← Chapters

ရာထူးချီးမြှောက်ခြင်း

Vol. 75 Ch. 1167

ရာထူးချီးမြှောက်ခြင်း

Vol. 75 Ch. 1167

တရားဝန်ကြီးချုပ်၏ အေးစက်စက်အသံက ပဲ့တင်ထပ်သွားသည်နှင့် အသံများသည် ခန်းမ၏ အပြင်ဘက်မှ မြည်ဟိန်းထွက်လာသည်။

သိပ်မကြာမီ ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်ငါးယောက်သည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ကြီးမြတ်သော အရှိန်အဝါဖြင့် အဓိကခန်းမ၏ အပြင်ဘက်မှ လျှောက်လာကြသည်။

ထိုအစောင့်အကြပ်ငါးယောက်သည် ငယ်ရွယ်ပုံပေါ်သော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှ သွေးနံ့သည် အလွန်အမင်း ပြင်းထန်သည်။ အထူးသဖြင့် သူတို့က ခန်းမထဲသို့ ရောက်ရှိလာသည့်အခါ သူတို့၏ အရှိန်အဝါများသည် တစ်သားတည်း ပေါင်းစပ်သွားကြသည်။ သိသာစွာပင် သူတို့သည် အဖွဲ့တစ်ဖွဲ့ဖြစ်ပေသည်။

သူတို့တစ်ယောက်စီသည် အကျဉ်းသားတစ်ယောက်ကို ခေါ်ဆောင်လာကြသည်။ အကျဉ်းသားများထဲတွင် ယောင်္ကျားများနှင့် မိန်းမများ ပါရှိကြသည်။ သူတို့၏ အမူအရာသည် ညှိုးမှိုင်နေကြသည်။ သူတို့၏ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေလေရာ ကြမ်းတမ်းသော ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားခဲ့ရဟန် ရ၏။ သူတို့၏ ကျင့်ကြံခြင်းအခြေခံသည် ဖျက်ဆီးခံထားရသည်။

ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်ငါးယောက်သည် တရားဝန်ကြီးချုပ်၏ အရှေ့သို့ မြန်ဆန်စွာ ရောက်ရှိလာကြသည်။ သူတို့သည် တစ်ပြိုင်နက် အရိုအသေပေးလိုက်ပြီးနောက် သူတို့၏ လက်ထဲမှ အကျဉ်းသားကို မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ဖိချလိုက်သည်။

ထိုအကျဉ်းသားများက မည်သို့ရုန်းကန်ပါစေ အသုံးမဝင်ပေ။ သူတို့၏ ဦးခေါင်းများက အစောင့်အကြပ်ငါးယောက်၏ ဖိနှိပ်ခံထားရသောကြောင့် သူတို့သည် ဒူးထောက်ရုံမှတပါး ဘာမှမတတ်နိုင်ကြပေ။

ပထမအလွှာပေါ်တွင် ထိုင်နေသော ရွှီချင်းသည် ထိုအကျဉ်းသားငါးယောက်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က ဘယ်ဘက်မှ ပထမဆုံးလူဆီသို့ ကျရောက်သွားသည်။

ထိုလူသည် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ဖြစ်သည်။ သူ၏ အရေပြားနှင့် မျက်နှာပေါ်တွင် အသွေးအသားအပိုင်းအစတချို့ ဖယ်ရှားခြင်းခံထားရသည်။ ဖယ်ရှားခံထားရသော နေရာများတွင် အနက်ရောင်စာရွက်အလွှာတစ်ခုရှိကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။ အသေးစိတ်ကြည့်ရှုမည်ဆိုလျှင် ထိုစာရွက်က အနည်းငယ် ဆုတ်ပြဲနေကြောင်း မြင်နိုင်လိမ့်မည်။ ဤသည်မှာ ယင်းကို တစ်စုံတစ်ယောက်က အတည်ပြုကြည့်ရန် ဆုတ်ဖြဲသွားခဲ့ဟန် ရသည်။

ရွှီချင်းက ကြည့်ရှုနေစဉ် ထိုသက်လတ်ပိုင်းအမျိုးသားသည် ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခိုက် အေးစက်မှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထိုနေ့တုန်းက သူ့ကို လုပ်ကြံခဲ့သူသည် ထိုလူဖြစ်ကြောင်း ချက်ချင်း သူမှတ်မိသွားသည်။

ထိုအချိန်တုန်းက ခံစားမှုနှင့် အရှိန်အဝါသည် မမှားယွင်းနိုင်ပေ။

တခြားလေးယောက်ကိုတော့ ရွှီချင်းသည် သူတို့ကို တစ်ခါမှ မမြင်ဖူးပေ။

“ အရှင်မင်းကြီး… နန်းမြို့တော်ထဲမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ကိစ္စကို စုံစမ်းစစ်ဆေးပြီးပါပြီ ”

