ပေ ၉၀.. အန္တိမ
Vol. 84 Ch. 1247
ဓမ္မပညာရပ် ၃၀ ကျော်ဆင်းသက်လာပြီး ဝါးသစ်တောတစ်ခုလုံးက ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရ၏။ ကြောက်စာကောင်းသော ဓမ္မပညာရပ်များအောက်တွင် ဝါးပင်များအားလုံးသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲ၍ ကြေမှုန့်ကုန်၏။
“ဘယ်လောက်တောင်... ကြောက်စရာကောင်းလိုက်သလဲ”
ဘေးကနေ စောင့်ကြည့်နေသော ချင်ဖျန်ရန်သည် အံအားတသင့်ရေရွတ်လိုက်ရ၏။
သူမသည် ဓားဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဖြစ်ပြီး ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတား ပေါင်းစုံကို တွေ့မြင်ဖူးခဲ့၏။ ယခင်... ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် တာအိုအရှင်အင်မော်တယ်ဓားသည် သူမ၏ စီနီယာအစ်ကိုဖြစ်၏။
သို့သော်လည်း တာအိုအရှင်အင်မော်တယ်ဓားပင်လျှင် ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်၍ ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ပေ။
အဲ့ဒါတွေက ထိပ်တန်းအဆင့် ဓမ္မပညာရပ် ၃၀ ကျော်ဖြစ်လေသည်။
လူသားများသည် အကန့်အသတ်ရှိပြီး ကျင့်ကြံသူများအနေဖြင့် ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ် တစ်ခုနှစ်ခုကိုသာ နားလည်ဆင်ခြင်နိုင်ကြ၏။
သူတို့သည် ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ် သုံးခု လေးခုလောက်ကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် အဲ့ဒါက သူတို့၏ အကန့်အသတ်ဖြစ်နေခဲ့လေပြီ။
ဆူဇီမိုကဲ့သို့ ဓမ္မပညာရပ် ၃၀ ကျော်ကို ချက်ချင်းထုတ်ဖော်လိုက်သည့် မြင်ကွင်းမျိုးသည် တကယ့်ကိုမကြုံစဖူး အံ့မခန်းဖြစ်ပြီး တုန်လှုပ်စရာကောင်းလေသည်။
ယန်ပေးချန်သည်လည်း ခေါင်းညိတ်လိုက်ရ၏။
“ဇီမိုက... ဆယ်နှစ်ကျော်ကြာရုံနဲ့ ဒီအဆင့်ထိ အသွင်ပြောင်းလဲသွားခဲ့တယ်ဆိုတော့...”
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က အသွန်းတစ်ရာဂိုဏ်းတွင် ဆူဇီမိုက မူလနတ္ထိအဆင့်မှာသာရှိနေခဲ့၏။
“အား...”
တာအိုအရှင်အမုန်းသည်လည်း ဖိအားကိုခံစားလိုက်ရပြီး ရုတ်တရက် ကောင်းကင်ထက်သို့ မာန်ဖီဟိန်းဟောက်လိုက်၏။
သူ၏ ဟိန်းဟောက်သံက ဝမ်းနည်းပူဆွေးဖွယ်ရာနှင့် ချောက်ချားဖွယ်ကောင်းနေပြီး လူတစ်ယောက်၏ စိတ်နှလုံးကို အထိန်းအကွပ်မဲ့စွာ ပျာယာခတ်သွားစေ၏။
အသံပိုင်းဆိုင်ရာ တိုက်ခိုက်တစ်ရပ်....
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်အရ သူ၏စိတ်ကို လှုပ်ခတ်စေနိုင်သော အသံပိုင်းဆိုင်ရာတိုက်ခိုက်မှုများက အနည်းအကျဥ်းမျှသာရှိလေသည်။ သို့သော်လည်း ထိုဟိန်းဟောက်သံ ထွက်ပေါ်လာသည့်အချိန်မှာပင် သူက မျက်မှောင်ကြုတ်လိုက်ရ၏။
ဤအသံပိုင်းဆိုင်ရာတိုက်ခိုက်မှုသည် သူ၏ နားစည်ကိုသာ သက်ရောက်စေခြင်းမဟုတ်ဘဲ သူ၏ စိတ်နှင့် အမြုတေစိတ်ဝိညာဥ် အပေါ်မှာပင် သက်ရောက်လာခဲ့၏။
အမုန်းသုတ္တန်က တကယ့်ကို ကြောက်စရာကောင်း၏။
“သတ်....”
