အရှေ့အရပ်မှာ ထိုင်ပြီး ဂြိုလ်ကို ကြည့်ရှုတယ်
Vol. 75 Ch. 1168
ဤအခမ်းအနားသည် လူသားမျိုးနွယ်၏ အကြီးကျယ်အခမ်းနားဆုံး ပွဲအခမ်းအနားများထဲမှ တစ်ခုဖြစ်သည်။
ဘိုးဘေးများအား ကန်တော့သည့် အချိန်မှလွဲ၍ ကျန်သည့်အချိန်များတွင် ရှေးဘုရင်ဂြိုလ်ကို ဖွင့်လှစ်ခြင်း အလွန်ရှားပါးသည်။
အဘယ့်ကြောင့်ဆိုသော် ယင်းကို ဖွင့်လှစ်သည့်အခါတိုင်း ရှေးဘုရင်ဂြိုလ်သည် အိပ်မောကျနေရာမှ နိုးထလာပြီး လူသားမျိုးနွယ်၏ ကမ္မအများအပြားကို ကုန်ဆုံးစေလိမ့်မည်။ ထို့ပြင် ရှေးဘုရင်ဂြိုလ်၏ အခြေခံအုတ်မြစ်သည်လည်း လျော့ပါးသွားလိမ့်မည်။
မည်သို့ဖြစ်ပါစေ ထိုနေရာသည် တစ်ချိန်က ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်စေခဲ့သော ရှေးဘုရင်ရွှမ်ယုံ၏ တော်ဝင်နန်းတော်ဖြစ်ခဲ့သည်။ နတ်ဘုရားမျက်နှာပျက်ကြီးမရောက်လာခင် ယင်းက မျိုးနွယ်စုအားလုံး၏ ဂါရဝပြုခံရသော နေရာဖြစ်သည်။ မျိုးနွယ်အများစု၏ ဆေးပန်းချီများထဲမှာပင် ယင်းက နတ်ဘုရားအခွင့်အာဏာကို ကိုယ်စားပြုပြီး ဝမ်ကူးကုန်းမြေ၏ သူတော်စင်ကုန်းမြေအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ရှေးဘုရင်ရွှမ်ယုံက သူ၏ လက်အောက်ငယ်သားများဖြင့် ထွက်ခွာသွားခဲ့သော်လည်း ထိုဂြိုလ်သည် အထွတ်အမြတ် အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး ယခုအချိန်ထိတိုင်အောင် လေးနက်သော အဓိပ္ပာယ်ရှိနေဆဲပင်။
အဘယ့်ကြောင့်ဆိုသော် ထိုဂြိုလ်ပေါ်တွင် အတိတ်၌ ရှေးဘုရင်ရွှမ်ယုံနောက်သို့ လိုက်ပါခဲ့ကြသော ကောင်းကင်ဘုံအမတ်(၁၀၈)ပါး၏ အမွေအနှစ်များနှင့် လောကကို ခြိမ်းခြောက်နိုင်စွမ်းရှိကြသော ကောင်းကင်ဘုရင်(၃၃)ပါး၏ တာအိုများလည်း ရှိပေသည်။
ဥပမာ လီဇီဟွားသည် သူ၏ အမွေအနှစ်ကို ဤနေရာမှာ ချန်ထားခဲ့သည်။
ထို့ပြင် လူသားများ မျှော်လင့်တောင့်တဆုံးအရာသည် ရှေးဘုရင်ဂြိုလ်ပေါ်မှာ မြှုပ်နှံထားသော မဟာဧကရာဇ်(၉)ပါး၏ အမှတ်သင်္ကေတများ ဖြစ်သည်။
ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ လူသားမျိုးနွယ်သည် ရွှေခေတ်သို့ ရောက်ရှိခဲ့ပြီး လူသားမျိုးနွယ်၏ ကမ္မသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ထဲမှာ မဟာဧကရာဇ်(၉)ပါး ပေါ်ထွန်းလာခဲ့ကြသည်။
အကယ်၍ လူသားတစ်ဦးက မဟာဧကရာဇ်တစ်ပါး၏ အမွေအနှစ်ကို ရရှိနိုင်မည်ဆိုလျှင် ထိုလူ၏ အဆင့်အတန်းနှင့် သရုပ်သည် ကောင်းကင်ဆီသို့ ခြေတစ်လှမ်းတည်းဖြင့် ပျံတတ်သွားလိမ့်မည်။ သူတို့၏ ကျင့်ကြံခြင်းခရီးစဉ်သည် လွန်စွာ ထူးခြားအံ့ဖွယ်ကောင်းလိမ့်မည်။
သို့သော်လည်း ကံမကောင်းစွာပင် ရှေးဘုရင်ဂြိုလ်ကို ဖွင့်လှစ်ခြင်းသည် အလွန်ရှားပါးပြီး ဖွင့်လှစ်ပေးသည့် ကြာချိန်သည်လည်း အလွန်တိုတောင်းသည်။ သို့ဖြစ်၍ လူသားမျိုးနွယ်ထဲတွင် ကောင်းကင်ဘုံအမတ်များ၏ အမွေအနှစ်များကို ဆင်ခြင်နားလည်နိုင်သူက များပြားပြီး ကောင်းကင်ဘုရင်များ၏ အမွေအနှစ်များကို ဆင်ခြင်နားလည်နိုင်သူက အနည်းအကျဉ်းသာ ရှိသည်။