တရားဝန်ကြီးချုပ်သည် လူသားဧကရာဇ်ထံသို့ လက်သီးဆုပ်လိုက်ပြီး သူ၏ ဘယ်ဘက်မှ သက်လတ်ပိုင်းအမျိုးသားကို လက်ညှိုးညွှန်ပြလိုက်သည်။

“ ဒီလူရဲ့ နာမည်က ပါးဟူပါ… သူက လူသားတစ်ပိုင်း မိစ္ဆာတစ်ပိုင်းပါ… သူက ငယ်စဉ်တုန်းက သရဲမိစ္ဆာအမှောင်ဂိုဏ်းဆီ ဝင်ရောက်ခဲ့ပါတယ်… သူ့ရဲ့ အရည်အချင်းက မဆိုးပါဘူး… ဒါပေမဲ့ သူ့ရဲ့ မိစ္ဆာသွေးမျိုးစက်ကြောင့် သူက ဂိုဏ်းရဲ့ အဓိကနည်းစနစ်တွေကို သင်ကြားခွင့်မရခဲ့ပါဘူး… သူ့ရဲ့ ဆရာက သူ့ကို စောင့်ကြည့်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်တုန်းက ဒီလူဟာ ဂိုဏ်းရဲ့ အနက်ရောင်စက္ကူတားမြစ်စာလိပ်ကို ခိုးယူပြီး ပျောက်ကွယ်သွားခဲ့ပါတယ် ”

“ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ ဒီလူက အနက်ရောင်စက္ကူတားမြစ်အတတ်ပညာကို အသုံးပြုခဲ့ပါတယ်… လုပ်ကြံသတ်ဖြတ်မှုကျရှုံးပြီးတဲ့နောက် သူက နန်းမြို့တော်ကနေ ထွက်ပြေးသွားခဲ့ပါတယ်… ဓားကိုင်နန်းတော်က သူ့ကို လွန်ခဲ့တဲ့လဝက်လောက်က ရှေးဟောင်းလွင်ပြင်ကိုးခုမှာ ဖမ်းဆီးမိခဲ့ပါတယ် ”

“ ဖြစ်စဉ်ရဲ့ အသေးစိတ်ကိုလည်း ရှင်းလင်းပြီးပါပြီ ”

ထိုသို့ပြောပြီးနောက် တရားဝန်ကြီးချုပ်သည် ခေါင်းမော့လိုက်ပြီး လူသားဧကရာဇ်ထံမှ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသည်။

အဓိကခန်းမသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း၏ အကြည့်က အကျဉ်းသားငါးယောက်ပေါ်သို့ ကျရောက်သွားပြီး ရွှီချင်းထံသို့ ပြောင်းရွှေ့သွားကြသည်။ လူတိုင်းဆီမှာ ကိုယ်စီအတွေးများ ရှိကြသည်။ တရားခံပါးဟူသည်တော့ ရွှီချင်းကို နောင်တရသော အမူအရာဖြင့် ကြည့်လိုက်သည်။ ဤသည်မှာ ရွှီချင်းကို လုပ်ကြံသတ်ဖြတ်ရန် ကျရှုံးသွားခဲ့ခြင်းက သူ၏ မှတ်တမ်းထဲမှာ အမည်းစက်ထင်ကျန်ခဲ့ဟန် ရ၏။

“ သတ်စေ ”

လူသားဧကရာဇ်၏ အသံက တည်ငြိမ်စွာ ပဲ့တင်ထပ်လာသည်။

နောက်အခိုက်အတန့်မှာ ပါးဟူကို ဖိနှိပ်ထားသော ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်သည် သူ၏ လက်ထဲမှ ခေါင်းဖြတ်ဓားကို မြှောက်တင်လိုက်ပြီး ပါးဟူ၏ လည်ပင်းကို ခုတ်ချလိုက်သည်။ သူ၏ ခေါင်းဖြတ်ဓားသည် သာမန်ရတနာမဟုတ်ပေ။ ယင်းထဲမှာ ကွပ်မျက်ခြင်းစွမ်းအား ပါရှိသည်။ ခေါင်းဖြတ်ဓားက ပါးဟူ၏ လည်းပတ်ကို ပိုင်းဖြတ်သွားသည့်အခိုက် ပါးဟူ၏ ခန္ဓာကိုယ်သည် သွေးအိုင်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။ သူ၏ ဝိညာဉ်သည်ပင် ပိုင်းဖြတ်ခံလိုက်ရသည်။

ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်သည် ဤအကျဉ်းသား၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က သေဆုံးသွားပြီဖြစ်ကြောင်း အားလုံးမြင်နိုင်စေရန် ခေါင်းပြတ်ကို အပေါ်သို့ မြှောက်တင်ပြလိုက်သည်။ မကြာမီ ခေါင်းပြတ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

“ ဒုတိယတစ်ယောက်ကို လင်းဟဲလို့ ခေါ်ပါတယ်… သူ့ရဲ့ လျှို့ဝှက်နာမည်ကတော့ အမှောင်(၃၇၉)ပါ… သူက အထူးအမိန့်ပေးနန်းတော်ရဲ့ စုံစမ်းရေးဌာနမှာ လက်ထောက်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်… ဒီလူက လုပ်ကြံသတ်ဖြတ်မှုကို ဖုံးကွယ်ပေးဖို့ ကြိုးစားခဲ့ပြီး ဒေသအကြီးအကဲရွှီရဲ့ သတင်းအချက်အလက်တွေကိုတောင် လုပ်ကြံသမားဆီ ထောက်ပံ့ပေးခဲ့ပါတယ် ”

တရားဝန်ကြီးချုပ်သည် သူ၏ ဘယ်ဘက်မှ ဒုတိယမြောက်လူကို ညွှန်ပြလိုက်သည်။ ထိုလူသည် အဖိုးအိုတစ်ယောက် ဖြစ်သည်။ သူက ခေါင်းငုံ့ထားသဖြင့် သူ၏ အမူအရာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သူ၏ ဒဏ်ရာများသည် အလွန်ဆိုးဝါးပြင်းထန်သည်။ သံချောင်းများစွာကို သူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်သွင်းထားသည်။

“ သတ်ဖြတ်စေ ”

လူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။

ချက်ချင်းဆိုသလို အဖိုးအို၏ အနောက်မှ အစောင့်အကြပ်သည် သူ၏ ခေါင်းဖြတ်ဓားကို မြှောက်လိုက်ပြီး လင်းဟဲ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။ သူ၏ ဦးခေါင်းသည် လောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

“ တတိယလူကတော့ တာအိုမီးတောက်လို့ ခေါ်ပါတယ်… သူက ရွှမ်မီးတောက်ကိုးခုဂိုဏ်းက ဌာနမှူးတစ်ယောက်ပါ… သူက လုပ်ကြံသတ်ဖြတ်မှုမှာ ကူညီပေးဖို့အတွက် လမ်းပေါ်မှာ စည်းချအစီအရင်ကို ခင်းကျင်းခဲ့ပါတယ်… သူက ရေမိစ္ဆာအစီအရင်ကို ခင်းကျင်းဖို့အတွက် အစွန်းရောက်မီးတောက်အတတ်ပညာကို အသုံးပြုခဲ့ပါတယ် ”

“ စတုတ္ထလူကို မင်ရွှမ်ဇီလို့ ခေါ်ပါတယ်… သူက အထွတ်အမြတ်လခရမ်းဂိုဏ်းကပါ… သူ့ရဲ့ အဆင့်အတန်းက တခြားလူသုံးယောက်ထက်တောင် ပိုပြီးမြင့်မားပါတယ်… သူက အထွတ်အမြတ်လခရမ်းဂိုဏ်းက အကြီးအကဲတစ်ယောက်ပါ… လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမှာ သူက လမ်းပေါ်က တိုက်ပွဲအားလှိုင်းတွေကို ဖုံးကွယ်ဖို့အတွက် ပစ္စည်းတစ်ခုကို အသုံးပြုခဲ့ပါတယ်… အဲ့ဒီပစ္စည်းက ကောင်းကင်ဘုရင်တစ်ပါးရဲ့ တံဆိပ်တော်ပါ ”

တရားဝန်ကြီးချုပ်က စကားပြောလိုက်သည်နှင့်ချက်ချင်း ခန်းမထဲမှ လူတိုင်း၏ နှလုံးသည် အတိုင်းအတာတစ်ခုထိ လှုပ်ခါသွားကြသည်။ တချို့သည် သူတို့၏ စိတ်ခံစားချက်များကို မျက်နှာပေါ်မှာ ပေါ်လွင်စွာ ထုတ်ဖော်ထားကြသည်။ တချို့သည်တော့ သူတို့၏ စိတ်ခံစားချက်များကို နှလုံးသားထဲမှာ မြှုပ်နှံထားကြသည်။

