← Chapters

စစ်တုရင်ကစားနေတာ ဘယ်သူလဲ

Vol. 75 Ch. 1163

စစ်တုရင်ကစားနေတာ ဘယ်သူလဲ

Vol. 75 Ch. 1163

ထိုကြောက်မက်ဖွယ်ရာ အရှိန်အဝါ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဤသီးခြားနယ်မြေလွတ်ထဲမှာ အဆုံးမဲ့သော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်လာသည်။ ရေကန်သည် မြှောက်တတ်လာပြီး ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားသည်။ မိုးသည်လည်း မတည်မငြိမ် ဖြစ်လာသည်။

တိမ်တိုက်များနှင့် မြူခိုးသည် ဤနယ်မြေလွတ်ထဲမှ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး မြန်ဆန်စွာ လှည့်ပတ်သွားကာ ဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။ ဝဲကတော့သည် မြန်ဆန်စွာ လှည့်ပတ်သွားပြီး ရေကန်ပေါ်မှ မြူခိုးနှင့် ဆက်သွယ်သွားသည်။ ဤသည်မှာ ယင်းက ကောင်းကင်နှင့် မြေပြင်ကြားမှာ တံတားထိုးပေးလိုက်သည့်အလား မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

ဖိအားတစ်ခုက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး အရပ်မျက်နှာအဘက်ဘက်မှာ မိုးရွာသွန်းသွားစေသည်။

ထိုမုန်တိုင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်မှာ မြူခိုးထဲတွင် လွင့်မျောနေသော အနက်ရောင်မှော်သင်္ကေတသည် အပြင်းအထန် လှုပ်ခါသွားသည်။ ပြန်မကောင်းမွန်နိုင်သော အက်ကွဲရာများက ယင်းပေါ်မှာ ထွက်ပေါ်လာကြသည်။

အနက်ရောင်သွေးသည် မှော်သင်္ကေတထံမှ စိမ့်ထွက်လာသည်။

လမ်းရှည်မှ အသွင်ပြောင်းလဲသွားသော အဆောင်သင်္ကေတပေါ်တွင်လည်း အက်ကွဲရာများ ထွက်ပေါ်လာကြသည်။

တအိအိလှုပ်ရှားထကြွနေသော မြူခိုးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ပေါက်ကွဲထွက်လာပြီး ထိုအဆောင်သင်္ကေတနှစ်ခုကို ၎င်းတို့၏ ခုခံနိုင်သော အတိုင်းအတာအား ကျော်လွန်သွားသည်။ ထို့ကြောင့် ယင်းတို့ပေါ်မှာ ပျက်စီးတော့မည့် လက္ခဏာများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆောင်သင်္ကေတထဲတွင် ဝေဝါးသော မျက်နှာတစ်ခု ထွက်ပေါ်လာပြီး ရွှီချင်းရှိနေသော မြူခိုးထဲသို့ စူးစိုက်ကြည့်လိုက်သည်။ ထိုမျက်နှာ၏ အသွင်ပုံစံကို အတိအကျ မမြင်နိုင်သော်လည်း ၎င်း၏ မည်းမှောင်နေသော အမူအရာက အလွန်ထင်ရှားသည်။

တစ်ချိန်တည်းမှာ ရေကန်အောက်မှ ရှည်ထွက်လာသော သံကြိုး(၅၂)ချောင်းထံမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ဟိန်းသံများက မြူခိုးထဲမှ ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည့်အခါ သံကြိုး(၇)ချောင်းသည် တိုက်ရိုက် ကျိုးပျက်သွားကြသည်။

ရေကန်သည် လှုပ်ခါသွားသည်။ အက်ကွဲသွားသော သံကြိုးများသည် တစ်လက်မချင်းစီ ပြိုကွဲပျက်စီးသွားကြပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ချည်မျှင်များသည်လည်း ထို့အတူပင်။ ယင်းတို့အားလုံးက မြူခိုးထဲမှ ထွက်ပေါ်လာသော ကြီးမားသော အင်အားကြောင့် တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။

