ဗုဒ္ဓပုတီးစေ့၏ တည်နေရာ
Vol. 84 Ch. 1255
ကံကြမ္မာသင်္ကေတတစ်ခုဖြင့် တစ်ဘက်လူ၏ တည်နေရာကို ဗေဒင်တွက်ချက်နိုင်သည်မှာ သူ၏နည်းလမ်းက တကယ့်ကို အံ့မခန်းဖြစ်၏။
ထို့ကြောင့်ပင်လျှင် ပဟေဠိနန်းတော်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ် အလွန်တရာကြာမြင့်စွာ ရပ်တည်နေနိုင်ခြင်းဖြစ်၏။
ပဟေဠိနန်းတော်မှ ကျင့်ကြံသူများသည် ကျင့်ကြံရေးလောကရှိ အမျိုးမျိုးသော အဖွဲ့အစည်းများကြား တိုက်ပွဲများတွင် ဝင်ပါတတ်လေ့မရှိဘဲ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက် သို့မဟုတ် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်လိုမျိုး ပွဲစဥ်များမှာလည်း သူတို့က ပါဝင်ယှဥ်ပြိုင်ခြင်းမရှိကြပေ။
သို့သော်လည်း ပဟေဠိနန်းတော်မှ ကျင့်ကြံသူများကို မည်သူကမှ အထင်မသေးရဲကြပေ။
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက ပဟေဠိနန်းတော်၏ လက်ရှိမည်ကာမတ္တတပည့် လင်းရွှမ်ကျီသည် ဆူဇီမိုကို သီယင်း၏လက်ကနေ ကယ်တင်ပြီး အဲ့ဒီနောက်... ဆယ်ရက်ကျော်ကြာအောင် ထိုသူ၏ အမဲလိုက်ခြင်းကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့၏။ သူက ဘယ်လောက်တောင်သန်မာသလဲ သိသာ၏။
တာအိုအရှင်တိမ်လွှာမိုးစက်က လင်းရွှမ်ကျီနှင့် အရင်ကတွေ့ဆုံခဲ့ဖူး၏။ သို့သော်လည်း ဤကောင်းကင်ဘုံလျှို့ဝှက်ချက်သည် လင်းရွှမ်ကျီထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး အံမခန်းဖြစ်သည်ဟု သူက ခံစားမိနေ၏။
သူသည်လည်းပဲ... အလုံးစုံသိမြင်ပြီး လျှို့ဝှက်ဆန်းကြယ်၍ ထူးဆန်းသောနည်းလမ်းများပိုင်ဆိုင်ထားသည့် ဤကျင့်ကြံသူကို စိုးရိမ်ပူပန်မိလေသည်။
သို့သော်လည်း တာအိုအရှင်တိမ်လွှာမိုးစက်သည် အကြံသမားဖြစ်ပြီး သူ့မျက်နှာထက်ရှိ အပြုံးတစ်ခုနှင့်အတူ ချီးကျူးလိုက်၏။
“တာအိုရောင်းရင်း... ခင်ဗျားက တော်တော်စွမ်းတာပဲ... ကျုပ်တော့အထင်ကြီးမိပါတယ်”
“ဒီကိစ္စတွေက ပြောနေရလောက်အောင်လဲ မဟုတ်ပါဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ပြုံးနေဆဲ ဖြစ်၏။
“ကျုပ်က... လူတိုင်းကိုတော့ ဗေဒင်မတွက်နိုင်ပါဘူး... ဥပမာ ခင်ဗျားလို ကျင့်ကြံမှုအဆင့်နဲ့ တစ်စုံတစ်ယောက်ဆိုရင်တော့ ခင်ဗျားရဲ့ ကံကြမ္မာသင်္ကေတကို ကျုပ်ကရထားမယ်ဆိုရင်တောင် ခင်ဗျားရဲ့ တည်နေရာကို ကျုပ်က တွက်ချက်ပေးနိုင်မှာမဟုတ်ဘူး”
သူက တာအိုအရှင်တိမ်လွှာမိုးစက်၏ စိုးရိမ်နေမှိုကို ထွင်းဖောက်မြင်နေပုံရပြီး သာမန်ကာလျှံကာ ပြောဆိုလိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဆက်ပြောလေသည်။
“အင်မော်တယ်ဓားပြောတဲ့ ချင်ဖျန်ရန်ကတော့... သူမကိုရှာဖို့က နည်းနည်းတော့လွယ်တယ် ဒါပေမယ့်... သူမရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် သူမကလည်း တစ်ခုခုကိုတော့ ခံစားမိမှာပဲ”
“ဟုတ်ပြီလေ”
ထိုစဥ်မှာပင် တာအိုအရှင်အင်မော်တယ်ဓားက မေးလိုက်၏
