← Chapters

တောင်ပိုင်းညွှန်ရထားလုံးက တစ်စုံတစ်ယောက်ရဲ့ စိတ်ကို ကြည်လင်ရှင်းလင်းစေတယ်

Vol. 75 Ch. 1164

တောင်ပိုင်းညွှန်ရထားလုံးက တစ်စုံတစ်ယောက်ရဲ့ စိတ်ကို ကြည်လင်ရှင်းလင်းစေတယ်

Vol. 75 Ch. 1164

ရွှီချင်းက စကားဆုံးအောင် ပြောပြီးနောက် လူတိုင်း နှုတ်ဆိတ်သွားကြသည်။

သူတို့က ဤလုပ်ကြံမှုကို ကိုယ်တိုင်မျက်စိဖြင့် မမြင်တွေ့ခဲ့ကြသော်လည်း ဤလုပ်ကြံမှု၏ အနှစ်သာရသည် ရွှီချင်း၏ ဖော်ပြမှုနှင့်အတူ ထွက်ပေါ်လာပြီးပြီ ဖြစ်သည်။

အထူးသဖြင့် အစောနက ရွှီချင်းပြောသွားခဲ့သော သံသယဖြစ်စရာအချက်များ ဖြစ်သည်။ မည်သည့်ရှုထောင့်မှကြည့်ပါစေ ဤကိစ္စတွင် တစ်စုံတစ်ခု လွဲမှားနေသည်။

“ ဘယ်လိုအဖွဲ့အစည်းက အင်အားစုအသီးသီးရဲ့ သတိထားမှုမခံရဘဲ နန်းမြို့တော်ထဲမှာ လုပ်ကြံနိုင်ရတာလဲ… နန်းမြို့တော်ရဲ့ စည်းချအစီအရင်က ဘာဖြစ်လို့ အသက်မဝင်လာတာလဲ… ဒါမှမဟုတ် ဘယ်လိုအဖွဲ့အစည်းက နန်းမြို့တော်ထဲက အရာအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားအောင် လုပ်နိုင်ရတာလဲ ”

ခေါင်းဆောင်က ရုတ်တရက် ပြောသည်။

ရွှီချင်းက မည်သည့်စကားမှ မပြောပေ။ နတ်မိမယ်ကျစ်ရွှမ်းနှင့် လီယွင်ရှန်းသည် နန်းတော်ကို လှမ်းကြည့်လိုက်ကြသည်။

နန်းမြို့တော်တစ်ခုလုံးတွင် လူသားဧကရာဇ်သည် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိသော လူများထဲမှ တစ်ယောက်ဖြစ်သည်။ သို့မဟုတ် လူသားဧကရာဇ်ပင် စိုးရိမ်ရသော အင်အားစုများ ဖြစ်နိုင်သည်။ ဓားကိုင်ဧကရာဇ်လည်း ရှိသေးသည်။

ရွှီချင်းနှင့် တခြားလူများဆီမှာ လူသားဧကရာဇ်သည်ပင် စိုးရိမ်ရသော အင်အားစုများနှင့်ပတ်သက်၍ သတင်းအချက်အလက်နည်းပါးနေသောကြောင့် ယင်းကို စဉ်းစားသုံးသပ်ရန် အလွန်ခက်ခဲသည်။

ဓားကိုင်ဧကရာဇ်သည်တော့ နက်ရှိုင်းစွာ အိပ်မောကျနေသည်။ ရွှီချင်းရောက်ရှိလာသည့်အချိန် ဓားကိုင်ဧကရာဇ်က နိုးထလာခြင်းသည်ပင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် နိုးထနေသော အခြေအနေကို ဆက်လက် ထိန်းသိမ်းထားရန် သူ့အတွက် မဖြစ်နိုင်ပေ။ ထိုသို့လုပ်ဆောင်ရန် သူ့မှာ အကြောင်းအရင်းမရှိပေ။

“ တကယ်လို့ ချင်းလေးက အာရုဏ်ဦးနေမင်းကို ဖောက်ခွဲခဲ့မယ်ဆိုရင် ဘာဖြစ်လာမှာလဲ ”