ဤသည်ကို အနက်ရောင်မှော်သင်္ကေတထဲမှ မျက်နှာက မြင်သွားသောအခါ ဆန္ဒမရှိသော အမူအရာ ထွက်ပေါ်လာသည်။ ၎င်းက ထူးဆန်းသော အသံကို ထုတ်လွှတ်လိုက်သည်။

“ အန္တိမတာအိုက မေးတယ်… ရေနဲ့ မိစ္ဆာက ဘယ်အချိန် လဲလှယ်မှာလဲ… တစ္ဆေတွေက အမြစ်ဖြတ်သုတ်သင်ခံရပြီး မကောင်းဆိုးဝါးတွေက ဘယ်တော့မှ ရှင်းလင်းခံရမှာလဲ… ငါတို့က ပြောလိုက်တယ်… ငါတို့အမိန့်ကို မနာခံတဲ့ လူတွေက ခေါင်းဖြတ်ခံရမယ်လို့ ”

တစ္ဆေညည်းသံနှင့်ဆင်တူသော အသံနှင့် ဝံပုလွေအူသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး ရေကန်ကို တအိအိလှုပ်ရှားသွားစေသည်။ ရှည်လျားသော ဓားတစ်လက်သည် ရေကန်ထဲမှ ပေါ်လျှိုးထွက်လာပြီး ရွှီချင်းရှိနေသော မြူခိုးဆီသို့ အကြင်နာမဲ့စွာ ခုတ်ပိုင်းပစ်လိုက်သည်။

ဓား၏ အလျင်သည် အလွန်မြန်ဆန်သည်။ ယင်းက မရေမတွက်နိုင်သော မိုးရေစက်များကို ကင်းစင်သွားစေပြီး ဟင်းလင်းပြင်ကို ချိုးဖောက်သွားကာ လေကို ကွဲထွက်သွားစေသည်။ အမြစ်ဖြတ်သုတ်သင်မည့် စိတ်ဆန္ဒတစ်ခုသည်လည်း ထိုဓားရှည်ထဲမှာ ကိန်းအောင်းနေသည်။

တစ်ချိန်တည်းမှာ အနက်ရောင်မှော်သင်္ကေတသည် စတင်လောင်ကျွမ်းလာသည်။ အစိမ်းရောင်မီးတောက်များသည် အပေါ်သို့ မြှောက်တတ်လာပြီး ယင်းကို အားဖြည့်ပေးလိုက်ကာ အတင်းအကျပ် အသက်ဝင်လာစေသည်။

လမ်းရှည်မှ ဖြစ်ပေါ်လာသော အဆောင်သင်္ကေတသည်လည်း အပေါ်သို့ မြှောက်တတ်လာပြီး ပိုပြီးကြမ်းတမ်းစွာ လှည့်ပတ်လာသည်။ ရွှီချင်းသည်တော့ သူ၏ ခန္ဓာကိုယ်က ကွေးညွတ်သွားပြီး မြူခိုးထဲမှာ အပြင်းအထန် တုန်ယင်နေသည်။ သူက လူသားအသံမဟုတ်သော ဟိန်းသံတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဖော်မပြနိုင်သော နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထံမှ ပျံ့နှံ့ထွက်လာသည်။ ဤသည်မှာ ကမ္ဘာကြီးက ပျက်စီးသွားသည့်အလားပင်။ ယင်းက သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို ဆုတ်ဖြဲလိုက်ပြီး ပိုမိုများပြားသော အနက်ရောင်အဆိပ်မြူခိုးကို ထုတ်လွှတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ နောက်ထပ်သံကြိုး(၇)ချောင်း ကျိုးပျက်သွားကြသည်။

သူ၏ ဝိညာဉ်ကို ဖိနှိပ်ထားသော သံချောင်း(၁၄)ချောင်းသည်လည်း အပြင်သို့ အတင်းအကျပ် တွန်းထုတ်ခံလိုက်ရသည်။ ဖောက်ဟူသော မြည်သံနှင့်အတူ သံချောင်းများသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြပြီး မြူခိုးကို ထွင်းဖောက်သွားကာ အပြင်ဘက်မှ ရေဓားဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

