အလိုကြီးလျှင် အရနည်း၏
Vol. 75 Ch. 1170
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။
လူသားမျိုးနွယ်မှ ကောင်းကင်အရွေးချယ်ခံများထဲတွင် အောင်မြင်သူများ ပိုပြီးများပြားလာသည်နှင့်အမျှ ရှေးဘုရင်ဂြိုလ်ပေါ်ရှိ တောင်တန်းဒေသထံမှ ဆင့်ခေါ်မှုသည် ပိုပြီးအားကောင်းလာကြောင်း သူခံစားမိသည်။
သို့သော်လည်း သူက မသေချာပေ။ သူက ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှ တိမ်တိုက်များ၊ မြူခိုးနှင့် ကောင်းချီးမင်္ဂလာအလင်းရောင်ကိုသာ ဝေဝေဝါးဝါး အာရုံခံနိုင်သည်။ ယင်းက ထိုဆင့်ခေါ်မှုကို အတိုင်းအတာတစ်ခုထိ ပိုပြီးအားကောင်းလာစေဟန် ရ၏။
ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းကိုတော့ ရွှီချင်းက ကောင်းမွန်စွာ နားမလည်ပေ။ ထိုတောင်တန်းဒေသထဲမှာ မည်သည့်အရာ တည်ရှိကြောင်းကိုလည်း သူမသိပေ။
သို့သော်လည်း သူသေချာသော အချက်တစ်ချက်ရှိသည်။
ထိုပစ္စည်းသည် အလွန်အံ့ဖွယ်ကောင်းရမည်။
ထို့ကြောင့် သူက ယင်းကို တုံ့ပြန်ရန် ကြိုးစားလိုက်ပြီး အာရုံခံကြည့်သည်။ သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်သည်။ ယင်းက ရွှီချင်း၏ တည်နေရာပေါ်မှာ အများကြီး မမူတည်ပေ။ မည်သို့ဖြစ်ပါစေ သူက ယင်းကို ဆင်ခြင်နားလည်အောင် ကြိုးစားရန် မလိုအပ်သလို တိမ်တိုက်များပေါ်တွင် တင်ပျဉ်ခွေထိုင်ပေးရန်လည်း မလိုအပ်ပေ။
အထူးသဖြင့် ယခု သူရှိနေသော နေရာသည်လည်း ရှေးဘုရင်ဂြိုလ်နှင့် အလွန်နီးကပ်နေသည်။
ထိုဆက်သွယ်မှုကို အဓိကနှောင့်ယှက်နေသော အရာသည် ရှေးဘုရင်ဂြိုလ်ပေါ်မှ ချိပ်တံဆိပ်ဖြစ်သည်။
လူသားဧကရာဇ်သည် ရှေးဘုရင်ဂြိုလ်ပေါ်မှ ချိပ်တံဆိပ်များ၏ အပြင်ဘက်ဆုံးအလွှာကိုသာ ဖွင့်လှစ်ပေးရသေးသည်။ ချိပ်တံဆိပ်အလွှာများ၏ အောက်တွင် ရှေးဘုရင်ဂြိုလ်သည် အခွံအထပ်ထပ်ဖြင့် လွှမ်းခြုံခံထားရဟန် ရ၏။
ထိုအပြင်ဘက်အခွံများသည် ရှေးဘုရင်ဂြိုလ်၏ အတွင်းပိုင်းထဲမှ ဆင့်ခေါ်မှုကို သီးခြားမပိတ်ဆို့နိုင်ကြပေ။ သို့သော်လည်း ယင်းတို့က ရွှီချင်း၏ တုံ့ပြန်မှုကို ပိတ်ဆို့နိုင်ကြပေသည်။
ရွှီချင်းက ထိုအကြောင်းကို တွေးတောနေစဉ် ဆင့်ခေါ်မှုက ရုတ်တရက် ပြင်းထန်လာသည်။ ယင်းက ရွှီချင်းကို မျက်လုံးမှေးကျဉ်းသွားစေသည်။ တစ်ချိန်တည်းမှာ ဒုတိယဝဲကတော့သည် ရှေးဘုရင်ဂြိုလ်ပေါ်မှာ ထွက်ပေါ်လာသည်။
ပထမတိမ်မြူခိုးဝဲကတော့သည် ကောင်းကင်ဘုံအမတ်တစ်ပါး၏ အမွေအနှစ်ကို ဆင်ခြင်နားလည်နေသော မုန့်ယွင်ပိုင်ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒုတိယဝဲကတော့၏ ဇစ်မြစ်သည် ထူထဲသော တာအိုဝတ်စုံကြမ်းဖြင့် ဘုန်းကြီးတစ်ပါးဖြစ်သည်။
ထိုဘုန်းကြီးက အစစ်အမှန်ကမ္ဘာမှ ရောက်လာခြင်းဖြစ်ပြီး သူ၏ နာမည်က ဖန်ရှင်းဖြစ်သည်။
