ကန့်သတ်မဲ့ရွှေအလင်း
Vol. 84 Ch. 1258
“အထီးကျန်သိုင်းသခင်... မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်တစ်ယောက်က ဟိန်းဟောက်လိုက်၏။
“အနီးနားမှာ ငါတို့ဂိုဏ်းက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရှိတယ်... ဒါတောင် မင်းက မောက်မာထောင်လွှားရဲသေးတယ်ပေါ့... ကစဉ့်ကလျားအမြုတေဂိုဏ်းက တကယ်ပဲ အားနည်းတယ်လို့ မင်းထင်နေတာလား”
ဆူဇီမိုက အေးစက်စွာလှောင်ရယ်၍ တာအိုအရှင် ဆည်းဆာတိမ်လွှာ၏ သိုလှောင်အိတ်ကို ဒီတိုင်းပင်သိမ်းဆည်းလိုက်၏။
“မင်းတို့ ကစဉ့်ကလျားအမြုတေဂိုဏ်းက အားနည်းသလားတော့ ငါမသိဘူး... ဒါပေမယ့် ဒီလူက ငါ့ကိုတိုက်ခိုက်ရဲမှတော့ ငါက သူ့ကိုသတ်ရမှာပဲ”
ကျင့်ကြံသူများအတွက်တော့ အဲ့ဒါက သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုမျှသာဖြစ်၏။
တာအိုအရှင်ဆည်းဆာတိမ်လွှာသည် မိုက်မဲ၍ အထီးကျန်သိုင်းသခင်၏ ပိုင်ဆိုင်မှုကိုလုယူချင်မှတော့ သူက သေသင့်သေထိုက်လေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ တာအိုအရှင်တစ်ယောက်သည် သူ၏သိုလှောင်အိတ်ထဲကနေ သတင်းပို့အဆောင်တစ်ခုကိုထုတ်ပြီး ချိုးချေပြီးသွားခဲ့ပြီဖြစ်၏။
မှားယွင်းမှုတစ်စုံတစ်ရာမရှိလျှင် ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် မကြာခင်ရောက်လာပေလိမ့်မည်။
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
အဲ့ဒါက သူသည် ကစဉ့်ကလျားအမြုတေဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်ကို ကြောက်ရွံ့နေသောကြောင့်မဟုတ်ပေ။
သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထုတ်ဖော်မည်ဆိုလျှင် သူသည် သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဖိနှိမ်နိုင်ပြီး ကစဉ့်ကလျားအမြုတေဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်နှင့်ပင်လျှင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိလေသည်။
သို့သော်လည်း မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက ဖွင့်လှစ်တော့မည်ဖြစ်ပြီး အထဲတွင် ကြုံတွေ့ရမည့်အခြေအနေက ဘာမှန်းမသိရသေးပေ။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ စွမ်းအကြီးပုဂ္ဂိုလ်နှင့်ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုကို စုဖွဲ့ရခြင်းသည် သေချာပေါက် စွမ်းအင်များစွာလိုအပ်လေသည်။ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းမှာ တစ်စုံတစ်ရာဖြစ်ပျက်လာမည်ဆိုလျှင် အခြေအနေများက ကိုင်တွယ်ရခက်ခဲလာပေလိမ့်မည်။
ဒါ့အပြင် သူသည် ယခုအချိန်ထိ ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးနှင့် ဗုဒ္ဓပုတီးစေ့များကို မတွေ့မြင်ရသေးပေ။
ဗုဒ္ဓပုတီးစေ့က ပေါ်ထွက်လာသည်နှင့် ကြီးမားသည့်တိုက်ပွဲတစ်ခုက သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။
အဲ့ဒါကမှ အစစ်အမှန် စမ်းသပ်ချက်ဖြစ်ပေလိမ့်မည်။