သံချောင်း(၁၄)ချောင်းက ရေဓားကို ထိမှန်သွားပြီး ဖောက်ထွင်းသွားသည့်အခါ သတ္ထုချင်းထိခတ်သံများ ပဲ့တင်ထပ်လာသည်။ ထို့နောက် ယင်းတို့က အနက်ရောင်မှော်သင်္ကေတနှင့် လမ်းရှည်အဆောင်သင်္ကေတဆီသို့ ဆက်လက် ဦးတည်သွားကြသည်။

ချက်ချင်းပင် ယင်းတို့က အဆောင်သင်္ကေတနှစ်ခုကို ဖောက်ထွင်းသွားကြသည်။

အနက်ရောင်မှော်သင်္ကေတသည် အပေါက်များဖြင့် ဇကာပေါက်ဖြစ်သွားပြီး အဆောင်သင်္ကေတ၏ ထောင့်သည် ဖျက်ဆီးခံလိုက်ရသည်။ အဆောင်သင်္ကေတနှစ်ခု ထိခိုက်ဒဏ်ရာရရှိသွားခြင်းသည် ဤနေရာအား ချိပ်ပိတ်ထားသော စွမ်းအားကို သိသာစွာ လျော့ကျသွားစေသည်။ နောက်အခိုက်အတန့်မှာ မြူခိုးသည် ပြင်းထန်စွာ လှုပ်ရှားထကြွလာသည်။

ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာမှုနှင့်အတူ ကျန်ရှိနေသော သံကြိုးများ၊ ချည်မျှင်များနှင့် သံချောင်းများသည် အက်ကွဲသွားခြင်း သို့မဟုတ် အပြင်ဘက်သို့ အတင်းအကျပ် တွန်းထုတ်ခံလိုက်ရသည်။

အပေါက်ဖြစ်သွားသော ရေဓားသည် ဆက်လက် ဖောက်ထွင်းခံလိုက်ရသည်။ နောက်ဆုံးမှာတော့ ရေဓားက မြူခိုးနားသို့ ရောက်ရှိသွားသည့်အခါ ယင်းက အက်ကွဲသွားသည်။

ဤအခိုက်အတန့်မှာ နောက်ဆုံးသံကြိုး၊ နောက်ဆုံးချည်မျှင်နှင့် နောက်ဆုံးသံချောင်းသည် တစ်ခုပြီးတစ်ခု အက်ကွဲသွားကြသည်။ တစ်ဆက်တည်းမှာ မြူခိုးသည် ရုတ်တရက် လှုပ်ရှားထကြွလာသည်။

မြူခိုးသည် အတွင်းဘက်သို့ မြန်ဆန်စွာ ကျုံ့သွားသည်။ ယင်းက စုပ်ယူခံလိုက်ရသည့်အခါ ကမ္ဘာတုန်ဟီးစေမည့် ဧရာမပုံရိပ်တစ်ခုက အထင်အရှား ထွက်ပေါ်လာသည်။

ရှေးကျမှု၊ အမှောင်ထုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ထိုပုံရိပ်ထံမှ ပေးသော ပထမဆုံးအမြင် ဖြစ်သည်။

သူ၏ တစ်ကိုယ်လုံးကို အနက်ရောင်စစ်ချပ်ဝတ်ဖြင့် ဖုံးလွှမ်းထားသောကြောင့် အသားအရေကို မမြင်နိုင်ပေ။ သူ၏ ဦးခေါင်းပေါ်မှာပင် စစ်ချပ်ဝတ်ခေါင်းစွပ် ရှိသည်။ ထိုစစ်ချပ်ဝတ်သည် သူ၏ ရက်စက်ကြမ်းကြုတ်သော အသွင်ပုံစံကို ပိုပြီးပေါ်လွင်ထင်ရှားစေသည်။ ပိုပြီးချောက်ချားဖွယ်ကောင်းသော အရာမှာ သူ၏ သူငယ်အိမ်ထဲမှာ တောက်လောင်နေသော မီးတောက်များ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အအေးဓာတ်သည် တစ်စုံတစ်ယောက်ကို နှလုံးအေးခဲသွားအောင် ပြုလုပ်ရန် လုံလောက်သည်။