မဟာဧကရာဇ်တစ်ပါး၏ အမှတ်သင်္ကေတကိုတော့ ယခုအချိန်ထိတိုင် မည်သူမှ မရရှိခဲ့ကြပေ။
လူသားများက အဓိကရရှိခဲ့သည်မှာ လူသားမျိုးနွယ်အတွက် တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြသော ကောင်းကင်ဘုံအမတ်အောက်မှ ကျင့်ကြံသူများ၏ တာအိုအတတ်ပညာများသာ ဖြစ်ကြသည်။ သူတို့ကြားမှာ အဆင့်ကွာခြားမှုရှိသော်လည်း သူတို့၏ တာအိုအတတ်ပညာများသည် အံ့ဖွယ်ကောင်းနေဆဲပင်။
ဤအခိုက်အတန့်မှာ နန်းမြို့တော်ထဲမှ အင်အားစုအမျိုးမျိုးသည် လူသားဧကရာဇ်၏ ရုတ်တရက် ကြေညာမှုကြောင့် တုန်လှုပ်သွားကြပြီး သူတို့နှလုံးသားထဲမှာ လှိုင်းလုံးများ ပေါ်ထွက်လာကြသည်။ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ ကောင်းကင်မျှော်ကြည့်နန်းဆောင်ထဲတွင် ဖုန်းမျိုးရိုးနာမည်နှင့် တော်ဝင်သားတော်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
“ လူသားဧကရာဇ်က ရှေးဘုရင်ဂြိုလ်ကို ဖွင့်လှစ်ပြီး လူသားမျိုးနွယ်ရဲ့ ကောင်းကင်အရွေးချယ်ခံတွေကို ရှေးဟောင်းတာအိုကို ဆင်ခြင်နားလည်နိုင်ဖို့ အခွင့်အရေးပေးလိုက်တယ် ”
သူက မတ်တတ်ထရပ်လိုက်သည့်အခါ မျက်လုံးဝင်းလက်သွားသည်။
“ လင်းယောင်က ငါ့ရဲ့ တောင်းဆိုမှုကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့မှတော့ ထားလိုက်ပါတော့… သူ့ရဲ့ ယင်အဆီအနှစ်ကို ငါမလိုချင်တော့ဘူး… ရှေးဘုရင်ဂြိုလ်ပေါ်က အမွေအနှစ်နယ်မြေထဲမှာ မဟာဧကရာဇ်ရဲ့ နောင်သားမျိုးဆက်တစ်ယောက်အနေနဲ့ ငါ့မှာ ကြီးမားတဲ့ အားသာချက်ရှိတယ်… တကယ်လို့ ငါသာ အဲ့ဒီက အမွေအနှစ်ကို ရရှိပြီး လူသားဧကရာဇ်ထံကနေ နဂါးဘယက် ချီးမြှောက်ခံရမယ်ဆိုရင် ကမ္မကောင်းချီးပေးမှုနဲ့အတူ ပြီးပြည့်စုံတဲ့ ဝိညာဉ်သိုက်အဆင့်ကနေ ဗဟာနတ္ထိအဆင့်ကို ချက်ချင်း ငါအဆင့်ချိုးဖြတ်နိုင်လိမ့်မယ်… အဲ့ဒါဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းခရီးလမ်းမှာ ပိုပြီး ယုံကြည်မှုရှိလာမယ်… အဲ့ဒီအခါကျရင် ဝိညာဉ်စုစည်းခြင်းအဆင့်ဆိုတာ ငါ့အတွက် မဖြစ်နိုင်တဲ့အရာ မဟုတ်တော့ဘူး ”
တစ်ချိန်တည်းမှာ နန်းမြို့တော်၏ အနာက်မြောက်ပိုင်းတွင် ဧရာမဘုရားကျောင်းတစ်ခု ရှိသည်။ ဘုရားကျောင်းသည် အပြင်ပန်းမှကြည့်လျှင် သာမန်ဖြစ်ပုံပေါ်သော်လည်း ရှေးကျသည်ဟူသော ခံစားမှုကို ပေးသည်။
သို့သော်လည်း ဘုရားကျောင်း၏ အတွင်းဘက်တွင် သီးခြားနယ်မြေလွတ်တစ်ခုရှိပြီး ထိုထဲမှာ ကောင်းကင်လှိုင်ဂူအများအပြား တည်ရှိသည်။ နယ်မြေလွတ်သည် ကျယ်ပြောပြီး အဆုံးမဲ့သည်။
ကောင်းကင်လှိုင်ဂူတစ်ခုထဲမှာ ဘုန်းကြီးတစ်ပါးသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ ထိုလူသည် ကတုံးပြောင်နေသော သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် ဆေးမင်ကြောင်တစ်ခု ရှိသည်။
အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုဆေးမင်ကြောင်က ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။
“ ရှေးဘုရင်ဂြိုလ်ကို ဖွင့်လှစ်တော့မယ်… ဖန်ရှင်း… မင်းက ငါ့ရဲ့အစစ်အမှန်ကမ္ဘာကို ကိုယ်စားပြုပြီးတော့ အဲ့ဒီမှာ အမွေအနှစ်ကို ဆင်ခြင်နားလည်ရမယ် ”
ရှေးဟောင်းအသံသည် ကောင်းကင်လှိုင်ဂူထဲမှာ ပဲ့တင်ထပ်သွားသည်။ ထိုအခါ လှိုင်ဂူထဲမှာ တင်ပျဉ်ခွေ၍ တရားထိုင်နေသော သက်လတ်ပိုင်းဘုန်းကြီးသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ရင်ဘက်အရှေ့တွင်ထား၍ ဦးချလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး အဖြူရောင်ဝတ်စုံကို သူ၏ ဦးခေါင်းပေါ်မှာ ဝတ်ဆင်လိုက်ကာ လှိုင်ဂူအပြင်ဘက်သို့ လျှောက်သွားသည်။
သူ၏ ပုံရိပ်သည် ခြေတစ်လှမ်းဖြင့် ဝေဝါးသွားသည်။ ဒုတိယခြေလှမ်းတွင် သူက ပျောက်ကွယ်သွားသည်။ တတိယခြေလှမ်းတွင် သူက နန်းတော်အပြင်ဘက်မှ သက်တံ့လမ်းကြောင်းပေါ်မှာ ပြန်ပေါ်လာသည်။ သူက ထိုနေရာမှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းလိုက်သည်။
တူညီသော ဖြစ်စဉ်များသည် လူသားမျိုးနွယ်၏ အထူးဂိုဏ်းဆယ်ဂိုဏ်းမှာ ထွက်ပေါ်လာကြသည်။ သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်အတွက် ရောက်ရှိလာသူသည် လင်းယောင်မှလွဲ၍ တခြားလူမဟုတ်ပေ။ တခြားဂိုဏ်းများသည်လည်း သူတို့၏ ကောင်းကင်အရွေးချယ်ခံများကို ပါဝင်ခိုင်းရန် စေလွှတ်လိုက်ကြသည်။
အပြင်ဘက်မှ အင်အားစုများပင် ထိုမျှတတ်ကြွနေလေရာ လူသားမျိုးနွယ်၏ အဓိက အင်အားစုများသည်တော့ ပိုပြီးတတ်ကြွနေကြသည်။
အထက်ရွှမ်နန်းတော်ငါးခုထဲတွင် ကောင်းမွန်စွာ ပျိုးထောင်ခံထားရပြီး လူသားမျိုးနွယ်အတွက် အကျိုးဆောင်မှုများစွာကို ပြုလုပ်ထားသော ကောင်းကင်အရွေးချယ်ခံများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ အောက်ရွှမ်နန်းတော်ငါးခုသည်လည်း ထို့အတူပင်။ အမတ်ကြီးများနှင့် ဝန်ကြီးများ၏ နောင်သားမျိုးဆက်များသည်လည်း ပါဝင်ကြသည်။
တော်ဝင်မိသားစု၏ မင်သားများနှင့် မင်းသမီးများလည်း ရှိသေးသည်။
တိုင်းတစ်ပါးခြားဖြင့် လက်ဆက်သွားခဲ့ပြီး နန်းမြို့တော်ထဲမှာ မရှိနေသော မင်းသမီးကြီးနှင့် ဒုတိယမင်းသမီးအပြင် ပထမကောင်းကင်ဘုရင်နှင့်အတူ မီးလျှံလ၏ နယ်စပ်မှာ စခန်းချ၍ ကာကွယ်စောင့်ကြပ်ပေးနေသော ပဉ္စမမင်းသား၊ လူသားဧကရာဇ်၏ မျက်နှာသာပေးခြင်းမခံရသော မင်းသားကြီး၊ ရှေးဘုရင်ဂြိုလ်သို့ ဝင်ရောက်ခွင့်ကို လက်လျော့ခဲ့ကြသော အဌမမင်းသားနှင့် နဝမမင်းသားမှလွဲ၍ ကျန်မင်းသားများက ပါဝင်ကြလိမ့်မည်။
နဂါးဘယက်သည်တော့ ထိုထဲမှာ ပမာဏများပြားသော ကမ္မစွမ်းအားပါရှိပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ပေးနိုင်သောကြောင့် တခြားလူများက ယင်းကို တန်ဖိုးထားကြသည်။ သို့သော်လည်း တော်ဝင်မင်းသားများအတွက်တော့ နဂါးဘယက်၏ အဓိပ္ပာယ်သည် ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ပေးနိုင်ခြင်းထက် အများကြီး ပိုလေးနက်သည်။
