← Chapters

လေက သေစေနိုင်တဲ့ ဓားသွားနဲ့အတူ ဆင်းသက်လာတယ်… ရေက စီးဆင်းနေပြီး အသက်တွေကို ချည်မျှင်တစ်ခုနဲ့ ချိတ်ဆွဲထားတယ်

Vol. 75 Ch. 1161

လေက သေစေနိုင်တဲ့ ဓားသွားနဲ့အတူ ဆင်းသက်လာတယ်… ရေက စီးဆင်းနေပြီး အသက်တွေကို ချည်မျှင်တစ်ခုနဲ့ ချိတ်ဆွဲထားတယ်

Vol. 75 Ch. 1161

“ သခင်လေးရွှီ ရောက်ရှိလာတာက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါ… ဒီမှာ တစ်ခုခု လိုအပ်ချက်များရှိသွားရင် တောင်းပန်ပါတယ် ”

“ တကယ်လို့ သခင်လေးရွှီ အချိန်ရတယ်ဆိုရင် ကျွန်မတို့ တခြားတစ်နေရာကို သွားလို့ဖြစ်မလား ”

“ ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်က သခင်လေးနဲ့ စကားပြောချင်လို့ ကျွန်မကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ် ”

အဖွားအို၏ စကားသည် ယဉ်ကျေးသည်။ ထိုသို့ပြောပြီးနောက် သူက ရွှီချင်းကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။

ထိုမြင်ကွင်းကို လူတိုင်းမြင်သွားသောအခါ သူတို့အားလုံး အံ့ဩသွားကြသည်။

ရွှီချင်း၏ နောက်ခံကို သူတို့အားလုံး သိထားကြသည်။ ထို့ကြောင့် အစောနက သူတို့က သေရည်တိုက်ရုံသာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး အလွန်အကြူး မလုပ်ဆောင်ခဲ့ကြချေ။ သူတို့က တခြားတစ်ယောက်၏ မျက်နှာဖုံးအောက်မှ အစစ်အမှန်မျက်နှာကို ထုတ်ဖော်ခြင်း မပြုလုပ်ခဲ့ကြချေ။

မည်သို့ဖြစ်ပါစေ မိန်းကလေးတစ်ယောက်အတွက် ထိုသို့လုပ်ဆောင်ရန် မလိုအပ်ပေ။

သို့သော်လည်း သူတို့သိထားသည့် သတင်းအချက်အလက်များထဲတွင် ရွှီချင်းသည် သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်နှင့် ဘာပတ်သက်မှုမှ မရှိပေ။ သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်သည် လူသားမျိုးနွယ်၏ အထူးဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး နောက်ခံအနေနှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အဆင့်မြင့်နတ်ဘုရားတစ်ပါး ရှိသည်။

သူတို့၏ သဘောထားသည် ဒွိဟဖြစ်စရာကောင်းသည်။

လူသားဧကရာဇ်သည်ပင် ယင်းကို တိတ်တဆိတ် ခွင့်ပြုထားရသည်။

သို့ဖြစ်၍ ထိုဂိုဏ်းက ရွှီချင်းအပေါ် လွန်စွာ ယဉ်ကျေးနေခြင်းသည် အံ့ဖွယ်ကောင်းသည်။ သို့ဖြစ်၍ သူတို့က အဖွားအိုပြောသော ဂိုဏ်းအကြီးအကဲအပေါ် အမျိုးမျိုး ခန့်မှန်းလိုက်ကြသည်။

လူတိုင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ကြသည်။ ဖုန်းမျိုးရိုးနာမည်နှင့် တော်ဝင်သားတော်သည်ပင် မျက်မှောင်ကြုတ်သွားသည်။ ရွှီချင်းအပေါ် သူ၏ သဘောထားသည် တခြားအင်အားစုများနှင့် အတူတူသာ ဖြစ်သည်။ သူက ရွှီချင်းအပေါ် မဆန့်ကျင်သလို နီးကပ်လိုသော ဆန္ဒလည်း မရှိပေ။

