← Chapters

ရှေးဘုရင်ဂြိုလ်ထံမှ ဆင့်ခေါ်ခြင်း

Vol. 75 Ch. 1169

ရှေးဘုရင်ဂြိုလ်ထံမှ ဆင့်ခေါ်ခြင်း

Vol. 75 Ch. 1169

တစ်ခါတစ်ရံ လူတချို့သည် ကိစ္စတချို့ကို သံသယရှိထားခြင်း သို့မဟုတ် သေချာစွာ သိရှိထားလျှင်ပင် ယင်းကို တကယ်လက်တွေ့ တွေ့ကြုံလိုက်ရသည့်အခါ မည်သို့ပင်ဖြစ်ပါစေ နှလုံးသားထဲမှာ လှိုင်းထသွားလိမ့်မည်။

လှိုင်းထမှု၏ ပြင်းအားသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အလေးထားမှုပေါ်မှာ မူတည်သည်။

အလေးထားမှုက ပိုပြီးကြီးမားလေ လှိုင်းထမှုက ပိုပြီးပြင်းထန်လေ ဖြစ်သည်။

ဤအခိုက်အတန့်မှာ လူသားဧကရာဇ်၏ ညာဘက်မှ နယ်မြေလွတ်ထဲတွင် လေဟာနယ်လှိုင်းအတွန့်များ ထွက်ပေါ်လာနေပြီး သိမ်မွေ့ညင်သာသော အသံက ပျံ့လွင့်လာသည်။

“ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ အဖြေရှိပြီးသားမဟုတ်လား… ဘာဖြစ်လို့ အပြင်လူတွေရဲ့ အမြင်ကို မေးမြန်းနေတာပါလဲ… ငါ့အဖြေက အရှင်မင်းကြီးရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်မှာမို့လို့လား ”

ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း အနက်ရောင်ပုံရိပ်သည် လူသားဧကရာဇ်၏ ညာဘက်မှ လေဟာနယ်ထဲမှာ ထွက်ပေါ်လာပြီး ဤနေရာမှ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

သူက အဖြူရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဂုဏ်ကျက်သရေကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ခရမ်းရောင်ဆံပင်ရှည်သည် ပခုံးထက်သို့ ကျဆင်းနေပြီး ကြော့ရှင်းတင့်တယ်မှုကို ပေးသည်။ သူ၏ ရှည်လျားသော ပုံရိပ်သည် ဩဇာကြီးမားသော အငွေ့အသက်ကို ဖြစ်ပေါ်စေသည်။

အသံကို နားထောင်လျက် ထိုလူ၏ နောက်ကျောပုံရိပ်ကို ကြည့်နေရင်း ရွှီချင်းက အမူအရာကင်းမဲ့စွာ ဆက်ရှိနေသည်။ သို့သော်လည်း သူ၏ ညာလက်ကို တင်းကျပ်စွာ ဆုပ်ထားလိုက်လေရာ သွေးကြောများက ဖောင်းကြွလာကြသည်။

ထိုလူက မည်သူဖြစ်ကြောင်း သူက အရှေ့ကို ကြည့်နေစရာ မလိုပေ။ ထိုလူ၏ နောက်ကျောပုံရိပ်နှင့် အသံကို ကြားလိုက်ရကတည်းက တစ်ဖက်လူ၏ သရုပ်ကို သူအတည်ပြုနိုင်သွားသည်။

လွန်ခဲ့သော တစ်လတုန်းက ရွှံ့မြေခွေး၏ သတိပေးမှုနှင့်အတူ ပရောဟိတ်ဆရာ၏ သရုပ်ကို အကြမ်းဖျဉ်း သူခန့်မှန်းထားခဲ့သည်။ သို့သော်လည်း ယခု သူ့ကို အမှန်တကယ် သူမြင်လိုက်ရသောအခါ အံ့အားသင့်မှုနှင့် လှိုင်းဂယက်တချို့က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာဆဲပင်။

ထိုလူက မည်သို့မည်ပုံ ပရောဟိတ်ဆရာဖြစ်လာပြီး ဤနေရာမှာ ပွင့်လင်းစွာ ထွက်ပေါ်လာနိုင်ကြောင်း သူမသိပေ။