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဆူရာနဲ့အမုန်း နှစ်ယောက်လုံး သေဆုံးသွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး... ခင်ဗျားဘယ်လိုထင်လဲ တာအိုရောင်းရင်း”
“ကျုပ်ထင်တာမမှားဘူးဆိုရင်... အမုန်းက သေသွားလောက်ပြီ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က မှင်သေသေဖြင့် ပြောဆိုလိုက်၏။
“အဆူရာကတော့... ကျုပ်သူကို အခုချိန်ထိဗေဒင်မတွက်နိုင်သေးဘူး”
“အဆူရာက အမုန်းကိုသတ်နိုင်မယ်လို့ ကျုပ်မယုံဘူး... သူက အဲ့ဒီအဆင့်ကိုမရောက်သေးဘူး... ဒါပေမယ့်လို့ အဲ့ဒါက အဆူရာမဟုတ်ဘူးဆိုရင် အမုန်းကိုသတ်တာက ဘယ်သူဖြစ်နိုင်မလဲ”
တာအိုအရှင်အင်မော်တယ်ဓားက မျက်မှောင်ကြုတ်လိုက်၏။
“သူ ထုတ်ဖော်ပြသခဲ့တဲ့ တိုက်ခိုက်ရည်ခွန်အားအရဆိုရင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် သူ့ကိုသတ်ဖြတ်နိုင်မှာမဟုတ်ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်၏။
သူသည် အလုံးစုံသိမြင်သော အဆင့်ထိ မရောက်ရှိသေးပေ။
တာအိုအရှင်အင်မော်တယ်ဓားက ခဏမျှစဥ်းစားတွေးတောပြီး သူ၏စိတ်ထဲသို့ နာမည်တစ်ခုက ဖျပ်ခနဲဝင်ရောက်လာ၏။ သူက မျက်လုံးကိုမှေးပြီး တီးတိုးရေရွတ်လိုက်၏။
“သူများဖြစ်နေမလား”
“ဘယ်သူလဲ”
တာအိုအရှင်တိမ်လွှာမိုးစက်က မေးလိုက်မိလေသည်။
“အထီးကျန်သိုင်းသခင်....”
တာအိုအရှင်အင်မော်တယ်ဓားက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ပြီးတဲ့နောက် သူက ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသနှစ်ခုကို စုဖွဲ့ပြီး ကျားနဂါးဂိုဏ်းကို ဖျက်ဆီးပစ်လိုက်တယ်လို့ ကျုပ်ကြားရတယ်... မြောက်ပိုင်းဒေသက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် သူ့ကိုဦးညွှတ်သွားရပြီ... သူ့ရဲ့ နာမည်ဂုဏ်သတင်းက အခုဆိုရင် အထွတ်အထိပ်ကို ရောက်ရှိနေပြီ”
“အထီးကျန်သိုင်းသခင်က အလယ်ပိုင်းတိုက်ကို ရောက်ရှိနေတယ်လို့ ခင်ဗျားက ပြောချင်တာလား”
တာအိုအရှင်တိမ်လွှာမိုးစက်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်က ဖျပ်ခနဲ လက်သွား၏။
သူတို့နှစ်ယောက်စလုံးသည် ဆူဇီမိုကို အရိုးထိတိုင်မုန်းတီးကြ၏။
သူတို့နှစ်ပေါင်းများစွာကျင့်ကြံလာခဲ့သော ကိုယ်ပွားများသည် သားရဲတစ်ထောင်တောင်ကြားမှာ ဖျက်ဆီးခြင်းခံခဲ့ရ၏။ အဲ့ဒီနောက် သူတို့သည် အသွန်းတစ်ရာဂိုဏ်းအပြင်ဘက်မှာ အဆူရာ၏ အမဲလိုက်ခြင်းကိုခံရပြီး သူတို့၏အသက်များ ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရ၏။ အဲ့ဒါကလည်း ဆူဇီမိုကြောင့်သာလျှင်ဖြစ်၏။
ဒါ့အပြင် တာအိုအရှင်အင်မော်တယ်ဓား လိုချင်တပ်မက်သော ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကိုလည်း ဆူဇီမိုက လုယူသွားခဲ့၏။
ဤကိစ္စသည် သူ၏နှလုံးထဲမှာ နှစ်ပေါင်းများစွာ စိုက်ဝင်ခဲ့သော စူးတစ်ချောင်းကဲ့သို့ ဖြစ်လာ၏။