မည်သို့ဖြစ်ပါစေ လူသားဧကရာဇ်ရွှမ်ကျန်းသည် ထီးနန်းဆက်ခံပြီးကတည်းက နဂါးဘယက်ကို တစ်ခါမှ မချီးမြှောက်ခဲ့ဖူးပေ။ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းက လူသားဧကရာဇ်၏ တော်ဝင်အဆင့်အတန်းကို ကိုယ်စားပြုသည်။
သို့ဖြစ်၍ နဂါးဘယက်ကို ချီးမြှောက်ခြင်း၏ နောက်ကွယ်တွင် တော်ဝင်မင်းသားများအတွက် လေးနက်သော အဓိပ္ပာယ်ပါရှိသည်။ ဤအမွေအနှစ်ဆက်ခံပွဲတွင် ပါဝင်ကြမည့် လူတိုင်းသည် အရည်အချင်းရှိသူများဖြစ်ပြီး ဉာဏ်ထက်မြက်သူများ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့ဆီမှာ ကိုယ်စီအတွေးများနှင့် အစီအစဉ်များ ရှိကြသည်။
“ လူသားဧကရာဇ်က နဂါးဘယက်ကို ချီးမြှင့်မယ်ဆိုတာ တကယ်ပဲလား… လူသားဧကရာဇ်က နောင်တတ်မယ့် ဧကရာဇ်အလောင်းအလျာကို ရွေးချယ်ဖို့ စဉ်းစားနေတာများလား ”
“ ဒီအမွေအနှစ်ဆက်ခံပွဲကို ကောင်းကင်အရွေးချယ်ခံအားလုံးအတွက် ဖွင့်လှစ်တယ်လို့ ပြောပေမဲ့ တကယ်တမ်းတော့ လူတိုင်းက ဇာတ်ပို့တွေသာသာပဲ… တကယ့် ဇာတ်ဆောင်တွေက တော်ဝင်မင်းသားတွေပဲ ”
“ လူသားဧကရာဇ်က သူ့ရဲ့ သားတော်တွေထဲမှာ ဘယ်သူက ဘိုးဘေးတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိမလဲဆိုတာ မြင်ချင်နေတယ် ”
“ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ဒီအမွေအနှစ်ဆက်ခံပွဲမှာ ရလဒ်ကောင်းကို ထုတ်ဖော်ပြနိုင်မယ်ဆိုရင် လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်… အဲ့ဒါက အခွင့်အရေးတစ်ခုပဲ ”
နန်းတော်၏ အပြင်ဘက်တွင် ပုံရိပ်တစ်ထောင်ကျော်သည် အရပ်မျက်နှာအဘက်ဘက်မှ ရောက်ရှိလာကြပြီး သက်တံ့လမ်းကြောင်းပေါ်တွင် စုဝေးနေကြသည်။
နန်းတော်ထဲတွင် လူသားဧကရာဇ်သည် သူ၏ အကြည့်ကို ပြန်ရုပ်လိုက်သည်။ သူက ညာလက်ကို မြှောက်၍ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။
“ လေးစားရတဲ့ အမတ်တွေ… ငါကိုယ်တော်ရဲ့နောက်ကို လိုက်ပြီး လူသားမျိုးနွယ်ရဲ့ အနာဂတ်ထောက်တိုင်တွေကို သွားကြည့်ရအောင်… အခုခေတ်က ငါတို့လက်ထဲမှာ ရှိတယ်… အနာဂတ်ခေတ်ကတော့ သူတို့တွေရဲ့ လက်ထဲမှာ ရှိတယ် ”
လူသားဧကရာဇ်၏ အသံသည် စိတ်ခံစားမှုနှင့်အတူ ဖြစ်တောင့်ဖြစ်ခဲ ထွက်ပေါ်လာသည်။
ခန်းမထဲမှ လူတိုင်းက ပြုံးလိုက်ကြသည်။ စိတ်ခံစားချက်များက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာကြသည်။ သူတို့က ဝမ်းသာပျော်ရွှင်နေကြဟန်ရပြီး လူသားဧကရာဇ်၏ အနောက်သို့လိုက်၍ ခန်းမအပြင်သို့ လျှောက်သွားကြသည်။
ရွှီချင်းသည်လည်း သူတို့ထဲမှာ ပါဝင်သည်။ နင်ယန်သည် တမင်နှေးကွေးစွာ လျှောက်သွားပြီး ရွှီချင်း၏ ဘေးသို့ ချဉ်းကပ်သွားသည်။