ဆူဇီမိုက နမော်နမဲ့ ပြုမူရဲခြင်းမရှိဘဲ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ခုခံဖို့အတွက် ထုတ်ဖော်လိုက်ရ၏။
ဘန်း.... ဘုန်း.. ဘုန်း
သူ၏အသံက မိုးကြိုးသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းပြီး နတ်ဆိုးများကို ဖိနှိမ်နိုင်သည့် ကျယ်ပြော၍ ဖြောင့်မတ်မှန်ကန်သည့် စွမ်းအားတစ်ခုကို ဖြာထွက်လာစေ၏။
ထိုသို့ဆိုလျှင်တောင် သူက တာအိုအရှင်အမုန်းကို ဖိနှိမ်နိုင်ခြင်းမရှိပေ။
ထိုဝမ်းနည်းပူဆွေးဖွယ်ရာ ဟိန်းဟောက်သံအပြီး၌ အကန့်အသတ်မဲ့သော အမုန်းတရားတစ်ခုသည် တာအိုအရှင်အမုန်း၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး ၎င်းက ၎င်း၏ အကန့်အသတ်ထိ ချက်ချင်းပင် မြင့်တက်သွားခဲ့လေသည်။
ဖြစ်စဥ်တစ်ခုလုံးသည် နာကျင်မှုများ စိတ်ပျက်အားငယ်မှုများနှင့် အမုန်းတရားများကို တွေ့ကြုံခဲ့ပြီး ကြီးမားသော အပြောင်းအလဲများကို ကျော်ဖြတ်ခဲ့ရသော လူတစ်ယောက်နှင့် ဆင်တူနေ၏။
အကန့်အသတ်မဲ့သော အမုန်းက ပေါက်ကွဲထွက်ပေါ်လာပြီး မိစ္ဆာဆေဘာပတ်လည်မှာ လှည့်ပတ်ကာ နက်မှောင်နေသော ဧရာမဆေဘာအလင်းတစ်ခုကို ဖြစ်ပေါ်စေပြီး ဓမ္မပညာရပ် ၃၀ ကျော်ကို ခုတ်ပိုင်းချလိုက်၏။
ဘုန်း...
ထိပ်တန်းအဆင့် ဓမ္မပညာရပ် ၃၀ ကျော်သည် နက်မှောင်နေသော ဆေဘာအလင်းနှင့် ထိတွေ့ရိုက်ခတ်သွားပြီး ကျယ်လောင်သော မြည်ဟိန်းသံကို ထွက်ပေါ်စေကာ တစ်လောကလုံးကို တုန်ခါသွားစေ၏။
သူတို့ ထိတွေ့ရိုက်ခတ်ရာနေရာကနေ ပြိုးပြိုးပြက်ပြက် အလင်းများက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
ကြီးမားသော စွမ်းအင်အတက်အကျတစ်ခုသည် အဘက်ဘက်သို့ ဖြန့်ကြက်သွားသော စက်ဝန်းသဏ္ဌာန် အဟန့်အတားတစ်ခုကို ဖြစ်ပေါ်လာစေပြီး တောအုပ်ထဲရှိ ငွားငွားစွင့်စွင့် မြင့်မားသော ရှေးဟောင်းသစ်ပင်များစွာကို ချက်ချင်းပင် ပိုင်းဖြတ်ချလိုက်၏။
ရွှံ့ခဲများက မှောက်လှန်သွားပြီး ဖုန်များက တထောင်းထောင်းထကာ ကမ္ဘာပျက်ကပ်ဘေးတစ်ခုက ရောက်ရှိလာတော့မည့်အလားပင်။
တောအုပ်ထဲရှိ မရေမတွက်နိုင်သော မိစ္ဆာသားရဲများသည် ကြောက်လန့်တကြားဖြင့် ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြ၏။