ဤအခိုက်အတန့်မှာ ဧရာမအနီရောင်ကင်းမြှီးကောက်တစ်ကောင်၏ ပုံရိပ်သည် ဖန်ရှင်း၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ထွက်ပေါ်လာသည်။ ကင်းမြှီးကောက်သည် ကောင်းကင်ကို ကြည့်၍ အော်ဟစ်လိုက်ပြီး ၎င်း၏ အမြှီးကို မြှောက်တင်လိုက်သည်။ ၎င်း၏ အမြှီးက လှုပ်ယမ်းသွားသည့်အခါ အံ့ဖွယ်ကောင်းသော ကြွင်းကျန်ပုံရိပ်များကို ဖန်တီးလိုက်သည်။
လေခွင်းသံသည် ပဲ့တင်ထပ်လာပြီး ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။ ထို့နောက် အန္တရာယ်အရှိန်အဝါသည် ဖန်ရှင်း၏ ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့လွင့်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ထိုအနီရောင်ကင်းမြီးကောက်သည် မုန့်ယွင်ပိုင်၏ ဆင်ခြင်နားလည်မှုမှ ဒြပ်ထည်ဖြစ်ပေါ်လာသော ရှေးဟောင်းမွန်မြတ်ရုပ်တုဖြင့် နှိုင်းယှဉ်နိုင်ပေသည်။
ရက်စက်ကြမ်းကြုတ်မှုကို နှိုင်းယှဉ်မည်ဆိုလျှင် အနီရောင်ကင်းမြှီးကောက်က ပိုပြီးသာလွန်သည်။
ဤအခိုက်အတန့်မှာ ဝဲကတော့နှစ်ခုသည် ရှေးဘုရင်ဂြိုလ်၏ အရပ်မျက်နှာနှစ်ခုမှာ လှည့်ပတ်နေကြသည်။ ယင်းတို့ကြားမှာ ဆက်သွယ်မှုတစ်ခုရှိသော်လည်း ယင်းတို့က တမင်သီးခြားခွဲထွက်နေကြောင်း သိသာထင်ရှားသည်။ တခြားကောင်းကင်အရွေးချယ်ခံများသည်တော့ သူတို့၏ ပုံရိပ်များက ထိုဝဲကတော့နှစ်ခုမှ ထုတ်လွှတ်နေသော မြူခိုးအောက်မှာ နစ်မြုပ်သွားကြသည်။
“ နှစ်နာရီပဲရှိသေးတယ်… ကောင်းကင်ဘုံအမတ်တွေရဲ့ အမွေအနှစ်တွေကို ဆင်ခြင်နားလည်နိုင်တဲ့ ကျင့်ကြံသူနှစ်ယောက် ထွက်ပေါ်လာပြီ… ကြည့်ရတာ ဒီတစ်ကြိမ် ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်ပွဲက ငါတို့လူသားမျိုးနွယ်ရဲ့ ကမ္မကို ကြီးကြီးမားမား တိုးမြှင့်သွားစေတဲ့ပုံပဲ ”
“ ကံမကောင်းစွာပဲ အဲ့ဒီလူက အစစ်အမှန်ကမ္ဘာက ဖြစ်နေတယ်… ”
“ အစစ်အမှန်ကမ္ဘာက လူတွေက လူထူးဆန်းတွေချည်းပဲ… သူတို့က ပုံမှန်ဆိုရင် အေးဆေးနေပြီး ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ကြတယ်… ဒါပေမဲ့ သူတို့ရဲ့ မူဝါဒနဲ့ ပတ်သက်လာရင်တော့ သူတို့က လီထူဂိုဏ်းထက်တောင် ပိုပြီးရူးသွပ်ကြတယ် ”
ရွှီချင်းသည် ထိုဆွေးနွေးမှုများကို အာရုံမစိုက်ပေ။ သူ၏ စိတ်အာရုံက ရှေးဘုရင်ဂြိုလ်ထံမှ ဆင့်ခေါ်မှုပေါ်မှာသာ တစ်ချိန်လုံး ရှိနေသည်။ အမွေအနှစ်ရရှိသူများက ပိုပြီးများပြားလာလေ ဆင့်ခေါ်မှုက ပိုပြီးအားကောင်းလာလေဖြစ်ကြောင်း သူအတည်ပြုနိုင်သွားသည်။ အထူးသဖြင့် တစ်စုံတစ်ယောက်က ကောင်းကင်ဘုံအမတ်အမွေအနှစ်ကို ဆင်ခြင်နားလည်နိုင်သွားသည့်အခါ ဖြစ်သည်။
‘ တစ်ယောက်ယောက်က ကျင့်ကြံခြင်းအတတ်ပညာတစ်ခုကို အောင်အောင်မြင်မြင် နားလည်သွားတဲ့အခါတိုင်း အဲ့ဒါက ရှေးဘုရင်ဂြိုလ်ပေါ်က လေလွင့်စိတ်အာရုံကို စုပ်ယူလိုက်တာနဲ့ အတူတူပဲ… အဲ့ဒီလုပ်ငန်းစဉ်က ရှေးဘုရင်ဂြိုလ်ပေါ်က ချိပ်တံဆိပ်တွေကို နည်းနည်း ပြေလျော့သွားစေလိမ့်မယ်… ’
‘ အဲ့ဒါကြောင့် ဆင့်ခေါ်တဲ့ အာရုံခံစားမှုက ပိုပြီးအားကောင်းလာတာပဲ ’
ရွှီချင်းက နားလည်သွားသည်။ ထို့ကြောင့် သူ၏ အကြည့်က တိမ်တိုက်များပေါ်သို့ ကျရောက်သွားသည်။ သူက အောင်မြင်စွာ ဆင်ခြင်နားလည်နိုင်သူများ ပိုမိုများပြားစွာ ထွက်ပေါ်လာရန် မျှော်လင့်နေသည်။