နတ်မိမယ်ကျစ်ရွှမ်းက ရုတ်တရက် မေးသည်။

“ လူသားမျိုးနွယ်ရဲ့ နန်းမြို့တော်က ဖရိုဖရဲဖြစ်သွားပြီး မရေမတွက်နိုင်တဲ့ သေကြေပျက်စီးမှုတွေ ထွက်ပေါ်လာလိမ့်မယ်… အင်အားစုအားလုံးက တုန်လှုပ်သွားကြလိမ့်မယ်… ဘာပဲဖြစ်ဖြစ် အဲ့ဒါက မျက်နှာပျက်စရာကိစ္စဖြစ်ပြီး မျိုးနွယ်စုအားလုံးရဲ့ လှောင်ရယ်ခံရလိမ့်မယ်… အဲ့ဒါက ဘယ်သူ့အမှားကြောင့်ဖြစ်စေ ငါတို့က တာဝန်ယူရပြီး အခြေအနေထိန်းချုပ်ခွင့်ကို ဆုံးရှုံးသွားလိမ့်မယ်… ရလဒ်က ခန့်မှန်းရ ခက်ခဲလိမ့်မယ်… တစ်ချိန်တည်းမှာ လူသားဧကရာဇ်က ပြဿနာကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ် ”

လီယွင်ရှန်းက ဖြည်းညင်းစွာ ပြန်ဖြေလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ စိတ်ဝင်စားစရာပဲ ”

ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။

“ အဲ့ဒီလူမှာ ချင်းလေးရဲ့ အကြောင်းအားလုံးကို စုံစမ်းနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်… သူ့မှာ ဒီလုပ်ကြံမှုကို စီစဉ်နိုင်တဲ့ အင်အားလည်း ရှိတယ်… ပြီးတော့ ချင်းလေး အသက်ရှင်နိုင်တာက သူ့အတွက် အကျိုးအမြတ်ပဲ ”

“ ဒါပေမဲ့ သဲလွန်စအားလုံးနဲ့ သံသယဖြစ်စရာအချက်တွေက လူပုဂ္ဂိုလ်တစ်ယောက်ကိုပဲ ညွှန်ပြနေတယ်… ဒီကိစ္စက အရမ်းရိုးရှင်းတယ်လို့ ဘာဖြစ်လို့ ငါခံစားမိနေတာလဲ ”

“ ဒီကိစ္စက သွေးထိုးပေးချင်တာလည်း ဖြစ်နိုင်တယ် ”

“ ဒါမှမဟုတ် နောက်ကွယ်က လူရဲ့ ရည်ရွယ်ချက်က ငါတို့ကို သံသယဝင်အောင်လုပ်ပြီး အခုကစလို့ ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းက သူတို့ရဲ့ စစ်တုရင်ခုံပေါ်က အပိုင်းအစတစ်ခု ဖြစ်စေချင်တာလား ”

ခေါင်းဆောင်၏ အကြည့်သည် လေးနက်ပြီး သူ၏ အသံက စံအိမ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ငါတို့ရဲ့ အမြင်တွေကို ဝေမျှရအောင်… ပြီးတော့ နောက်ကွယ်က လူကို လျစ်လျူရှုထားမယ်… အခု ငါတို့ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားဖို့ လိုတယ် ”

ခေါင်းဆောင်သည် စကားဆုံးအောင် ပြောပြီးနောက် ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်းကို ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူက ဓားကိုင်များအား စီမံအုပ်ချုပ်သော လီယွင်ရှန်းကို ကြည့်လိုက်သည်။

လီယွင်ရှန်းက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

“ ပထမဆုံး ငါတို့လုပ်ရမှာက ဖုန်းဟိုင်ဒေသငယ်က ဓားကိုင်တွေကို မြို့ထဲဝင်ခိုင်းဖို့ပဲ… သူတို့က ရွှီချင်းကို ကာကွယ်ပေးနေချိန် ငါတို့က ဒီကိစ္စကို စုံစမ်းစစ်ဆေးနိုင်မယ် ”

“ တစ်ချိန်တည်းမှာ ဒီကိစ္စကို သန့်စင်ရေလှိုင်းဒေသကြီးဆီ အကြောင်းကြားရမယ် ”