တာအိုအရှင်အမုန်းက လုံးဝနောက်ဆုတ်သွားခဲ့ခြင်း မရှိပေ။
သူသည် ဆူဇီမိုထုတ်ဖော်လိုက်သော ဓမ္မပညာရပ် ၃၀ ကျော်ကို ခုခံလိုက်နိုင်၏။
အမုန်းသုတ္တန်က အရမ်းကိုကြောက်စရာကောင်းလေသည်။
ဆူဇီမိုလက်ခံရရှိထားသော အမွေအနှစ် ၃၀ ကျော်ကို ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်များ သို့မဟုတ် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများ ချန်ထားရစ်ခဲ့ခြင်းဖြစ်၏။ သို့သော်လည်း သူတို့သည် အမုန်းသုတ္တန်နှင့်ယှဥ်လျှင် နိမ့်ကျနေဆဲ ဖြစ်၏။
နောက်ဆုံးမှာတော့ ဤရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများအားလုံးသည် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိပေ။
သို့သော်လည်း... မိစ္ဆာဧကရာဇ်အမုန်းသည် ရှေးဟောင်းခေတ်၏ ဧကရာဇ်တစ်ပါးဖြစ်ခဲ့လေသည်။
သူတို့ကြား ကွာဟချက်က သိသာထင်ရှားလွန်း၏။
တကယ်တော့... တာအိုအရှင်အမုန်းသည် အစစ်အမှန်မိစ္ဆာဧကရာဇ်အမုန်းမဟုတ်ပေ။
ဓမ္မပညာရပ် ၃၀ ကျော်သည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး တာအိုအရှင်အမုန်းကို မဖိနှိမ်နိုင်သော်လည်း သူ့အနေဖြင့် အနိုင်ရရှိဖို့ကလည်း မဖြစ်နိုင်ပေ။
သူတို့နှစ်ယောက်သည် မျှခြေတစ်ခုမှာ လွန်ဆွဲသွားပြီး လုံးဝအလျှော့ပေးခြင်းမရှိဘဲ သူတို့၏စွမ်းအားများကို အဆက်မပြတ် လှည့်ပတ်လိုက်ကြ၏။
သူတို့နှစ်ယောက်ကြားအော်ရာက လျင်မြန်စွာမြင့်တက်လာခဲ့၏။
နောက်ဆုံးမှာတော့ သူတို့ခန္ဓာကိုယ်နှစ်ခုအတွင်းရှိ ဓမ္မစွမ်းအားများသည် အထွတ်အထိပ်အမှတ်တစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။
သူတို့ထဲ မည်သူကမှ ထိုဖိအားကို ခံနိုင်ရည်မရှိကြတော့ပေ။
ဘုန်း... ဘုန်း
တစ်ချိန်တည်းနီးပါးမှာပင် ကြီးမားသော ပုံရိပ်ယောင်တစ်ခုစီက သူတို့၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်ပေါ်လာပြီး လျင်မြန်စွာ မြင့်တက်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုစီဖြာထွက်လာကြ၏။
သူတို့နှစ်ယောက်စလုံးသည် တစ်ချိန်တည်းမှာပင် သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ များကို ထုတ်ဖော်လိုက်ကြ၏။
ဆယ်ပေ....
ပေ ၃၀...
ပေ ၈၀...
၈၅ ပေ...