ထိုအခိုက်အတန့်မှာ ရင်းနှီးကျွမ်းဝင်သော အသံသည် လူသားဧကရာဇ်၏ ဘေးမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကာ ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။
“ အရှင်မင်းကြီး… အချိန်တိုလေးအတွင်းမှာ အောင်မြင်သွားတဲ့ ကောင်းကင်အရွေးချယ်ခံတွေက ဒီလောက်များပြားနေမှတော့ ဘာဖြစ်လို့ နောက်ထပ် ချိပ်တံဆိပ်တစ်ခုကို မဖွင့်လှစ်ပေးတာလဲ ”
“ အဲ့ဒါက ဆင်ခြင်နားလည်နိုင်တဲ့ ကြာချိန်ကို တိုတောင်းသွားစေမယ်ဆိုပေမဲ့ ကလေးတွေရဲ့ အောင်မြင်နိုင်ခြေကို တိုးမြှင့်ပေးနိုင်ပါတယ် ”
ထိုစကားကို ပြောလိုက်သူသည် လူသားဧကရာဇ်၏ ဘေးတွင် ထိုင်နေသော ပရောဟိတ်ဆရာဖြစ်သည်။
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ခန်းမအရှေ့မှ အရာရှိများစွာ၏ အကြည့်သည် လူသားဧကရာဇ်ပေါ်သို့ ကျရောက်သွားကြသည်။ ရှေးဘုရင်ဂြိုလ်ကို ဖွင့်လှစ်ခြင်းတွင် ချိပ်တံဆိပ်တစ်ခုကို ဖြေလျော့လိုက်သည့်အခါတိုင်း တိမ်တိုက်များထဲတွင် လွင့်မျောနေမည့် အမွေအနှစ်များက ပိုမိုအားကောင်းလာလိမ့်မည်။ သို့သော် ကမ္မစွမ်းအား ကုန်ဆုံးမှုသည်လည်း ပိုမိုမြန်ဆန်လာလိမ့်မည်။
လူသားဧကရာဇ်သည် ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်ပြီး ပရောဟိတ်ဆရာကို စိုက်ကြည့်လိုက်သည်။
ပရောဟိတ်ဆရာက ပြုံးလိုက်သည်။
တစ်ခဏကြာပြီးနောက် လူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။
“ ခွင့်ပြုတယ် ”
သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကမ္ဘာတုန်ဟီးစေမည့် မြည်သံသည် ရှေးဘုရင်ဂြိုလ်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ လူသားမျိုးနွယ်၏ သိပ်သည်းသော ကမ္မစွမ်းအားသည် ရွှေရောင်နဂါးများသို့ အသွင်ပြောင်းလဲသွားကြကာ ဆက်လက် ဝါးမျိုလိုက်ကြသည်။
နောက်ထပ်ချိပ်တံဆိပ်တစ်ခု ဖွင့်လှစ်သွားသည်။
ပိုမိုများပြားသော တိမ်တိုက်များနှင့် မြူခိုးက ပေါ်ထွက်လာသည်။ ထွန်းလင်းတောက်ပသော ရောင်စုံအလင်းရောင်သည် ရှေးဘုရင်ဂြိုလ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ချိပ်တံဆိပ်ဖွင့်လှစ်သွားမှုကြောင့် တိမ်တိုက်များထဲမှ လူဒါဇင်ကျော်၏ ပုံရိပ်များက ပြန်လည်ထွက်ပေါ်လာကြပြီး မျက်စိတစ်မှိတ်အတွင်းမှာ ကျင့်ကြံခြင်းအတတ်ပညာများကို အောင်မြင်စွာ ဆင်ခြင်နားလည်နိုင်သွားကြသည်။
သူတို့ထဲတွင် နှစ်ယောက်သည် ကောင်းကင်ဘုံအမတ်အမွေအနှစ်ကို တိုက်ရိုက် နားလည်သွားကြသည်။
တစ်ယောက်သည် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ တော်ဝင်သားတော်ဖြစ်သည်။ ဝဲကတော့တစ်ခုသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေပြီး သူ၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းသည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှာ ဆန္ဒမရှိသော အရိပ်အယောင် ထွက်ပေါ်နေသည်။ ရှင်းလင်းစွာပင် သူက ကောင်းကင်ဘုံအမတ်၏ အမွေအနှစ်ကို ကျေနပ်မှုမရှိပေ။ သို့သော်လည်း ထိုကိစ္စကို သူဘာမှမတတ်နိုင်ပေ။