ထို့ကြောင့် အစောနက လင်းယောင်က ရွှီချင်း၏ ဘေးမှာ ဝင်ထိုင်လိုက်သည်ကို သူမြင်သွားစဉ်က သူ၏ နှလုံးသားထဲမှာ လှိုင်းတချို့ထသွားသော်လည်း ကြမ်းတမ်းသော မည်သည့်တုံ့ပြန်မှုကိုမှ မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ သရုပ်နှင့် သေမျိုးလောကမျှော်စင်၏ နောက်ခံအင်အားက သူ့ကိုယ်သူ ချုပ်ထိန်းစေခဲ့သည်။

သို့သော်လည်း သူ၏ ဂုဏ်သိက္ခာက အနည်းငယ် ထိခိုက်သွားခဲ့သည်။ ထို့ကြောင့် သူ့ဘေးမှ လူက ရွှီချင်းအား သေရည်တိုက်ခြင်းကို တိတ်တဆိတ် သဘောတူခဲ့ခြင်း ဖြစ်သည်။

ယခု ယင်းက လုံလောက်သွားပြီဖြစ်ကြောင်း သူမြင်တွေ့သွားသည့်အခါ ထိုကိစ္စကို အကျယ်ထပ်မချဲ့ချင်သဖြင့် မတ်တတ်ရပ်လိုက်ပြီး ထပြန်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အဖွားအို၏ ရောက်ရှိလာမှုက သူ့အား ရွှီချင်းအကြောင်းနှင့်ပတ်သက်ပြီး အများကြီး တွေးတောမိစေသည်။

မုန့်ယွင်ပိုင်နှင့် ဟွမ်ခွန်းသည်လည်း အံ့ဩသွားကြပြီး ရွှီချင်းကို ကြည့်လိုက်ကြသည်။

ရွှီချင်းသည် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ဤကိစ္စနှင့်ပတ်သက်ပြီး အဖြေကို အနည်းနှင့်အများ သူခန့်မှန်းမိပေသည်။ အမှန်မှာ သေမျိုးလောကမျှော်စင်က နတ်ဘုရားကို ကိုးကွယ်ပူဇော်ကြောင်း မုန့်ယွင်ပိုင်က သူ့အား ပြောပြခဲ့ကတည်းက ရွှီချင်းက နားလည်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ဤနေရာသည် လူသားမျိုးနွယ်၏ နန်းမြို့တော်ဖြစ်သည်။

နီလာနတ်သမီးအပေါ် သူ၏ နားလည်ထားမှုအရ နတ်ဘုရားကို ကိုးကွယ်ပူဇော်ခြင်းနှင့် နတ်ဘုရားဆင်းသက်ခြင်းသည် ခြားနားသည်။

ထို့ပြင် လပူဇော်ဒေသကြီးမှ ကိစ္စများကို အတူတကွ တွေ့ကြုံပြီးနောက် အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်သည် လောလောဆယ် သူ၏ ရန်သူမဟုတ်ကြောင်း ရွှီချင်း နားလည်သည်။ အနာဂတ်တွင်တော့ ယင်းက ပြောရခက်ပေသည်။

ထို့ကြောင့် ရွှီချင်းက ဤနေရာသို့လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ့ကို ရှာတွေ့သွားပြီဆိုမှတော့ ငြင်းပယ်ရန် အကြောင်းမရှိပေ။ ရွှီချင်းသည် တစ်ခဏ စဉ်းစားပြီးနောက် အဖွားအိုထံ လက်သီးဆုပ်လိုက်ပြီး ထိုနေရာသို့ သွားရန် သဘောတူလိုက်သည်။

ထိုသို့ဖြင့် လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်းနှင့် အဖွားအိုသည် ထွက်ခွာသွားကြသည်။ လင်းယောင်သည်လည်း သူတို့နှင့်အတူ ထွက်ခွာသွားသည်။

