ဖြောင့်မှတ်မှန်ကန်မှု
Vol. 84 Ch. 1253
ယခုအချိန်တွင် ဆူဇီမိုသည် သူ၏ ဓမ္မဝိသေသအော်ရာကိုသာ ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်၏။
သူသည် သူ၏အစစ်အမှန်သွင်ပြင်နှင့် သူ၏အမည်ကိုပြောဆိုလိုက်လျှင် ထိုကျင့်ကြံသူများသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ခြေထောက်များပျော့ခွေ၍ မြေပြင်ပေါ်ကို ဒူးထောက်ကျသွားပေလိမ့်မည်။
ကျင့်ကြံသူတစ်ယောက်က အလောတကြီးပြောဆိုလိုက်၏။
“ကျုပ်တို့လည်း... ဒီမဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းရဲ့ ဇာစ်မြစ်ကိုမသိကြပါဘူး”
“ကျုပ်တို့ကြားဖူးတာက... အဲ့ဒါက လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကမှ တောင်ပိုင်းဒေသမှာ ပထမဆုံးပေါ်ထွက်လာခဲ့တာပဲ”
“အဲ့ဒီနောက်တော့... မကြာမကြာ ဆိုသလို မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ တစ်နေရာရာမှာ ပေါ်ထွက်လာတတ်ပြီး ကျင့်ကြံသူများစွာကို ဆွဲဆောင်နိုင်ခဲ့တယ်”
ဆူဇီမိုက တွေဝေရှုပ်ထွေးသွား၏။
အဲ့ဒါက တကယ့်ကိုရှုပ်ထွေးထူးဆန်းလေသည်။
ရှေးဟောင်းအပျက်အစီးနယ်မြေများနှင့် ဘိုးဘေးလိုဏ်ဂူများကဲ့သို့ အရာများသည် များသောအားဖြင့် တိကျသော နေရာတစ်ခုတည်းမှာသာ ရှိတတ်ကြလေသည်။ ရွေ့လျားနေသော ရှေးဟောင်းဘုရားကျောင်းတစ်ခုကို ဆူဇီမိုက ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။
“ငါကြားတာတော့... မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက တောင်ပိုင်းဒေသမှာ ဆင်းသက်လာတုန်းက ကျင့်ကြံသူတစ်ယောက်က အဲ့ဒီထဲကို အမှတ်တမဲ့ဝင်ရောက်သွားပြီး အရမ်းကိုစွမ်းအားကြီးမားတဲ့ရှေးဟောင်းဓမ္မလက်နက်တစ်ခုကို ရရှိခဲ့တယ်တဲ့... အဲ့ဒါက အတော်လေး ဂယက်ရိုက်သွားပြီး ကျင့်ကြံသူများစွာက အဲ့ဒါကို စွန့်စားဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်”
ခဏမျှရပ်တန့်ပြီးနောက် ထိုကျင့်ကြံသူ၏ မျက်လုံးထဲတွင် ကြောက်ရွံမှုတစ်စွန်းတစ်စက ပေါ်ထွက်လာခဲ့၏။
“ဒါပေမယ့်လို့.... အဲ့ဒီမဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲကိုဝင်ရောက်သွားတဲ့ ကျင့်ကြံသူဆယ်ယောက်မှာ တစ်ယောက်လောက်အသက်ရှင်ရက် ပြန်ထွက်လာမယ်ဆိုရင်တောင် တော်တော်ကံကောင်းလှပြီဆိုရမယ်”
ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“အဲ့ဒီကို စွန့်စားဝင်ရောက်ကြတဲ့ ကျင့်ကြံသူတွေက ဘယ်အဆင့်တွေမှာရှိကြလဲ”
“အားအနည်းဆုံးကတော့ ဓမ္မဝိသေသအဆင့်ပဲ... ကျုပ်ကြားတာတော့ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်အချို့တောင် ပါတယ်လို့ဆိုတယ်”
ဘေးဘက်တွင်ရှိသော ကျင့်ကြံသူများက အသည်းအသန်ဝင်ရောက်ပြောဆိုလိုက်ကြ၏။
ဆူဇီမိုက မေးလိုက်လေသည်။
“ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲ ဝင်ရောက်တော့ရော တစ်စုံတစ်ရာ ဖြစ်ပျက်သေးလား”
“ကျုပ်ကြားတာတော့... ဒီနှစ်တွေထဲမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အနည်းဆုံးအယောက်တစ်ရာလောက်က မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲကိုဝင်ရောက်သွားပြီး ဘယ်တော့မှ ပြန်ထွက်မလာကြတော့ဘူး”
ကျင့်ကြံသူတစ်ယောက်က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် သုန်မှုန်စွာပြောဆိုလိုက်၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက်တစ်ရာ...
