သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်(ခ)
Vol. 75 Ch. 1158
ရွှီချင်းက ပထမနတ်ဘုရားရတနာသိုက်မှ နတ်ဘုရားအသွင်သဏ္ဍာန်ကို စွမ်းအင်ထောက်ပံ့ပေးနိုင်သော်လည်း ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို အသုံးပြုရန် နီလာနတ်သမီး၏ အသွေးအသားမှ စွမ်းအင်ထောက်ပံ့ပေးမှုကို လိုအပ်သည်။ နီလာနတ်သမီး၏ အသွေးအသားသည် စွမ်းအင်ကုန်ဆုံးမှုကို အချိန်တစ်ခဏကြာအောင် တောင့်ခံပေးနိုင်သော်လည်း ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို အချိန်အကြာကြီး မထိန်းထားပေးနိုင်ပေ။
ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ပင် ထိုမျှခက်ခဲနေလျှင် တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ထည့်ပြောနေရန် မလိုတော့ပေ။
“ ဒီဟာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ငါရှာဖွေရမယ် ”
ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။ နန်းမြို့တော်ဆီ သူမလာခင် ထိုကိစ္စကို သူ့ဆရာအား မေးမြန်းခဲ့သည်။ သတ္တမသခင်ကြီးသည် အဖြေက နန်းမြို့တော်ဆီမှာ ရှိသည်ဟု ပြန်ဖြေကြားခဲ့သည်။
“ အဖြေက ဘယ်မှာလဲ ”
ရွှီချင်းသည် ကောင်းကင်ကို ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက မျက်လုံးမှိတ်လိုက်ပြီး ဆက်လက် ကျင့်ကြံလိုက်သည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ လဝက်ခန့်ကြာပြီးနောက် ရွှီချင်းကို အာရုံစိုက်နေကြသော အင်အားစုများသည် တဖြည်းဖြည်း လျော့နည်းသွားကြသည်။ ရွှီချင်းသည် ထိုလဝက်မှာ စံအိမ်အပြင်သို့ မထွက်သွားခဲ့ပေ။
ရွှီချင်းနှင့် မင်းသားတစ်ဆယ်ကြားမှာ ဖြစ်ပျက်ခဲ့သော ကိစ္စကို ထုံးစံအားဖြင့် လူတိုင်းက သိရှိသွားကြသည်။ အမှန်မှာ မင်းသားတစ်ဆယ်သည် ထိုကိစ္စကို ပွဲအခမ်းအနားများမှာ ဒေါသတကြီး ထုတ်ဖော်ပြောခဲ့သည်။ သူ၏ စကားများထဲမှာ ရွှီချင်းအပေါ် ရန်လိုမှုဖြင့် ပြည့်နှက်နေသည်။
ထို့ပြင် ထိုကိစ္စထက် ပိုပြီးအရေးကြီးသော ကိစ္စတစ်ခု ရှိသေးသည်။ ယင်းက နန်းမြို့တော်ထဲမှ အင်အားစုအားလုံး၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကောင်းကင်နက်မျိုးနွယ်နှင့် စစ်ပွဲမှာ အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ အကြောင်းအရင်းမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မင်းသားတစ်ပါးသည် ကောင်းကင်နက်မျိုးနွယ်မှ နန်းမြို့တော်ဆီသို့ ဖိတ်ကြားခံခဲ့ရသည်။
ထိုကိစ္စသည် အလွန်အရေးကြီးသည်။ ထို့ကြောင့် အင်အားစုနှစ်ခုကြားမှ စစ်ပွဲသည် ရပ်တန့်သွားသည်။ လေထုသည် စတင်တင်းကျပ်လာသည်။
နတ်မိမယ်ကျစ်ရွှမ်းနှင့် ခေါင်းဆောင်သည်တော့ ရွှီချင်းက သူတို့ကို ဤလဝက်အတွင်းမှာ မြင်တွေ့ခဲသည်။ အချိန်အများစုတွင် ရွှီချင်းက စံအိမ်ထဲမှာ တစ်ယောက်တည်း တရားထိုင်နေလိမ့်မည်။