တစ်ခဏအတွင်းမှာပင် ဆူဇီမို၏ ရူလိုင်းဓမ္မခန္ဓာသည် ပေ ၈၀ အမြင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
တာအိုအရှင်အမုန်း၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကတော့ ၈၅ ပေမှာ ရပ်တန့်မသွားဘဲ ပေ ၉၀ ထိ မြင့်တက်သွားခဲ့၏။
ပေ ၉၀... အန္တိမဓမ္မဝိသေသတစ်ခု....။
ယန်ပေးချန်နှင့် ချင်ဖျန်ရန်က တုန်လှုပ်သွားရ၏။
တာအိုအရှင်အမုန်း၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို အရင်က မည်သူကမှ မတွေ့မြင်ဖူးခဲ့သည့်အတွက် ၎င်းက ဘယ်လောက်ထိမြင့်မားလဲ မည်သူကမှ မသိရှိကြပေ။
ယခုအခါ ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက နောက်ဆုံးမှာ ဆင်းသက်လာခဲ့လေပြီ။
သမိုင်းတစ်လျှောက်တွင် အချိန်ကာလများစွာ ဖြတ်ကျော်ခဲ့ပြီး အဲ့ဒီမှာ ၈၈ပေ သို့မဟုတ် ၈၉ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို စုဖွဲ့နိုင်သည့် ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားများစွာ ပေါ်ထွက်ခဲ့ဖူး၏။ သို့သော်လည်း အန္တိမဓမ္မဝိသေသကို စုဖွဲ့နိုင်သည့်သူက အနည်းအကျဥ်းမျှသာ ရှိခဲ့၏။
လွန်ခဲ့သည့်နှစ်တစ်သောင်းအတွင်း အဆုံးစွန်မီးက တစ်ဦးတည်းသောသူဖြစ်ခဲ့၏။
သို့သော်... ယခုအခါ နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက် တာအိုအရှင်အမုန်းက ထွက်ပေါ်လာခဲ့လေပြီ။
ပေ ၉၀ အန္တိမဓမ္မဝိသေသများကြားမှာတောင် သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကွာခြားမှုရှိကြ၏။
အနည်းဆုံးတော့ တာအိုအရှင်အမုန်း ထုတ်ဖော်လိုက်သော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် စွမ်းအားကြီးပုဂ္ဂိုလ် အဆုံးစွန်မီး၏ သွေးနီရောင်မီးတောက် ဓမ္မခန္ဓာထက် အနည်းငယ်ပိုသန်မာကြောင်း ယန်ပေးချန်က ခံစားမိနိုင်၏။
တာအိုအရှင်အမုန်း၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက အရမ်းကိုထူးဆန်းလေသည်။
သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူ၏ဆံပင်များက ဖြူဖွေးနေ၏။ ဒါ့အပြင် သူက ဆူဇီမိုကို ကျောပေးထားပြီး နက်မှောင်နေသော ဆေဘာတစ်လက်ကို ကိုင်ဆွဲထား၏။ ထိုဓမ္မဝိသေသ၏ နောက်ကျောသည် အထီးကျန်၍ ဝမ်းနည်းပူဆွေးဖွယ်ရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
သို့သော်လည်း... ထိုနောက်ကျောမြင်ကွင်းတစ်ခုတည်းကပင် ရူလိုင်းဓမ္မခန္ဓာကို တုန်ယင်သွားစေ၏။
၈၅ ပေ ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသသည် အဆင့်တူခြင်းမှာ မည်သူ့ကိုမဆို စီးပိုးခြယ်လှယ်ရန် လုံလောက်အောင်သန်မာနေခဲ့ပြီးသားဖြစ်၏။
သို့သော်လည်း ပေ၉၀ အန္တိမဓမ္မဝိသေသတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ကွာဟချက်က ကြီးမားလွန်းနေသေး၏။
အသွန်းတစ်ရာဂိုဏ်း တိုက်ပွဲမှာတုန်းက တာအိုအရှင်အင်မော်တယ်ဓား၏ ၈၉ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အဆုံးစွန်မီး၏ သွေးနီရောင်မီးတောက် ဓမ္မခန္ဓာကို ရှုံးနိမ့်ခဲ့ရ၏။
ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကတော့ ၈၅ပေသာလျှင် ရှိလေသည်။
ချင်ဖျန်ရန်က စိုးရိမ်ပူပန်သည့်ပုံပေါက်လာ၏။