ဤကိစ္စတွင် လူသားမျိုးနွယ်၏ အထူးဂိုဏ်းသုံးဂိုဏ်း ပါဝင်ပတ်သက်နေသည့်အပြင် အထက်ရွှမ်နန်းတော်တစ်ခုဖြစ်သော အထူးအမိန့်ပေးနန်းတော်သည်လည်း ပါဝင်ပတ်သက်နေသည်။ ပရောဟိတ်ဆရာ၏ အထွတ်အမြတ်လခရမ်းဂိုဏ်းသည်ပင် ထိုထဲမှာ ပါဝင်နေသည်။

ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ စောစောက တရားဝန်ကြီးချုပ်ပြောသွားခဲ့သော ကောင်းကင်ဘုရင်တံဆိပ်တော် ဖြစ်သည်။

တစ်နည်းအားဖြင့် ဤကိစ္စထဲမှာ ကောင်းကင်ဘုရင်တစ်ပါးလည်း ပါဝင်နေသည်။

“ ဘယ်သူ့ရဲ့ တံဆိပ်တော်လဲ ”

လူသားဧကရာဇ်၏ အသံသည် တည်ငြိမ်ပြီး လေးနက်သည်။

“ ဘုရင်ထျန်းလန်ပါ ”

တရားဝန်ကြီးချုပ်သည် ခေါင်းငုံ့လိုက်သည်။

အဓိကခန်းမသည် တိတ်ဆိတ်သွားသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ အစမှအဆုံးထိ သူက မည်သည့်စကားမှ မပြောပေ။ သူက အပြင်လူတစ်ယောက်ပမာ တရားဝန်ကြီးချုပ်၏ စကားကို နားထောင်နေရင်း ကွပ်မျက်ခြင်းကို အေးဆေးတည်ငြိမ်စွာ ကြည့်ရှုနေသည်။

ဤအခိုက်အတန့်မှာ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားစဉ် သူ၏ အကြည့်က ပဉ္စမမြောက်အကျဉ်းသားဆီသို့ ကျရောက်သွားသည်။

စောစောက တရားဝန်ကြီးချုပ်ပြောသွားသည့်အတိုင်းဆိုလျှင် ထိုလူများထဲမှာ လုပ်ကြံသမားတစ်ယောက်၊ အစီအရင်ပညာရှင်တစ်ယောက်၊ သတင်းအချက်အလက် ထောက်ပံ့ပေးသူတစ်ယောက်နှင့် တိုက်ပွဲမှ အားလှိုင်းအတတ်အကျများကို ဖုံးကွယ်ပေးသူတစ်ယောက် ပါဝင်ကြသည်။ သို့သော်လည်း ဤနေရာသည် နန်းမြို့တော်ဖြစ်သည်။ ရွှီချင်းက ကောင်းကင်ဘုရင်တံဆိပ်တော်၏ အထူးလုပ်ဆောင်နိုင်စွမ်းကို မသိသော်လည်း ယင်းက နန်းမြို့တော်ထဲမှ တိုက်ပွဲအားလှိုင်းများကို ဖုံးကွယ်ပေးရန် ထင်သလောက် မလွယ်ကူနိုင်ပေ။

ထို့ကြောင့် ပဉ္စမမြောက်အကျဉ်းသားက ဤလုပ်ကြံသတ်ဖြတ်မှုတွင် မည်သို့ပါဝင်ခဲ့ကြောင်း သူသိချင်ပေသည်။

ရွှီချင်းသည် ဂရုတစိုက် လေ့လာကြည့်သည်။ တစ်ဖက်လူသည် မီးခိုးရောင်ဆံပင်ဖြင့် အဖွားအိုတစ်ယောက် ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးက ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော်လည်း သူ၏ အမူအရာသည် တည်ငြိမ်ပြီး သူ၏ မျက်လုံးထဲမှာ အဆုံးမဲ့သော ဉာဏ်ပညာဖြင့် ပြည့်နှက်နေဟန် ရသည်။ ဤသည်မှာ သူက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည့်အလားပင်။

ရွှီချင်း၏ အကြည့်က အဖွားအိုပေါ်သို့ ကျရောက်သွားသည့်အခါ တစ်ဖက်လူကလည်း ရွှီချင်းကို ပြန်ကြည့်လိုက်သည်။ သူက ရွှီချင်းကို ပြုံးပင် ပြုံးပြလိုက်သည်။

“ ပဉ္စမလူက ဒီကိစ္စမှာ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့တာ မဟုတ်ပါဘူး… ဒါပေမဲ့ သူက အမှုမဖြစ်ပွားခင် တခြားတရားခံလေးယောက်စလုံးနဲ့ လျှို့ဝှက်ဆက်သွယ်ခဲ့ဖူးပါတယ်… သူ့ရဲ့ နာမည်က တာအိုဝိညာဉ်ပါ… သူက… ”

