လီချန်ချင်းဆီသို့ ပြေးသွားခဲ့သည်။
ထိုအချိန်တွင် လေဟာနယ်သည် ချက်ခြင်းပြိုကျသွားပြီး လေဟာနယ်အတွင်းရှိ လေပြင်းများပင် ဤအနက်ရောင်ရထားရှေ့မှ ဆုတ်ခွာသွားခဲ့သည်။
အနက်ရောင်ခေါင်းတလား ဖြတ်သွားရာနေရာရှိ အရာအားလုံး ပြိုကျသွားခဲ့သည်။ သေခြင်းတရား၏ အရှိန်အဝါသည် အနက်ရောင်ခေါင်းတလားကို ဝန်းရံထားလေသည်။
ထိုအရှိန်အဝါကို ခံစားသိရှိလိုက်ရသော စွမ်းအားသန်မာလှသည့် အမျိုးသားများအားလုံးသည် ၎င်းတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
ထိုအရာသည် သေခြင်းတရား၏ အဓိပ္ပါယ် အစစ်အမှန် နီးပါးပင်။
ယခုလက်ရှိ ခွန်အားကြီးမားလှသည့် မြေအင်မော်တယ်များပင်လျှင် အလေးအနက် ဖြစ်လာခဲ့ကြသည်။ အနက်ရောင်ခေါင်းတလားမှ ပြသလာသည့် အရှိန်အဟုန်သည် အမှန်တကယ်ပင် ၎င်းတို့ မယှဉ်ပြိုင်ရဲသော အရာဖြစ်သည်။
ဤအနက်ရောင်ခေါင်းတလားထဲတွင်သာ စင်စစ် ဖုံးအုပ်ခံလိုက်ရလျှင် မည်သည့်အရာများ ဖြစ်လာမည်ဆိုသည်ကို ခန့်မှန်းရခက်လှပေသည်။
“လီချန်ချင်း! ငါ စန်းယွမ်နယ်မြေ အရှင်က သက်သတ်လွတ်သမားလို့ မထင်လိုက်နဲ့…”
“လီချန်ချင်း! မင်းက ထျန်းဟိုင်မြို့တော်ရဲ့ စန်းယွမ်နယ်မြေ အရှင်သခင်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဖို့ အရည်အချင်း မရှိဘူး…”
ယွဲ့ဟန်ကျွင်းက ယခုအချိန်တွင် လှောင်ပြောင်ပြီး ပြောလိုက်သည်။
ထိုအချိန်တွင် အနက်ရောင်ခေါင်းတလားသည် နီးကပ်လာနေပြီ ဖြစ်သည်။ လီချန်ချင်းသည် မဟာလွတ်မြောက်ခြင်းအဆင့်တွင် ရှိနေသော်လည်း အနက်ရောင်ခေါင်းတလား၏ ထိတ်လန့်စရာကောင်းမှုကို ခံစားနေရဆဲပင်။
ပုံသဏ္ဍာန်မဲ့၊ မမြင်နိုင်သော အရာများ ပေါ်လာသည်နှင့် တပြိုင်နက် လီချန်ချင်းသည် မိုင်ထောင်ပေါင်းများစွာ နောက်သို့ ခုန်တက်သွားသည်။
သို့သော် အနက်ရောင်ခေါင်းတလားသည် လီချန်ချင်း၏ အငွေ့အသက်ကို ခံစားသိရှိနိုင်ပြီး သူ့နောက်သို့ လိုက်နေပုံရသည်။
လီချန်ချင်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသော်လည်း အနက်ရောင်ခေါင်းတလားသည် သူ့နောက်သို့ မဆုတ်မနစ် အနီးကပ် လိုက်ပါနေလေသည်။ လူတစ်ဦးနှင့် ခေါင်းတလားတစ်ခုက ကမ္ဘာသစ်တစ်ခုသို့ ဝင်ရောက်လာသကဲ့သို့ (သို့မဟုတ်) အချိန်ကာလ၏ ရှည်လျားသောမြစ်၌ ရေကူးနေသကဲ့သို့ပင်။
“မင်း မလွတ်မြောက်နိုင်ဘူး…..”