ထို့ပြင် အနက်ရောင်အခိုးအငွေ့များသည် စစ်ချပ်ဝတ်ထဲမှ တလိပ်လိပ် မြှောက်တတ်လာပြီး သူ့အနောက်တွင် မြန်ဆန်စွာ စုဝေးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က ကောင်းကင်ကို ဖုံးလွှမ်းနိုင်ဟန်ရသော အနက်ရောင်ဝတ်ရုံတစ်ထည်သို့ ပြောင်းလဲသွားသည်။

ထိုဝတ်ရုံသည် ကောင်းကင်ပေါ်မှ ဝဲကတော့နှင့်အတူ လှုပ်ယမ်းသွားပြီး ဤနယ်မြေကို လွှမ်းခြုံသွားသည်။ ယိုယွင်းပျက်စီးခြင်းနှင့် အဆိပ်သည် ဤနယ်မြေထဲမှာ အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။

သူက မိစ္ဆာတစ်ကောင်နှင့် ဆင်တူသည်။

ဤသည်မှာ နတ်ဘုရားအရင်းအမြစ်နှစ်ခုကို ထပ်ဆင့်လွှမ်းခြုံပြီးနောက် ဖြစ်ပေါ်လာသော ရွှီချင်း၏ ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်သည်။ ဤအသွင်သဏ္ဍာန်ဖြင့်ဆိုလျှင် သူ့အရှေ့မှ အရာအားလုံးက ခြောက်သွေ့သွားပြီး ယိုယွင်းပျက်စီးသွားရမည့်သဘော ရှိ၏။

ဤယင်ယန်ရေမိစ္ဆာအစီအရင်သည်ပင် ခြွင်းချက်မဟုတ်ပေ။

ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည့်အခါ အနက်ရောင်မှော်သင်္ကေတ၏ အရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။ သူက လူသားတစ်ယောက်၏ လက်နှင့်မတူသော ညာလက်ကို မြှောက်လိုက်ပြီး ယင်းကို ဖမ်းဆုပ်လိုက်သည်။

ပြင်းထန်စွာ လောင်ကျွမ်းနေသော အနက်ရောင်မှော်သင်္ကေတသည် အနက်ရောင်မြူခိုးကို ထုတ်လွှတ်လိုက်သည်။ မြူခိုးသည် အနက်ရောင်နဂါးများအဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး ရွှီချင်းကို ဟိန်းဟောက်လိုက်ကြသည်။ သို့သော်လည်း ၎င်းတို့က ရွှီချင်းအနားသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း ဟိန်းသံများက အော်ဟစ်ညည်းညူသံအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤနတ်ဘုရားအသွင်သဏ္ဍာန်ဖြင့်ဆိုလျှင် ရွှီချင်းထံမှ ထုတ်လွှတ်နေသော အဆိပ်စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။ သို့ဖြစ်၍ သူ၏ လက်ဖြင့် ထိတွေ့သွားသော မည်သည့်အရာမဆို အဆိပ်ဖြင့် တိုက်စားခံရလိမ့်မည်။ ထို့ကြောင့် သူ့ထံသို့ ချဉ်းကပ်လာသော အနက်ရောင်နဂါးများသည် တားမြစ်အဆိပ်၏ အကြမ်းပတမ်း တိုက်စားမှုအောက်မှာ တဖြည်းဖြည်း လွင့်ပြယ်သွားကြသည်။

အနက်ရောင်စစ်ချပ်ဝတ်မျက်နှာဖုံးသည် ရွှီချင်း၏ အမူအရာကို ဖုံးကွယ်ပေးထားသည်။ တစ္ဆေမီးတောက်ဖြင့် လောင်ကျွမ်းနေသော သူ၏ မျက်လုံးသည်သာ ထွက်ပေါ်နေသည်။ သူက အော်ဟစ်ညည်းညူနေသော အနက်ရောင်နဂါးများကို လျစ်လျူရှုထားပြီး အနက်ရောင်မှော်သင်္ကေတကို သူ၏ လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ယင်းကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။