ရွှီချင်းက နင်ယန်ကို ကြည့်လိုက်လေရာ သူ၏ အမူအရာက အနည်းငယ် အထီးကျန်နေပုံပေါ်ကြောင်း သတိထားမိသွားသည်။ နင်ယန်က လူသားဧကရာဇ်ကို ကြောက်ရွံ့နေကြောင်း သူသိသည်။ စောစောက နန်းတော်ထဲမှာ ဖြစ်ပွားခဲ့သော ကွပ်မျက်မှုက နင်ယန်ကို ပိုပြီးကြောက်ရွံ့သွားစေခဲ့သည်။
အရေးကြီးဆုံးမှာ လူသားဧကရာဇ်သည် နင်ယန်ကို တစ်ချက်ပင် မကြည့်ဘဲ သူ့ကို မည်သည့်စကားမှ မပြောပေ။
ထို့ကြောင့် နင်ယန်က ထိုသို့အမူအရာ ဖြစ်နေရခြင်း ဖြစ်သည်။
“ စိတ်အေးအေးထားပါ ”
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။
နင်ယန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ရွှီချင်းထံမှ သူရရှိသော ခံစားမှုသည် အတိတ်တုန်းက သူ၏ အကိုတော်ထံမှ ရရှိခဲ့သော ခံစားမှုနှင့် တူညီသည်။ ထို့ကြောင့် သူက စိတ်အေးသွားပြီး ရွှီချင်း၏ အနားသို့ ပိုပြီးတိုးကပ်သွားသည်။
သူ၏ နှလုံးသားထဲမှာလည်း ခါးသီးမှုဖြင့် ပြည့်နှက်နေသည်။ တစ်ဖက်တွင် သူ၏ ခမည်းတော်ဖြစ်ပြီး အခြားတစ်ဖက်တွင် သူ၏ မိတ်ဆွေများ ရှိသည်။ သို့သော်လည်း သူ့ခမည်းတော်၏ အေးစက်မှုသည် ဆောင်းရာသီအလယ်လောက်တွင် တိုက်ခတ်သော လေနှင့် တူညီသည်။
သူက အလွန်မြင့်မားပြီး ဩဇာကြီးမားသည်။ သူ၏ တစ်ကိုယ်လုံးမှာ အေးစက်မှုဖြင့် ပြည့်နှက်နေပြီး သူ့ကို မည်သည့်နွေးထွေးမှုမှ မပေးနိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မိတ်ဆွေများသည် သူနှင့် ပိုရင်းနှီးပြီး သူ့ကို ယုံကြည်ကြသည်။
ဤအခိုက်အတန့်မှာ အဓိကခန်းမထဲမှ ထွက်လျှောက်လာသော လူရာပေါင်းများစွာသည် သက်တံ့လမ်းကြောင်းပေါ်မှာ စုဝေးရောက်ရှိနေကြသော ကောင်းကင်အရွေးချယ်ခံများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ သူတို့အားလုံးသည် တည်ကြည်လေးနက်သွားကြပြီး အဓိကခန်းမ၏ ဦးတည်ရာဆီသို့ တစ်ပြိုင်နက် အရိုအသေပေးလိုက်ကြသည်။
လူသားဧကရာဇ်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်ကာ ကောင်းကင်ဆီသို့ တွန်းထုတ်လိုက်သည်။
ထိုတွန်းထုတ်မှုကြောင့် မိုးကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေတဟူးဟူး တိုက်ခတ်လာသည်။ ကောင်းချီးမင်္ဂလာနိမိတ်ဖြစ်သော ရွှေရောင်နဂါးများသည် အရပ်မျက်နှာအသီးသီးမှာ ထွက်ပေါ်လာကြပြီး တစ်ပြိုင်နက် မာန်ဖီဟိန်းဟောက်လိုက်ကြသည်။ အဆုံးမဲ့သော ကမ္မစွမ်းအားသည် နန်းတော်၏ အနောက်မှ ရှေးဘုရင်ဂြိုလ်ဆီသို့ တန်းမတ်စွာ တိုးဝင်သွားသည်။
နောက်ဆုံးမှာတော့ ရွှေရောင်နဂါးများသည် ရှေးဘုရင်ဂြိုလ်၏ အပေါ်မှာ လှည့်ပတ်လိုက်ကြသည်။ နဂါးဟိန်းသံများသည် ပိုပြီးကျယ်လောင်းစွာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ၎င်းတို့က တစ်စုံတစ်ရာကို အော်ခေါ်နေသည့်အလားပင်။
ဤသည်မှာ ကမ္မ၏ ခေါ်ဆိုမှုဖြစ်ပြီး လူသားမျိုးနွယ်၏ ခေါ်ဆိုမှုဖြစ်သည်။ ရှေးဘုရင်ဂြိုလ်သည်တော့ ၎င်း၏ အပြင်ဘက်မှ တိမ်တိုက်များနှင့် မြူခိုးသည် ပိုပြီးမြန်ဆန်စွာ ရွေ့လျားလာကြသည်။ အချိန်အတော်ကြာပြီးနောက် ကျယ်လောင်သော ဝုန်းခနဲ မြည်သံသည် ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ကောင်းကင်က နှစ်ခြမ်းကွဲထွက်သွားသည့်အလားပင်။