ရွှီချင်းထွက်သွားပြီးနောက် လူတိုင်းသည် မတူညီသော အတွေးကိုယ်စီဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ သူတို့က ယနေ့ကိစ္စကို သူတို့၏ မိသားစုဆီသို့ ချက်ချင်း အကြောင်းကြားရလိမ့်မည်။ မကြာမီ အင်အားစုအသီးသီးက ရွှီချင်းကို ပိုပြီးအလေးအနက်ထားလာမည်ဖြစ်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

ဖုန်းမျိုးရိုးနာမည်နှင့် တော်ဝင်သားတော်သည် နက်နဲစွာ တွေးတောလိုက်သည်။ သူက ရွှီချင်းထွက်သွားသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ကြည့်လိုက်လေရာ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

မုန့်ယွင်ပိုင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ အစက သူသည် ရွှီချင်း၏ အကြောင်းကို အသေးစိတ်သိထားသည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း ယခု ကြည့်ရသည်မှာ သူသိထားသမျှက ရေခဲတုံး၏ အပေါ်ယံအလွှာမျှသာဖြစ်ဟန် ရ၏။

ထိုအပေါ်ယံအလွှာ၏ အောက်တွင် ရွှီချင်းဆီမှာ ဝှက်ဖဲကတ်များ ပိုပြီးရှိနိုင်သည်။

“ စိတ်ဝင်စားစရာပဲ… ”

မုန့်ယွင်ပိုင်သည် ပြုံးလိုက်ပြီး ထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာ ရွှီချင်းသည် အဖွားအိုနောက်မှလိုက်၍ အင်မော်တယ်ရေကန်မှ တည်နေရာပြောင်းရွှေ့သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ သေမျိုးလောကမျှော်စင်၏ အနက်ပိုင်းထဲမှာရှိသော ဘိုးဘေးခန်းမဆောင်၏ အပြင်ဘက်ဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် အဖွားအိုသည် ဘိုးဘေးခန်းမဆောင်ကို ရိုသေလေးစားစွာ အရိုအသေပေးလိုက်ပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ရွှီချင်းကို တစ်ယောက်တည်း အထဲဝင်သွားရန် ညွှန်ကြားလိုက်သည်။

ဘိုးဘေးခန်းမဆောင်ကို ကြည့်နေရင်း ရွှီချင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။ တံခါးက ဖြည်းညင်းစွာ ပွင့်သွားသည့်အခါ ပန်းနုရောင်အလင်းက အထဲမှ ပျံ့နှံ့ထွက်လာပြီး ရွှီချင်း၏ ပုံရိပ်ကို လွှမ်းခြုံသွားသည်။ ရွှီချင်းသည် ဘိုးဘေးခန်းမဆောင်ထဲသို့ ရောက်ရှိသွားသည့်အခါ နတ်စင်အတွင်းမှ ယဇ်ပလ္လင်ပေါ်ရှိ ရွှံ့မြေခွေးရုပ်တုကို မြင်သွားသည်။

ရွှီချင်းသည် ရွှံ့မြေခွေးကို ကြည့်နေရင်း လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ အဆင့်မြင့်နတ်ဘုရားကို နှုတ်ဆက်ပါတယ် ”

ရယ်မောသံသည် ဘိုးဘေးခန်းမဆောင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မောင်လေးက လပူဇော်ဒေသကြီးမှာ ကိုယ့်ကိုယ်ကို အရမ်းထိန်းသိမ်းခဲ့တယ်မလား… ဒါကြောင့် မင်းကို ဒီလိုနေရာမျိုးမှာ မြင်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး… ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ မမ မသိဘဲ ဘယ်နေမလဲ… ကံကောင်းလို့သာပေါ့ မမ အချိန်မီ နိုးလာခဲ့တယ်… မဟုတ်ရင် မင်းကို အဲ့အပျက်မတွေက ဆွဲစားသွားလိမ့်မယ် ”

ရွှီချင်းက နှုတ်ဆိတ်နေသည်။

“ မောင်လေး… မမကိုတွေ့တာ မအံ့ဩဘူးလား… မပျော်ဘူးလားဟင် ”