ခေါင်းဆောင်က ခေါင်းခါလိုက်သည်။

“ အဲ့လိုလုပ်တာ ငါတို့ဘက်က မမှားဘူးဆိုပေမဲ့ လူအရမ်းများလာတဲ့အခါ ငါတို့က နယ်ကျော်သွားတယ်ဆိုပြီး သေချာပေါက် အမြင်ခံရလာနိုင်တယ်… တစ်ချိန်တည်းမှာ ဒီလုပ်ကြံမှုကိစ္စက ပိုပြီးရှုပ်ထွေးသွားလိမ့်မယ်… ဒါပေမဲ့ ငါတို့ဘာမှမလုပ်နိုင်ဘူး… ဒီလုပ်ကြံမှုရဲ့ ပစ်မှတ်က ရွှီချင်းဖြစ်နေတယ်… ”

လီယွင်ရှန်းသည် နှုတ်ဆိတ်သွားသည်။ ခေါင်းဆောင်သည် စကားဆုံးအောင် ပြောပြီးနောက် နောက်ထပ် မပြောတော့ပေ။

စံအိမ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ စံအိမ်အပြင်ဘက်မှ လေနှင့် မိုးသည်သာ ဆက်လက် တိုက်ခတ်နေပြီး မရပ်မစဲ ရွာသွန်းနေသည်။ အဝေးမှ ကောင်းကင်တွင် အနက်ရောင်တိမ်တိုက်များ၏ အနောက်၌ နေအလင်းရောင်သည် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ရွှီချင်းသည် မည်သည့်စကားမှ ဝင်မပြောပေ။ သူက လူတိုင်း၏ ထင်မြင်ယူဆချက်များကို နားထောင်နေရင်း သူ့ကိုယ်ပိုင် အတွေ့အကြုံဖြင့် ပေါင်းစပ်လိုက်ပြီး အတွေးနယ်ချဲ့လိုက်သည်။ သူက ရွှံ့မြေခွေးပြောသွားခဲ့သော ပရောဟိတ်ဆရာအကြောင်းကို တွေးတောလိုက်သည်။ ထိုမေးခွန်းအတွက် အဖြေကို လမ်းမှာကတည်းက သူသုံးသပ်ခဲ့ပြီးသား ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် နတ်မိမယ်ကျစ်ရွှမ်းသည် နန်းတော်ထံမှ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ လူသားဧကရာဇ်က မဟာဧကရာဇ်ရဲ့ အသိအမှတ်ပြုခံရတယ်… ဒါကြောင့် သူက မင်းကျင့်တရားနဲ့ ပြည့်စုံလိမ့်မယ်… ဒီကိစ္စမှာ အလောတကြီး ဆုံးဖြတ်ချက်တစ်ခု ချဖို့ဆိုတာ မလွယ်ကူဘူး… ဒါပေမဲ့ အခြေအနေက ဘယ်လိုပဲဖြစ်ပါစေ… ရွှီချင်း… ဒီကိစ္စမှာ မင်းရဲ့ ဆုံးဖြတ်ချက်က အရေးကြီးတယ် ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး နန်းတော်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။

“ ဒါဆိုရင် ငါတို့ ဒီကိစ္စကို သန့်စင်ရေလှိုင်းဒေသကြီးရဲ့ နာမည်ခံပြီး လူသားဧကရာဇ်ဆီ အကြောင်းကြားမယ်… လူသားဧကရာဇ်နဲ့ တခြားအင်အားစုတွေရဲ့ သုံးသပ်မှုက ငါတို့သုံးသပ်နိုင်တဲ့ ရလဒ်ဖြစ်လိမ့်မယ် ”

“ ဒီကိစ္စရဲ့ နောက်ကွယ်က တရားခံကိုတော့ ငါတို့ ခန့်မှန်းနေစရာမလိုဘူး… လူသားဧကရာဇ်က ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ပြီးတော့မှ ငါတို့စဉ်းစားကြမယ် ”

နတ်မိမယ်ကျစ်ရွှမ်းက သဘောတူလိုက်သည်။ လီယွင်ရှန်းသည် တစ်ခဏကြာ စဉ်းစားပြီးနောက် တိတ်တဆိတ် သဘောတူလိုက်သည်။

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ချင်းလေး ဖုန်းဟိုင်ဒေသငယ်ကို ပထမဆုံး ငါတို့သွားခဲ့တဲ့ အချိန်ကို မင်းမှတ်မိသေးလား… မင်းရဲ့ ဆုံးဖြတ်ချက်က မမှားဘူး… ဒါပေမဲ့ ငါတို့တွေ မျက်ရည်ချူဖို့ လိုအပ်ပြီး လူတချို့ကို ဆူညံ့အောင်လုပ်ဖို့ လိုအပ်သေးတယ်… အဲ့ဒီနည်းလမ်းက ပိုပြီးကောင်းမွန်လိမ့်မယ် ”