တခြားတစ်ယောက်သည်တော့ မင်းသားတစ်ပါးဖြစ်သည်။
ယင်းက ဆဌမမင်းသားဖြစ်သည်။
တော်ဝင်မင်းသားများကြားထဲတွင် ဆဌမမင်းသားက အမွေအနှစ်ကို ပထမဆုံး ဆင်ခြင်နားလည်သွားခြင်းသည် လူအများစုကို အံ့ဩသွားစေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဆဌမမင်းသားက အပျော်အပါးလိုက်စားပြီး လူပေါ်ကြော့တစ်ယောက်ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ စံအိမ်ထဲတွင် နေ့တိုင်းနီးပါး မိန်းကလေးများဖြင့် ပြည့်နှက်နေပြီး သူ့မှာ မည်သည့်ရည်မှန်းချက်မှ မရှိပေ။
စောင့်ကြည့်လေ့လာသူများ၏ အမြင်တွင် ဆဌမမင်းသားသည် ကျင့်ကြံခြင်းနှင့် အာဏာကို စိတ်မဝင်စားပေ။ သူက ကာမနှင့် အချစ်ရေးအချစ်ရာများကိုသာ လုံးဝစိတ်နှစ်ထားသည်။ သူက အမျိုးသမီးကောင်းကင်ဘုရင်ဖြစ်သော ဘုရင်ယွဲ့လန်ကို ပရောပရည်လုပ်ဖူးသည်ဟု ကောလဟာလများပင် ထွက်ပေါ်ခဲ့သည်။
သို့သော်လည်း ယခု သူက မင်းသားများကြားတွင် ပထမဆုံး အောင်မြင်သွားခဲ့သူ ဖြစ်သည်။
သူဆင်ခြင်နားလည်သွားခဲ့သော ကောင်းကင်ဘုံအမတ်အမွေအနှစ်သည်တော့ တခြားလူများနှင့် အနည်းငယ် ခြားနားသည်။ ယင်းက ပန်းသခင်ကောင်းကင်ဘုံအမတ်၏ တူနှစ်ကိုယ်ကျင့်ကြံခြင်းအတတ်ပညာ ဖြစ်သည်။
“ အဲ့ဒါက ဆဌမမင်းသားရဲ့ အကျင့်စရိုက်နဲ့ လိုက်ဖက်တယ်… ဒါကြောင့်လည်း သူက အမွေအနှစ်ကို အောင်အောင်မြင်မြင် နားလည်သွားတာပဲ ”
ခန်းမအရှေ့မှ လူများထဲတွင် တချို့သည် ရယ်မောလိုက်ကြပြီး တချို့သည် မျက်မှောင်ကြုတ်လိုက်ကြသည်။ လူသားဧကရာဇ်သည်တော့ အမူအရာကင်းမဲ့နေဆဲပင်။ မည်သူမှ သူ၏ စိတ်ခံစားချက်ကို ပြောရန် မဖြစ်နိုင်ပေ။ သူ၏ ဘေးမှ ပရောဟိတ်ဆရာသည်လည်း ပြုံးလိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။
ရွှီချင်းသည်တော့ ဆဌမမင်းသား၏ အောင်မြင်မှုကို ဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ရှေးဘုရင်ဂြိုလ်၏ ဒုတိယအဆင့် ချိပ်တံဆိပ်က ဖွင့်လှစ်သွားသည့်အခိုက် ဆင့်ခေါ်မှုက ပိုပြီးအားကောင်းလာသောကြောင့် ဖြစ်သည်။ ထို့ပြင် ကောင်းကင်ဘုံအမတ်အမွေအနှစ်များကို နောက်ထပ်နှစ်ယောက်က ဆင်ခြင်နားလည်သွားသောကြောင့် ထိုဆင့်ခေါ်မှုသည် ရွှီချင်း၏ စိတ်အာရုံထဲမှာ အလွန်အံ့ဖွယ်ကောင်းလာသည်။
တစ်ချိန်တည်းမှာ ထိုဆင့်ခေါ်မှုက သူ့တစ်ယောက်တည်းကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သူပြောနိုင်သည်။ မည်သူမှ ယင်းကို အာရုံမခံမိကြချေ။
‘ အဲ့ဒါက တကယ်ပဲ ဘာလဲ… ’
ရွှီချင်းသည် တိတ်တဆိတ် တွေးတောလိုက်သည်။
ရှေးဘုရင်ဂြိုလ်၏ ဒုတိယချိပ်တံဆိပ် ဖွင့်လှစ်သွားခြင်းက ဆင်ခြင်နားလည်နိုင်သူများကို ပိုမိုများပြားလာစေသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် လူတိုင်း၏ မျက်လုံးကို ဝင်းလက်တောက်ပသွားစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