သူက လူသားဧကရာဇ်နှင့် မည်သို့အဆက်အသွယ်ရှိပြီး သူတို့ကြားမှာ မည်သည့်အပေးအယူရှိကြောင်းကိုလည်း သူမသိပေ။

သို့သော်လည်း တစ်ဖက်လူက အလင်းရောင်ဂိုဏ်းမှဖြစ်ကြောင်း သူသိသည်။ သူက ဆဌမသခင်ကြီးကို သတ်ဖြတ်ခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်ကို ပရမ်းပတာဖြစ်အောင် ဦးဆောင်ခဲ့သူ ဖြစ်သည်။ သူတို့ကြားမှာ မပြေလည်နိုင်သော ရန်ငြိုးရန်ကြွေးရှိသည်။

သူသိထားသည်မှာ တစ်ဖက်လူသည် ကျိန်းသေပေါက် သူသတ်ပစ်ရမည့် ကျီးကန်းဖြစ်သည်။

သို့သော်လည်း လက်ရှိရွှီချင်းသည် ယခင်ကနှင့် မတူညီတော့ပေ။ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို သူမြင်သွားစဉ် သူ၏ စိတ်ခံစားချက်များက မပြိုကွဲသွားခဲ့ပေ။ သူက စိတ်ခံစားချက်များကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာမှာ ဖုံးကွယ်ထားပြီး ထုတ်ဖော်မပြပေ။

သို့ဖြစ်၍ ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်သည်။ ထိုစဉ် လူတိုင်း၏ အသံကို သူကြားလိုက်ရသည်။

“ ပရောဟိတ်ဆရာကို နှုတ်ဆက်ပါတယ် ”

လူတိုင်းသည် ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

လူသားမျိုးနွယ်တွင် ပရောဟိတ်ဆရာက မည်သည့်အစစ်အမှန်အာဏာမှ မရှိသော်လည်း သူ၏ အဆင့်အတန်းသည် အလွန်မြင့်မားသည်။ သူက လူသားဧကရာဇ်နှင့် မဟာဧကရာဇ်ပြီးလျှင် ဒုတိယဖြစ်သည်။

ဤအခိုက်အတန့်မှာ လူသားဧကရာဇ်သည် လူတိုင်းက ပရောဟိတ်ဆရာအား နှုတ်ဆက်နေကြသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ရှေးဘုရင်ဂြိုလ်ကို ကြည့်လိုက်လေရာ အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ ဘေးမှ ပရောဟိတ်ဆရာသည်တော့ အရှေ့သို့ လှည့်လိုက်လေရာ သူ၏ မျက်နှာပေါ်မှ မျက်နှာဖုံးက ထွက်ပေါ်လာသည်။

သူက ပြုံးရွှင်နေသော အဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ယင်းက အနည်းငယ် ချောက်ချားဖွယ်ကောင်းသော်လည်း လူတိုင်းသည် ထိုမျက်နှာဖုံးကို တိုက်ရိုက် လျစ်လျူရှုထားကြသည်။ အဘယ့်ကြောင့်ဆိုသော် ပရောဟိတ်ဆရာ၏ မျက်လုံးသည် သာမန်ထက် ပိုပြီး လင်းလက်တောက်ပနေသောကြောင့် ဖြစ်သည်။ ယင်းက အားလုံး၏ စိတ်အာရုံကို ဖမ်းစားသွားသည်။

သူက အရာရှိများဘက်သို့ မျက်နှာမူလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အကြည့်သည် လူတစ်ယောက်ပြီးတစ်ယောက်ထံသို့ ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ ယင်းက ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။

ရွှီချင်းသည် ခေါင်းပြန်မော့လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

ပရောဟိတ်ဆရာသည် ရယ်လိုက်သည်။

သူ့မှာ ကိုယ်ပိုင်မာန်မာနရှိပြီး ကိုယ်ပိုင်အမူအကျင့်ရှိသည်။ အကယ်၍ ပရောဟိတ်ဆရာက တခြားတစ်ယောက်သာဆိုလျှင် ထိုသူက အကြောင်းအမျိုးမျိုးကြောင့် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်ပြလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ဖြစ်သည်။