ယွဲ့ဟန်ကျွင်း၏ အသံသည် အနက်ရောင် ခေါင်းတလားအထက်မှ ထွက်ပေါ်လာခဲ့သည်။
တခဏချင်းတွင်ပင် လီချန်ချင်းသည် မရေမတွက်နိုင်သည့် တောင်များနှင့် မြစ်များကို ဖြတ်ကျော်ခဲ့သော်လည်း သူသည် ကြောက်စရာကောင်းလှသည့် အနက်ရောင်ခေါင်းတလားကို မဖယ်ရှားနိုင်ခဲ့ချေ။
လီချန်ချင်းသည် အင်မော်တယ်ရတနာ၏ ထိတ်လန့်စရာကောင်းမှုကို ပထမဆုံးအကြိမ် ခံစားမိခဲ့သည်။
ယခု သူသည် ပန်းချီအင်မော်တယ်အဆင့်သို့ ရောက်ရှိသွားသော်လည်း လီချန်ချင်းသည် ထိုကဲ့သို့ စွမ်းအားကြီးသော အင်မော်တယ်ရတနာကို ရင်ဆိုင်ရသည့်အခါ အလွန်အမင်း စိတ်ပူပန်နေရဆဲဖြစ်သည်။
လီချန်ချင်းသည် အနက်ရောင်ခေါင်းတလား နီးကပ်လာလေလေ အနက်ရောင် ခေါင်းတလားတွင် ဝှက်ထားသည့် လေဟာနယ်တစ်ခု ရှိနေသည်ဟု သူ ခံစားရလေလေဖြစ်သည်။
အကန့်အသတ်မရှိသော ခံစားချက်သည် လူအများကို မျှော်လင့်ချက်မဲ့စေသည်။
နောက်ဆုံး၌ အနက်ရောင်ခေါင်းတလားမှ ထွက်ပေါ်လာသည့် သေခြင်းတရား၏ အဓိပ္ပါယ်အမှန်သည် လီချန်ချင်း၏ပုံရိပ်အား ဖုံးအုပ်ထားဆဲပင်ဖြစ်သည်။ လီချန်ချင်း၏ ပုံရိပ်ကို အနက်ရောင်ခေါင်းတလားမှ ချက်ချင်း ဝါးမျိုလိုက်လေသည်။
ထိုတခဏတာ အတွင်းမှာပင် သူသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
တခဏကြာပြီးနောက် အနက်ရောင်ခေါင်းတလားသည် လေဟာနယ်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေကာ ထျန်းဟိုင်မြို့အထက် ကောင်းကင်ယံထက်တွင် တိုက်ရိုက် ပြန်ပေါ်လာပြီး မြေပြင်ထက်သို့ ဘုတ်ခနဲ ပြုတ်ကျလာခဲ့သည်။
ထိုအရှိန်အဟုန်ကြောင့် လူတိုင်းကို နောက်သို့ ပြန်ဆုတ်သွားစေခဲ့သည်။
လက်ရှိအချိန်တွင် လူအတော်များများသည် သူတို့၏ အမူအယာများ ပြောင်းလဲသွားခဲ့ကြသည်။
လီကျင့်စုန်သည် လီချန်ချင်း၏ အသက်ရှုခြင်းကို လုံးဝ အာရုံမခံစားနိုင်သည်ကို တွေ့ရသောအခါ ပို၍ပင် တုန်လှုပ်သွားလေသည်။
‘လီချန်ချင်း ရှုံးသွားပြီလား?’
ကွမ်ကျူး၏ အမူအရာသည်လည်း လေးနက်လာခဲ့သည်။
ဤ ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလားသည် အလွန်ကြောက်စရာ ကောင်းသောကြောင့်ပင် ၎င်းသည် အင်မော်တယ်ရတနာများကြားတွင် ထိပ်တန်းရတနာများထဲမှ တစ်ခုဖြစ်နိုင်သည်။ လီချန်ချင်းသည် ၎င်းနှင့်အမှန်တကယ် မယှဉ်နိုင်တော့မည်ကို သူစိုးရွံ့မိသည်။
ယွဲ့ဟန်ကျွင်းက သူ့အပေါ် ဤအင်မော်တယ်ရတနာကို အသုံးပြုခဲ့လျှင်တောင် သူ မည်ကဲ့သို့တုံ့ပြန်ရမည်ကို မသိခဲ့ပေ။
ထိုအချိန်တွင် မရေမတွက်နိုင်သောလူများက ယွဲ့ဟန်ကျွင်းကို ကြောက်လန့်တကြား ကြည့်လိုက်ကြပြီး စန်းယွမ်နယ်မြေ အရှင်သခင်၏ ကြောက်ရွံ့ဖွယ်ကောင်းမှုကို ခံစားလိုက်ရသည်။
“မင်းသာ ထျန်းဟိုင်မြို့တော်ကို လာတိုက်ရဲရင် ဒါက ဘာဖြစ်လာမလဲဆိုတဲ့ ရလဒ်ပဲ…”