သူ့အနေဖြင့် ယခုအချိန်မှာ ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှင့် အသေအကြေတိုက်ခိုက်ဖို့ မထိုက်တန်ပေ။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ထွက်ခွာပြီး တိုက်ခိုက်မှုကို ယာယီအားဖြင့် ရှောင်လွှဲဖို့ပြင်ဆင်လိုက်၏။
“မင်း... ဘာလုပ်နေတာလဲ”
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ တာအိုအရှင်များသည် ဆူဇီမိုထွက်ခွာတော့မည်ကိုမြင်သောအခါ သူတို့သည် ကြမ်းကြုတ်ခက်ထန်သော အမူအရာများဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြ၏။
“ငါတို့ဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က မကြာခင်ရောက်လာတော့မှာ... မင်းက ထွက်ပြေးချင်နေသေးတာလား”
“ငါသာထွက်သွားချင်မယ်ဆိုရင် ဘယ်သူကငါ့ကိုတားဆီးရဲမှာလဲ”
ဆူဇီမိုက တစ်ချက်ဝေ့ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်ဆယ်ယောက်ကျော်သည် ဆူဇီမိုကို ဝန်းရံထားသော်လည်း သူ့ကိုတားဆီးဖို့ နေနေသာ ဘယ်သူကမှ ရှေ့သို့တက်လှမ်းရဲခြင်းမရှိကြပေ။
ဤနှစ်များအတွင်း အထီးကျန်သိုင်းသခင်၏ နာမည်ဂုဏ်သတင်းက အရမ်းကိုကြီးမားလာခဲ့လေသည်။
အထီးကျန်သိုင်းသခင်သည် မူလနတ္ထိအဆင့်မှာပင် ပေ ၈၀ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်ခဲ့ပြီးပြီဟု ဆိုလေသည်။
သူတို့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဓမ္မဝိသေသ တာအိုအရှင်များစွာသည် ပေ ၈၀ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကိုပင် မစုဖွဲ့နိုင်ကြသေးပေ။
၈၄ ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ကျင့်ကြံထားခဲ့သည့် တစ်ဦးတည်းသောသူ တာအိုအရှင်ဆည်းဆာတိမ်လွှာက သူ၏ ဓမ္မဝိသေသကို မထုတ်ဖော်နိုင်ခင်မှာပင် အထီးကျန်သိုင်းသခင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးလေပြီ။
နောက်ပိုင်းတွင် အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်သို့တက်လှမ်းပြီး ၈၅ ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုကို ကျင့်ကြံနိုင်ခဲ့သည်ဟု ဆိုကြ၏။
ထိုကဲ့သို့ ကြောက်စရာကောင်းသာ တိုက်ခိုက်ရည်ခွန်အားနှင့် မည်သူကမှ ရင်ဆိုင်တိုက်ခိုက်ရဲခြင်းမရှိကြပေ။
“အထီးကျန်သိုင်းသခင် ဘယ်မှာလဲ”
ထိုစဥ်မှာပင်... အဆုံးမဲ့သော အမျက်ဒေါသနှင့်အတူ သတ်ဖြတ်လိုစိတ်ရောထွေးနေသည့် ဟိန်းဟောက်သံတစ်သံက ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာခဲ့၏။
“အဲ့ဒါက... အကြီးအကဲလီလေ့ပဲ”
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်များက ကျေနပ်နှစ်ခြိုက်သွားကြ၏။
ဆူဇီမိုသည် ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ အဝေးတစ်နေရာသို့ပြေးထွက်လိုက်၏။
“အကြီးအကဲ လီလေ့က ရောက်လာပြီ... မင်းက တခြားဘယ်နေရာကို ထွက်ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ တာအိုအရှင်များသည် သူတို့ဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ရောက်ရှိလာပြီကိုကြားသောအခါ သူတို့သည် ပိုမို၍ ရဲတင်းလာပြီး ရှေ့သို့တက်လှမ်းကာ ဆူဇီမို၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးဖို့ ပြုလုပ်လိုက်ကြ၏။