အက်ကွဲသံနှင့်အတူ မှော်သင်္ကေတသည် ပြိုကွဲပျက်စီးသွားသည်။ တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်မှ အနက်ရောင်နဂါးများသည် အနက်ရောင်သွေးအဖြစ်သို့ ပြန်ပြောင်းလဲသွားပြီး ရေကန်ထဲသို့ ကျဆင်းသွားသည်။

ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို အချိန်အကြာကြီး သူမထိန်းထားနိုင်ကြောင်း ရွှီချင်း သိသည်။ ထို့ကြောင့် သူက မှော်သင်္ကေတကို ဖျက်ဆီးပြီးသည်နှင့် ခေါင်းမော့လိုက်ပြီး လမ်းရှည်၏ အဆုံးသတ်ဆီသို့ အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

သံချောင်းများကြောင့် ဇကာပေါက်ဖြစ်နေသော လမ်းရှည်အဆောင်သင်္ကေတပေါ်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် ထူးခြားဆန်းကြယ်ပုံပေါ်သည်။ ၎င်းကို အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ပေ။ ယင်းအစား အနက်ရောင်စက္ကူရုပ်တစ်ခုနှင့် ဆင်တူသည်။

၎င်းက လမ်းရှည်အဆောင်သင်္ကေတ၏ အပေါ်တွင် မတ်တတ်ရပ်နေသည်။ ၎င်းက ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခါ ၎င်း၏ မျက်တွင်းကျနေသော မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ဖြည်းညင်းစွာ ပြောသည်။

“ သရဲမိစ္ဆာအမှောင်အတတ်ကို ငါနာခံတယ်… မြစ်ချောင်းတွေ၊ နေနဲ့ လ… ”

ရွှီချင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး စက္ကူရုပ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

စက္ကူရုပ်သည် အနောက်သို့ တည်ငြိမ်စွာ ဆင်းသက်သွားပြီး အဆောင်သင်္ကေတပေါ်သို့ ခြေချလိုက်သည်။ ၎င်းက အဆောင်သင်္ကေတနှင့် ပေါင်းစပ်သွားနေရင်း တည်ငြိမ်စွာ ဆက်ပြောသည်။

“ … တောင်တန်းတွေ၊ ပင်လယ်တွေနဲ့ ကြယ်တွေအားလုံးက ငါ့လက်ခုပ်ထဲမှာ ရှိတယ်… ငါက အလင်းနဲ့ အမှောင်ကို ဆန္ဒရှိသလို ခြယ်လှယ်နိုင်တယ်… ကျိန်စာက မြန်ဆန်ပြီး အကြွင်းမဲ့သန်မာတယ် ”

ရွှီချင်းရောက်ရှိလာသည်နှင့်ချက်ချင်း ထိုအသံက ပျောက်ကွယ်သွားသည်။ အဆောင်သင်္ကေတသည်တော့ အပြင်းအထန် လှုပ်ရှားထကြွလာပြီး ရွှီချင်းထံသို့ တလိပ်လိပ် ဦးတည်သွားသည်။

ယင်းက အလွန်ကြီးမားသော ရေလှိုင်းလုံးတစ်ခုနှင့် ဆင်တူပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။

ဤသည်ကိုမြင်သောအခါ ရွှီချင်းက သူ၏ ညာလက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။

သူ၏ လက်က ရေမျက်နှာပြင်ပေါ်သို့ ထိသွားသည်နှင့်ချက်ချင်း ဤဧရိယာသည် အပြင်းအထန် တုန်ယင်သွားသည်။ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် ယိုယွင်းပျက်စီးသွားပြီး ကျူးကျော်ဝင်ရောက်ခံလိုက်ရသည်။

ရေကန်သည် ချက်ချင်း အနက်ရောင်သို့ ပြောင်းလဲသွားပြီး ဤနေရာမှ နိယာမများသည် အတင်းအကျပ် သက်ရောက်ခံလိုက်ရသည်။