ရွှီချင်းသည် ထိုကိစ္စကို တစ်ခဏတွေးတောလိုက်သည်။ ထို့နောက် သူ၏ အသားအရေက တဖြည်းဖြည်း ဖြူဖျော့လာသည်။ ဤသည်မှာ သူက အပြင်းအထန် ဒဏ်ရာရရှိထားသည့်အလားပင်။

“ အဲ့ဒါက မလုံလောက်သေးဘူး… ငါမင်းကို ကူညီပေးမယ် ”

ခေါင်းဆောင်သည် ကူညီပေးရန် စိတ်အားထက်သန်နေသည်။ လီယွင်ရှန်းသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခေါင်းလှည့်လိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်းသည် ခေါင်းဆောင်ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။ ခေါင်းဆောင်သည် ခေါင်းပုဝင်သွားပြီး ကိုးရိုးကားရား ပြုံးလိုက်သည်။ သူ၏ နှလုံးသားထဲမှာ နောင်တရမှုဖြင့် ပြည့်နှက်နေသည်။

ထိုသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားပြီး အာရုဏ်တတ်ချိန်သို့ ရောက်ရှိသွားသည်။ ရွှီချင်းလုပ်ကြံခံရသည့် ကိစ္စသည် မုန်တိုင်းသဖွယ် နန်းမြို့တော်ထဲမှာ ပျံ့နှံ့သွားသည်။ ယင်းက အမှန်တကယ်လော အလိမ်အညာလော သေချာမသိရသေးသော်လည်း ထိုသတင်း ပျံ့နှံ့သွားသည်နှင့်ချက်ချင်း နန်းမြို့တော်ထဲမှ အင်အားစုများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

လုပ်ကြံခံရသည့်သတင်းပြီးနောက် ရွှီချင်း၏ လက်ရှိအခြေအနေက ထွက်ပေါ်လာသည်။

ရွှီချင်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ အစောင့်အကြပ်များနှင့်အတူ စံအိမ်တော်သို့ ပြန်ရောက်သွားပြီးနောက် ဒဏ်ရာများက ထကြွလာပြီး သူ့ကို သတိမေ့သွားစေခဲ့သည်။ ကံကောင်းစွာဖြင့် သူ့မှာ အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရှိနေသေးပေသည်။ ဖုန်းဟိုင်ဒေသငယ်မှ လူများသည် ရွှီချင်းကို အကောင်းဆုံး ကြိုးစား၍ ကာကွယ်ပေးနေကြပြီး ကုသပေးနေကြသည်။

ထိုသတင်းက ဆက်လက် ပျံ့နှံ့သွားပြီး အရပ်မျက်နှာအသီးသီးကို ဆူပူအုံကြွသွားစေသည်။ မုန့်ယွင်ပိုင်နှင့် ဟွမ်ခွန်းသည် ချက်ချင်း အလည်ရောက်လာကြသည်။ သူတို့က ရွှီချင်းကို မြင်ခွင့်မရခဲ့ကြပေ။ ခေါင်းဆောင်က သူတို့ကို လက်ခံတွေ့ဆုံခဲ့သည်။ သို့သော်လည်း သူတို့၏ အပြုအမူများနှင့် စိုးရိမ်ပူပန်မှုသည် ဤကိစ္စမှာ သူတို့၏ နာမည်ကို ရှင်းလင်းရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းမှ တော်ဝင်သားတော်သည်လည်း သူ၏ ကောင်းမွန်သော ဆန္ဒကို ထုတ်ဖော်ပြသရန် ကုသရေး ဆေးဝါးကောင်းများကို သူ၏ အစေခံများဖြင့် ပို့ဆောင်ပေးခဲ့သည်။

ထိုနေ့က အင်မော်တယ်ရေကန်ထဲမှာ ရှိနေခဲ့ကြသော လူများနှင့် သေမျိုးလောကမျှော်စင်မှ လူများသည်ပင် ရောက်ရှိလာကြသည်။