သူက မည်သည့်အခါမှ ပုန်းလျှိုးကွယ်လျှိုး မလုပ်ဆောင်တတ်သလို မည်သည့်ရည်ရွယ်ချက်ကိုမှ သူ၏ လုပ်ဆောင်မှုအပေါ် လွှမ်းမိုးခွင့်မပြုပေ။

ထို့ကြောင့် သူထွက်ပေါ်လာသည့်အခါ ညာလက်ကို မြှောက်လိုက်ပြီး သူ၏ မျက်နှာပေါ်မှ အပြုံးမျက်နှာဖုံးကို အရာရှိများရှေ့မှာ ဖယ်ရှားပစ်လိုက်သည်။

ဤသည်မှာ အရာရှိများက သူ၏ မျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ယခင်က လူသားဧကရာဇ်တစ်ယောက်တည်းသာ သူ၏ မျက်နှာကို မြင်ဖူးသည်။ အခြားလူများသည်တော့ သူ၏ ဝတ်ရုံဖြူနှင့် အဖြူရောင်အပြုံးမျက်နှာဖုံးကိုသာ မြင်ကြရလိမ့်မည်။

ဤအခိုက်အတန့်မှာ မျက်နှာဖုံးကို ဖယ်ရှားလိုက်သည့်အခါ ပရောဟိတ်ဆရာ၏ မျက်နှာသည် လူတိုင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ယင်းက လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေပြီး သူတို့၏ နှလုံးသားထဲမှာ ထူးဆန်းသော စိတ်ခံစားမှုကို ပေါ်လျှိုးလာစေသည်။

ထိုမျက်နှာသည် ရွှီချင်းနှင့် (၇၀)ရာခိုင်နှုန်း တူညီသည်။

သို့သော်လည်း ပရောဟိတ်ဆရာ၏ မျက်နှာသည် ပိုပြီးဖြူဖျော့ပြီး အေးစက်ကာ ပိုပြီးရက်စက်ပုံပေါ်သည်။

သို့သော်လည်း သူ၏ ဝင်းလက်တောက်ပသော မျက်လုံးထဲမှာ မည်သည့်ညစ်ထေးမှုမှ မရှိပေ။ သူ၏ မျက်လုံးများသည် ဖော်မပြနိုင်အောင် ကြည်လင်ရှင်းလင်းသည်။

သူ၏ မျက်လုံးပေါ်တွင် ထက်ရှစွာ ကွေးညွတ်နေသော မျက်ခုံးရှိသည်။ သူ၏ နှုတ်ခမ်းသည် ပါးလွှာပြီး သူ၏ မေးစေ့သည် ချွန်သည်။ ယင်းက ပရောဟိတ်ဆရာ၏ အသွင်သဏ္ဍာန်ကို အဖြူရောင်ကောင်းကင်နဂါးတစ်ကောင်ပမာ အောက်မေ့ရစေသည်။ သူက ငယ်ရွယ်ပြီး ချောမောခန့်ညားသော်လည်း အေးတိအေးစက် အရှိန်အဝါကို ပေးသည်။

ခန်းမအပြင်ဘက်မှ လူတိုင်းသည် နှုတ်ဆိတ်သွားကြသည်။ သူတို့အားလုံးသည် ကိုယ်ပိုင်အတွေးကမ္ဘာထဲမှာ နစ်မွန်းသွားကြသည်။ အဘယ့်ကြောင့်ဆိုသော် ပရောဟိတ်ဆရာနှင့် ရွှီချင်းက ရုပ်ချင်းဆင်တူရုံသာမက သူတို့၏ အမူအကျင့်သည်လည်း အတိုင်းအတာတစ်ခုထိ တူညီပေသည်။

မန္တန်များဖြင့် ထိုသို့တူညီအောင် လုပ်ဆောင်နိုင်သော်လည်း ပရောဟိတ်ဆရာဟူသော အဆင့်အတန်းကြောင့် သူက သေချာပေါက် ထိုသို့လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ဖြေရှင်းချက်သည် တစ်ခုတည်းသာ ရှိတော့သည်။