အရာအားလုံးသည် တားမြစ်အဆိပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး ရွှီချင်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။ ကောင်းကင်ပေါ်မှ ဝဲကတော့သည် ဤအခိုက်အတန့်မှာ ဆင်းသက်လာပြီး တားမြစ်အဆိပ်မြူခိုးနှင့် ပေါင်းစပ်သွားကာ လမ်းရှည်အဆောင်သင်္ကေတကို ဖိနှိပ်လိုက်သည်။

ကျယ်လောင်သော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ဧရာမခေါင်းလောင်းမြည်သံပမာ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ ကြေးမုံအက်ကွဲသံသည်လည်း ပျံ့လွင့်လာသည်။ ယင်ယန်ရေမိစ္ဆာအစီအရင်မှ နေရာချိပ်ပိတ်မှုသည် အက်ကွဲသွားပြီး ပျက်စီးသွားသည်။

ရွှီချင်း၏ မျက်လုံးထဲတွင် လောကသည် ပုံမှန်ပြန်ဖြစ်သွားသည်။

လမ်းသည် ပုံမှန်လမ်းအတိုင်းရှိနေဆဲပင်။

မိုးသည် ရွာသန်းနေဆဲပင်။

အနက်ရောင်စက္ကူရွက်အပိုင်းအစများသာ ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး မိုးရေထဲမှာ အရည်ပျော်သွားသည်။ ရွှီချင်းသည် အပိုင်းအစတစ်ခုကို ဖမ်းဆုပ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် ဤအခိုက်အတန့်မှာ ပုံမှန်ပြန်ဖြစ်သွားသည်။ သူက နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖယ်ရှားလိုက်သည်နှင့်ချက်ချင်း သူ၏ ပေါင်းစပ်ထောင့်မှာ သွေးစီးကြောင်းတစ်ခု စီးကျလာသည်။

ဤအခိုက်အတန့်မှာ တဝီဝီမြည်သံများသည် အဝေးမှ ပျံ့လွင့်လာသည်။ တိုက်ပွဲက သီးခြားနယ်မြေလွတ်တစ်ခုထဲမှာ ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲမှ စွမ်းအင်အကြွင်းအကျန်များကို နန်းမြို့တော်ထဲမှာ ဖုံးကွယ်ရန် အလွန်ခက်ခဲသည်။ ထို့ကြောင့် ယခု ရှာတွေ့သွားကြပြီ ဖြစ်သည်။

ရွှီချင်းသည် မလှုပ်ရှားပေ။ သူက အရှေ့သို့ လှမ်းကြည့်လိုက်စဉ် နိုးကြားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေဆဲပင်။ တစ်ချိန်တည်းမှာ သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။

မကြာမီ ပုံရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ သူတို့အားလုံးသည် ဤနေရာမှာ ကင်းလှည့်နေကြသော ဓားကိုင်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ဤနေရာသို့ အမြန်ဆုံး ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့က ရွှီချင်းနှင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာနေသော အနက်ရောင်စက္ကူရွက်အပိုင်းအစများကို မြင်သွားသောအခါ သူတို့၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤကိစ္စက ပြဿနာကြီးတစ်ခုဖြစ်ကြောင်း သူတို့နားလည်သွားကြသည်။

မည်သို့ဖြစ်ပါစေ ဤနေရာက နန်းမြို့တော်ဖြစ်သည်။ နန်းမြို့တော်ထဲမှာ လုပ်ကြံရန် ကြိုးစားခြင်းသည် ကြီးမားသော အရေးကိစ္စဖြစ်သည်။ အထူးဖြင့် လုပ်ကြံသတ်ဖြတ်ရန် ပစ်မှတ်က ရွှီချင်းဖြစ်နေသည့်အခါ ဖြစ်၏။

ထိုကိစ္စက ပိုပြီးဆိုးဝါးသည်။

မကြာမီ သက်တံ့တိမ်တိုက်နှစ်ခုသည် မတူညီသော အရပ်မျက်နှာထံမှ ပျံသန်းလာကြသည်။ သူတို့က လမ်းရှည်ပေါ်မှာ ထွက်ပေါ်လာကြပြီးနောက် ရွှီချင်းဆီသို့ တန်းမတ်စွာ လျှောက်သွားကြသည်။