ယင်းက ယနေ့ညနေမတိုင်ခင်အထိ ဖြစ်သည်။ ယခု သူ၏ မိတ်ဆွေဟောင်းနှစ်ယောက်သည် နင်ယန်၏ စံအိမ်အပြင်ဘက်မှာ ရောက်ရှိလာကြသည်။ ရွှီချင်းထံသို့ အကြောင်းကြားပြီးနောက် သူတို့နှစ်ယောက်သည် ဓားကိုင်တစ်ယောက်၏ လမ်းပြပေးမှုနှင့်အတူ စံအိမ်ထဲသို့ ဝင်ရောက်သွားကြသည်။
“ ရွှီချင်း… မတွေ့တာကြာပြီ… ဟား ဟား ”
သူတို့က ရွှီချင်းကို မြင်တွေ့သွားသည်နှင့်ချက်ချင်း သူတို့ထဲမှ တစ်ယောက်သည် ဘေးမှ ကျောက်တုံးခုံပေါ်မှာ ဝင်ထိုင်လိုက်ပြီး ရယ်ရယ်မောမော ပြောသည်။ ဤသည်မှာ သူတို့က အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်သည့်အလားပင်။
တခြားတစ်ယောက်သည် အနည်းငယ် စိုးရိမ်ကြောင့်ကြနေပြီး ရွှီချင်းကို အရိုအသေပေးလိုက်သည်။
ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကို သူမှတ်မိသည်။
“ အကိုမုန့်… အကိုဟွမ် ”
စိုးရိမ်ကြောင့်ကြနေသော တစ်ယောက်သည် ဓားကိုင်ဟွမ်ခွန်းဖြစ်ပြီး ရင်းနှီးကျွမ်းဝင်ဟန် ပြုမူဆောင်ရွက်သူသည် မုန့်ယွင်ပိုင်ဖြစ်သည်။
ရွှီချင်းသည် သူတို့နှစ်ယောက်ကို အတိတ်တုန်းက သတ္တမမင်းသား၏ ဂုဏ်ပြုပွဲအခမ်းအနားမှာ မြင်ဖူးသည်။ အထူးသဖြင့် စစ်ဗိုလ်မှူးချုပ်၏ မြေးဖြစ်သော မုန့်ယွင်ပိုင်ဖြစ်သည်။ ထိုအချိန်တုန်းက ဂုဏ်ပြုပွဲအခမ်းအနားမှာ သူက ရွှီချင်း၏ ဘေးမှာ ထိုင်ခဲ့ပြီး သူ့အား လူတိုင်းဖြင့် မိတ်ဆက်ပေးခဲ့သည်။ သူတို့နှစ်ယောက်သည် တခြားလူများထက် ပို၍ ပြောဆိုဆက်ဆံဖူးသည်။
“ ဟား ဟား… အတိတ်မှာ ငါမင်းကို မြင်ခဲ့တုန်းက မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့လိမ့်မယ်လို့ အာရုံခံမိခဲ့တယ်… ပြီးတော့ မကြာခင် ငါတို့ နောက်တစ်ခါ ပြန်တွေ့ဆုံနိုင်လိမ့်မယ် ”
“ အခုကြည့်… ငါမျှော်လင့်ထားသလိုပဲ နန်းမြို့တော်မှာ ငါတို့ ပြန်တွေ့ဆုံပြီမဟုတ်လား ”
“ အစက ပြီးခဲ့တဲ့ လဝက်လောက်ကတည်းက ငါမင်းကို လာတွေ့မလို့ပဲ… ဒါပေမဲ့ ငါ့မိသားစုက ငါ့ကို ခွင့်မပြုဘူး… တခြားအင်အားစုတွေကလည်း အာရုံစိုက်နေကြတယ်… အခု ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်ပွဲမှာ အပြောင်းအလဲထွက်ပေါ်လာတာကြောင့် လူတိုင်းရဲ့ စိတ်အာရုံက စစ်မြေပြင်ပေါ် ရောက်ရှိသွားကြပြီ… ဒါကြောင့်မို့လို့ အခုမှပဲ မင်းဆီကို ငါလာနိုင်တော့တယ် ”
မုန့်ဟွင်ပိုင်၏ အကျင့်စရိုက်သည် ဂုဏ်ပြုပွဲအခမ်းအနားမှာ သူထုတ်ဖော်ပြခဲ့သည်နှင့် အတူတူဖြစ်သည်။ သူက လွတ်လပ်ပြီး စိတ်ထဲရှိသည့်အတိုင်း ပြောသည်။ သူက ပါးစပ်ဟလိုက်သည်နှင့်ချက်ချင်း အဓိကဆိုလိုရင်းကို တိုက်ရိုက် ထုတ်ဖော်ပြောကြားခဲ့သည်။
ဟွမ်ခွန်းသည်လည်း ခေါင်းညိတ်လိုက်သည်။
“ ဓားကိုင်နန်းတော်က ဘာလို့ မင်းကို မတွေ့ဆုံတာလဲဆိုတာ အကြောင်းရှိတယ်… တကယ်တော့ ဓားကိုင်အများကြီးက မင်းနဲ့ ဆက်သွယ်ချင်ကြတယ် ရွှီချင်း… ”