သန့်စင်ရေလှိုင်းဒေသကြီးမှ တခြားလူများနှင့် သတ္တမသခင်ကြီးသည်လည်း ထိုသတင်းကို လီယွင်ရှန်းထံမှ ကြားသိသွားကြသည်။ သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးသည် သူတို့၏ စစ်သည်တော်များကို ချက်ချင်း စုဝေးလိုက်ကြသည်။

ဝိညာဉ်နက်ဒေသကြီးတစ်ဝက်တွင် နတ်ဆရာများသည် ရိုးရာဓလေ့ပွဲအခမ်းအနား အများကြီးကို စတင်ပြုလုပ်ပြီး လောကကြီးကို တုန်ယင်သွားစေသည်။

ပိုပြီးထိတ်လန့်ဖွယ်ကောင်းသည်မှာ လပူဇော်ဒေသကြီး၏ ဦးတည်ရာတွင် ဖြစ်သည်။ လပူဇော်ဒေသကြီးတွင် အိမ်ရှေ့စံမင်းသား၏ အရှိန်အဝါသည် ကောင်းကင်အထိ ပျံ့တတ်သွားပြီး သူ၏ ဝိညာဉ်စုစည်းခြင်းအရှိန်အဝါသည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ မင်းသမီးမင်မိန်နှင့် လပုန်ကန်ခန်းမထဲမှ အဖွားငါးသည်လည်း သူတို့၏ ဝိညာဉ်စုစည်းခြင်း အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။

အဖိုးကိုးထံမှ ဓားချီသည် ထိတ်လန့်ဖွယ်ကောင်းစွာ ကောင်းကင်ယံထိ မြှောက်တတ်သွားသည်။

သူတို့၏ အရှိန်အဝါများသည် လပူဇော်ဒေသကြီးထဲမှာ ပျံ့နှံ့သွားသည်။ ထို့စွမ်းအင်လှိုင်းများက အတူတကွ စုဝေးသွားသည့်အခါ ဘေးပတ်ဝန်းကျင်သည် တုန်လှုပ်သွားသည်။ သူတို့က ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ ဤကိစ္စအပေါ် သူတို့၏ ဒေါသကို ထုတ်ဖော်ပြနေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာ နန်းမြို့တော်ထဲတွင် ဖုန်းဟိုင်ဒေသငယ်မှ လူတိုင်းသည် လုပ်ကြံခံရသည့်ကိစ္စအား အသေးစိတ် မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားကို ရွှီချင်းကိုယ်စား လူသားဧကရာဇ်ထံသို့ တင်ပြခဲ့သည်။

ထိုကျောက်စိမ်းပြားနှင့်အတူ အနက်ရောင် အဆောင်စာရွက်အပိုင်းအစသည်လည်း ပူးတွဲပါရှိသည်။

ဤနေရာမှာ စခန်းချနေကြသော ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်များသည်တော့ စံအိမ်ဆီသို့ ဆင့်ခေါ်ခြင်းမခံရပေ။ သူတို့က နန်းမြို့တော်၏ အပြင်ဘက်မှာ ရှိနေကြဆဲပင်။ ရွှီချင်းနှင့် တခြားလူများသည် လူသားဧကရာဇ်အား တင်ပြခြင်းမှလွဲ၍ တခြားဘာမှမလုပ်ဆောင်ခဲ့ကြပေ။

ထိုကိစ္စ၏ နောက်ကွယ်က မည်သူဖြစ်ပါစေ ထိုလူ၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ပါစေ ဖုန်းဟိုင်ဒေသငယ်သည် မပြောင်းလဲဘဲ တည်ငြိမ်စွာ ဆက်ရှိနေရန် ရွေးချယ်ခဲ့သည်။ ဤကိစ္စတွင် လူသားဧကရာဇ်သည် သံသယဖြစ်စရာအကောင်းဆုံးလူ ဖြစ်သည်။ ထို့ကြောင့် သူတို့က လူသားဧကရာဇ်ထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ ဆုံးဖြတ်မှုကို ရွှီချင်းတို့အုပ်စုသာ စောင့်ကြည့်နေခြင်းမဟုတ်ပေ။ နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးသည်လည်း စောင့်ကြည့်နေကြသည်။