တစ်ယောက်သည် နတ်မိမယ်ကျစ်ရွှမ်းဖြစ်ပြီး တခြားတစ်ယောက်သည် လီယွင်ရှန်းဖြစ်သည်။

သူတို့နှစ်ယောက်ကို မြင်ပြီးနောက် ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။

လီယွင်ရှန်း၏ အမူအရာသည် မည်းမှောင်နေပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ နတ်မိမယ်ကျစ်ရွှမ်း၏ အမူအရာသည် ဒေါသဖြင့် ပြည့်နှက်နေသည်။ ရွှီချင်းအဆင်ပြေကြောင်း အတည်ပြုပြီးနောက်မှသာ သူ၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။ လီယွင်ရှန်းက အဖြစ်အပျက်ကို မေးမြန်းရန် ပါးစပ်ဟလိုက်သည်။

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ စံအိမ်ကို ငါတို့ပြန်ရောက်မှ ပြောကြတာပေါ့ ”

လီယွင်ရှန်းက ခေါင်းညိတ်လိုက်သည်။ သူတို့၏ စောင့်ကြပ်ပေးမှုအောက်မှာ ရွှီချင်းက မြန်ဆန်စွာ ထွက်ခွာသွားပြီး နင်ယန်၏ စံအိမ်ဆီသို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်သွားသည်။

သူက ပြန်ရောက်လာသည်နှင့်ချက်ချင်း ဤရက်များမှာ အရိပ်ရှာမရအောင် ပျောက်ကွယ်နေခဲ့သော ခေါင်းဆောင်သည်လည်း ပြန်ရောက်လာသည်။ သူက ရွှီချင်း၊ နတ်မိမယ်ကျစ်ရွှမ်းနှင့် လီယွင်ရှန်းကို ကြည့်လိုက်လေရာ သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။

“ အဲ့ဒါက ကြိုတင်စီစဉ်ထားတဲ့ ထောက်ချောက်တစ်ခုပဲ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ မုန့်ယွင်ပိုင်က ငါ့ကို သေမျိုးလောကမျှော်စင်ဆီ ဖိတ်ခေါ်ခဲ့တယ်… သူက ငါ့အကြောင်းကို သိထားပြီး သံသယရှိတဲ့ လူစာရင်းထဲက တစ်ယောက်ပဲ ”

“ သေမျိုးလောကမျှော်စင်ထဲမှာ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းက တော်ဝင်သားတော်နဲ့ ငါ့ကြားမှာ အသေးအမွှား ကတောက်ကဆတစ်ခု ရှိခဲ့တယ်… သူလည်းပဲ သံသယရှိတဲ့ စာရင်းထဲမှာ ပါတယ် ”

“ ပြီးတော့ ဒီခရီးမှာ ဟွမ်ခွန်းအပါအဝင် ငါတွေ့ခဲ့တဲ့ လူတိုင်းက သံသယရှိတဲ့ စာရင်းထဲမှာ ပါတယ် ”

“ ဒါပေမဲ့ အဲ့ဒါတွေအားလုံးက အပေါ်ယံပဲ… တခြားရည်ရွယ်ချက်ကြောင့် အမှောင်ထဲကနေ ငါ့ကို လုပ်ကြံဖို့ ကြိုးစားနေတဲ့ တခြားအဖွဲ့အစည်းတွေလည်း ရှိနိုင်သေးတယ်… ဥပမာ သတ္တမမင်းသားက စေခိုင်းလိုက်တာ ဖြစ်နိုင်တယ် ”

“ အဲ့ဒီလုပ်ကြံသမားက အနက်ရောင်စက္ကူရုပ်ပဲ… သူ့မှာ အသက်ဓာတ်မရှိဘူး… သူက လူဝင်စားနဲ့ ပိုပြီးဆင်တူတယ်… သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဗလာနတ္ထိအဆင့်ပဲ… ”