ပထမဆုံးအကြိမ် တရားဝန်ကြီးချုပ်က ရပ်တန့်သွားသည်။ အစောနက ကောင်းကင်ဘုရင်၏ တံဆိပ်တော်အကြောင်းကို သူပြောခဲ့စဉ်ကပင် သူ၏ လေသံသည် တည်ငြိမ်သည်။ ယခုမှသာ သူက တုံ့ဆိုင်းသွားခဲ့သည်။ သို့သော်လည်း သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ဆက်လက် ပြောသည်။

“ … ကြယ်နိမိတ်ဖတ်မျှော်စင်ကပါ ”

တရားဝန်ကြီးချုပ်က စကားပြောလိုက်သည်နှင့်ချက်ချင်း ခန်းမထဲမှ လူတိုင်းသည် တည်ကြည်လေးနက်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် လူသားဧကရာဇ်၏ အသံက ပဲ့တင်ထပ်လာသည်။

“ သတ်စေ ”

“ အမိန့်တော်အတိုင်းပါ ”

ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်သုံးယောက်သည် တစ်ပြိုင်နက် ပြန်ဖြေလိုက်ကြသည်။ ထို့နောက် သူတို့သည် ခေါင်းဖြတ်ဓားကို အသီးသီး‌ မြှောက်တင်လိုက်ကြသည်။ ဓားအလင်းရောင်က ခန်းမထဲမှာ ဖြတ်သန်းသွားသည်နှင့် ဦးခေါင်းသုံးလုံးသည် လေထဲသို့ မြှောက်တတ်သွားကြသည်။ ဦးခေါင်းမဲ့ခန္ဓာကိုယ်များသည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကြပြီး သူတို့၏ ဦးခေါင်းများသည် ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထို့နောက် လူသားဧကရာဇ်သည် နဂါးရာဇပလ္လင်ပေါ်မှ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

သူက မတ်တတ်ရပ်လိုက်သည်နှင့် ခန်းမထဲမှ လူတိုင်းသည် ချက်ချင်း ခေါင်းငုံ့လိုက်ကြပြီး တည်ကြည်လေးနက်သွားကြသည်။

အနက်ရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားကြသော ကောင်းကင်ဘုံအမတ်များသည်လည်း မတ်တတ်ရပ်လိုက်ကြသည်။

ရွှီချင်းသည်လည်း အတူတူပင်။ သူက တည်ကြည်လေးနက်စွာ မတ်တတ်ရပ်လိုက်ပြီး သူ၏ နှလုံးသားထဲမှ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ကာ သူ၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မပေါ်လွင်အောင် ပြုလုပ်လိုက်သည်။

“ ဖုန်းဟိုင်ဒေသငယ်က ရွှီချင်း… ”

လူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အနောက်အရပ်သို့ မျက်နှာမူလိုက်သည်။ ထို့နောက် သူက အရိုအသေပေးလိုက်သည်။

“ မင်းက ဖုန်းဟိုင်ဒေသငယ်ကို အုပ်ချုပ်ပြီး သန့်စင်ရေလှိုင်းဒေသကြီးကို စည်းလုံးညီညွတ်စေခဲ့တယ်… ဝိညာနက်ဒေသကြီးက ဖရိုဖရဲပြဿနာတွေကို ဖြေရှင်းပေးခဲ့ပြီး ငြိမ်းချမ်းမှုကို ထိန်းသိမ်းခဲ့တယ်…လူသားမျိုးနွယ်ရဲ့ ပိုင်နက်‌ကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး နယ်စပ်ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တယ်… ဒီနေ့ ငါကိုယ်တော်က မင်းကို သန့်စင်ရေလှိုင်းဒေသကြီးရဲ့ အုပ်ချုပ်သူအဖြစ် ရာထူးချီးမြှောက်ပြီး ကောင်းကင်ဘုံအမတ်ရဲ့ ဝတ်စုံကို အပ်နှင်းပေးမယ်… အင်ပါယာကျောင်းတော်ကနေ တရားဝင် ရာထူးခန့်အပ်ပြီးရင် မင်းက ကောင်းကင်ဘုံအမတ်တစ်ဦး ဖြစ်လာလိမ့်မယ် ”

လူသားဧကရာဇ်၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ အပြင်လောကသည် တုန်ယင်သွားသည်။ နဂါးများသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး ရောင်စုံအလင်းရောင်ကို မှုတ်ထုတ်လိုက်ကြသည်။

ပမာဏများပြားသော ကမ္မစွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာပြီး နန်းတော်၏ အဓိကခန်းမဆီသို့ ဒလဟော တိုးဝင်သွားသည်။ ယင်းတို့က ရွှီချင်း၏ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ဤအခိုက်အတန့်မှာ နန်းတော်၏ အနောက်မှ ရှေးဘုရင်ဂြိုလ်သည်ပင် မြူခိုးကင်းစင်လာပြီး ရွှီချင်းထံသို့ ကမ္မစွမ်းအားကို ထုတ်လွှတ်ပေးလိုက်သည်။