ရှေးဘုရင်ဂြိုလ်သည် ဧရာမမျက်လုံးတစ်လုံးနှယ် ရုတ်တရက် ပွင့်သွားသည်။
၎င်းက ဖွင့်လှစ်သွားသည့်အခိုက် ကောင်းကင်နှင့် မြေပြင်၏ အရောင်အသွေးသည် ပျောက်ဆုံးသွားသည်။ အကန့်အသတ်မဲ့သော ရောင်စုံအလင်းတန်းများနှင့် ကောင်းချီးမင်္ဂလာနိမိတ်များသည် ရှေးဘုရင်ဂြိုလ်ပေါ်မှ ပျံသန်းထွက်လာကြပြီး အပြင်ဘက်မှ တိမ်တိုက်များကို တအိအိလှုပ်ရှားသွားစေသည်။ လူသားမျိုးနွယ်မှ ဘိုးဘေးသူရဲကောင်းများ၏ ပုံရိပ်များသည် ရှေးဘုရင်ဂြိုလ်၏ မြူခိုးအတွင်းမှာ ထွက်ပေါ်လာကြသည်။
ထို့ပြင် ဝဲကတော့ကြီးများက လှည့်ပတ်လာပြီး အံ့ဖွယ်ကောင်းသော စုပ်ယူအားကို အပြင်ဘက်သို့ ထုတ်လွှတ်လိုက်သည်။
“ ရှေးဘုရင်ဂြိုလ်က နိုးထလာပြီ… ငါတို့မျိုးနွယ်ရဲ့ လက်ရွေးစင်တွေ… မင်းတို့မှာ အချိန်တစ်ရက်ရမယ်… အခုချိန်မှ မင်းတို့က ရှေးဟောင်းတာအိုကို နားလည်အောင် မကြိုးစားဘူးဆိုရင် ဘယ်တော့မှလဲ ”
လူသားဧကရာဇ်၏ အနောက်မှာ မတ်တတ်ရပ်နေသော တရားဝန်ကြီးချုပ်သည် သက်တံ့လမ်းကြောင်းကိုကြည့်၍ အော်ပြောလိုက်သည်။
သူ၏ စကားသံက ပျံ့လွင့်သွားသည်နှင့်ချက်ချင်း သက်တံ့လမ်းကြောင်းပေါ်မှ ကောင်းကင်အရွေးချယ်ခံရာထောင်ချီသည် မြန်ဆန်စွာ ပျံသန်းသွားကြသည်။ သူတို့က လေထဲသို့ မြှောက်တတ်သွားသည်နှင့်ချက်ချင်း ရှေးဘုရင်ဂြိုလ်မှ ထုတ်လွှတ်နေသော စုပ်ယူအားဖြင့် သက်ရောက်ခံလိုက်ရပြီး ဥက္ကာပျံများသဖွယ် ရှေးဘုရင်ဂြိုလ်ဆီသို့ တန်းမတ်စွာ ရောက်ရှိသွားကြသည်။
မကြာမီ ပုံရိပ်ရာထောင်ချီသည် ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ တချို့သည် တိမ်တိုက်များပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ကြပြီး တချို့သည် တိမ်တိုက်များထဲမှာ ရပ်နေကြသည်။ သူတို့အားလုံးသည် မျက်လုံးမှိတ်ထားကြပြီး စတင်ဆင်ခြင်လိုက်ကြသည်။
သူတို့ထဲမှာ မင်းသားများနှင့် ကောင်းကင်အရွေးချယ်ခံများက ရောထွေးနေသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း သေချာပြောနိုင်ရန် ခက်ခဲပေသည်။
ရှေးဘုရင်ဂြိုလ်၏ ဖွင့်လှစ်ခြင်းကို အဆင့်များစွာ ခွဲခြားထားသည်။ ယခုအချိန်မှာ ယင်းက ပထမအဆင့်မျှသာ ရှိသေးသည်။
ဤအဆင့်တွင် လူများသည် ကြယ်ဂြိုလ်ထဲမှ အဓိကကုန်းမြေဆီသို့ ခြေမချနိုင်ကြပေ။ သူတို့က အပြင်ဘက်မှ တိမ်တိုက်များထဲမှာသာ ဆင်ခြင်နားလည်နိုင်ကြသည်။
ထိုသို့ဆင်ခြင်နားလည်ခြင်းသည် ရှေးဘုရင်ဂြိုလ်ပေါ်မှာ လှည့်ပတ်ရွေ့လျားနေကြသော အမွေအနှစ်အမျိုးမျိုးကို အာရုံခံနိုင်ရန်အတွက် ဖြစ်သည်။ ယင်းတို့က မတူညီသော အသွင်သဏ္ဍာန်မျိုးစုံဖြင့် တည်ရှိနေကြသည်။ တချို့သည် အပြင်ဘက်တွင် လှည့်ပတ်ရွေ့လျားနေကြပြီး တချို့သည် ကြယ်ဂြိုလ်၏ အတွင်းဘက်ထဲမှာ အိပ်မောကျနေကြသည်။