“ ပြီးတော့ သူအသုံးပြုသွားတဲ့ မန္တန်ကို ကျိန်စာတာအိုလို့ခေါ်ပြီး သရဲမိစ္ဆာရဲ့ အငွေ့အသက်ပါရှိတယ်… ဒါ့အပြင် အဲ့ဒါက အရမ်းသိသာလွန်းတယ်… တစ်ယောက်ယောက်က သူတို့ကို ချောက်ချချင်တာ ဖြစ်နိုင်တယ် ”

“ ပြီးတော့ ဒီလုပ်ကြံမှုမှာ သံသယဖြစ်စရာ အချက်တချို့ရှိတယ်… ပထမဆုံး သူတို့က ဘယ်လိုလုပ် ငါ့ကို နန်းမြိုတော်ထဲမှာ လုပ်ကြံရဲတာလဲ… တကယ်လို့ ငါသေသွားမယ်ဆိုရင် အဲ့ဒါက နန်းမြို့တော်ထဲက အင်အားစုတွေအတွက် ကောင်းမွန်တဲ့ကိစ္စ ဖြစ်လာမှာမဟုတ်ဘူးလေ… ဒါပေမဲ့ အင်အားစုအသီးအသီးက အဲ့ဒါကို အရမ်းနောက်ကျမှ သတိထားမိကြတယ် ”

“ ဒုတိယကတော့ လုပ်ကြံသမားက သန်မာတယ်လို့ ထင်ရပေမဲ့ အင်အားစုအသီးသီးရဲ့ နားလည်ထားမှုအရဆိုရင် ငါ့မှာ အာရုဏ်ဦးနေမင်းရှိပြီး တိုက်ပွဲအတွေ့အကြုံ များပြားတယ်ဆိုတာ သူတို့ ရှင်းရှင်းလင်းလင်း သိထားပြီးသား မဟုတ်ဘူးလား… တကယ်လို့ သူတို့က ငါ့ကို သတ်ချင်တယ်ဆိုရင် ဒီလိုမျိုး လုပ်ကြံသမားတစ်ယောက်တည်း မစေလွှတ်သင့်ဘူး ”

“ တတိယကတော့ တိုက်ပွဲအတွင်းမှာ တစ်ဖက်လူက ငါ့ကို အာရုဏ်ဦးနေမင်း ဖောက်ခွဲပစ်အောင် တွန်းအားပေးချင်တဲ့ အသေခံစစ်သည်တော်တစ်ဦးဖြစ်တယ်လို့ ငါခံစားရမိတယ်… ဒါပေမဲ့ အဲ့ဒီခံစားမှုက ငါ့အတွေးတွေကို ပရမ်းပတာဖြစ်အောင် တစ်ဖက်လူက တမင်လုပ်ခဲ့တာလားဆိုတာ ပြောရခက်တယ် ”

…..

ရွှီချင်းက ဖြစ်ကြောင်းကုန်စင်ကို သူတို့အား အသေးစိတ် ပြန်ပြောပြလိုက်ပြီး ဤလုပ်ကြံမှုနှင့်ပတ်သက်၍ သူ၏ သံသယရှိမှုများကိုလည်း တစ်ခါတည်း ထုတ်ပြောလိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ဖွင့်ပြလိုက်သည်။ သူ၏ လက်ဖဝါးထဲတွင် အနက်ရောင်အဆောင်စာရွက်အပိုင်းအစတစ်ခု ရှိသည်။

“ နောက်ဆုံးမှာတော့ ဒီလုပ်ကြံမှုက ငါ့ကို တကယ်သတ်ဖို့ ရည်ရွယ်တာ မဟုတ်ဘဲ ငါ့ကို စစ်တုရင်အရုပ်တစ်ခုအဖြစ် ပြုလုပ်ပြီး ဒီနောက်ကွယ်က စီစဉ်သူရဲ့ အလိုတော်အတိုင်း လျှောက်လှမ်းခိုင်းစေချင်တာ ဖြစ်မယ်လို့ ငါခံစားမိတယ် ”

All Chapters