ထိုဖြေရှင်းချက်သည် လူတိုင်းကို နှုတ်ဆိတ်သွားစေသည်။ သူတို့က နန်းမြို့တော်ထဲမှာ လုပ်ကြံခဲ့သည့် ကိစ္စကို ပြန်စဉ်းစားလိုက်ကြသည်။ လူတချို့သည် သူတို့၏ စိတ်ခံစားချက်များကို ဖုံးကွယ်လိုက်ကြပြီး လူသားဧကရာဇ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ပရောဟိတ်ဆရာသည်တော့ ထိုလူများ၏ အကြည့်ကို လျစ်လျူရှုထားသည်။ ဤအခိုက်အတန့်မှာ သူက ရွှီချင်းကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ သိမ်မွေ့ညင်သာသော အကြည့် ထွက်ပေါ်လာသည့်အခါ သူက နူးညံ့စွာ ပြောသည်။

“ ညီလေး… ငါတို့ထပ်တွေ့ကြပြီနော် ”

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက သူ့အရှေ့မှ ပရောဟိတ်ဆရာကို ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ ပြန်မပြောပေ။

“ လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စကို ငါညွှန်ကြားခဲ့တာမဟုတ်ဘူး… အဲ့ဒီကိစ္စက ငါ့အကြံမဟုတ်ဘူး ”

ပရောဟိတ်ဆရာက ပြုံးလျက် ပြောသည်။ သူက စကားပြောပြီးနောက် အနောက်သို့ လှည့်လိုက်ပြီး လူသားဧကရာဇ်၏ ဘေးမှာ ထိုင်လိုက်သည်။ သူက ရှေးဘုရင်ဂြိုလ်ပေါ်မှ ကောင်းကင်အရွေးချယ်ခံများကို လူသားဧကရာဇ်နှင့်အတူ ကြည့်ရှုလိုက်သည်။

အရာရှိများသည်လည်း ရှေးဘုရင်ဂြိုလ်ကို အာရုံစိုက်လိုက်ကြသည်။

ရွှီချင်း၏ အမူအရာသည်တော့ အစမှအဆုံးအထိ မပြောင်းလဲသွားခဲ့ပေ။ ဤသည်မှာ သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို လုံးဝမမြင်တွေ့ခဲ့သည့်အလားပင်။ သူက ထိုင်ခုံပေါ်မှာ ထိုင်နေရင်း ရှေးဘုရင်ဂြိုလ်ပေါ်မှ နင်ယန်ကိုသာ စိုက်ကြည့်လိုက်ပြီး ဤနေရာမှ သူထွက်သွားနိုင်မည့် အချိန်ကို စိတ်ထဲမှာ တွက်ချက်လိုက်သည်။

သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်နေသော မုန်တိုင်းကို ဖြေရှင်းရန် သူ့အတွက် အချိန်လိုအပ်သည်။

သို့ဖြစ်၍ ခန်းမ၏ အပြင်ဘက်သည် တည်ငြိမ်သော ကန်ရေပြင်ပမာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

သို့သော်လည်း ဤနေရာမှ လူတိုင်း၏ နှလုံးသားထဲမှာ လှိုင်းလုံးများဖြင့် ပြည့်နှက်နေကြသည်။ အကယ်၍ ထိုလှိုင်းလုံးများသာ ပေါင်းစပ်သွားမည်ဆိုလျှင် အရာအားလုံးကို ဝါးမျိုဖျက်ဆီးနိုင်သော ဆူနာမီလှိုင်းလုံးအဖြစ် ပြောင်းလဲသွားလိမ့်မည်။

အပြင်ပန်းက တည်ငြိမ်နေပြီး အတွင်းဘက်က လှိုင်းထန်နေစဉ် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မကြာမီ နှစ်နာရီကုန်ဆုံးသွားသည်။