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ ကျွန်တော် မအံ့ဩပါဘူး… စောစောကလေးတင် အဆင့်မြင့်နတ်ဘုရားက ကျွန်တော့်ဘေးမှာ ထိုင်ခဲ့တာ မဟုတ်လား ”

ရွှံ့မြေခွေး၏ ခန္ဓာကိုယ်သည် တောက်ပလာပြီး မျက်လုံးပွင့်သွားသည်။ သူက ရွှီချင်းကို ကျီစယ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ မောင်လေးရဲ့ အသိအမြင်က တကယ်ထက်ရှတာပဲ… လင်းယောင်ကိုယ်ပေါ်က မမရဲ့ နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်ခုကို တကယ်ကြီး အာရုံခံမိတယ်… လင်းယောင်ကို ဘယ်လိုမြင်လဲ… သူက မမကိုယ်တိုင် ရွေးချယ်ထားတဲ့ နတ်သမီးအပျိုစင်တစ်ယောက်ပဲ… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ နောက်ထပ် နတ်သမီးအပျိုစင်တစ်ယောက် ရှိသေးတယ်… နောက်ကျမှ သူ့ကို ဒီလာခိုင်းပြီး မောင်လေးနဲ့ ကစားခိုင်းရမယ် ”

“ တကယ်လို့ မောင်လေး သူတို့ကို သဘောကျတယ်ဆိုရင် မင်းရဲ့ ယန်အဆီအနှစ်တစ်စက်ကို သူတို့ကို ခွဲဝေပေးဖို့ မမခွင့်ပြုပေးမယ်လေ ”

ရွှီချင်းသည် ရွှံ့မြေခွေး၏ ကျီစယ်မှုကို ကျင့်သားရနေပြီ ဖြစ်သည်။ ထို့ကြောင့် သူက စိတ်မယိမ်းယိုင်ဘဲ ယဉ်ကျေးစွာ မေးသည်။

“ အဆင့်မြင့်နတ်ဘုရား ကျွန်တော့်ကို ဆင့်ခေါ်တာ တခြားအကြောင်းအရင်းရှိတယ်မလား ”

ရွှံ့မြေခွေးသည် ရွှီချင်းကို မျက်စောင်းထိုးလိုက်သည်။ သူ၏ မျက်နှာပေါ်က အမူအရာက ပျော်စရာမကောင်းကြောင်း ဖော်ပြနေသည်။

“ မင်းရဲ့ အမူအရာကလည်း… ဟူး ”

“ ဓားကိုင်ဧကရာဇ်က ဒီနေရာကို စောင့်ကြပ်နေတာကြောင့် ငါ့ရဲ့ မူလခန္ဓာကိုယ်က ဒီနေရာကို ဆင်းသက်မလာနိုင်ဘူး… မဟုတ်ရင် သူ့ရဲ့ ဓားနဲ့ ငါခုတ်ပိုင်းခံရလိမ့်မယ်… အခုချိန်မှာ မမက မင်းရဲ့ ယန်အဆီအနှစ်ကို တကယ်ပဲ အရမ်းလိုချင်တောင့်တနေတာ… ”

“ ထားလိုက်ပါတော့ ထားလိုက်ပါတော့… အချိန်က အရေးကြီးတယ်.. မမက အကြာကြီး မနိုးထနိုင်ဘူး… ပြီးတော့ ဓားကိုင်ဧကရာဇ်က မကြာခင် ငါ့ကို အာရုံခံမိတော့မယ်… မင်းကို ဆင့်ခေါ်ရတာက အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတိပေးချင်လို့ပဲ ”

“ မင်းရဲ့ လူသားဧကရာဇ်က… ရှေးခေတ်ကာလကတည်းက လူသားမျိုးနွယ်ရဲ့ ဘယ်ဧကရာဇ်မှ မလုပ်ဆောင်ဖူးတဲ့ ကိစ္စကြီးတစ်ခုကို ဆောင်ရွက်နေတယ် ”

