← Chapters

အခန်း (၄၈၅)

Vol. 39 Ch. 485

အခန်း (၄၈၅)

Vol. 39 Ch. 485

ယွဲ့ဟန်ကျွင်း၏ စူးစိုက်သည့် အကြည့်များသည် ရောက်ရှိလာသူအားလုံးကို လွှမ်းခြုံထားသည်။ ထိုအချိန်တွင် ယွဲ့ဟန်ကျွင်းသည် ဟန်ဆောင်ရန် အလွန်ပျင်းနေပြီး လူတိုင်း၏အရှေ့တွင် သူ၏ လွှမ်းမိုးချုပ်ကိုင်မှုကို တိုက်ရိုက်ပြသခဲ့သည်။

တစ်ခဏလောက်တော့ လူတိုင်း သက်ပြင်းချလိုက်ကြသည်။ လီချန်ချင်းကဲ့သို့ သန်မာလှသော ယောက်ျားတစ်ယောက်ပင် ဤနေရာ၌ ရှုံးနိမ့်ခဲ့ရသည်။ သူတို့ ဘာလုပ်နိုင်မည်နည်း။

ယခုအချိန်တွင် လီချန်ချင်းသည် အဆုံးမဲ့အမှောင်ထု ဝန်းရံထားသည့် လေဟာနယ်တစ်ခုထဲတွင် ရှိနေသည်ဟု ခံစားမိသည်။

လီချန်ချင်းသည် ဤအနက်ရောင်ခေါင်းတလားထဲတွင် ပိတ်မိနေမှန်း သူသိပေသည်။

မရေမတွက်နိုင်သော မှောင်မိုက်သည့်လေထုသည် နေရာပေါင်းစုံမှ တိုးဝင်လာခဲ့သည်။ လီချန်ချင်းသည် ၎င်းတွင်ပါရှိသည့် ကြီးမားလှသော သေခြင်းတရားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဤသေခြင်းတရား၏ အသက်ရှုသံကသာ သူ့ကိုဝါးမျိုလိုက်လျှင် သူ လုံးဝမခုခံနိုင်တော့ဘဲ အမှန်တကယ် သေဆုံးသွားမည်ကို စိုးထိတ်မိသည်။

သူသေဆုံးသွားသည့်အခါ သူ၏ဝိညာဉ်ကို ယွဲ့ဟန်ကျွင်းက ပြန်ယူသွားလိမ့်မည်ဖြစ်ပြီး ထိုသူ၏ကိုယ်ထဲသို့ ပေါင်းစည်းခြင်းခံရပြီးနောက် သူသည် မဟာလွတ်မြောက်ခြင်းအဆင့်သို့ အမှန်တကယ်ပင် ရောက်ရှိသွားပေလိမ့်မည်။

အဆုံးမရှိသော အမှောင်ထုသည် ဒီရေကဲ့သို့ လှိုင်းထလာသောအခါ လီချန်ချင်းသည် ကြာပန်းမီးအိမ်ရတနာအား တိုက်ရိုက် ထုတ်ယူခဲ့သည်။

ကြာပန်းမီးအိမ်ရတနာ၏ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်သည် လီချန်ချင်း၏လက်ထဲတွင် တောက်ပနေခဲ့သည်။

ထိုအလင်းသည် အဆုံးမဲ့အမှောင်ထုကို ချေဖျက်ပေးလိမ့်မည်။

ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလားကဲ့သို့ အင်အားကြီးမားသည့် အင်မော်တယ်ရတနာတစ်ခုပင် ကြာပန်းမီးအိမ်ရတနာထံမှ တိုက်ရိုက် ဖိနှိပ်ခံခဲ့ရသည်။

နောက်အခိုက်အတန့်တွင် လီချန်ချင်း၏ ပုံရိပ်သည် အလင်းရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အမှောင်ထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားကာ အနက်ရောင်ခေါင်းတလား အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

လီချန်ချင်း ပေါ်လာသည်နှင့် တပြိုင်နက် ထိတ်လန့်နေကြသော မျက်လုံးများအားလုံးသည် လီချန်ချင်းကို စိုက်ကြည့်လာကြသည်။ ပရိသတ် တစ်ခွင်လုံး တိတ်ဆိတ်သွားခဲ့သည်။

အနက်ရောင်ခေါင်းတလားထဲမှ လီချန်ချင်း ထွက်လာနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။

“မဖြစ်နိုင်ဘူး…”

ယွဲ့ဟန်ကျွင်းသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ကို အံ့အားသင့်သွားခဲ့သည်။