“အဲ့ဒါက အထီးကျန်သိုင်းသခင်မဟုတ်လောက်ဘူး... သူက အစောပိုင်းဓမ္မဝိသေသအဆင့်မှာပဲ ရှိသေးတယ်... ၈၅ပေ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသနှစ်ခုက အဲ့လောက်ထိခြိမ်းခြောက်နိုင်စွမ်းမရှိဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်သာစွာ ပြုံးလိုက်၏။
“အနည်းဆုံးတော့... တာအိုရောင်းရင်းအင်မော်တယ်ဓားရဲ့ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရဆို ခင်ဗျားရဲ့ ၈၉ပေမြင့်မားတဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသက သူ့ကိုဖိနှိမ်နိုင်ဖို့ လုံလောက်တယ်”
“အင်း...”
တာအိုအရှင်အင်မော်တယ်ဓားက ခေါင်းညိတ်လိုက်၏။
“ဒါပေမယ့်လို့... ဒီကောင်လေးရဲ့အစွမ်းအစအရဆို သူက ထွက်ပြေးလွတ်မြောက်ချင်တယ်ဆိုရင် ကျုပ်တောင် သူ့ကို မတားဆီးနိုင်မှာ စိုးရိမ်မိတယ်... သူ့ရဲ့အလားအလာက အရမ်းကိုကြီးမားလွန်းတယ်... သူက ကျုပ်တို့အတွက် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာလိမ့်မယ်”
“ကျုပ်တို့က အထီးကျန်သိုင်းသခင်ကို ကိုင်တွယ်ချင်တယ်ဆိုရင် အဲ့ဒီအချိန်ကျရင် ခင်ဗျားရဲ့အကူအညီကို ကျုပ်တို့က တောင်းရဦးမယ် တာအိုရောင်းရင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်”
“ကိစ္စမရှိဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခေါင်းညိတ်ပြလိုက်၏။
တာအိုအရှင်တိမ်လွှာမိုးစက်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကိုကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။
“ပဟေဠိနန်းတော်ရဲ့ ဒီဘက်မျိုးဆက် မည်ကာမတ္တတပည့်က အထီးကျန်သိုင်းသခင်နဲ့ အတော်လေးရင်းနှီးမှုရှိတယ်လို့ ကျုပ်ကြားမိတယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်ထွက်နေဆဲ ဖြစ်၏။
“လင်းရွှမ်ကျီလား... ဟားဟားဟားဟား... ကျုပ်က တစ်စုံတစ်ယောက်ကို ကိုင်တွယ်ချင်တယ်ဆိုရင် သူက ကျုပ်ကိုတားဆီးဖို့ မလုံလောက်ဘူး”
တာအိုအရှင်တိမ်လွှာမိုးစက်က နားလည်သဘောပေါက်သွားခဲ့၏။
လင်းရွှမ်ကျီနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အတိုက်အခံ ဖြစ်နေကြသည်မှာသိသာ၏။
“အဲ့ဒီမှာ နောက်တစ်ချက်ရှိသေးတယ်”
ရုတ်တရက် တာအိုအရှင်တိမ်လွှာမိုးစက်က ပြောလိုက်၏။
“အလယ်ပိုင်းတိုက်မှာ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း ဆင်းသက်လာတယ်လို့ ကျုပ်ကြားမိတယ်.. ကျုပ်တို့သုံးယောက် အတူစုစည်းမိကြပြီဆိုမှတော့ ကျုပ်တို့က အဲ့ဒီကိုတစ်ချက်လောက် သွားကြည့်ကြရင်မကောင်းဘူးလား”
“ကျုပ်တို့ရဲ့ အစွမ်းအစနဲ့ဆို ကျုပ်တို့ ၃ ယောက်က ဘယ်အန္တရာယ်ကိုမဆို ရှောင်ကွင်းလို့ရတာပဲ”
“မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းလား”
တာအိုအရှင်အင်မော်တယ်ဓားကလည်း စိတ်ပါလာခဲ့၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းတွင် ရတနာနှင့် လျှို့ဝှက်အတတ်များစွာ ပါရှိသည်ဟုပြောကြလေသည်။