မုန့်ယွင်ပိုင်သည် မျက်တောင်ခတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။
“ ဒီနေ့ ဟွမ်ခွန်းနဲ့ ငါက သေမျိုးလောကမျှော်စင်ဆီ ဖိတ်ကြားခံခဲ့ရတယ်… အဲ့ဒါ ငါတို့က မင်းကို တွေးမိသွားတာနဲ့ ဒီကိုရောက်လာပြီး မင်းကို လာဖိတ်ခေါ်တာ… ဘယ်လိုလဲ ရွှီချင်း… မင်း ငါတို့နဲ့ အတူလိုက်သောက်ချင်လား ”
“ ငါမင်းကို ပြောပြမယ်… သေမျိုးလောကမျှော်စင်က နေရာကောင်းပဲ… လူသားမျိုးနွယ်ရဲ့ အထူးဂိုဏ်းဆယ်ဂိုဏ်းကို မင်းကြားဖူးတယ်မလား… စောစောက ငါပြောတဲ့ သေမျိုးလောကမျှော်စင်ဆိုတာ ဂိုဏ်းဆယ်ဂိုဏ်းထဲက သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်ပဲ ”
“ သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်က တခြားဂိုဏ်းတွေနဲ့ ခြားနားတယ်… ဂိုဏ်းတပည့်အများစုက မိန်းကလေးတွေချည်းပဲ… သူတို့က လောကီကိစ္စတွေကို ကျော်လွှားဖို့အတွက် ကျင့်ကြံကြတယ်… တကယ်လို့ မင်းက လောကီကိစ္စတွေကို ကျော်လွှားချင်တယ်ဆိုရင် အဲ့ဒါတွေကို အရင်ဆုံး ကိုယ်တိုင်တွေ့ကြုံခံစားကြည့်ဖို့ လိုတယ်… လောကီကိစ္စတွေကို မေ့ပစ်ချင်တယ်ဆိုရင် အဲ့ဒါတွေကို နှိုက်နှိုက်ချွတ်ချွတ် သိထားရမယ် ”
“ အဲ့ဒါကြောင့် သူတို့က သေမျိုးလောကမျှော်စင်တွေကို နေရာအများကြီးမှာ ဖွင့်လှစ်ထားတယ်… ဈေးနှုန်းက အရမ်းမြင့်မားတယ်… ပြီးတော့ သေမျိုးလောကမျှော်စင်ဆီ ဝင်ရောက်မယ်ဆိုရင် တစ်စုံတစ်ယောက်က လုံလောက်တဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ မြင့်မားတဲ့ အဆင့်အတန်း ရှိရမယ်… လိုအပ်ချက်တွေကို မပြည့်မီတဲ့လူက ဘယ်လိုအကြောင်းပဲရှိရှိ သေမျိုးလောကမျှော်စင်ဆီ ဝင်ရောက်နိုင်မှာမဟုတ်ဘူး ”
“ ပုံမှန်ဆိုရင် အဲ့ဒီကို တစ်ခါသွားလိုက်တာနဲ့ ငါ့ရဲ့ တစ်လစာ မုန့်ဖိုးက ပြောင်သွားလိမ့်မယ်… ပြီးတော့ ငါတို့က အထဲမှာ ပျော်ပါးနေတဲ့အချိန် သေမျိုးလောကမျှော်စင်ရဲ့ တပည့်တွေက ကျင့်ကြံနေလိမ့်မယ် ”
“ ဒါပေမဲ့ သူတို့က အရည်အချင်းကိုပဲ ရောင်းချတယ်… သူတို့ရဲ့ ခန္ဓာကိုယ်ကို မဟုတ်ဘူး… ဘယ်သူမှ အတင်းအကျပ် အင်အားမသုံးရဲဘူး… နှစ်ဖက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ရိုသေလေးစားရမယ်… ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမျှော်စင်က နတ်ဘုရားကို ကိုးကွယ်ပူဇော်တယ်လို့ ကောလဟာလတွေ ရှိတယ်… သူတို့ရဲ့ နတ်ဘုရားက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အဆင့်မြင့်နတ်ဘုရား မီးလျှံကြယ်ပဲ ”
“ အဲ့ဒီမျှော်စင်ထဲက ဘယ်မိန်းကလေးမဆို ထိပ်တန်းအဆင့် အလှပိုင်ရှင်တွေချည်းပဲ… သူတို့ရဲ့ ခန္ဓာကိုယ်က အရမ်းညှို့ဓာတ်ပြင်းတယ်… တစ်ချိန်တည်းမှာ ငါတို့ဆီမှာ ကိုယ်ပိုင်ဆွဲဆောင်မှုရှိပြီး သူတို့နဲ့ တူနှစ်ကိုယ်ကျင့်ကြံနိုင်မယ်ဆိုရင် နှစ်ဖက်စလုံးက အကျိုးအမြတ်ရလိမ့်မယ် ”