အကြီးအကဲ လီလေ့က ပြေးလာနေပြီးဖြစ်ပြီး ဆူဇီမိုသည် သတ္တိကြောင်ကာ သူတို့နှင့် ကြန့်ကြာတိုက်ခိုက်ရဲခြင်း သေချာပေါက် ရှိတော့မည်မဟုတ်ပေ။
မမျှော်လင့်ထားစွာပင် ဓမ္မဝိသေသတာအိုအရှင်များသည် ကောင်းမှန်းဆိုးမှန်းမသိဘဲ သူ့ကိုပင် တိုက်ခိုက်လာရဲသည်ကို ဆူဇီမိုမြင်သောအခါ သူ၏အမူအရာက အေးစက်လာခဲ့၏။ သူက လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ကို ထုတ်ဖော်ကာ ဓားချီဆယ်ခုကျော်ကို ဆက်တိုက်ပစ်ထုတ်လိုက်၏။
တာအိုအမွေအနှစ်ကုန်းမြေတွင် နှစ်ငါးထောင်နီးပါးကျင့်ကြံပြီးနောက် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်အပေါ် ဆူဇီမို၏ နားလည်ဆင်ခြင်နိုင်စွမ်းက အရင်ကနှင့်လုံးဝ ခြားနားသွားခဲ့လေပြီ။
ဘန်း... ဘန်း.. ဘန်း...
အန္တရာယ်ကိုအာရုံခံမိသွားပြီး ထိုဓမ္မဝိသေသ တာအိုအရှင်များသည် သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို ချက်ချင်းပင်ထုတ်ဖော်လိုက်ကြ၏။
ပေ ၇၀ ကျော်မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသမျာသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး စွမ်းအားကြီးမားသော အော်ရာများက ဖြာထွက်လာခဲ့၏။
သို့သော်လည်း ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများ ထွက်ပေါ်လာသည့်ခဏမှာပင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက ဆင်းသက်လာခဲ့ပြီဖြစ်၏။
ဇီ... ဇီ...
ဓားချီသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို တစ်ခုပြီးတစ်ခု ရိုက်ခတ်လိုက်၏။ လူတိုင်း၏ ရှေ့မှောက်မှာပင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများသည် အဖြူရောင်ဓားချီဖြင့် နှစ်ပိုင်းလှီးဖြတ်ခံရပြီး ချက်ချင်းပင် ပြိုလဲပျက်စီးကုန်၏။
ပေ ၇၀ ကျော်မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများပင်လျှင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို တားဆီးနိုင်ခြင်းမရှိကြပေ။
ပို၍ပင်ကြောက်စရာကောင်းသည်မှာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများ ဖျက်ဆီးခံရပြီးနောက် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် စွမ်းအားအကြွင်းအကျန် ကျန်ရှိနေသေးပြီး ကစဉ့်ကလျားအမြုတေဂိုဏ်း၏ တာအိုအရှင်အချို့ကို ခုတ်ပိုင်းချလိုက်၏။
ဓမ္မဝိသေသ တာအိုအရှင်အချို့သည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် နေရာမှာပင် နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရ၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုသည် သူတို့၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူတို့၏အသက်ဓာတ်ကို ချက်ချင်းပင်ဖျက်ဆီးပစ်လိုက်၏။