မကြာမီ ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ ကမ္မစွမ်းအားသည် အလွန်သိပ်သည်းလာပြီး သူ၏ တစ်ကိုယ်လုံးက ငါးရောင်ခြယ်အလင်း တောက်ပလာသည်။ သူ၏ ဝတ်စုံပေါ်မှ အနက်ရောင်နဂါးသည်ပင် အပြင်သို့ ထွက်လာပြီး သူ၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်လိုက်သည်။ အနက်ရောင်နဂါးသည် ကမ္မစွမ်းအားကို ဝါးမျိုပြီးနောက် လေထဲသို့ မြှောက်တတ်သွားပြီး နဂါးဟိန်းသံသဲ့သဲ့ကို ထုတ်ဖော်လိုက်သည်။

ဤသည်မှာ လူသားမျိုးနွယ်၏ ရာထူးခန့်အပ်ခြင်းရိုးရာ ဖြစ်သည်။

ဤအဓိပ္ပာယ်၏ ဆိုလိုရင်းမှာ ယခုအချိန်မှစ၍ ရွှီချင်းသည် လူသားမျိုးနွယ်၏ ကမ္မစွမ်းအင်ဖြင့် ကာကွယ်ပေးခြင်းခံရလိမ့်မည်။

ထို့ပြင် ယင်းက ဒေသကြီး၏ အုပ်ချုပ်သူဟူသော ဘွဲ့ဂုဏ်ပုဒ်တစ်ခုသာ ရှိသေး၏။ လူသားဧကရာဇ်၏ စကားအရ ရွှီချင်းက အင်ပါယာကျောင်းတော်ဆီသို့ သွားရောက်ရလိမ့်မည်။ သူက ထိုနေရာမှာ ပညာဆည်းပူးပြီးလျှင် ကောင်းကင်ဘုံအမတ်ဟူသော ဘွဲ့ဂုဏ်ပုဒ်ကို တရားဝင် ချီးမြှောက်ခံရလိမ့်မည်။

ထိုအချိန်ကျလျှင် သူရရှိမည့် ကမ္မစွမ်းအားက မည်မျှအံ့ဖွယ်ကောင်းလိမ့်မည်ဖြစ်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

နန်းတော်၏ အပြင်ဘက် သက်တံ့လမ်းကြောင်း၏ အခြားတစ်ဖက်တွင် ခေါင်းဆောင်နှင့် နတ်မိမယ်ကျစ်ရွှမ်းသည် အဆောင်တစ်ခုထဲမှာ ထိုင်နေရင်း ရွှီချင်းကို စောင့်ဆိုင်းနေကြသည်။ ကောင်းကင်ပေါ်မှ ကောင်းချီမင်္ဂလာနိမိတ်များကို မြင်တွေ့သွားပြီးနောက် နတ်မိမယ်ကျစ်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ထိုကမ္မစွမ်းအားက အလွန်နည်းပါးသည်ဟု သူခံစားမိနေဆဲပင်။

“ ငါးရောင်ခြယ်ပဲလား… ခုနစ်ရောင်ခြယ်ထိ မရောက်သေးဘူး… ရှေးခေတ်ပုံရိပ်တွေကို မဆိုထားနဲ့ ကမ္မရောင်ခြည်စက်ဝန်းတစ်ခုတောင် ထွက်ပေါ်မလာဘူး… လူသားဧကရာဇ်က အတော် ကပ်စေးနှဲတာပဲ ”

သို့သော်လည်း သူ၏ ဘေးမှ ခေါင်းဆောင်သည်တော့ သွားရည်ကျလုနီးပါး ဖြစ်နေသည်။ သူက နန်းတော်ဆီသို့ ဒလဟော တိုးဝင်သွားနေသော ကမ္မစွမ်းအားကို ကြည့်နေရင်း နှလုံးခုန်မြန်လာသည်။

“ များလိုက်တဲ့ ကမ္မစွမ်းအားတွေပါလား… အဲ့ဒါတွေကိုသာ ငါဝါးမျိုနိုင်မယ်ဆိုရင် ချိပ်တံဆိပ်သုံးခုနဲ့အထက်ကို အခုချက်ချင်း ငါဖြေလျော့နိုင်လိမ့်မယ် ”