ကျောက်စိမ်းပြားကို နန်းတော်ဆီသို့ ပို့လွှတ်ပြီး နှစ်နာရီကြာမြင့်ပြီးနောက် ဩဇာကြီးမားသော အသံသည် နန်းမြို့တော်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

“ အထက်ရွှမ်နန်းတော်တွေဖြစ်တဲ့ ဓားကိုင်နန်းတော်၊ တရားရေးနန်းတော်နဲ့ အထူးအမိန့်ပေးနန်းတော်က ဒီကိစ္စကို အတူတူ စုံစမ်းစစ်ဆေးမယ်… တစ်လအတွင်း အဖြေထွက်ရမယ် ”

ဤသည်မှာ လူသားဧကရာဇ်၏ အမိန့်တော်ဖြစ်သည်။

ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ဓားကိုင်နန်းတော်၊ တရားရေးနန်းတော်နှင့် အထူးအမိန့်ပေးနန်းတော်ထံမှ အလင်းရောင်များ အသီးသီး ပေါ်လျှိုးလာကြသည်။ ထိုအလင်းရောင်များသည် အတူတကွ စုဝေးသွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ဧရာမပုံရိပ်များအဖြစ် ဖွဲ့စည်းသွားကြသည်။ သူတို့အားလုံးသည် နန်းတော်ဆီသို့ ဦးညွတ်လိုက်ကြသည်။

“ အရှင်မင်းကြီးရဲ့ အမိန့်တော်ကို နာခံပါတယ် ”

ထို့နောက် နန်းတော်သည် ရတနာဆေးလုံးတစ်လုံးကို နင်ယန်၏ စံအိမ်ဆီသို့ ပို့ပေးလိုက်သည်။ ထိုဆေးလုံးသည် အလွန်ဆန်းကြယ်ပြီး ကြည်လင်သည့်အပြင် ထူးခြားသော ဆေးရနံ့ကိုလည်း ထုတ်လွှတ်နေသည်။ အမှန်မှာ ထိုဆေးလုံးကို ထည့်သိမ်းထားသော ဆေးပုလင်းသည်ပင် ထူးခြားသည်။ ယင်းကို အရိုးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

“ ကောင်းကင်အင်မော်တယ်ကုသရေးဆေးလုံး ”

ထိုဆေးလုံးကို မြင်သွားသည်နှင့်ချက်ချင်း နင်ယန်က အလန့်တကြား အော်ပြောလိုက်သည်။

“ နန်းတော်ထဲမှာတောင် ဒီလိုဆေးလုံးမျိုးက အရေအတွက်အများကြီး မရှိဘူး… အဲ့ဒါရဲ့ အဓိကပါဝင်ပစ္စည်းတွေက ဝမ်ကူးကုန်းမြေမှာ မျိုးတုန်းသွားပြီလို့တောင် ဆိုနိုင်တယ်… သူတော်စင်ကုန်းမြေတွေမှာပဲ အဲ့ဒါတွေ ရှိတော့တယ်… ဒီဆေးလုံးရဲ့ အာနိသင်က ကုသတဲ့နေရာမှာ အရမ်းအံ့ဖွယ်ကောင်းတယ်… ကောင်းကင်ဘုရင်တစ်ပါးရဲ့ ဒဏ်ရာတွေကိုတောင် ဒီဆေးလုံးနဲ့ ကုသနိုင်တယ် ”

“ ဒီဆေးလုံးက အရမ်းတန်ဖိုးကြီးမားတယ် ”

ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားပြီး အလိုအလျောက် နှုတ်ခမ်းသပ်လိုက်သည်။ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ဆေးလုံးကို အနီးကပ်ယူကြည့်လိုက်သည်။ ယင်းကို သေချာဂရုတစိုက် လေ့လာကြည့်ပြီးနောက် ရွှီချင်း၏ နှလုံးသည် အနည်းငယ် လှိုင်းထသွားသည်။

ဆေးပညာတာအိုအပေါ် သူ၏ နားလည်ထားမှုအရ ဤဆေးလုံးသည် အလွန်အမင်း ထူးခြားသည်။ ထို့ပြင် ဆေးလုံးကို သန့်စင်ထားသော နည်းလမ်းသည် တစ်ခါမှ သူမမြင်ဖူးသောအရာ ဖြစ်သည်။ ပိုပြီးအံ့ဖွယ်ကောင်းသည့်အရာမှာ ဆေးလုံးကို ပုလင်းထဲမှ ထုတ်ယူလိုက်သည့်အခိုက် ဘေးပတ်ဝန်းကျင်မှ ပါးလွှာသော ဒြပ်နှောများသည် အမှန်တကယ် ဖိနှိပ်ခံလိုက်ရသည်။