အဲ့ဒါက အလွန်များပြားသည့် ပမာဏဖြစ်၏။
ဥပမာအားဖြင့် အဆင့်မြင့်ဂိုဏ်းများထဲမှတစ်ဂိုဏ်းအနေဖြင့် ကျားနဂါးဂိုဏ်းတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀ ဦးထက် ပိုမရှိပေ။
ကြည့်ရသည်မှာ ဤမဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသည် အရမ်းကို အန္တရာယ်များသည့်နေရာတစ်ခုဖြစ်နေ၏။
ခဏမျှ စဥ်းစားတွေးတောပြီးနောက် ဆူဇီမိုက ထပ်မေးလိုက်၏။
“အဲ့လိုဆိုရင်တောင်... အဲ့ဒီထဲကို စွန့်စားဝင်ရောက်ချင်ကြတဲ့ ကျင့်ကြံသူတွေ ရှိနေကြတုန်းပဲလား”
“ရှိတာပေါ့...”
မူလနတ္ထိတစ်ယောက်က ခေါင်းညိတ်ပြလိုက်၏။
“ပြောကြတာတော့... မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲကနေ ပြန်ထွက်လာနိုင်တဲ့ ကျင့်ကြံသူတွေက တကယ်ပဲ ကြီးမားတဲ့အကျိုးအမြတ်တွေရရှိခဲ့ကြတယ်... အဲ့ဒီမှာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းဆေးလုံးအချို့နဲ့ ထိပ်တန်းအဆင့်ကျင့်ကြံရေးနည်းစနစ်တွေတောင် ရရှိခဲ့ကြတယ်ပြောတယ်”
“ကျုပ်ကြားမိတာတော့... အဲ့ဒီမှာ ဘဝနေဝင်ခါနီးအရွယ် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲကို ဝင်ရောက်သွားပြီး အခွင့်အလမ်းတစ်ချို့ကိုရရှိခဲ့တယ်... အဲ့ဒီနောက် သူက ပေါင်းစည်းခန္ဓာအဆင့်ကို ချိုးဖျက်တက်လှမ်းသွားနိုင်ခဲ့တယ်”
“အဲ့ဒီ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးရော ရှိနေနိုင်မလား”
ဆူဇီမိုက ထပ်မေးလိုက်၏။
“ရှိတာပေါ့”
ကျင့်ကြံသူတစ်ယောက်က အလောတကြီးပြောလိုက်၏။
“ကျုပ်တစ်ခါကြားမိတယ်... အဲ့ထဲကနေ အသက်ရှင်လျက်ပြန်ထွက်လာတဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ရရှိလာခဲ့တယ်တဲ့”
ဆူဇီမိုသည် ခေါင်းညိတ်၍ ဆုံးဖြတ်ချက်ချလိုက်၏။
ဤမဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက ဘယ်လောက်ပင် အန္တရာယ်များပါစေ သူက အဲ့ဒီကို သွားရောက်စမ်းသပ်ကြည့်ရပေမည်။
ဆူဇီမိုသည် ယန်ပေးချန်ကို သွားရောက်နှုတ်ဆက်ကာ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဆီသို့ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်၏။
တောင်တန်းများကြားရှိ ဝါးသစ်တော၏ အနက်ပိုင်းထဲတွင်...