ကောင်းချီမင်္ဂလာနိမိတ်များကို ခေါင်းဆောင်နှင့် နတ်မိမယ်ကျစ်ရွှမ်းသာ မြင်သွားခြင်း မဟုတ်ပေ။ နန်းမြို့တော်ထဲမှာရှိသော လူသားများက ခေါင်းမော့လိုက်ကြသည့်အခါ လောက၏ အပြောင်းအလဲများကို အာရုံခံနိုင်သွားကြသည်။ ချက််ချင်းဆိုသလို ရုတ်ရုတ်သဲသဲဖြစ်မှုသည် နေရာတိုင်းမှာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ နန်းတော်၏ အဓိကခန်းမထဲတွင် လူတိုင်းသည် ရွှီချင်း၏ ဦးတည်ရာဆီသို့ လက်သီးဆုပ်လိုက်ကြပြီး ချီးကျူးဂုဏ်ပြုလိုက်ကြသည်။ ရွှီချင်း၏ နှလုံးသည်လည်း ပြင်းထန်စွာ လှုပ်ခတ်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံက ဤအခိုက်အတန့်မှာ မြန်ဆန်စွာ လှည့်ပတ်နေကြောင်း အမှန်တကယ် သူအာရုံခံမိသည်။

ထိုကမ္မစွမ်းအားသည် သူ၏ တိုက်ပွဲစွမ်းအားကို တိုးမြှင့်ပေးနိုင်ရုံသာမက လူသားမျိုးနွယ်၏ ပိုင်နက်ထဲတွင် သူ့ကို တခြားနေရာများမှာထက် ပိုပြီးသန်မာလာစေလိမ့်မည်။ သူတို့က သေမျိုးများဖြစ်လျှင်ပင် ကိစ္စမရှိပေ။ လူသားမျိုးနွယ်က အများအပြားပိုပြီးရှိလေ ထိုအစွမ်းတိုးမြှင့်မှုက ပိုပြီးအားကောင်းလာလေ ဖြစ်သည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓလေ့ထုံးတမ်းအတိုင်း လူသားဧကရာဇ်ကို အရိုအသေပေးလိုက်သည်။

လုပ်ကြံမှုကိစ္စ၏ နောက်ကွယ်က မည်သူဖြစ်ပါစေ ယနေ့ အကျဉ်းသားများကို ကွပ်မျက်ခြင်းက သရုပ်ဆောင်နေခြင်းဖြစ်ပါစေ သို့မဟုတ် အစစ်အမှန်ဖြစ်ပါစေ ယင်းတို့ကို အနာဂတ်မှာ စုံစမ်းစစ်ဆေးရန် လိုအပ်လိမ့်မည်။

ထိုနေ့က လုပ်ကြံမှုကိစ္စသည် လူသားဧကရာဇ်၏ ရာထူးချီးမြှောက်ပေးခြင်းနှင့်အတူ အဆုံးသတ်သွားသည်။

လူသားဧကရာဇ်၏ ရာထူးချီးမြှောက်ပေးခြင်းက သူ့ကို အမှန်တကယ် အစွမ်းမြှင့်တင်ပေးခြင်းဖြစ်ကြောင်း ရွှီချင်း နားလည်သည်။

အမှန်မှာတော့ ယင်းက လူပုဂ္ဂိုလ်တစ်ယောက်၏ အမြင်ပေါ်မှာ မူတည်သည်။ တစ်ခါတစ်ရံ ဘာမှမပြောဘဲ နှုတ်ဆိတ်နေခြင်းသည် ပညာရှိသော လုပ်ရပ်ဖြစ်ပေသည်။

ထို့ပြင် လူသားဧကရာဇ်က တစ်စုံတစ်ယောက်နှင့် စစ်တုရင်ကစားပွဲကြီးတစ်ခု ကစားနေခြင်းဖြစ်ကြောင်း ရွှီချင်း အာရုံခံနိုင်သည်။

ထိုနေ့က ရွှံ့မြေခွေး၏ သတိပေးမှုအရဆိုလျှင် ပရောဟိတ်ဆရာသည် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားဖြစ်ရန် အလွန်ရာခိုင်နှုန်းများကြောင်း ရွှီချင်း ကောင်းမွန်စွာ သိထားသည်။

ဤလုပ်ကြံမှုကိစ္စ၏ နောက်ကွယ်မှ စေခိုင်းသူသည် လူသားဧကရာဇ် သို့မဟုတ် ပရောဟိတ်ဆရာဖြစ်နိုင်သည်။ လုပ်ကြံသတ်ဖြတ်ခြင်းသည် ထိုလူ၏ ရည်ရွယ်ချက်မဟုတ်ပေ။ အဓိက အချက်သည် စစ်တုရင်အရုပ်တစ်ခုကို စစ်တုရင်ခုံပေါ်မှာ နေရာချလိုက်ခြင်း ဖြစ်သည်။