ရှေးဘုရင်ဂြိုလ်ပေါ်မှ ကောင်းကင်အရွေးချယ်ခံများ၏ ဆင်ခြင်နားလည်မှုသည်လည်း ဤအခိုက်အတန့်မှာ ပြောင်းလဲသွားသည်။

တိမ်တိုက်များ၏ ဝိုင်းရံခံထားရသော ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေကြသော ကျင့်ကြံသူရာထောင်ချီထဲမှ လူတချို့ပေါ်တွင် ကောင်းချီးမင်္ဂလာနိမိတ်များ ထွက်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့က အမျိုးမျိုးသော သဘာဝလွန်ဖြစ်ရပ်များသို့ ပြောင်းလဲသွားကြသည်။ ရောင်စုံအလင်းရောင်ဖြင့် လင်းထိန်နေသော လူတချို့ပင် ရှိကြသည်။

ဤသည်မှာ ထိုကျင့်ကြံသူက အောင်မြင်သွားခြင်း သို့မဟုတ် မကြာခင် အောင်မြင်တော့မည့် အမှတ်လက္ခဏာဖြစ်သည်။ ကောင်းချီးမင်္ဂလာနိမိတ်များနှင့် ရောင်စုံအလင်းများက ပိုပြီးများပြားလေ ဆင်ခြင်နားလည်သော အဆင့်က ပိုပြီးမြင့်မားလေ ဖြစ်သည်။

သို့သော်လည်း လူအများအပြားက ဆက်ပြီး ဆင်ခြင်နားလည်နေကြဆဲပင်။

သို့သော်လည်း ထိုကျင့်ကြံသူများ ဆင်ခြင်နားလည်သွားကြသော အရာသည် ကောင်းကင်ဘုံအမတ်၏ အမွေအနှစ်များ မဟုတ်ကြပေ။ ယင်းအစား ကောင်းကင်ဘုံအမတ်၏ အဆင့်အောက်တွင်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြသော လူသားမျိုးနွယ်မှ သူရဲကောင်းများ၏ အမွေအနှစ်များ ဖြစ်ကြသည်။

ထိုအမွေအနှစ်များထဲတွင် နတ်ဘုရားအစွမ်းနှင့် ကျင့်ကြံခြင်းအတတ်ပညာများ ပါရှိကြသည်။ ယင်းတို့က ကောင်းကင်ဘုံအမတ်များ၏ အမွေအနှစ်များကဲ့သို့ တန်ဖိုးမကြီးမားသော်လည်း သူတို့၏ အမွေအနှစ်များထဲမှာ တမူထူးခြားသော ကျွမ်းကျင်မှုများ ပါရှိကြသည်။ ယင်းတို့ကို ဆင်ခြင်နားလည်နိုင်ခြင်းသည်လည်း အခွင့်အရေးတစ်ခု ဖြစ်သည်။

“ အဲ့ဒါက အတိတ်တုန်းက ဓားကိုင်ဧကရာဇ်လက်အောက်မှာ အမှုထမ်းခဲ့တဲ့ တပ်မှူးချုပ်ချန်းချင်းဟိုင်ရဲ့ ဓားပေါင်းစပ်အတတ်မဟုတ်လား… ကောင်းတယ် ကောင်းတယ်… ဒီတစ်ခေါက် ဓားကိုင်နန်းတော်က စေလွှတ်လိုက်တဲ့ ကောင်းကင်အရွေးချယ်ခံက တကယ်ထူးချွန်တယ်… ဓားပေါင်းစပ်အတတ်က ကောင်းကင်ဘုံအမတ်အမွေအနှစ်အောက်မှာ ထိပ်ဆုံးအဆင့်စာရင်းဝင်တယ် ”