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း တိုက်ပွဲကနေ ကျန်ရစ်ခဲ့သော ခြေရာလက်ရာများကို ရှင်းလင်းခဲ့ပြီးလေပြီ။
ယန်ပေးချန်နှင့်ချင်ဖျန်ရန်၏ အစွမ်းအစအရ သူတို့သည် ရိုးရှင်းသောပုံစံဖြင့် သစ်သားအိမ်တစ်လုံးကို အလွယ်တကူ တည်ဆောက်နိုင်ကြ၏။
“ဘယ်လို... မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဆီကို သွားမလို့... ဟုတ်လား”
သစ်သားအိမ်ထဲတွင် ယန်ပေးချန်က ဆူဇီမို၏ အစီအစဥ်ကိုကြားသောအခါ သူ၏ခေါင်းကို ပြတ်သားစွာခါပြလိုက်၏။
“မရဘူး... အဲ့ဒါက အရမ်းကိုအန္တရာယ်များလွန်းတယ်”
“အစ်ကိုယန်.. ခင်ဗျားလည်း မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကိုသိတာလား”
ဆူဇီမိုက မေးလိုက်၏။
“ငါ သိပ်တော့မသိဘူး... မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက အရမ်းကိုထူးဆန်းတယ်... အဲ့ဒါက ပေါ်ထွက်လာတာ နှစ်တစ်ရာကျော်ပဲ ရှိသေးပေမယ့် ဒီနှစ်တွေထဲမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာက အဲ့ဒီထဲမှာသေဆုံးခဲ့ရတယ်... မင်းက အစောပိုင်းဓမ္မဝိသေသအဆင့်မှာပဲ ရှိသေးတယ် မင်းအဲ့ဒီကိုသွားလို့မရဘူး”
ဆူဇီမိုက မည်သည့်စကားမှ မပြောဘဲ သူ၏ခေါင်းကိုခါပြလိုက်၏။ သူက ဆုံးဖြတ်ချပြီးသွားသည်မှာသိသာလေသည်။ ယန်ပေးချန်က တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်၏။
“ဇီမို... မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက အလယ်ပိုင်းတိုက်ကိုရောက်ရှိလာတဲ့အတွက် အဲ့ဒါက ပြိုင်စံရှားနဲ့ ပြန်ဝင်စားမွန်းစတားများစွာကို သေချာပေါက်ဆွဲဆောင်မိမှာပဲ... အဲ့ဒီမှာစွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်များစွာနဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ရောက်လာကြလိမ့်မယ်... အဲ့ဒီကို မင်းတစ်ယောက်တည်းသွားဖို့က အန္တရာယ်များလွန်းတယ်”
ဆူဇီမိုကပြုံးလိုက်၏။
“အရင်တုန်းက တာအိုအရှင်အင်မော်တယ်ဓားနဲ့ အခြားသူတွေက အသွန်းတစ်ရာဂိုဏ်းမှာ ကျုပ်ကိုပြဿနာလာရှာချင်တယ်လို့ ခင်ဗျားကြားရုံနဲ့ ခင်ဗျားက အဲ့ဒီကိုရောက်လာပြီး ဂိုဏ်းရဲ့အပြင်ဘက်မှာ တာအိုအရှင် ၉ ယောက်ကို တစ်ယောက်တည်းနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်မလား”
ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ခင်ဗျားလည်း အဲ့ဒီတုန်းက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ခါစပဲရှိသေးတယ်လေ”
ထိုမြင်ကွင်းက ဆူဇီမိုအတွက် မေ့ဖျောက်လို့မရနိုင်ပေ။
အဲ့ဒါက ဘယ်လောက်တောင် သူရဲကောင်းဆန်လိုက်သလဲ။
အဲ့ဒါက အဆူရာ၏ ဖြောင့်မတ်မှန်ကန်မှုဖြစ်၏။