သူသည် ပကတိဓမ္မဝိသေသအဆင့်သို့ ကျင့်ကြံထားခဲ့ပြီဖြစ်၏။ သူက မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဆီသို့ဝင်ရောက်ပြီး ရတနာအနည်းငယ်နှင့် အခွင့်အလမ်းတစ်ချို့ကို ရရှိမည်ဆိုလျှင် သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ချက်ချင်းပင် သေချာပေါက်တက်လှမ်းနိုင်ပေလိမ့်မည်။
“ခင်ဗျားတို့နှစ်ယောက် အဲ့ဒီကိုမသွားဖို့ ကျုပ်အကြံပေးလိုက်မယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တာအိုစံအိမ်ထဲသို့ဝင်ရောက်လာကတည်းက တစ်ချိန်လုံးပြုံးရွှင်နေခဲ့၏။ သို့သော်လည်း မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဟူသော စကားသံကို ကြားချိန်တွင် သူ့မျက်မှာထက်ရှိအပြုံးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
“တာအိုရောင်းရင်း... ခင်ဗျားသိထားတာ တစ်ခုခုရှိလိုလား”
တာအိုအရှင်အင်မော်တယ်ဓားက ရင်တစ်ချက်ထိတ်သွားပြီး မနေနိုင်ဘဲ မေးလိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏ခေါင်းကိုသာ ခါယမ်းပြီး သူ၏မျက်လုံးအနက်ပိုင်းထဲတွင် ထူးဆန်းသော အလင်းတစ်ချက်က ဖျတ်ခနဲ လက်သွားပြီး လှောင်ရယ်လိုက်၏။
“အဲ့ဒီမှာစုဝေးလာကြတဲ့ အဲ့ဒီကျင့်ကြံသူတွေက လောဘရမ္မက်တက်နေကြတဲ့သူတွေပဲ... သူတို့က အခြားသူတွေ အကျိုးအမြတ်ရဖို့အတွက် လမ်းဖောက်ပေးရင်းနဲ့ နောက်ဆုံးမှာ အဆုံးသတ်ရလိမ့်မယ်”
......
ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုးသည် အစကတော့ အလယ်ပိုင်းတိုက်ရှိ သာမန်တောင်တန်းတောအုပ်တစ်ခုမျှသာဖြစ်၏။
ထိုကဲ့သို့သော တောင်ကြောရိုးများကို အလယ်ပိုင်းတိုက်၏ နေရာတိုင်းမှာတွေ့မြင်နိုင်၏။
သို့သော်လည်း ပြီးခဲ့သည့်လမှစ၍ ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုးသည် နေရာပေါင်းစုံမှရောက်ရှိလာသော ကျင့်ကြံသူများစွာနှင့်အတူ သက်ဝင်လှုပ်ရှားလာခဲ့၏။
ဒါ့အပြင် အချိန်ကြာလာသည်နှင့်အမျှ ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုးသို့ ရောက်ရှိလာသော ကျင့်ကြံသူအရေအတွက်က ပိုပို၍ တိုးလာ၏။
ပို၍ကြောက်စရာကောင်းသည်မှာ ထိုကျင့်ကြံသူများ၏အဆင့်က အလွန်တရာ မြင့်မားနေခြင်းဖြစ်၏။ အပြင်ဘက်အစပ်တွင် ရပ်နေသောသူများပင်လျှင် မူလနတ္ထိအဆင့်မှာရှိကြ၏။
ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုးထဲသို့ စွန်းစားဝင်ရောက်ရဲသော ကျင့်ကြံသူများအားလုံးနီးပါးသည် ဓမ္မဝိသေသတာအိုအရှင်များဖြစ်ကြ၏။
ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုး၏ အနက်ပိုင်းထဲတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အရိပ်အယောင်ပင်လျှင်ရှိနေ၏။