“ ချန်းချင်းဟိုင်ရဲ့ တာအိုပဲ နားလည်သွားတာ မဟုတ်ဘူး… ဟိုးကို ကြည့်ဦး… ယင်ယန်ရုပ်တုက ဒြပ်ထည်ဖြစ်တည်လာနေတယ်… အဲ့ဒါက ရှေးဟောင်းစာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ အဖြူအနက်မိစ္ဆာအသွင်ပြောင်းလဲခြင်းအတတ်ပဲ… အဲ့ဒါကို ဆင်ခြင်နားလည်သွားတဲ့လူက သိပ်မရင်းနှီးသလိုပဲ… ဒါပေမဲ့ သူ့ရဲ့ အဝတ်အစားကို ကြည့်ရတာတော့ သူက မိုးပြာနတ်ဘုရားစကြာဝဠာဂိုဏ်းက တပည့်တစ်ယောက် ဖြစ်မယ် ”

သူတို့က ဆက်လက်ကြည့်ရှုနေစဉ် ခန်းမ၏ အပြင်ဘက်မှ တိတ်ဆိတ်မှုသည် ကျိုးပျက်သွားသည်။ တချို့သည် အပြန်အလှန် စကားပြောနေကြပြီး တချို့သည် ရယ်မောနေကြသည်။ အမွေအနှစ်ကို ဆင်ခြင်နားလည်သွားသူများက တစ်ယောက်ပြီးတစ်ယောက် တိုးပွားလာသည့်အခါ သူတို့ကြားထဲမှာ စိတ်လှုပ်ရှားသော အငွေ့အသက်ပင် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှ အလင်းရောင်သည် ဆက်လက် တောက်ပနေပြီး ကောင်းချီးမင်္ဂလာနိမိတ်များသည် မကြာခဏ ထွက်ပေါ်လာနေသည်။

အမွေအနှစ်ရရှိပြီးသူများသည် ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရပြီး သက်တံ့လမ်းကြောင်းပေါ်မှာ ပြန်ပေါ်လာကြသည်။ လူတိုင်းထံမှာ ဆင်ခြင်နားလည်ရန် အခွင့်အရေးတစ်ခုသာ ရှိကြသည်။

ရွှီချင်းသည်တော့ သူ၏ အကြည့်က ရှေးဘုရင်ဂြိုလ်ပေါ်မှ နင်ယန်ပေါ်မှာ ကျရောက်နေသည်။ နှစ်နာရီကြာပြီးသွားသည့်တိုင် နင်ယန်ထံမှာ မည်သည့်အပြောင်းအလဲမှ ထွက်ပေါ်မလာပေ။ သူက ကြိုးစားအားထုတ်နေဟန် ထင်ရသော်လည်း ယင်းက အသုံးမဝင်ပေ။

ရွှီချင်းသည် အလျင်မလိုပေ။ နင်ယန်၏ ပင်ကိုယ်ပါရမီသည် မဆိုးရွားပေ။ သူက ကောင်းကင်ဘုရင်တစ်ပါး၏ အမွေအနှစ်ကို မရရှိနိုင်လျှင်ပင် တစ်စုံတစ်ခုကိုတော့ သေချာပေါက် ရရှိလိမ့်မည်။

ထိုသို့အတွေးရလာသောအခါ ရွှီချင်းသည် နင်ယန်ထံမှ အကြည့်ပြောင်းရွှေ့လိုက်ပြီး တခြားလူများကို ကြည့်ရှုလိုက်သည်။ ထိုနည်းဖြင့် သူ၏ နှလုံးသားထဲမှ မုန်တိုင်းကို ဆက်လက် လွင့်ပြယ်စေလိမ့်မည်။

သူက ကောင်းကင်အရွေးချယ်ခံအားလုံးကို မသိသော်လည်း သူတို့၏ အဝတ်အစားမှတဆင့် မည်သူမည်ဝါဖြစ်ကြောင်း သူပြောနိုင်သည်။ ထို့ပြင် ရွှီချင်းက သူတို့ထဲမှ တချို့ကို ယခင်က မြင်ဖူးထားသည်။

ဥပမာ တတိယသမီးတော်နှင့် သတ္တမမင်းသား ဖြစ်သည်။

ဤသည်မှာ ရွှီချင်းက နန်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် သတ္တမမင်းသားကို ပထမဆုံးအကြိမ် ပြန်မြင်တွေ့သွားခြင်း ဖြစ်သည်။