ယန်ပေးချန်သည် အစောပိုင်းဓမ္မဝိသေသအဆင့်မှာသာ ရှိနေခဲ့သော်လည်း သူသည် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့သော တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားသူများကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆန့်ကျင်တိုက်ခိုက်ခဲ့၏။ ထိုအတွက်ကြောင့်သူ၏အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိသွားပြီး ယခုအချိန်ထိ ပျောက်ကင်းမလာတော့ပေ။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းတွင် ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ရရှိနိုင်ဖို့ အခွင့်အရေးတစ်ရပ်ရှိနေသည့်အတွက် ဆူဇီမိုသည် မည်သို့ပင်ဆိုစေ အဲ့ဒါကို စွန့်စားကြည့်ရပေမည်။
ယန်ပေးချန်က ညင်သာစွာသက်ပြင်းချ၍ ထပ်မံ၍ ဖျောင်းဖျမနေတော့ပေ။
သူတို့သည် မတူညီသော ပင်ကိုယ်စရိုက်များရှိပြီး မတူညီသော ဆေဘာနည်းစနစ်များကို ကျင့်ကြံထားကြသော်လည်း သူတို့နှစ်ယောက်စလုံးက သစ္စာရှိ၍ ခေါင်းမာသူများဖြစ်ကြ၏။
ယန်ပေးချန်သည် ခဏမျှစဥ်းစားတွေးတောလိုက်၏။
“မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက ဆင်းသက်လာတာ မကြာသေးဘူးဆိုပေမယ့်... အဲ့ဒါရဲ့ အပြင်ဘက်မှာ ဓမ္မစွမ်းအား အကာအရံအလွှာတစ်ခုရှိတယ်လို့ ငါကြားထားတယ်... အချိန်အတိုင်းအတာတစ်ခုနေပြီးလို့ အဲ့ဒီအကာအရံအလွှာက အားနည်းသွားမှပဲ ကျင့်ကြံသူတွေက အထဲကိုဝင်ရောက်နိုင်ကြလိမ့်မယ်”
“ဇီမို... မင်းက အလောတကြီးလုပ်နေစရာမလိုဘူး... ဒီမှာနေပြီး အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံလိုက်ဦး မင်းက အလယ်အလတ်အဆင့် ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွားမယ်ဆိုရင် မင်းရဲ့ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသက ပိုပြီးတော့ သန်မာလာလိမ့်မယ်... ဓမ္မဝိသေသ ၃ ခုနဲ့ဆို မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားက နောက်တစ်ဆင့်ကိုတိုးလာပြီး မင်းကိုယ်မင်း ကာကွယ်လာနိုင်လိမ့်မယ်”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အမုန်းနဲ့တိုက်ပွဲကနေ ကျုပ်က အတော်များများကို ရရှိထားခဲ့တယ်... ကျုပ်က အခုစိတ်ကိုတည်ငြိမ်စေပြီး အဲ့ဒါတွေကို ကောင်းကောင်းနားလည်ဆင်ခြင်ရမယ်”
“ဇီမို... အဲ့ဒီအချိန်ကျရင် ငါလည်းနင်နဲ့လိုက်ခဲ့မယ်”
ချင်ဖျန်ရန်က ပြောလိုက်၏။
“ဒီကိစ္စက ပေးချန်နဲ့ ပတ်သက်နေတာပဲ... ငါက နင်တစ်ယောက်တည်းကို မစွန့်စားခိုင်းနိုင်ဘူး”
“အဲ့လိုလုပ်စရာမလိုပါဘူး”
ဆူဇီမိုက အပြုံးတစ်ခုနှင့်ငြင်းပယ်လိုက်၏။