မုန့်ယွင်ပိုင်သည် နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ နှလုံးသားသည် အလိုရမ္မက်ဖြင့် လောင်မြိုက်နေသည်။ ရွှီချင်းက လုံးဝစိတ်မဝင်စားဘဲ သူ၏ ဖိတ်ခေါ်မှုအား ငြင်းဆန်တော့မည်ကို မြင်သောအခါ သူက ထပ်မံ သွေးဆောင်ရန် ကြိုးစားလိုက်သည်။
“ ပြီးတော့ ဒီနေ့တွေ့ဆုံပွဲကို ဦးဆောင်ကျင်းပမယ့်လူက ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းရဲ့ တော်ဝင်သားတော်ပဲ… သူက ကြယ်တာရာကောင်းကင်မဟာဧကရာဇ်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်တယ်… မင်းက နန်းမြို့တော်ဆီ ရောက်နေပြီဆိုမှတော့ ဒီနေရာရဲ့ နေထိုင်မှုပတ်ဝန်းကျင်ကို ထည့်စဉ်းစားသင့်တယ်… တကယ်လို့ မင်းက တစ်ယောက်တည်း သီးသန့်နေချင်တယ်ဆိုရင်တောင် နန်းမြို့တော်ထဲမှာ မိတ်ဆွေအများကြီးကို ပိုင်ဆိုင်ထားတာက ကောင်းမွန်တဲ့ကိစ္စမဟုတ်လား… ဒီတွေ့ဆုံမှုကို အခွင့်အရေးတစ်ခုလို့ သဘောထားပြီး မင်းမသိသေးတဲ့ ကိစ္စအများကြီးကို ရှင်းရှင်းလင်းလင်း လေ့လာနိုင်တယ် ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ မုန့်ယွင်ပိုင်၏ စကားသည် အဓိပ္ပာယ်ရှိသည်။ နန်းမြို့တော်ထဲမှာ အင်အားစုအမျိုးမျိုး စုဝေးတည်ရှိနေသောကြောင့် သူတို့ကို လေ့လာကြည့်ရန် အမှန်တကယ် သူလုပ်ဆောင်သင့်သည်။ သို့မှသာ အနာဂတ်မှာ သူက ကိစ္စများကို စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်နိုင်လိမ့်မည်။
ထို့ပြင် မုန့်ယွင်ပိုင်က သူ့ကို နွေးထွေးစွာ ဖိတ်ခေါ်ခြင်း ဖြစ်သည်။ တစ်ခဏကြာ စဉ်းစားပြီးနောက် ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး မုန့်ယွင်ပိုင်နှင့် ဟွမ်ခွန်းနှင့်အတူ စံအိမ်အပြင်သို့ လျှောက်သွားသည်။
လမ်းတစ်လျှောက်တွင် မုန့်ယွင်ပိုင်က ဆက်ပြီး စကားပြောသည်။ သူက နန်းမြို့တော်ထဲမှ ဓလေ့ထုံးစံတချို့ကို ရွှီချင်းအား မိတ်ဆက်ပေးသည်။ သူ၏ စကားများက ယခင်က ရွှီချင်းနားလည်ထားသော သတင်းအချက်အလက်များနှင့် ပေါင်းစပ်သွားလေရာ ရွှီချင်းကို နန်းမြို့တော်အကြောင်း ပိုပြီးကောင်းမွန်စွာ နားလည်သွားစေသည်။
နေဝင်ဆည်းဆာချိန်ကို ကျော်လွန်သွားပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီလာသည်။ သို့သော်လည်း မြို့ထဲမှ လူအုပ်ကြီးသည် မလျော့ပါးသွားဘဲ ပိုမိုစည်ကားသိုက်မြိုက်လာသည်။
ညဘက်တွင်လည်း နန်းမြို့တော်သည် သက်ဝင်လှုပ်ရှားသည်။ မြို့တော်၏ အနောက်ပိုင်းတွင် ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်ခု ရှိသည်။ စံအိမ်ကြီးတစ်ခုလုံးသည် ရွှေနှင့် ကျောက်စိမ်းဖြင့် ထွန်းလင်းတောက်ပနေသည်။ စံအိမ်၏ အတွင်းဘက်တွင် လူလုပ်တောင်တန်းများနှင့် စီးဆင်းနေသော စမ်းချောင်းများ ရှိသည်။ ရံဖန်ရံခါ ကျေးငှက်များ၏ တေးဆိုသံများကိုလည်း ကြားရချေ၏။