ရွှီချင်းက မျက်မှောင်ကြုတ်သွားသည်။

ရွှံ့မြေခွေးက ပြုံးလိုက်သည်။ သို့သော်လည်း သူက အသေးစိတ် မပြောပေ။ ယင်းအစား သူက ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

“ ပြီးတော့ လူသားမျိုးနွယ်ရဲ့ ပရောဟိတ်ဆရာကို သတိထားပါ… အဲ့ဒီလူက အရမ်းအန္တရာယ်များတယ်… ”

ရွှံ့မြေခွေး၏ အသံထဲမှာ လေးနက်မှုဖြင့် ပြည့်နှက်နေသည်။

“ သူက မင်းနဲ့ နည်းနည်း ဆင်တူတယ်… ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး စကားပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံသည် ဓားကိုင်ဧကရာဇ်၏ ရုပ်တုထံမှ ပေါ်ထွက်လာပြီး ဤနေရာကို လွှမ်းခြုံသွားသည်။

ရွှံ့မြေခွေးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက အနည်းငယ် ဆန္ဒမရှိဟန် ရသည်။ သို့သော်လည်း အဆုံးမှာတော့ သူက မျက်လုံးမှိတ်လိုက်ပြီး ရုပ်တုအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ ၎င်းက သိမ်မွေ့ညင်သာသော စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ရွှီချင်းကို ဘိုးဘေးခန်းမဆောင်၏ အပြင်ဘက်သို့ ပြန်ပို့ဆောင်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ဓားကိုင်ဧကရာဇ်၏ နတ်ဘုရားစိတ်အာရုံသည် လွင့်ပြယ်သွားသည်။

ဘိုးဘေးခန်းမဆောင်၏ အပြင်ဘက်တွင် အဖွားအိုသည် ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။ အဆင့်မြင့်နတ်ဘုရား၏ နတ်အစေခံတစ်ယောက်အနေဖြင့် သေမျိုးလောကမျှော်စင်တိုင်းမှာ နတ်ဘုရားရုပ်တုရှိကြောင်း ကောင်းမွန်စွာ သူသိသည်။ သို့သော်လည်း ထိုရုပ်တုများထဲတွင် ယနေ့ကဲ့သို့ နိုးထလာခြင်းက အလွန်ရှားပါးသည်။

အထူးသဖြင့် လူတစ်ယောက်အတွက်ကြောင့် နိုးထလာခြင်း ဖြစ်သည်။

သို့သော်လည်း ထိုကိစ္စက နတ်ဘုရားနှင့်သက်ဆိုင်နေကြောင်း သူသိသည်။ ထို့ကြောင့် ယင်းကို မစူးစမ်းခြင်းက သူ့အတွက် ပိုပြီးကောင်းလိမ့်မည်။ သူက ခေါင်းငုံ့လိုက်ပြီး ရွှီချင်းကို သေမျိုးလောကမျှော်စင်၏ အပြင်ဘက်သို့ ယဉ်ကျေးစွာ လိုက်ပို့ပေးလိုက်သည်။

ရွှီချင်သည် လမ်းတစ်လျှောက်တွင် နှုတ်ဆိတ်နေသည်။ သူက အပြင်သို့ ထွက်လျှောက်လာသည့်အခိုက် ခေါင်းလှည့်လိုက်ပြီး သေမျိုးလောကမျှော်စင်ဆီသို့ ကြည့်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး အမှောင်ထုထဲသို့ လျှောက်သွားသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်သည် မှောင်ရီနေသည်။ နန်းမြို့တော်၏ ညကောင်းကင်ယံသည် မည်းမှောင်နေသည်။ ယနေ့ညတွင် ကြယ်ကလေးများ မရှိပေ။ ထူထဲသော အနက်ရောင်တိမ်တိုက်များက ကောင်းကင်ကို လွှမ်းခြုံထားပြီး မိုးခြိမ်းသံသဲ့သဲ့က ရံဖန်ရံခါ ထွက်ပေါ်လာလေ့ ရှိသည်။