‘ စစ်တုရင်ခုံရဲ့ သဘောတရားအရ တစ်ဖက်က စရွှေ့ပြီးပြီဆိုရင် တခြားတစ်ဖက်ကလည်း လှုပ်ရှားမှုတစ်ခု ပြုလုပ်လိမ့်မယ်… ’

ရွှီချင်းက တွေးတောစဉ်းစားနေစဉ် ကမ္မစုဝေးမှုကြောင့် ဖြစ်ပေါ်လာသော အပြင်ဘက်မှ ကောင်းချီးမင်္ဂလာနိမိတ်များသည် ပြန်ပျောက်ကွယ်သွားကြသည်။ ထို့နောက် လူသားဧကရာဇ်၏ ဩဇာကြီးမားသော အသံသည် ထပ်မံ ပျံ့လွင့်လာပြီး နန်းတော်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ဤတစ်ကြိမ်တွင် သူ၏ အသံသည် ခန်းမထဲမှာသာမက နန်းမြို့တော်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။

“ ပြည်သူပြည်သားတွေကို ငါကိုယ်တော် ကြေညာစရာတစ်ခုရှိတယ် ”

“ ကောင်းကင်ဘုရင်ဒုံးထင်က စစ်ပွဲမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီး ကောင်းကင်နက်မျိုးနွယ်ရဲ့ နန်းမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့တယ်… ကောင်းကင်နက်ဒေသကြီးရဲ့ နယ်မြေထက်ဝက်ကျော်က အခု ငါတို့လူသားမျိုးနွယ်ရဲ့ လက်အောက်ကို ကျရောက်သွားပြီ ဖြစ်တယ် ”

“ ငါကိုယ်တော် ထီးနန်းအရိုက်အရာ ဆက်ခံခဲ့တဲ့အချိန်တုန်းက ဒီဘဝမှာ လူသားမျိုးနွယ်ကို တိုးတတ်ကြီးပွားအောင် လုပ်ဆောင်ပါ့မယ်လို့ ဓားကိုင်ဧကရာဇ်ကို ကတိပေးခဲ့တယ်… အာရုဏ်ဦးနေမင်းနဲ့အတူ ငါကိုယ်တော်ရဲ့ ကတိကို ဖြည့်ဆည်းနိုင်ခဲ့တယ်… ကောင်းကင်နက်မျိုးနွယ်က မကြာခင် ဖျက်ဆီးခံရတော့မယ် ”

“ ဒီနေ့ ငါကိုယ်တော်က လူသားမျိုးနွယ်ရဲ့ နယ်မြေတိုးချဲ့သွားမှုအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ရှေးဘုရင်ဂြိုလ်ရဲ့ အမွေအနှစ်ကို ဖွင့်လှစ်ပေးမယ်… လူသားမျိုးနွယ်ရဲ့ ထူးချွန်ထက်မြက်တဲ့ လူငယ်လက်ရွေးစင်တွေနဲ့ တော်ဝင်မင်းသားတွေက ရှေးဟောင်းတာအိုကို ရှေးဘုရင်ဂြိုလ်ပေါ်မှာ နားလည်ဆင်ခြင်နိုင်လိမ့်မယ် ”

“ ရှေးဘုရင်ရဲ့ အမွေအနှစ်ကို ဘယ်သူပဲရရှိပါစေ ငါကိုယ်တော်က သူတို့ကို နဂါးဘယက်ချီးမြှင့်မယ် ”

လူသားဧကရာဇ်၏ အသံသည် နန်းမြို့တော်ထဲမှာ ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် မြည်ဟိန်းသွားသည်။ ယင်းက နန်းမြို့တော်ထဲမှာ ဆူပူအုံကြွမှုကို ဖြစ်ပေါ်လာစေသည်။ လူသားမျိုးနွယ်၏ မရေမတွက်နိုင်သော ကောင်းကင်အရွေးချယ်ခံများသည် လူသားဧကရာဇ်၏ စကားကို ကြားပြီးနောက် ပရမ်းပတာ နှလုံးခုန်သွားကြသည်။

“ နောက်ဆုံးအကြိမ် ရှေးဘုရင်ဂြိုလ်ရဲ့ အမွေအနှစ်ကို ဖွင့်လှစ်ခဲ့တာက လွန်ခဲ့တဲ့နှစ်(၃၀၀)တုန်းကပဲ ”

“ ဒီတစ်ကြိမ်တော့ အမွေအနှစ်ကို သေချာပေါက် ငါရရမယ် ”

မရေမတွက်နိုင်သော အရှိန်အဝါများသည် အရပ်မျက်နှာအဘက်ဘက်မှ ပေါ်လျှိုးထွက်လာကြသည်။

All Chapters