အလွန်ကြီးမားသော မုန်တိုင်းတစ်ခုသည် ရှေးဘုရင်ဂြိုလ်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်း၏ အကျယ်အဝန်းသည် အလွန်ကြီးမားလေရာ ကြယ်ဂြိုလ်တစ်ခုလုံးအပေါ် သက်ရောက်နိုင်စွမ်း ရှိသည်။ ၎င်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်ဘုံအမတ်ဝဲကတော့အားလုံးကို ဖိနှိပ်လိုက်သည်။
မုန်တိုင်းထဲတွင် အံ့ဖွယ်ကောင်းသော ပုံရိပ်တစ်ခုသည် ရှေးခေတ်ကာလမှ ဆင်းသက်လာဟန် ရသည်။ သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး မုန်တိုင်းထဲမှာ မတ်တတ်ရပ်လိုက်လေသည်။
ထိုပုံရိပ်သည် အလွန်အမင်း ရှည်လျားသည်။ သူက သွေးနီစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အနီရောင်ဆံပင်ရှည် ရှိသည်။ သူ၏ တစ်ကိုယ်လုံးမှလည်း နန်းမြို့တော်တစ်ခုလုံးကို လှုပ်ခတ်သွားစေမည့် ဖိအားကို ထုတ်လွှတ်နေသည်။
“ ကောင်းကင်ဘုရင် ”
“ အဲ့ဒါက ညသတ်ဖြတ်သူဘုရင်ပဲ ”
“ သူက ရှေးဘုရင်ရွှမ်ယုံနောက်ကိုလိုက်ပြီး မျိုးနွယ်စု(၁၃၇)စုနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်… သူက တိုက်ပွဲမှာ သူ့ရဲ့ ရန်သူအားလုံးကို သတ်ဖြတ်ခဲ့တယ်… သူက ရှေးဘုရင်ရွှမ်ယုံဆီကနေ ညသတ်ဖြတ်သူဘုရင်ဘွဲ့ကို ချီးမြှောက်ခံရပြီး ဒေသကြီးငါးခုကို အုပ်ချုပ်ခွင့်ရခဲ့တယ် ”
ခန်းမအရှေ့မှ လူတိုင်းသည် ဆူပူအုံကြွသွားကြသည်။ နန်းမြို့တော်ထဲမှ လူများသည် တုန်လှုပ်သွားကြသည်။
ဤသည်မှာ နှစ်တစ်ထောင်ကြာပြီးနောက် ကောင်းကင်ဘုရင်အမွေအနှစ်က ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကောင်းကင်ဘုရင်၏ အမွေအနှစ်ကို ဆင်ခြင်နားလည်သွားသူသည်တော့ အထူးဂိုဏ်းများမှ ကောင်းကင်အရွေးချယ်ခံများ မဟုတ်ပေ။ ယင်းအစား အင်ပါယာကျောင်းတော်တွင် တာဝန်ထမ်းဆောင်နေပြီး ရှေးခေတ်နှင့် မျက်မှောက်ခေတ်ကို ကောင်းမွန်စွာ နားလည်ထားသော တတိယမင်းသားဖြစ်သည်။
အဝေးမှကြည့်လျှင် မုန်တိုင်းထဲမှ တတိယမင်းသား၏ ဆံပင်ရှည်သည် လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူ၏ အသွင်ပုံစံက သိမ်မွေ့နူးညံ့ဟန် ထင်ရသော်လည်း သိုင်းပညာရှင်တစ်ဦး၏ ဟန်ပန်အမူအရာက လျော့ကျမသွားပေ။ သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးထဲတွင် ဝင်းလက်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်နေလေရာ သူ့ကို ပိုပြီးအားမာန်တတ်ကြွစေပုံပေါ်သည်။
ကောင်းကင်ဘုရင်အမွေအနှစ်ကို တတိယမင်းသားက ဆင်ခြင်နားလည်သွားခြင်းသည် ခန်းမအရှေ့မှ အရာရှိအားလုံးကို ဝမ်းမြောက်သွားစေသည်။ သူတို့ကြားထဲမှာ ချီးမွမ်းသံများပင် ထွက်ပေါ်လာသည်။ အမူအရာကင်းမဲ့သော လူသားဧကရာဇ်သည်ပင် ခေါင်းညိတ်လိုက်သည်။
ထိုလူများက သူတို့၏ နှလုံးသားထဲမှ လာသည့်အတိုင်း ချီးမွမ်းနေခြင်း ဟုတ်မဟုတ်သည်တော့ အပြင်လူများက မသိနိုင်ပေ။