ထိုကြောင့် ဤဆင်ခြင်နားလည်မှုက နှစ်ဖက်စလုံးနှင့် အပြန်အလှန်ဆက်စပ်နေသော ကိစ္စဖြစ်သည်။
ကျင့်ကြံသူများက ထူးချွန်ထက်မြက်သည်ဆိုလျှင်ပင် ရှေးဘုရင်ဂြိုလ်မှ အမွေအနှစ်များ၏ အသိအမှတ်ပြုမှုကို အရင်ဦးစွာ ရရှိရန် လိုအပ်ပေသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ရှေးဘုရင်ဂြိုလ်ပေါ်မှ ပုံရိပ်ရာထောင်ချီကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဘေးမှ နင်ယန်ကို ကြည့်လိုက်သည်။
“ မင်းလည်း ကြိုးစားကြည့်သင့်တယ် ”
နင်ယန်သည် တုံ့ဆိုင်းသွားသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး အဝေးမှ လူသားဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူက အံကြိတ်လိုက်ပြီး လေထဲသို့ ပျံသန်းသွားသည်။ သူက လေ၏ လမ်းညွှန်မှုနှင့်အတူ ရှေးဘုရင်ဂြိုလ်ဆီသို့ တန်းမတ်စွာ ရောက်ရှိသွားသည်။
မကြာမီ သူ၏ ပုံရိပ်က တိမ်တိုက်တစ်ခုပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူက စိတ်ဓာတ်ပြတ်သားစွာ မျက်လုံးမှိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။
လူသားဧကရာဇ်၏ အကြည့်သည် ရှေးဘုရင်ဂြိုလ်ပေါ်သို့ ဖြတ်သန်းသွားသည်။ သို့သော်လည်း သူ၏ အကြည့်က မည်သူ့အပေါ်မှ မရပ်တန့်သွားခဲ့ပေ။ နောက်ဆုံးမှာတော့ သူက အကြည့်ပြန်ရုပ်လိုက်ပြီး သူ့အနောက်မှ ရွှီချင်းဘက်သို့ လှည့်လိုက်ကာ ညင်သာစွာ ပြောသည်။
“ ရွှီချင်း… မင်းရဲ့ အသက်အရွယ်နဲ့ ကျင့်ကြံခြင်းအရ မင်းသာဆန္ဒရှိရင် ပါဝင်နိုင်တယ် ”
ရွှီချင်းထံတွင် အချိန်က ပြဿနာဖြစ်နေသည်။ အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူက ဤဆင်ခြင်နားလည်ခြင်းမှာ သေချာပေါက် ပါဝင်လိမ့်မည်။ မည်သို့ဖြစ်ပါစေ ရှေးဟောင်းအမွေအနှစ်ကို ဆင်ခြင်နိုင်ခြင်းသည် ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်သည်။ အကယ်၍ သူသာ အမွေအနှစ်ကို ရရှိနိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းမှာ ကြီးမားသော အထောက်အပံ့ကို ရရှိလိမ့်မည်။
သို့သော်လည်း ယခု သူ့ဆီမှာ တခြားကိစ္စတစ်ခု ရှိနေသည်။
သူက နတ်မိမယ်ကျစ်ရွှမ်းအတွက် သွေးဆေးလုံးကို လဝက်ကြာအောင် သန့်စင်ပေးခဲ့သည်။ ထိုဆေးလုံးသည် မကြာခင် ပြီးမြောက်တော့မည် ဖြစ်သည်။ ထိုဆေးလုံးကို အောင်မြင်စွာ မသန့်စင်နိုင်ခင်အထိ သူက ဆေးလုံးသန့်စင်ခြင်းကို ထိန်းသိမ်းပေးပြီး တစ်ခဏကြာသွားတိုင်း ဆေးမီးဖိုကို အစွမ်းမြှင့်တင်ပေးရလိမ့်မည်။
‘ နောက်လေးနာရီအတွင်းမှာ ငါက စံအိမ်ဆီ ပြန်သွားပြီး ဆေးမီးဖိုကို အစွမ်းမြှင့်တင်ပေးရလိမ့်မယ်… မဟုတ်ရင် အရင်က ငါ့ရဲ့ ကြိုးစားမှုအားလုံးက အလဟဿ ဖြစ်သွားလိမ့်မယ် ’
ထိုသို့တွေးမိသောအခါ ရွှီချင်းသည် လူသားဧကရာဇ်ထံသို့ လက်သီးဆုပ်လိုက်သည်။
“ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး… ငါ့ရဲ့ ဆင်ခြင်နားလည်နိုင်စွမ်းက သာမန်ပါပဲ… လူသားမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်ကို မဖြုန်းတီးချင်လို့ ငါမပါဝင်တော့ပါဘူး ”
လူသားဧကရာဇ်သည် နောက်ထပ် မဆွဲဆောင်တော့ဘဲ သူ့အနောက်မှ အစောင့်အကြပ်များကို ကြည့်လိုက်သည်။
အစောင့်အကြပ်များသည် နားလည်သွားကြပြီး ချက်ချင်း စီစဉ်ဆောင်ရွက်ပေးလိုက်ကြသည်။ မကြာမီ ထိုင်ခုံများသည် အဓိကခန်းမ၏ အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ လူသားဧကရာဇ်က ထိုင်ခုံပေါ်မှာ ထိုင်ပြီးနောက် အရာရှိတစ်ရာကျော်သည် တစ်ယောက်ပြီးတစ်ယောက် နေရာမှာ ထိုင်လိုက်ကြသည်။
သူတို့၏ ဘေးတွင် ဝိညာဉ်သစ်သီးများနှင့် သေရည်များကိုလည်း စီစဉ်ပေးထားသည်။ ဧကရာဇ်နှင့် အရာရှိများသည် အတူတကွ သေရည်သောက်နေရင်း တိမ်တိုက်များပေါ်မှ ဂျူနီယာများ၏ ဆင်ခြင်နားလည်မှုကို ကြည့်ရှုနေကြသည်။ ဤနေရာမှ လေထုသည် အလွန်ပျော်ရွှင်ဖွယ်ကောင်းသည်။
လူတချို့သည်တော့ တစ်ယောက်နှင့်တစ်ယောက် ရယ်ရယ်မောမော စကားပြောနေကြပြီး ဂိုဏ်းအသီးသီးမှ ကောင်းကင်အရွေးချယ်ခံများကို မှတ်ချက်ပေးနေကြသည်။ သူတို့၏ စကားများထဲမှာ ချီးမွမ်းမှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်း၏ ဘေးနားမှ အပြာရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က လက်သီးဆုပ်လိုက်ပြီး နွေးထွေးစွာ ပြုံးလိုက်သည်။
“ အရှင်သခင်ရွှီက ဒီဆင်ခြင်နားလည်မှုမှာ မပါဝင်တာ စိတ်မကောင်းစရာပဲ… ဒီဟာက အရမ်းရှားပါးတဲ့ အခွင့်အရေးတစ်ခုပါ ”
ရွှီချင်းက ပြန်လည်နှုတ်ဆက်လိုက်ပြီး ယဉ်ကျေးစွာ ပြောသည်။
“ ငါ့ရဲ့ ပါရမီက အကန့်အသတ်ရှိနေတာ စိတ်မကောင်းစရာပါပဲ ”
ထိုအဖိုးအိုက ဆက်ပြီး စကားပြောရန် ပါးစပ်ဟလိုက်စဉ် လူသားဧကရာဇ်၏ အသံက ပျံ့လွင့်လာသည်။
“ လူတိုင်းပဲ… ဒီနေ့တော့ ငါတို့တွေ ရာထူးအဆင့်တွေကို မေ့ထားပြီး လွတ်လွတ်လပ်လပ် စကားပြောကြတာပေါ့… ဘယ်မင်းသားက အိမ်ရှေ့စံရာထူးအတွက် သင့်တော်တယ်လို့ မင်းတို့မြင်ကြလဲ ”
လူသားဧကရာဇ်က စကားပြောလိုက်သည်နှင့်ချက်ချင်း ဤနေရာသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အချိန်အတော်ကြာပြီးနောက် တရားဝန်ကြီးချုပ်က နူးညံ့စွာ ပြောသည်။
“ ပရောဟိတ်ဆရာက နက္ခတ်တာရာတွေနဲ့ ကြယ်တာရာတွေကို ကြည့်ရှုလေ့လာပြီး ကံကြမ္မာရဲ့ အရှိန်အဝါကို ဖတ်ရှုနိုင်ပါတယ်… ဒါကြောင့် ဒီကိစ္စမှာ ပရောဟိတ်ဆရာက အကြံဉာဏ်ကောင်းကို ပေးနိုင်ပါလိမ့်မယ် ”
လူသားဧကရာဇ်သည် ခေါင်းလှည့်လိုက်ပြီး သူ၏ ညာဘက်မှ နယ်မြေလွတ်ကို ကြည့်လိုက်သည်။
“ ပရောဟိတ်ဆရာ… မင်းဘယ်လိုမြင်လဲ ”
ထိုစကားပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်းသည် ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး လူသားဧကရာဇ်၏ ညာဘက်ကို ကြည့်လိုက်သည်။
ထိုနေရာမှ ဟင်းလင်းပြင်သည် တအိအိလှုပ်ခတ်သွားပြီး ပုံရိပ်တစ်ခုက ဝေဝါးစွာ ထွက်ပေါ်လာသည်။