အမှန်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်များသည်ပင် ပိုပြီးမြန်ဆန်စွာ လှည့်ပတ်လာကြသည်။

“ ဒီထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒြပ်စင်တချို့ ပါရှိတယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ခေါင်းဆောင်၏ အလိုရမ္မက် အကြည့်အောက်မှာ ရွှီချင်းက ဆေးလုံးကို သိမ်းဆည်းလိုက်သည်။

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်းထံမှ ထိုဆေးလုံးကို ရယူနိုင်ရန် အကြံတစ်ခု စတင်ထုတ်လိုက်သည်။ သို့သော်လည်း ယင်းက အလွန်အမင်း ခက်ခဲကြောင်း သူခံစားမိသည်။ ထို့ကြောင့် သူက သက်ပြင်းချလိုက်လေသည်။ ယခု ရွှီချင်းက ဉာဏ်ထက်မြက်လာပြီဖြစ်၍ ယခင်ကဲ့သို့ အလွယ်တကူ သူလှည့်စားနိုင်တော့မည် မဟုတ်ပေ။

လာမည့်နေ့ရက်များတွင် လူသားဧကရာဇ်၏ အမိန့်တော်က အသက်ဝင်လာသည်။ ဓားကိုင်နန်းတော်၊ တရားရေးနန်းတော်နှင့် အထူးအမိန့်ပေးနန်းတော်သည် လုပ်ကြံခံရမှုကိစ္စကို စုံစမ်းစစ်ဆေးကြသည်။

သူတို့၏ အထက်လူကြီးများသည် သရဲမိစ္ဆာအမှောင်ဂိုဏ်းဆီသို့ပင် သွားရောက်ခဲ့ကြသည်။

နန်းမြို့တော်ထဲမှ လေထုသည် တင်းကျပ်လာသည်။ ဤအတောအတွင်း ရာဇဝတ်သားအားလုံးသည် ကြောက်ဒူးတုန်နေကြသည်။

ထိုသို့စစ်ဆေးမှုတွင် သဲလွန်စတချို့ ထွက်ပေါ်လာသည်။ သို့သော်လည်း ရွှီချင်းသည် သူတို့ကို အာရုံမစိုက်ပေ။ လဝက်ကြာပြီးနောက် သူသည် နာလန်ပြန်ထူနိုင်လာပြီး နတ်မိမယ်ကျစ်ရွှမ်းနှင့်အတူ လူအများရှေ့ဆီမှာ ပြန်ထွက်ပေါ်လာသည်။

နတ်မိမယ်ကျစ်ရွှမ်းသည်တော့ ဤမတော်တဆမှု ဖြစ်ပွားပြီးနောက် အစိမ်းရောင်မီးအိမ်အား သွားရောက်စုံစမ်းခြင်း မပြုလုပ်တော့ပေ။ ယင်းအစား သူက ရွှီချင်း၏ ဘေးမှာ ရှိနေပေးခဲ့သည်။ ယခု သူ၏ ဒဏ်ရာများက ပြန်လည်သက်သာသွားသည့်တိုင် နတ်မိမယ်ကျစ်ရွှမ်းက သူ၏ ဘေးမှာ ဆက်ရှိနေဆဲပင်။

ထို့ကြောင့် လာမည့်ရက်များတွင် ရွှီချင်းက အပြင်ထွက်သည့်အခါတိုင်း နတ်မိမယ်ကျစ်ရွှမ်းက သူ့ဘေးမှာ အဖော်ပြုပေးလိမ့်မည်။ သူတို့နှစ်ယောက်သည် နန်းမြို့တော်တစ်လျှောက် လမ်းလျှောက်ထွက်ခဲ့ကြသည်။ သူတို့က နေရာတစ်နေရာဆီသို့ ရောက်ရှိသွားသည့်အခါတိုင်း နတ်မိမယ်ကျစ်ရွှမ်းသည် ရပ်တန့်သွားပြီး မီးအိမ်၏ ဦးတည်ရာကို အာရုံခံလိမ့်မည်။