မြို့တော်ထဲမှ အလင်းရောင်သည် လင်းထိန်သည်ဟု ဆိုနိုင်သော်လည်း လမ်းတိုင်းက ထိုသို့မဟုတ်ပေ။ ညအချိန်တွင် လမ်းသွားလမ်းလာများသည် အလွန်နည်းပါးသည်။ လူအများစုသည် သူတို့၏ နေအိမ်များဆီသို့ ပြန်သွားကြပြီ ဖြစ်သည်။ တချို့သည် တစ်ယောက်တည်း လမ်းလျှောက်နေပြီး တချို့သည် သုံးလေးယောက်အုပ်စုဖွဲ့၍ လမ်းလျှောက်နေကြသည်။

မိုးခြိမ်းသံကြောင့်သော်လည်းကောင်း သို့မဟုတ် လေထုထဲသို့ စိမ့်ဝင်နေသော စိုထိုင်းမှုကြောင့်သော်လည်းကောင်း လမ်းသွားလမ်းလာများသည် မြန်မြန်ဆန်ဆန် လမ်းလျှောက်နေကြသည်။

ဤအခိုက်အတန့်မှာ လေသည် တဟူးဟူး တိုက်ခတ်လာပြီး အေးစက်မှုကို သယ်ဆောင်လာသည်။ ယင်းက မြေပြင်တစ်လျှောက် တိုက်ခတ်သွားပြီး တအင့်အင့်ညည်းသံကို ထုတ်လွှတ်လိုက်ကာ ရွှီချင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။

ယင်းက သူ၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်နှင့်ချက်ချင်း ရာသီဥတုက ပြောင်းလဲသွားဟန် ရသည်။

“ ဆောင်းဦးကရောက်လာပြီ ”

ရွှီချင်းသည် လေထဲမှ အေးစက်မှုကို ခံစားမိသည်။ သူက လမ်းလျှောက်နေရင်း ရွှံ့မြေခွေးပြောသွားခဲ့သော ကိစ္စနှစ်ခုကို စဉ်းစားလိုက်သည်။

“ လူသားဧကရာဇ်က ဘယ်လိုကိစ္စကြီးကို ဆောင်ရွက်နေတာလဲ ”

အချိန်အတော်ကြာပြီးနောက် မိုးရေစက်များက မြေပြင်ပေါ်သို့ ကျဆင်းလာသည်နှင့် တဖောက်ဖောက်မြည်သံများ ပဲ့တင်ထပ်လာသည်။ လျှပ်စီးသည် ကောင်းကင်ယံမှာ ဖြတ်ပြေးသွားပြီး မိုးသည် ပိုပြီးသည်းထန်လာသည်။

ဝေဝါးသော အလင်းရောင်သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး မိုးရေစက်များကို တားဆီးလိုက်သည်။ သူက လမ်းလျှောက်နေခြင်းကို မရပ်တန့်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ သူက ရွှံ့မြေခွေး၏ နောက်ဆုံးစကားကို ပြန်စဉ်းစားနေသောကြောင့် ဖြစ်သည်။

“ ပရောဟိတ်ဆရာကို သတိထားရမယ်… သူက ငါနဲ့ နည်းနည်း ဆင်တူတယ်… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ပရောဟိတ်ဆရာကို တစ်ခါမှ သူမမြင်ဖူးသော်လည်း သူတို့က ဆင်တူသည်ဟု ကြားလိုက်ရသောအခါ သူက စိတ်မသက်မသာ ခံစားမိသွားသည်။

“ မီးလျှံကြယ်ပြောတဲ့ တူညီမှုက အန္တရာယ်ကိုပြောတာတော့ မဖြစ်နိုင်လောက်ဘူး… သူ့ကို အန္တရာယ်ခံစားမိအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… ဒါဆိုရင် အဲ့ဒီအချက်ကို ဘေးဖယ်လိုက်တဲ့အခါ သူပြောတဲ့ တူညီတယ်ဆိုတာ အရှိန်အဝါ၊ အသိအမြင်နဲ့ အသွင်သဏ္ဍာန်ဖြစ်လောက်တယ် ”