ထိုစွမ်းအားကြီးမားသော ကျင့်ကြံသူများအားလုံးစုဝေးလာရသည့် အကြောင်းရင်းမှာ လွန်ခဲ့သည့်နှစ်တစ်ရာကျော်ကမှ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ပေါ်ထွက်လာခဲ့သော မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကြောင့်ပင်ဖြစ်၏။
ဤနေ့တွင် ဆူဇီမိုက ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုးသို့ ရောက်ရှိလာခဲ့၏။
များစွာသော မူလနတ္ထိများသည် ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုး၏ အပြင်ပိုင်းအစပ်မှာရစ်သီရစ်သီလုပ်နေကြပြီး အထဲသို့ဆက်လက်မဝင်ရဲကြပဲ အသည်းအသန်ဆွေးနွေးပြောဆိုနေကြ၏။
“မင်းကြားပြီပြီလား... ဒီတစ်ခေါက် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ မဟာရတနာတစ်ခု ပေါ်ထွက်လာခဲ့တယ်လို့ပြောတယ်”
“အဲ့ဒါဘာလဲ”
“ပြောကြတာတော့ အဲ့ဒါက... နှစ်ပေါင်းသောင်းချီ ပျောက်ဆုံးနေခဲ့တဲ့ ရတနာတစ်ခုပဲ... အဲ့ဒါက မင်းဝမ်ဆုတောင်းပုတီးကနေ ပျောက်ဆုံးသွားခဲ့တဲ့ ဗုဒ္ဓပုတီးစေ့ပဲ”
ထိုသည်ကိုကြားသောအခါ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။
မင်းဝမ်ဆုတောင်းပုတီးတွင် မတူညီသော ဗုဒ္ဓဓမ္မချိပ်စည်းများနှင့် တာမင်းမန္တန်နှင့်အတူ တွဲဖက်၍ အသုံးပြုနိုင်သော ဗုဒ္ဓပုတီးစေ့ ၆ စေ့ရှိလေသည်။
ယခုအချိန်တွင် ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်မှာ ဗုဒ္ဓပုတီးစေ့ ၄ စေ့ရှိပြီး ၂ စေ့ကတော့ ပျောက်ဆုံးနေခဲ့၏။ နှစ်ပေါင်းသောင်းကျော်အတွင်း သူတို့၏ သတင်းအစအနကို ရရှိမလာခဲ့ပေ။
ထိုဗုဒ္ဓပုတီးစေ့နှစ်စေ့တွင် အသန်မာဆုံး တာမင်းဓမ္မချိပ်စည်းနှစ်ခုပါဝင်လေသည်။
ယခုတော့ ထိုဗုဒ္ဓပုတီးစေ့နှစ်စေ့၏ သတင်းအစအနကို မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းမှာ ရရှိလာခဲ့လေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမိုသည် ဗုဒ္ဓပုတီးစေ့များ၏ တည်နေရာကို ကြားရသည့်အတွက် ကျေနပ်နှစ်ခြိုက်ရပေလိမ့်မည်။ သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူသည် တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားရ၏။
ဗုဒ္ဓပုတီးစေ့များအနေဖြင့် ရှေးဟောင်းဘုရားကျောင်းတစ်ခုထဲတွင် ရောက်ရှိနေသည်မှာ သာမန်သာဖြစ်၏။
သို့သော်လည်း ဤရှေးဟောင်းဘုရားကျောင်းသည် လွန်ခဲ့သည့်နှစ်တစ်ရာကျော်ကမှ ပေါ်ထွက်လာခြင်းဖြစ်၏။ နှစ်ပေါင်းသောင်းချီပျောက်ဆုံးနေခဲ့သော ဗုဒ္ဓပုတီးစေ့များသည် ဘယ်လိုကြောင့် ထိုဘုရားကျောင်းထဲကိုရောက်နေရတာလဲ။
အတန်ကြာစဥ်းစားတွေးတောပြီးနောက် ဆူဇီမိုသည် နားလည်သဘောပေါက်နိုင်ခြင်းမရှိဘဲ သူ၏ခေါင်းကို ခါယမ်းကာ ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုးထဲသို့ဝင်ရောက်လိုက်၏။
ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးဖြစ်စေ... ဗုဒ္ဓပုတီးစေ့ ၂ စေ့ဖြစ်စေ... သူတို့ကို စုံစမ်းထောက်လှမ်းဖို့အတွက် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲသို့ အရင်ဝင်ရောက်ရပေလိမ့်မည်။