လီချန်ချင်းသည် သူ၏ ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလား အတွင်း၌ ပိတ်မိနေခဲ့သော်လည်း အနက်ရောင်ခေါင်းတလားသည် လီချန်ချင်းကို ထောင်ချောက်မဆင်နိုင်ဟု သူဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

‘အဲဒါက အင်မော်တယ်ရတနာလေ။’

ယွဲ့ဟန်ကျွင်းသည် ပထမဆုံးအကြိမ် သူ၏ဘဝကို သံသယဝင်လာခဲ့သည်။

လီချန်ချင်းသည် အင်မော်တယ်ရတနာအတွင်းမှ ရုန်းထွက်နိုင်ရုံနှင့်ပင် တစ်ကမ္ဘာလုံးမှ သူ့ကို ကြောက်ရွံ့သွားစေရန် လုံလောက်ပြီဖြစ်သည်။

“မင်းကို သေမင်းဆီ ပြန်ပို့ပေးမယ်….”

အုန်းးးး (လက်ဝါးရိုက်ချက်)

လီချန်ချင်းသည် ယွဲ့ဟန်ကျွင်းကို တစ်ချက်ကြည့်လိုက်သည်။ ယခုအချိန်တွင် သူသည် တောင့်မခံနိုင်တော့ပေ။ လက်ဖဝါး တစ်ချက်တည်းဖြင့် အရာအားလုံး တိတ်ဆိတ်သွားခဲ့သည် ။

ယွဲ့ဟန်ကျွင်း၏ခန္ဓာကိုယ်သည် ချက်ခြင်း ကွဲအက်သွားလေသည်။ လီချန်ချင်းက သူ့ကို အစိတ်စိတ်၊ အမွှာမွှာဖြစ်အောင် ရိုက်နှက်ခဲ့ခြင်းပင်။

“အစ်ကို!”

ယွဲ့ချင်းဝူက ထိုအချိန်တွင် အော်ပြောလိုက်သည်။ မရေမတွက်နိုင်သော လူများသည်လည်း အံဩသွားခဲ့ကြသည်။

‘စန်းယွမ်နယ်မြေရဲ့ အရှင်သခင်ကို လီချန်ချင်းက လက်ဖဝါးရိုက်ချက် တစ်ချက်ထဲနဲ့ တကယ်သတ်ခဲ့တာလား။’

သို့သော်လည်း လီချန်ချင်း၏ မျက်နှာသည် ယွဲ့ဟန်ကျွင်းကို သတ်လိုက်ရခြင်းအပေါ် ပျော်ရွှင်ကျေနပ်မှုကို မပြသဘဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

လီချန်ချင်းသည် ခေါင်းကို မြှောက်လိုက်ပြီး ထျန်းဟိုင်မြို့တော်အထက် ကောင်းကင်ကိုးထပ်တွင် အရိပ်တစ်စုံတရာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအရာသည် ကြီးမားလှသည့် အမှတ်အသားပင် ဖြစ်သည်။ ကြီးမားလှသည့် စည်းတံဆိပ်တုံးပေါ်တွင် “စန်းယွမ်” ဟူသော စကားလုံးကို ရေးထိုးထားသည်။

ထိုကဲ့သို့သော ရတနာမှ သယ်ဆောင်လာသည့် ဖိအားသည် ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလားထက်ပင် ပိုမိုပြင်းထန်လှသည်။

“ဒါက စန်းယွမ်တံဆိပ်တုံးလား…”

လီချန်ချင်းသည်လည်း ထိုအကြောင်းကို ကြားခဲ့ဖူးသည်။ စန်းယွမ်တံဆိပ်တုံးသည် ထျန်းဟိုင်မြို့တော်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး စန်းယွမ်နယ်မြေ၏ အရှင်သခင်သာလျှင် စန်းယွမ်တံဆိပ်တုံးကို ထိန်းချုပ်နိုင်လေသည်။

နောက်အခိုက်အတန့်တွင် အလင်းတန်းများနှင့်အတူ ယွဲ့ဟန်ကျွင်း၏ အသွင်အပြင်သည် လီချန်ချင်းရှေ့တွင် ထပ်မံပေါ်လာခဲ့ပြန်သည်။

“အသက်ရှင်နေသေးတာလား?”