မိုးရေကြားထဲမှာ ရွှီချင်း၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ အမူအရာသည် မည်းမှောင်သွားပြီး အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ လမ်းကြောင်းကို ကြည့်လိုက်သည်။

ယင်းက ရှည်လျားသော လမ်းတစ်ခု ဖြစ်သည်။ လမ်း၏ ဘေးတစ်ဖက်စီတွင် အရွယ်အစားစုံလင်သော နေအိမ်များ ရှိကြသည်။ နေအိမ်အားလုံးသည် မည်းမှောင်နေကြသည်။ မိုးရေစက်များသည်သာ နေအိမ်များ၏ တံစက်မြိတ်များပေါ်သို့ ကျဆင်းသွားပြီး တဖောက်ဖောက်မြည်သံများကို ထုတ်လွှတ်နေသည်။ ယင်းတို့က မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ ဖြည်းဖြည်းချင်း စုဝေးသွားပြီး ရေအိုင်ငယ်များအဖြစ် ဖွဲ့စည်းသွားကြသည်။

လျှပ်စီးသည် တလက်လက် ဝင်းလက်သွားပြီး အရာအားလုံးကို ထွန်းလင်းသွားစေသည်။ ဤအခိုက်အတန့်မှာ လေသည်ပင် အရောင်ရှိလာဟန် ရသည်။

လေသည် အစက ဒြပ်ထည်မဲ့သည်။ သို့သော်လည်း သည်းထန်စွာ ရွာသွန်းနေသော မိုးရေအောက်တွင် လေ၏ ဒြပ်ထည်မဲ့သော ခန္ဓာကိုယ်က မိုးရေဖြင့် ရွှဲစိုသွားပြီး ဒြပ်ထည်ရှိလာသည်။ ထို့နောက် ဒြပ်ထည်ရှိသွားသော လေသည် ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

မိုးရွာသွန်းမှုကြောင့် အေးစက်ပြီး စိုထိုင်းနေစဉ် ထက်ရှသော အရှိန်အဝါပါရှိသည့် ဓားသွားများက လေထဲမှာ ပုန်းဝှက်နေသည်။ ယင်းတို့က လေနှင့် မိုးကို ဖြတ်သန်းသွားပြီး ရွှီချင်း၏ အရှေ့သို့ ရုတ်တရက် ရောက်ချလာကြသည်။

ယင်းတို့က အနားသို့ ရောက်ရှိလာသည်နှင့်ချက်ချင်း မိစ္ဆာနှင်တုတ်နှင့်ဆင်တူသော သံချောင်းသည် ရွှီချင်း၏ သိုလှောင်အိတ်ထဲမှ ချက်ချင်း ပျံသန်းထွက်လာသည်။ ဦးခေါင်းသုံးလုံးထဲတွင် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ မျက်လုံးသည် ဒေါသတကြီး ပွင့်သွားသည်။ ၎င်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရွှီချင်း၏ အရှေ့မှ လေဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

၎င်း၏ အလျင်သည် အလွန်မြန်ဆန်ပြီး လေနှင့် မိုးကို ကျော်လွန်သွားသည်။ ချက်ချင်းဆိုသလို သတ္ထုချင်းထိခတ်သံက လေထဲမှာ ပဲ့တင်ထပ်သွားသည်။ မိုးရေဖြင့် ဖွဲ့စည်းထားသော ဆေဘာဓားရှည်များသည် ကျိုးပဲ့သွားပြီး အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။