မည်သို့ဖြစ်ပါစေ လူသားဧကရာဇ်၏ ခေါင်းညိတ်မှုသည် သူ၏ သဘောထားကို ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ လူများစွာအတွက်တော့ ယင်းက အချက်ပြမှုတစ်ခုဖြစ်သည်။
သို့သော်လည်း တတိယမင်းသား၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည်နှင့်ချက်ချင်း ရှေးဘုရင်ဂြိုလ်သည် ထပ်မံလှုပ်ခါလာသည်။ အခြားဦးတည်ရာတစ်ခု၌ လူသားဧကရာဇ်၏ စတုတ္ထသားတော်ရှိနေသော နေရာတွင် မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များနှင့် မြူခိုးကို လှုံ့ဆော်လိုက်ပြီး ရှေးဘုရင်ဂြိုလ်ပေါ်မှ ကောင်းကင်ဘုံအမတ်များ၏ အမွေအနှစ်ဝဲကတော့အားလုံးကို ဖိနှိပ်လိုက်သည်။
၎င်းက ရှေးဘုရင်ဂြိုလ်ပေါ်တွင် ဒုတိယမြောက် အကြီးမားဆုံး မုန်တိုင်းဖြစ်လာသည်။
ရှေးဟောင်းကောင်းကင်ဘုရင်တစ်ပါး၏ ပုံရိပ်သည် တစ်လှမ်းချင်း ထွက်လျှောက်လာနေသည်။ သို့သော်လည်း ထိုရှေးဟောင်းပုံရိပ်က အပြည့်အဝ မကြည်လင်လာခင်မှာ မုန်တိုင်းထဲတွင် တင်ပျဉ်ခွေထိုင်နေသော စတုတ္ထမင်းသားသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ထုတ်ဖော်ပြလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ရင်ဘက်ပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။
ထိုလက်ဝါးရိုက်ချက်ကြောင့် သွေးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပန်းထွက်လာပြီး သွေးနီရောင်ထီးတစ်လက်သို့ ပြောင်းလဲသွားသည်။ တစ်ဆက်တည်းမှာ သွေးနီရောင်ထီးသည် သူ၏ ဦးခေါင်းထက်တွင် လွင့်မျောသွားပြီး သူ၏ ဆင်ခြင်နားလည်မှုကို ဖြတ်တောက်လိုက်သည်။
နောက်အခိုက်အတန့်မှာ မုန်တိုင်းသည် လှုပ်ခါသွားသည်။ မုန်တိုင်းအပြင်ဘက်သို့ ထွက်လျှောက်လာနေသော ကောင်းကင်ဘုရင်ပုံရိပ်၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး သူ၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးသွားသည်။ နောက်ဆုံးမှာတော့ သူက မုန်တိုင်းနှင့်အတူ လွင့်ပြယ်သွားသည်။
ထိုမြင်ကွင်းသည် လူတိုင်းကို မျက်တောင်ခတ်သွားစေသည်။ မုန်တိုင်းထဲမှ တတိယမင်းသားသည် ထိုမြင်ကွင်းကို မြင်သွားသောအခါ သူ၏ အမူအရာက မည်းမှောင်သွားသည်။
“ သူက ကောင်းကင်ဘုရင်တစ်ပါးရဲ့ အမွေအနှစ်ကို တကယ်ကြီး လက်လျော့လိုက်တယ် ”
“ ရှေးဘုရင်ဂြိုလ်ပေါ်မှာ ဆင်ခြင်နားလည်ဖို့ အခွင့်အရေးတစ်ခါပဲ ရှိတယ်… မင်းက အမွေအနှစ်နဲ့ ပေါင်းစည်းပြီးသွားတာနဲ့ နောက်ထပ် ဆင်ခြင်နားလည်ဖို့ အခွင့်အရေးမရှိတော့ဘူး… စတုတ္ထမင်းသားက အမွေအနှစ်နဲ့ မပေါင်းစည်းခင်မှာ သူ့ရဲ့ ဆင်ခြင်နားလည်တာကို ဖြတ်တောက်ပစ်လိုက်တယ်ဆိုတော့ သူ့မှာ အခွင့်အရေးတစ်ခု ရှိနေသေးတယ် ”
“ သူက ကောင်းကင်ဘုရင်ရဲ့ အမွေအနှစ်ကို မကျေနပ်ဘူးလား… ကြည့်ရတာ သူ့ရဲ့ ရည်ရွယ်ချက်က မဟာဧကရာဇ်ရဲ့ အမွေအနှစ်ဖြစ်လိမ့်မယ်… တကယ်လို့ သူအောင်မြင်သွားရင် သူရဲကောင်းလို့ သမုတ်ခံရလိမ့်မယ်… ဒါပေမဲ့ သူကျရှုံးသွားရင်တော့ ငတုံးကို အခေါ်ခံရလိမ့်မယ် ”