သူမ၏ လက်ဖဝါးကို ဆုပ်ကိုင်ထားသော ယန်ပေးချန်၏လက်သည် ချွေးစေးများဖြင့်စိုနေပြီဖြစ်ကြောင်း သူမက ရှင်းလင်းစွာ ခံစားရ၏။
“ဖျန်ရန်... အခြေအနေကတော့ မကောင်းတော့ဘူး”
ရုတ်တရက် ယန်ပေးချန်က ပြောလိုက်၏။
“အရင်ဆုံး... မင်းထွက်သွားလိုက်... ငါက နောက်ပိုင်း ဇီမို့ကိုကူညီပေးရမယ်”
“ပေးချန်... ရှင့်ရဲ့အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရထားတယ်လေ... ရှင်က တိုက်ခိုက်လို့မရဘူး”
ချင်ဖျန်ရန်က အလောတကြီးပြောလိုက်၏။
“နောက်ပြီး... တာအိုရောင်းရင်းဆူက ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသနှစ်ခုကို ကျင့်ကြံထားတယ်လို့ ကျွန်မကြားထားတယ်... အဲ့ဒီမှာအပြောင်းအလဲတစ်ခုခု ရှိရင် ရှိလာဦးမှာပေါ့”
“ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသနှစ်ခုကလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး... ၈၅ပေ မြင့်မားတဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသနဲ့ အန္တိမဓမ္မဝိသေသကြားမှာ ကွာဟချက်က အရမ်းကိုကြီးမားလွန်းနေတယ်”
ယန်ပေးချန်က သုန်မှုန်နေသာ အမူအရာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်၏။
ဘုန်း....
ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ နောက်ထပ်ကျယ်လောင်သော ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာခဲ့၏။
နောက်ထပ် ပုံရိပ်ယောင်တစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်လာခဲ့၏။
ဒုတိယမြောက် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ.. ၈၅ပေ မြင့်မားသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ...။
ရူလိုင်းဓမ္မခန္ဓာသည် အန္တိမဓမ္မဝိသေသတစ်ခု၏ ဖိအားကို ဘယ်လိုမှခုခံနိုင်လိမ့်မည်မဟုတ်ပေ။ အဲ့ဒါက မတိုက်ခိုက်ခင်မှာပင် ရှုံးနိမ့်နေပြီးလေပြီ။
ရူလိုင်းဓမ္မခန္ဓာနှင့် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ဆူဇီမို၏နောက်မှာ ဘေးချင်းယှဥ်ရပ်ပြီး စွမ်းအားကြီးသော အော်ရာများကို ဖြာထုတ်ပေးကာ တာအိုအရှင်အမုန်း၏ အန္တိမဓမ္မဝိသေသနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
“ဟီးဟီး... မင်းက နောက်ဆုံးတော့ မင်းရဲ့ ဒုတိယမြောက် ဓမ္မဝိသေသကို ထုတ်ဖော်လိုက်ပြီပေါ့လေ”
တာအိုအရှင်အမုန်းကရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ပြီးတဲ့နောက် မကြုံစဖူးအံ့မခန်း ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသနှစ်ခုကို ဆင့်ခေါ်နိုင်ခဲ့တယ်လို့ ငါကြားထားတယ်... ကျင့်ကြံရေးလောကတစ်ခုလုံးက မင်းကို ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးလို ချီးကျူးနေကြတာပဲ”
“ဒီနေ့မှာတော့... ငါမင်းကို တစ်စုံတစ်ရာသိခွင့်ပေးလိုက်မယ်.. အန္တိမဓမ္မဝိသေသရဲ့ရှေ့မှာ မင်းရဲ့ ၈၅ပေ မြင့်မားတဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတွေက ဘာမှဟုတ်မနေဘူး”
တာအိုအရှင်အမုန်း၏ နောက်ဘက်တွင် မတ်တတ်ရပ်နေသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက ရုတ်တရက် လှည့်လာခဲ့လေသည်။
ဆူဇီမိုသည် ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ဆတ်ခနဲ တုန်ယင်ကာ သူ၏တာအိုနှလုံးသားက လဲပြိုကျလုနီးပါးဖြစ်သွားရ၏။