“ မီးအိမ်ရဲ့ အားလှိုင်းအတတ်အကျတွေ ထွက်ပေါ်နေတဲ့ တည်နေရာက စုစုပေါင်းကိုးနေရာ ရှိတယ်… သုံးနေရာက နန်းတော်ထဲမှာ… နှစ်နေရာက မြေအောက်ထဲမှာဖြစ်ပြီး ကျန်လေးနေရာက ရှေးဘုရင်ဂြိုလ်ပေါ်မှာ”

“ နေရာအတိအကျကို အာရုံခံဖို့ဆိုရင်တော့ အကူပစ္စည်းတချို့ကို ငါလိုအပ်တယ် ”

“ ရွှီချင်း… အဲ့ဒီအကူပစ္စည်းတွေထဲက အများစုကို ငါ့ဘာသာ သန့်စင်နိုင်တယ်… ဒါပေမဲ့ ငါ့သွေးနဲ့ အသက်သွင်းရမယ့် အထူးသွေးဆေးလုံးတစ်လုံးကို ငါလိုအပ်နေတယ် ”

နတ်မိမယ်ကျစ်ရွှမ်းသည် ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

“ ဆေးလုံးသန့်စင်ဖို့ ငါမင်းကို ကူညီပေးမယ် ”

ထိုသို့ဖြင့် မီးအိမ်အား အာရုံခံခြင်း အဆုံးသတ်သွားပြီးနောက် သူတို့နှစ်ယောက်သည် နန်းမြို့တော်ထံမှ ပစ္စည်းအများကြီးကို ဝယ်ယူပြီး နင်ယန်၏ စံအိမ်ဆီသို့ ပြန်သွားကြသည်။ ထို့နောက် တစ်ယောက်သည် ပစ္စည်းများကို သန့်စင်ပြီး အခြားတစ်ယောက်သည် ဆေးလုံးသန့်စင်သည်။

သွေးဆေးလုံးသန့်စင်ခြင်းသည် အလွန်ထူးခြားသောကြောင့် ယင်းကို တစ်နေ့တည်း တစ်ညတည်းဖြင့် ပြီးမြောက်အောင် မလုပ်နိုင်ပေ။ ဆေးလုံးသန့်စင်ရန် ဆေးမီးဖိုတစ်လုံးကို ကြားခံနယ်အဖြစ် လိုအပ်သည်။ တစ်ချိန်တည်းမှာ သွေးဆေးလုံးဖွဲ့စည်းရန်အတွက် တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းစွမ်းအားဖြင့် အထောက်အကူပေးရလိမ့်မည်။ ထို့ပြင် အချိန်တစ်ခဏကြာတိုင်း ဆေးပင်များကို ဆေးမီးဖိုထဲသို့ ထပ်ပေါင်းထည့်ပေးရန်လည်း လိုအပ်သေးသည်။

ရွှီချင်းသည် ဆေးလုံးသန့်စင်ခြင်းကို အထူးအာရုံစိုက်ခဲ့သည်။ အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး မကြာမီ နောက်ထပ်လဝက် ကုန်ဆုံးသွားပြန်သည်။ သူက သွေးဆေးလုံးသန့်စင်ခြင်းကို ပြီးမြောက်ရန် ရက်အနည်းငယ်ခန့်သာ လိုအပ်တော့သည့်အချိန် နန်းမြို့တော်မှ အမိန့်တော်တစ်ခုသည် နင်ယန်၏ စံအိမ်ဆီသို့ ရောက်ရှိလာသည်။

ထိုအမိန့်တော်ထဲမှ အကြောင်းအရာသည် အင်အားစုအသီးသီးပေါ် သက်ရောက်မှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးမှာ လူသားဧကရာဇ်က ရွှီချင်းကို ဆင့်ခေါ်လာသောကြောင့် ဖြစ်သည်။

“ သန့်စင်ရေလှိုင်းဒေသကြီးက ရွှီချင်း… ဧကရာဇ်နဲ့တွေ့ဆုံဖို့ နန်းတော်ဆီ အခစားဝင်ရောက်စေ ”

“ သားတော်ဆယ့်နှစ် ကူယွဲ့နင်ယန်… နန်းတော်ဆီ အခစားဝင်ရောက်စေ ”

All Chapters