“ကျုပ်တစ်ယောက်တည်းခရီးသွားမယ်ဆိုရင်... ကျုပ်က ဘယ်လိုအန္တရာယ်နဲ့တွေ့တွေ့ ထွက်ပြေးလွတ်မြောက်နိုင်တယ်... ဒါပေမယ့် အခြားတစ်ယောက်ယောက်ပါလာမယ်ဆိုရင် ကျုပ်က မလွတ်လပ်သလို ခံစားရလိမ့်မယ်”
“နောက်ပြီး... အစ်ကိုကြီးက ဒဏ်ရာရထားတယ်... အစ်မချင် ခင်ဗျားက သူနဲ့ဒီမှာနေပြီး ကျုပ်ဆီက သတင်းကောင်းကိုသာ စောင့်နေလိုက်”
ယန်ပေးချန်ကို ကြားခံပြု၍ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပိုမိုရင်းနှီးစွာ ခေါ်ဝေါ်လာကြ၏။
ချင်ဖျန်ရန်က အနည်းငယ်တွေဝေတုံ့ဆိုင်းသွား၏။
ယန်ပေးချန်က ပြောလေသည်။
“ဇီမိုတစ်ယောက်တည်း သွားပါစေ... မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဆီသွားတဲ့ ခရီးစဥ်က ထိပ်သီးဂိုဏ်းကြီးတွေက ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေကို ဆွဲဆောင်မိလိမ့်မယ်လို့ ငါထင်တယ်... မင်းသူနဲ့လိုက်သွားမယ်ဆိုရင် ပြဿနာတစ်ချို့ကို ဆွဲဆောင်မိလိမ့်မယ်”
ချင်ဖျန်ရန်က ခေါင်းညိတ်လိုက်၏။
သူမသည် ဓားဂိုဏ်းမှကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့၏။ ယခု သူမက နာမည်ဆိုးဖြင့်ကျော်ကြားသော မိစ္ဆာဂိုဏ်းများမှ အဆူရာနှင့်အတူရှိနေ၏။ ဓားဂိုဏ်းသည် အချိန်အတန်ကြာကတည်းက သူမကို ထုတ်ပယ်ခဲ့ပြီဖြစ်ပြီး သူမကို အင်မော်တယ်ဂိုဏ်းများ၏ သစ္စာဖောက်တစ်ယောက်နှင့် ဓားဂိုဏ်း၏ အရှက်ရစရာအဖြစ် သတ်မှတ်လိုက်ကြမည်ဖြစ်၏။ သူမသည် ဓားဂိုဏ်းမှ အသိအကျွမ်းတစ်ချို့နှင့် တွေ့ဆုံမည်ဆိုလျှင် နှစ်ဦးနှစ်ဖက်ကြားခိုက်ရန်ဖြစ်ပွားမှုက ပေါ်ထွက်လာနိုင်၏။
ထိုသို့အတွေးဖြင့် ချင်ဖန်ရန်သည် ထိုအတွေးကိုလက်လျှော့လိုက်၏။ သူမက ဆူဇီမိုကို အလေးအနက်ဦးညွှတ်ပြီး စိတ်ရင်းမှန်ကန်စွာဖြင့်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်... ဇီမို”
“အစ်မချင်က ကြင်နာလွန်းနေပါပြီ”
ဆူဇီမိုက သူမကို အလောတကြီးဖေးမလိုက်၏။
ချင်ဖျန်ရန်က ပြုံးလိုက်လေသည်။
“အဲ့ဒီမှာ ငါကူညီနိုင်တာ များများစားစားမရှိဘူး... လောလောဆယ်တော့ နင့်အတွက်ငါ ဟင်းပွဲတချို့ပြင်ပေးမယ်”
ဘေးကနေ ယန်ပေးချန်က မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်၏။
“ဖျင်ရန်ရဲ့ ဟင်းချက်လက်ရာက တကယ်ကို ကောင်းတာနော်... မင်းကျေးဇူးနဲ့ အဲ့ဒါကို ငါပါစားရတော့မယ်ထင်တယ်”
သူတို့၏ကျင့်ကြံမှုအဆင့်တွင် သူတို့က အာဟာရသိဒ္ဓိပြီးမြောက်နေကြပြီဖြစ်၏။ သို့သော်လည်း အင်မော်တယ်များပင်လျှင် အစားအစာအပေါ် ခုံမင်တပ်မက်စိတ်ရှိကြသေးလေသည်။
နောက်တစ်လအတွင်း ဆူဇီမိုသည် ဝါးသစ်တောထဲမှာ နေထိုင်ပြီး တိတ်တဆိတ်ဖြင့် ကျင့်ကြံနေခဲ့၏။
နောက်ဆုံးတစ်လကြာပြီးနောက် သူသည် အဆင့်ချိုးဖျက်တက်လှမ်းမည့် အခွင့်အလမ်းတစ်ခုကို ခံစားမိလာခဲ့၏။