သတ္တမမင်းသားကို ကြည့်လိုက်သည့်အခိုက် ရွှီချင်း၏ အကြည့်သည် အေးစက်သွားသည်။ တစ်ဖက်လူထံမှာ မည်သည့်ကောင်းချီးမင်္ဂလာနိမိတ်မှ မရှိသလို ရောင်စုံအလင်းလည်း မရှိနေကြောင်း သူအာရုံခံမိသွားပြီးနောက် သူ၏ အကြည့်ကို တတိယမင်းသမီးထံသို့ ပြောင်းရွှေ့လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်း၏ နှလုံးသည် ရုတ်တရက် ခုန်ပေါက်လာသည်။ သူ၏ အကြည့်က သူ့နှလုံးသား၏ စေခိုင်းရာနောက်သို့လိုက်၍ မည်သူမှရှိမနေသော တိမ်တိုက်အစုအဝေးတစ်ခုကို ကြည့်လိုက်လေသည်။

ထိုဧရိယာအတွင်းမှ တိမ်တိုက်များနှင့် မြူခိုးသည် တခြားဧရိယာများနှင့် နှိုင်းယှဉ်လျှင် အတော်လေး ပါးလွှာသည်။ ထိုတိမ်တိုက်များမှတဆင့် ရှေးဘုရင်ဂြိုလ်ပေါ်မှ တောင်တန်းတချို့ကိုပင် သူမြင်နိုင်ပေသည်။

ရွှီချင်း၏ အာရုံကို ဆွဲဆောင်သွားသည်မှာ ရှေးဘုရင်ဂြိုလ်ပေါ်မှ တောင်တန်းဒေသဖြစ်သည်။

သူတို့ကြားမှ အကွာအဝေးက အလွန်ဝေးကွာပြီး ယခု ရှေးဘုရင်ဂြိုလ်၏ ပထမအလွှာကိုသာ ဖွင့်လှစ်ရသေးသော်လည်း သေးငယ်သော အားလှိုင်းအတတ်အကျတစ်ခုသည် ထိုတောင်တန်းဒေသထဲမှ ပေါ်လျှိုးထွက်လာနေကြောင်း ရွှီချင်း အာရုံခံမိသည်။

ထိုအားလှိုင်းအတတ်အကျသည် အလွန်အားနည်းသည်။ ယင်းက ရှေးဘုရင်ဂြိုလ်၏ အတွင်းပိုင်းထဲမှာ တည်ရှိပြီး ထိုတောင်တန်း၏ အောက်ခြေမှ ပေါ်လျှိုးထွက်လာနေခြင်း ဖြစ်သည်။ ထို့ပြင် ယင်းက ဆင့်ခေါ်နေခြင်းနှင့် ဆင်တူသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ထိုပါးလွှာသော တိမ်တိုက်အစုအဝေး၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုပါးလွှာသော တိမ်တိုက်အစုအဝေးထဲမှာ မည်သူမှ မရှိသော်လည်း ၎င်း၏ ဘေးပတ်ဝန်းကျင်တွင် ဆင်ခြင်နားလည်နေကြသော ကျင့်ကြံသူတချို့ ရှိနေကြသည်။

သို့သော်လည်း သူတို့ထဲမှ မည်သူမှ ထိုဆင့်ခေါ်မှုကို အာရုံခံမိကြပုံမပေါ်ချေ။ ဤသည်မှာ ထိုဆင့်ခေါ်မှုတွင် ထူးခြားသော အဓိပ္ပာယ်တစ်ခု ပါရှိနေဟန်ရသည်။

‘ အဲ့ဒါလည်းပဲ အမွေအနှစ်လား ’

ရွှီချင်းက တွေးတောလိုက်သည်။ သူက အမွေအနှစ်ရရှိသွားကြသော တခြားလူများကို လေ့လာကြည့်နေရင်း သူတို့ပြောသော အမွေအနှစ်က တိမ်တိုက်များကြားထဲမှာ လွင့်မျောနေကြသော စိတ်အာရုံတချို့မှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရှာတွေ့သွားသည်။

ယင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် တောင်တန်းဒေသမှ ဆင့်ခေါ်မှုသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခုမှ ထုတ်လွှတ်နေသော အထူးအရှိန်အဝါတစ်ခုဖြစ်ဟန် ရသည်။