လူများစွာက အံ့သြသွားခဲ့ကြသည်။

လီချန်ချင်း၏ လက်ဖဝါးရိုက်ချက် တစ်ချက်ဖြင့်ပင် ယွဲ့ဟန်ကျွင်းသည် ရိုက်နှက်ခံခဲ့ရကြောင်း ၎င်းတို့၏ မျက်လုံးများဖြင့် မြင်ခဲ့ရပြီးဖြစ်သည်။

‘သူဘယ်လို ပြန်ရှင်လာတာလဲ။’

“စန်းယွမ်နယ်‌မြေရဲ့ အရှင်သခင်က ထျန်းဟိုင်မြို့တော်မှာ ရှိတယ်… သူ့မှာ စန်းယွမ်တံဆိပ်တုံးရဲ့ ကောင်းချီးရှိပြီး အဲ့တာက အင်မော်တယ်အဆင့်ပဲ… မင်း သူ့ကို သတ်လို့မရဘူး….”

ထိုအချိန်တွင် ကွမ်ကျူးက လီချန်ချင်းကို ပြောလိုက်သည်။

“လီချန်ချင်း! မင်းငါ့ကို မသတ်နိုင်ပါဘူး….”

ယွဲ့ဟန်ကျွင်းသည် လီချန်ချင်းကို စိုက်ကြည့်လိုက်သည်။ သူသည် မသေသေးသော်လည်း သူ့ကို လီချန်ချင်းပေးခဲ့သည့် သေခြင်းတရား၏ ခံစားချက်က ရှင်းရှင်းလင်းလင်း ရှိနေဆဲပင်။

“ဒါဆို စန်းယွမ်နယ်မြေအရှင်က အင်မော်တယ်လား?”

လီချန်ချင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“တကယ်တော့ မဟုတ်ဘူး… နှစ်ငါးဆယ်ကြာတိုင်း စန်းယွမ်တံဆိပ်တုံးက အချိန်အတိုင်းအတာ တစ်ခုအကြာအထိ သက်ရောက်မှု မရှိတော့ဘူး… အဲဒီကာလမှာ စန်းယွမ်နယ်မြေအရှင်ကို အနိုင်ယူနိုင်တဲ့သူ ဘယ်သူမဆို စန်းယွမ်နယ်မြေ အရှင်အသစ် ဖြစ်လာပြီး စန်းယွမ်တံဆိပ်တုံးကလည်း သခင်အသစ်ကို အသိအမှတ်ပြုလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ စန်းယွမ်တံဆိပ်တုံးရဲ့ သက်ရောက်မှု အတိုင်းအတာက ထျန်းဟိုင်မြို့တော် တစ်ခုပဲဖြစ်ပြီး စန်းယွမ်နယ်မြေ အရှင်သာ ထျန်းဟိုင်မြို့တော်ကနေ ထွက်ခွာခဲ့ရင် ဒါမှမဟုတ် နှစ်ငါးဆယ်ကြာပြီးရင်တော့ စန်းယွမ်နယ်မြေအရှင်က သေဆုံးသွားလိမ့်မယ်….”

ကွမ်ကျူးက ပြုံးပြီး ပြောလိုက်သည်။

“ကွမ်ကျူး! မင်း စကားအများကြီး ပြောနေတာပဲ….”

ယွဲ့ဟန်ကျွင်းက ကွမ်ကျူးကို ကြည့်လိုက်သည်။

ကွမ်ကျူးသည် ဂရုမစိုက်ဘဲ ပြုံးပြီး ပြန်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါမင်းကို ဒါတွေမပြောရင်တောင် လီချန်ချင်းက သိမှာပဲလေ….”

ယွဲ့ဟန်ကျွင်းသည် လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ရာ ပြောတော့မည်အကြံတွင် လီချန်ချင်း၏ အေးစက်စက် အကြည့်ကို တွေ့လိုက်ရသည်။

နောက်ခဏတာအတွင်း လီချန်ချင်းက လှုပ်ရှားလိုက်ပြီး ယွဲ့ဟန်ကျွင်းကို ထပ်မံသတ်ပစ်လိုက်သည်။

သူသည် ပျော့တိပျော့ဖတ် ဖြစ်အောင်ကို အရိုက်ခံလိုက်ရသည်။

ယခုအခါတွင် ရှိနေသူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။ လီချန်ချင်းသည် ယွဲ့ဟန်ကျွင်းက မသေနိုင်မှန်းသိသဖြင့် သူ့ကို ထပ်မံရိုက်နှက်ခဲ့ပြန်သည်။