မိစ္ဆာနှင်တုတ်၏ အလျင်သည် နည်းနည်းမှ လျော့ကျမသွားပေ။ ၎င်းက ရွှီချင်း၏ ဘေးနားတစ်ဝိုက်မှာ မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။ သတ္ထုမြည်သံသည် တရစပ် ပဲ့တင်ထပ်လာပြီး မိုးသည် ပိုပြီးသည်းထန်လာသည်။ မိုးရေစက်များက မြေပြင်ပေါ်သို့ ဆင်းသက်သွားသည့်အခါ မရေမတွက်နိုင်သော ရေအိုင်ငယ်များက အတူတကွ စုဝေးသွားကြပြီး ရေကန်တစ်ခုပမာ ဖြစ်ပေါ်လာသည်။

ဤနေရာမှ ဥပဒေသများသည် ဤအခိုက်အတန့်မှာ လုံးလုံးပြောင်းလဲသွားသည်။

ဘေးပတ်ဝန်းကျင်သည် မှောင်ရီလာပြီး ဝေဝါးလာသည်။ ရံဖန်ရံခါ ကောင်းကင်ပေါ်မှ လျှပ်စီးသည်သာ ဝင်းလက်သွားပြီး မိုးခြိမ်းသံက ထစ်ချုန်းသွားသည်။ ရွှီချင်း၏ ခြေဖဝါးအောက်မှ ရေကန်သည် မြန်ဆန်စွာ မြင့်တတ်လာသည်။ ဤသည်မှာ ယင်းက သူ့ကို ဝါးမျိုချင်နေသည့်အလားပင်။

ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ ရေလှိုင်းလုံးများထဲတွင် လက်ဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။ လက်ဝါးသည် ရေကန်၏ အောက်ခြေမှ မြှောက်တတ်လာပြီး ရွှီချင်းကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။

အဝေးတွင် ပုံရိပ်များသည် မိုးရေကြားထဲမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့က ရေသက်ရှိများ ဖြစ်သည့်အလားပင်။ ၎င်းတို့သည် ရွှီချင်းထံသို့ အရပ်မျက်နှာပေါင်းစုံမှ ပျံသန်းလာကြသည်။

၎င်းတို့တစ်ယောက်စီမှာ အလွန်ပြင်းထန်သော သက်ဖြတ်ခြင်းစိတ်ဆန္ဒရှိသည်။

ဤအခိုက်အတန့်မှာ လမ်း၏ ဘေးတစ်ဖက်စီမှ မည်းမှောင်နေသော နေအိမ်များသည်လည်း အသွင်ပြောင်းလဲသွားကြသည်။ ၎င်းတို့က တင်ပျဉ်ခွေလျက် တရားထိုင်နေကြသော အနက်ရောင်ထိပ်ပြောင်ရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြပြီး ထူးဆန်းသော အသံများကို ထုတ်လွှတ်လိုက်ကြသည်။

“ သရဲမိစ္ဆာရဲ့ အမိန့်တော်ကို နားထောင်စမ်း အထီးကျန်ဝိညာဉ်ကောင်… သရဲဌာနရှစ်ခုက အမိန့်တော်ထုတ်ပြန်လိုက်တယ်… နာကြည်းချက်ရှိတဲ့ လူတွေက အမြစ်ဖြတ်သုတ်သင်ခံရမယ်… ဦးခေါင်းမရှိတဲ့လူတွေပဲ အသက်ရှင်နိုင်မယ်… လေက သေစေနိုင်တဲ့ ဓားသွားနဲ့အတူ ဆင်းသက်လာတယ်… ရေက စီးဆင်းနေပြီး အသက်တွေကို ချည်မျှင်တစ်ခုနဲ့ ချိတ်ဆွဲထားတယ်… နာကြည်းချက်ကို ဖြေရှင်းပြီး ဘဝရဲ့ ငြိမ်းချမ်းမှုကို ရှာဖွေပါ… မတရားမှုက ပျက်စီးမှုဆီ ဦးတည်သွားတယ်… ငါတို့ရဲ့ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်ပြီး ရှစ်ထောင့်ထိုက်ချီစက်ဝန်းရှေ့မှာ မင်းရဲ့ သက်စောင့်အလင်းကို ဆုံးရှုံးစေမယ် ”

All Chapters