စတုတ္ထမင်းသား၏ လုပ်ရပ်သည် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားသည်။ လူတချို့သည် ခန်းမအရှေ့မှ ပရောဟိတ်ဆရာကို လှမ်းကြည့်လိုက်ကြသည်။
စတုတ္ထမင်းသားသည် ပရောဟိတ်ဆရာ၏ တပည့်ရင်းဖြစ်သည်။ ကောင်းကင်ဘုရင်အမွေအနှစ်ကို တတိယမင်းသားက အောင်မြင်စွာ ရရှိသွားပြီးနောက် လူသားဧကရာဇ်၏ သဘောထားကို သူတို့ပြန်စဉ်းစားလိုက်သည့်အခါ ဤလုပ်ရပ်၏ နောက်ကွယ်တွင် ပိုပြီးလေးနက်သော အဓိပ္ပာယ်တစ်ခုရှိကြောင်း ရှာတွေ့သွားကြသည်။
ခန်းမအရှေ့မှ လေထုသည် မတည်မငြိမ်ဖြစ်လာသည်။ သို့သော်လည်း ရွှီချင်းသည် ထိုကိစ္စများကို အာရုံမစိုက်နိုင်ပေ။ သူက ရှေးဘုရင်ဂြိုလ်ပေါ်မှ ဆင့်ခေါ်မှုကို အဓိကအာရုံစိုက်နေဆဲ ဖြစ်သည်။
သို့သော်လည်း သူက မျက်မှောင်ကြုတ်သွားဆဲပင်။
အစက စတုတ္ထမင်းသား၏ ဆင်ခြင်နားလည်မှုသည် ထိုဆင့်ခေါ်မှု၏ အားလှိုင်းအတတ်အကျကို ကြီးကြီးမားမား ပိုပြီးအားကောင်းလာစေခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက လက်လျော့သွားသောကြောင့် ဆင့်ခေါ်သော စိတ်ဆန္ဒက ငြိမ်သက်သွားသည်။
ရွှီချင်း၏ အကြည့်က စတုတ္ထမင်းသားပေါ်သို့ ကျရောက်သွားသည်။ သူက ထိုမင်းသားကို စိတ်ထဲမှ သဘောမကျသော်လည်း တစ်ဖက်လူ၏ နားလည်နိုင်စွမ်းသည် အမှန်တကယ် အံ့ဖွယ်ကောင်းကြောင်း သူဝန်ခံရလိမ့်မည်။
နောက်ထပ်ဆယ့်ငါးမိနစ်ကြာပြီးနောက် ရှေးဘုရင်ဂြိုလ်တစ်ခုလုံးသည် တစ်ခါမှမဖြစ်စဖူး ရုတ်တရက် တုန်ခါလာပြီး အလွန်ကျယ်ပြောသော အားလှိုင်းအတတ်အကျများကို လှုံ့ဆော်လိုက်သည်။ ရွှေရောင်နဂါးများသည် မာန်ဖီဟိန်းဟောက်လိုက်ကြသည်။ လူသားမျိုးနွယ်၏ ကမ္မစွမ်းအားသည် ပင်လယ်ကြီးတစ်စင်းနှယ် လှုပ်ရှားထကြွလာသည်။
တောက်ပသော ရောင်စုံအလင်းရောင်သည်လည်း ရှေးဘုရင်ဂြိုလ်ထံမှ ပေါ်လျှိုးလာပြီး ကောင်းကင်ဘုရင်၏ အမွေအနှစ်မုန်တိုင်းကို ဖိနှိပ်လိုက်သည်။ ယင်းက နန်းမြို့တော်ထဲမှ မရေမတွက်နိုင်သော လူများ၏ စိတ်အာရုံကိုလည်း ဆွဲဆောင်သွားသည်။ နန်းတော်အရှေ့မှ လူများသည်ပင် တည်ကြည်လေးနက်သွားပြီး မတ်တတ်ရပ်လိုက်ကြသည်။
“ ဒီအားလှိုင်းအတတ်အကျက… ”
“ အဲ့ဒါက ကောင်းကင်ဘုရင်ရဲ့ အမွေအနှစ်ထက် သာလွန်တယ်… မဟုတ်မှ… ”
နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ နန်းမြို့တော်ထဲမှ သက်ရှိအားလုံးသည် ထိုအဖြစ်အပျက်ကို အာရုံစိုက်လာကြသည်။ လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ စတုတ္ထမင်းသားသည် သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးဖိထားနိုင်ပေ။ သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး အပေါ်ကို ကြည့်လိုက်သည်။
သူ၏ ဦးခေါင်းထက်တွင် လူသားမျိုးနွယ်၏ ဘိုးဘေးပုံရိပ်များက အထင်အရှား ထွက်ပေါ်လာကြသည်။ သူတို့ထဲမှာ ကောင်းကင်ဘုံအမတ်များနှင့် ကောင်းကင်ဘုရင်များပင် ပါရှိကြသည်။