ခဏအကြာတွင် ယွဲ့ဟန်ကျွင်း အသက်ပြန်ရှင်လာခဲ့ပြန်သည်။

ယွဲ့ဟန်ကျွင်း ဘာမှပြန်မပြောနိုင်ခင် လီချန်ချင်းက သူ့ကို ထပ်မံတိုက်ခိုက်ပြီး သတ်ပစ်လိုက်ပြန်သည်။

စန်းယွမ်နယ်မြေ၏ ဂုဏ်သိက္ခာရှိသော အရှင်သခင်သည် ထျန်းဟိုင်‌မြို့တော်၌ ကြက်တစ်ကောင်ကဲ့သို့ ဆက်ဆံခံခဲ့ရသည်။ သူသည် အသေသတ်ခြင်းကိုခံခဲ့ရပြီး သေသည်မှ ရှင်ပြန်ထမြောက်ပြီးနောက် တစ်ဖန် သတ်ဖြတ်ခံခဲ့ရပြန်သည်။ သူသည် စကားတစ်လုံးတောင် မပြောနိုင်တော့ပေ။

ယွဲ့ဟန်ကျွင်းသည် အချိန်တိုင်း ရှင်ပြန်ထမြောက်နိုင်သော်လည်း သူ၏ မျက်နှာသည် လီချန်ချင်းကြောင့် လုံးဝကို ရောင်ရမ်းသွားခဲ့သည် ။

ထပ်ခါတလဲလဲ သေဆုံးမှုများကြောင့် ယွဲ့ဟန်ကျွင်းသည် သူ၏စိတ်ထဲတွင် ပြင်းထန်သော ဆုတ်ယုတ်မှုများ ခံစားခဲ့ရသည်။ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်၊ အရိပ်မဲကြီး သက်ရောက်ခံနေရချေပြီ။

နောက်ဆုံးတွင် လီချန်ချင်းသည် ယွဲ့ဟန်ကျွင်းကို ကိုးကြိမ်မြောက်သတ်ပြီးနောက်တွင် သူသည် တိုက်ခိုက်ခြင်းကို ရပ်လိုက်သည်။

လီချန်ချင်းသည် ဧကရာဇ်စုတ်တံ နှင့် ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလားကို တိုက်ရိုက် လုယူလိုက်ပြီး မှင်သက်နေသော လီကျင့်စုန်ကို ဆွဲကိုင်ကာ လေထုထဲသို့ ပျံတက်သွားခဲ့သည်။

“ယွဲ့ဟန်ကျွင်း!”

လီချန်ချင်းသည် ခေါင်းလှည့်ပြီး ထျန်းဟိုင်မြို့တော်ဘက်သို့ လှမ်းကြည့်လိုက်သည်။

“နောက်နှစ်ငါးဆယ်မှာ မင်း ထျန်းဟိုင်မြို့တော်က ထွက်သွားဖို့ သတ္တိရှိရင် ငါ မင်းကို အပြီးတိုင်သတ်ပစ်မယ်…”

“မင်းသာ ထျန်းဟိုင်မြို့တော်မှာ အနှစ်ငါးဆယ်လောက် ရှင်သန်နေနိုင်ရင်လည်း နှစ်ငါးဆယ်ကြာပြီးနောက် မင်းရဲ့အသက်ကိုယူဖို့ ငါပြန်လာခဲ့မယ်….”

ထိုစကားများကို ချန်ထားခဲ့ပြီးသည့်နောက် လီချန်ချင်းသည် အဝေးသို့ ပျံသန်းသွားလေသည်။

လီချန်ချင်း ထွက်သွားသောအခါ ထျန်းဟိုင်မြို့တော်၏ ဘဏ္ဍာတိုက်သည် ချက်ခြင်းတုန်ခါသွားပြီး ဓားခုနစ်ချောင်းသည်လည်း လေထုထဲသို့ တက်လာခဲ့သည်။ ၎င်းတို့မှာ ချင်းလဲ့ဓားခုနစ်လက်ပင်ဖြစ်သည်။

ဓားခုနစ်စင်းသည် ကောင်းကင်ကိုဖြတ်သန်းပြီး လီချန်းချင်းနောက်သို့ လိုက်ပါသွားခဲ့သည်။

ယွဲ့ဟန်ကျွင်းသည် နောက်တကြိမ်ပြန်ရှင်လာပြီးနောက် အံတင်းတင်းကြိတ်ကာ လီချန်ချင်းကို အချိန်အတော်ကြာအထိ စကားမပြောနိုင်ဘဲ ကြည့်နေလိုက်သည်။

လီချန်ချင်းက သူ့ကို ခြိမ်းခြောက်သွားခဲ့သည်။ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုပင်။

တစ်ချိန်တည်းမှာပင် သူသာ ထျန်းဟိုင်မြို့တော်မှ ထွက်ခွာရန် သတ္တိရှိခဲ့လျှင် လီချန်ချန်းသည် သူ့ကို အမှန်တကယ်ပင် သတ်ပစ်လိမ့်မည်ကို ယွဲ့ဟန်ကျွင်း သိလိုက်ရသည်။

“လီချန်ချင်း!!!!!!!”