ရွှီချင်းက ထိုအကြောင်းကို တွေးတောနေစဉ် ရှေးဘုရင်ဂြိုလ်ပေါ်မှ တိမ်တိုက်များနှင့် မြူခိုးသည် ရုတ်တရက် မြန်ဆန်စွာ လှည့်ပတ်လာသည်။ မြူခိုးသည် အပေါ်သို့ မြှောက်တတ်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ ကောင်းကင်အရွေးချယ်ခံအားလုံး၏ ပုံရိပ်ကို ဖုံးအုပ်သွားသည်။ လူတစ်ယောက်တည်းသာ ထိုမြူခိုးထဲမှာ ထင်ရှားစွာ ထွက်ပေါ်နေပြီး လူအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။

အဘယ့်ကြောင့်ဆိုသော် မြူခိုးဖုံးလွှမ်းမှုက ထိုလူကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဝေးမှကြည့်လျှင် ဧရာမဝဲကတော့တစ်ခုသည် ထိုလူကို ဗဟိုပြု၍ အရပ်မျက်နှာအဘက်ဘက်သို့ လှည့်ပတ်သွားသည်။

ထို့ပြင် မွန်မြတ်သန့်စင်ပြီး ဂုဏ်ကျက်သရေကြီးမားသော ရှေးဟောင်းရုပ်တုတစ်ခုလည်း ရှိသေး၏။ ရှေးဟောင်းရုပ်တုသည် ထိုလူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာပြီး အရွယ်အစားအားဖြင့် ပေတစ်သိန်းရှည်လျားသည်။ ရွှေရောင်မီးတောက်များသည် ပျံ့ပွားထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

“ ကောင်းကင်ဘုံအမတ်အမွေအနှစ် ”

“ အဲ့ဒါက ကောင်းကင်ဘုံအမတ်မီးတောက်လှံရဲ့ တာအိုအတတ်ပညာပဲ… မီးတောက်လှံက ကောင်းကင်ဘုံအမတ်(၁၀၈)ပါးထဲမှာ အဆင့်(၁၀)ရှိတယ် ”

“ အဲ့ဒါကို နားလည်သွားတဲ့လူက… တရားဝန်ကြီးချုပ်ရဲ့ မြေး… မုန့်ယွင်ပိုင်ပဲ ”

နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် ရှေးဘုရင်ဂြိုလ်ဆီသို့ အဝေးမှ လှမ်းကြည့်လိုက်ကြသည်။ ထိုမြင်ကွင်းကို မြင်သွားသောအခါ သူတို့၏ အမူအရာသည် ပြောင်းလဲသွားကြသည်။

ရှေးဘုရင်ဂြိုလ်ပေါ်မှ ကောင်းကင်အရွေးချယ်ခံများသည်ပင် ဤအခိုက်အတန့်မှာ မျက်လုံးဖွင့်လိုက်ကြပြီး မုန့်ယွင်ပိုင်ကို ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ တချို့သည် စိတ်ရှုပ်ထွေးသွားပြီး တချို့သည် မနာလိုဖြစ်သွားကြသည်။ တချို့သည်တော့ မလိုလားကြပေ။

နန်းတော်၏ အပြင်ဘက်တွင် အရာရှိများသည် ပြုံးလိုက်ကြသည်။ လူသားဧကရာဇ်၏ မျက်လုံးထဲတွင် ချီးမွမ်းသော အရိပ်အယောင် ထွက်ပေါ်လာသည်။

ရွှီချင်းတစ်ယောက်တည်းသာ မုန့်ယွင်ပိုင်ထံမှ သူ၏ အကြည့်ကို ပြန်ရုပ်လိုက်ပြီး လျှို့ဝှက်တောင်တန်းဒေသ၏ ဦးတည်ရာဆီသို့ ထပ်မံကြည့်လိုက်သည်။

‘ ဆင့်ခေါ်မှုက ပိုပြီးတော့ အားကောင်းလာတယ်… ’

All Chapters