ထိုလူသားမျိုးနွယ်ဘိုးဘေးများသည် ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါနှင့်အတူ ထွက်ပေါ်လာကြသည်။ ပိုပြီးထိတ်လန့်ဖွယ်ကောင်းသည်မှာ သူတို့အားလုံးက စတုတ္ထမင်းသား၏ ဦးတည်ရာထံသို့ အရိုအသေပေးလိုက်ကြသည်။
ထိုမြင်ကွင်းသည် လူတိုင်း၏ အသိစိတ်ကို ပေါက်ကွဲထွက်သွားစေသည်။ အဘယ့်ကြောင့်ဆိုသော် ရှေးဟောင်းစာအုပ်များအရ ထိုသို့မြင်ကွင်းကို ဖြစ်ပေါ်စေနိုင်သည်မှာ တစ်စုံတစ်ယောက်က မဟာဧကရာဇ်၏ အမှတ်သင်္ကေတကို အောင်မြင်စွာ ဆင်ခြင်နားလည်နိုင်သွားမှသာ ဖြစ်သည်။
ဤသည်မှာ လူသားဧကရာဇ်ရွှမ်ကျန်း နန်းတတ်ပြီးနောက် ပထမဆုံးအကြိမ် ထိုသို့ကိစ္စမျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လူသားမျိုးနွယ်ဘိုးဘေးများသည်တော့ သူတို့က စတုတ္ထမင်းသားကို အရိုအသေပေးနေကြခြင်း မဟုတ်ပေ။ ယင်းအစား စတုတ္ထမင်းသား၏ အနောက်ရှိ ရှေးဘုရင်ဂြိုလ်ပေါ်မှ ကုန်းမြေပေါ်တွင် အံ့ဩဖွယ်ကောင်းစွာ မြှောက်တတ်လာနေသော တောင်တန်းတစ်ခုကို ဖြစ်သည်။
တောင်တန်းက လေထဲသို့ မြှောက်တတ်သွားပြီးနောက် ဆက်လက် အက်ကွဲထွက်သွားသည်။ ထို့နောက် ထက်ရှသော အရှိန်အဝါကို ထုတ်လွှတ်နေသော ပစ္စည်းတစ်ခုသည် တောင်တန်းထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ယင်းက ဓားတစ်လက် ဖြစ်သည်။
ထိုဓားသည် ဓားကိုင်ဧကရာဇ်၏ လက်စွဲတော် ဧကရာဇ်ဓားဖြစ်သည်။
လူသားဧကရာဇ်ရွှမ်ကျန်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဧကရာဇ်ဓားကို တည်ကြည်လေးနက်သော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏ အနောက်မှ အရာရှိများသည်လည်း မတ်တတ်ရပ်လိုက်ကြသည်။ သူတို့အားလုံးက စတုတ္ထမင်းသားထံသို့ ဝင်းလက်တောက်ပသော မျက်လုံးဖြင့် ကြည့်လိုက်ကြသည်။
တခြားမင်းသားများသည်လည်း ထိတ်လန့်သွားကြသည်။
ထိုမျှကြီးကျယ်ခမ်းနားသော အရှိန်အဝါနှင့် အမွေအနှစ်သည် စတုတ္ထမင်းသား၏ ပုံရိပ်ကို ပိုပြီးထင်သာမြင်သာစေသည်။
စတုတ္ထမင်းသားက လေထဲသို့ ပျံတတ်သွားနေသော ဧကရာဇ်ဓားကို စိတ်လှုပ်ရှားစွာ လက်ခံယူရန် ပြင်လိုက်စဉ် ရွှီချင်းသည်လည်း ခန်းမအရှေ့မှာ မတ်တတ်ရပ်လိုက်သည်။ သူက ဧကရာဇ်ဓားကို တည်ကြည်လေးနက်စွာ စိုက်ကြည့်လိုက်သည်။ ထိုဓားထံမှ ဆင့်ခေါ်မှုကို သူအာရုံခံမိသည်။
ထို့ကြောင့် သူက လက်မြှောက်လိုက်လေသည်။
ရှေးဘုရင်ဂြိုလ်ပေါ်တွင် ဧကရာဇ်ဓားသည် ရုတ်တရက် တုန်ယင်လာပြီး စူးရှသော ဓားဟိန်းသံကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ၎င်းက ပျံသန်းထွက်လာပြီး စတုတ္ထမင်းသားကို ဖြတ်ကျော်သွားသည်။
စတုတ္ထမင်းသားသည် ဆွံ့အသွားပြီး သူ့အား ဖြတ်ကျော်သွားသော ဧကရာဇ်ဓားကို ကြည့်လိုက်သည်။ ဧကရာဇ်ဓားထံမှ ထွက်ပေါ်လာသော စွမ်းအင်အတတ်အကျများအောက်မှာ သူက တခြားရွေးချယ်စရာမရှိဘဲ အနောက်ဆုတ်လိုက်ရသည်။ သို့သော်လည်း သူ၏ အကြည့်သည် ဧကရာဇ်ဓားနောက်သို့ လိုက်ပါသွားပြီး နန်းတော်၏ ဦးတည်ရာဆီသို့ ကျရောက်သွားသည်။
ဧကရာဇ်ဓားသည် တဝီဝီမြည်သံနှင့်အတူ နန်းတော်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။