ယွဲ့ဟန်ကျွင်းသည် အဝေးသို့ အော်ဟစ်ပစ်လိုက်သည်။

ခမ်းနားလှသည့် မင်္ဂလာပွဲဖြစ်သော်လည်း နောက်ဆုံးတွင် လူတိုင်း ဘာမှမပြောကြဘဲ ထျန်းဟိုင်မြို့တော်မှ ထွက်သွားကြသည်။

အားလုံးက ကိုယ့်အိမ်သို့ ကိုယ်စီကိုယ်စီ မိသားစုများဆီ ပြန်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ထိုထိတ်လန့်ဖွယ်ရာသတင်းသည် စန်းယွမ်နယ်မြေတစ်ခုလုံးကို ဖြန့်ဝေရန်မလိုအပ်ပဲ ကျယ်လောင်သွားခဲ့သည်။

လီချန်ချင်းဆိုသည့် အမည်ကို လူတိုင်း မှတ်မိခဲ့ကြသည်။ စန်းယွမ်နယ်မြေတွင် မဟာလွတ်မြောက်ခြင်းအဆင့်ရှိ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပင်။

ထျန်းဟိုင်မြို့တော်တွင် စန်းယွမ်နယ်မြေအရှင်သည် ကိုးကြိမ်တိုင်တိုင် အသတ်ခံခဲ့ရသည်။

လီချန်ချင်းသည် လီကျင့်စုန်ကို ရှေးဟောင်း တာအိုတောင်တန်းနယ်မြေသို့ ပြန်ပို့ပြီးနောက် ယန်မိသားစုထံ ပြန်သွားခဲ့သည်။

လီချန်ချင်းသည် ဤရုပ်လက္ခဏာဖြင့် ယန်မိသားစုတွင် ပေါ်လာသောအခါ ယန်ပါးထောင် နှင့် အခြားသူများက သူတို့အရှေ့ရှိ လူသည် လီချန်ချင်းဖြစ်သည်ကို မယုံနိုင်ခဲ့ပေ။

အသွင်အပြင်မှာ အဓိကအားဖြင့် ပြောင်းလဲသွားခဲ့သည်။ သို့သော် လီချန်ချင်းသည် သူ့ကိုယ်သူ သက်သေပြရန် မလွယ်ကူလှပေ။

ပြဿနာများ ဖြေရှင်းပြီးနောက် ကြာပန်းမီးအိမ်ရတနာ၏ အကျိုးသက်ရောက်မှုက ပျောက်ကွယ်သွားခဲ့သည်။ လီချန်ချင်း၏ မဟာလွတ်မြောက်ခြင်း အဆင့်သည်လည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းတွင်ပင် ကြာပန်းမီးအိမ်ရတနာပေါ်တွင် အက်ကွဲကြောင်းနှစ်ခု ပေါ်လာခဲ့သည်။

လီချန်ချင်းသည် ကြာပန်းမီးအိမ်ရတနာကို ကြည့်လိုက်သည်။ မူလက ကြာပန်းမီးအိမ်ရတနာကို သုံးကြိမ်တိတိ သုံးနိုင်ပြီး လီချန်ချင်းကိုလည်း မဟာလွတ်မြောက်ခြင်းအဆင့်သို့ သုံးကြိမ်တိုင်တိုင် ဝင်ရောက်စေနိုင်ခဲ့သည်။ သို့သော် အနက်ရောင်ခေါင်းတလားထဲ၌ လီချန်ချင်းသည် ကြာပန်းမီးအိမ်ရတနာ၏ စွမ်းအားကို ဒုတိယအကြိမ်အဖြစ် အနက်ရောင်ခေါင်းတလားမှ မထွက်ခွာမီတွင် ဆက်လက်အသုံးပြုခဲ့သည်။ ယခု နောက်ဆုံးအကြိမ်သာ ကျန်ရှိတော့သည်။

လီချန်ချင်းသည် ထိုအရာကို သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ ၎င်းကို လုံးဝဥဿုံ မလိုအပ်ဘဲ အသုံးမပြုသင့်တော့ပေ။

All Chapters