သူတို့၏ အသိစိတ်များပင်လျှင် အပိုင်းပိုင်းလှီးဖြတ်ခံရပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ပျက်စီးကုန်လေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ တာအိုအရှင်အချို့သည် ပြတ်သားမှုရှိပြီး သူတို့၏ကိုယ်ကာယများကိုချက်ချင်းပင်စွန့်လွှတ်လိုက်ကြ၏။
သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များနှင့်အတူ အဝေးတစ်နေရာသို့ ထွက်ပြေးလိုက်ကြ၏။ အဲ့ဒါမှသာ သူတို့က ရှင်သန်နိုင်ပေလိမ့်မည်။
ကျင့်ကြံသူများအားလုံးသည် ထိုသည်ကိုမြင်သောအခါ ပင့်သက်ကိုရှိုက်လိုက်ကြ၏။
အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းလွန်း၏။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ထိုတာအိုအရှင်များအားလုံးသည် ကျင့်ကြံရေးလောကတွင် သာမညများမဟုတ်ကြပေ။ မဟုတ်ပါက သူတို့သည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဆီသို့ စွန့်စွားဝင်ရောက်လာရဲကြမည်မဟုတ်ပေ။
ကံဆိုးစွာနှင့်ပင် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ထိုတာအိုအရှင်များသည် ဆူဇီမို၏ လက်ချောင်းထိပ်မှထွက်ပေါ်လာသော ဓားချီဖြင့် နေရာမှာပင် နှစ်ပိုင်းပိုင်းခံလိုက်ကြရ၏။
ကျင့်ကြံရေးလောကတွင် အထီးကျန်သိုင်းသခင်နှင့်ပတ်သက်သော ကောလာဟလများစွာက အမြဲတမ်းရှိနေခဲ့၏။
သူ၏ကိုယ်ကာယက အရမ်းကို သန်မာပြီး အဆင့်တူခြင်းမှာ သူကပြိုင်ဘက်ကင်းသည်ဟု ဆိုကြလေသည်။
များစွာသော ကျင့်ကြံသူများသည် ထိုကောလာဟလများနှင့်ပတ်သက်၍ သံသယရှိကြ၏။
ယခုကျင့်ကြံသူများသည် ဤမြင်ကွင်းကို တွေ့မြင်လိုက်မှသာလျှင် ဆူဇီမိုက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ အမှန်တကယ် နားလည်သွားကြ၏။
အခြားတစ်ဖက်မှာတော့...
ဓားဂိုဏ်း၏ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်သည် သူ၏ကျောထက်မှာ ဓားရှည်တစ်လက်ကို လွယ်ထားပြီး သုန်မှုန်သောအမူအရာတစ်ခုရှိနေ၏။ သူသည် သတင်းပို့အဆောင်တစ်ခုကို ချက်ချင်းပင်ချိုးချေပြီး သူ့ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ဆင့်ခေါ်လိုက်လေသည်။
အဲ့ဒါက တာအိုအရှင် ခရမ်းရောင်ဓားဖြစ်၏။
ယခင် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၉ ဖြစ်လေသည်။
“အဲ့ဒါက မဟာရှေးဟောင်း ဓားပညာရပ်သုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ပဲ... ခင်ဗျားတို့တွေက အဲ့ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး”
တာအိုအရှင် ခရမ်းရောင်ဓားက အော်ဟစ်ပြောဆိုလိုက်၏။
တာအိုအမွေအနှစ်ကုန်းမြေမှ တိုက်ပွဲအတွင်း ဆူဇီမိုသည် အလွန်တရာစွမ်းအားကြီးမားသော ဓားနည်းစနစ်တစ်ခုကို ကျင့်ကြံထားကြောင်း များစွာသော ကျင့်ကြံသူများက သိထားခဲ့ကြ၏။
သို့သော်လည်း ထိုဓားနည်းစနစ်၏ ဇာစ်မြစ်ကိုသိနိုင်သည့်သူက များစွာမရှိပေ။
ဓားဂိုဏ်းမှ ကျင့်ကြံသူများကတော့ အဲ့ဒါကို ကောင်းကောင်းသိကြလေသည်။
ဓားဂိုဏ်းဖြစ်ပေါ်လာရခြင်းအကြောင်းအရင်းမှာလဲ... ဓားဧကရာဇ်၏ ကျေးဇူးကြောင့် ဖြစ်လေသည်။
သို့သော်လည်း ဓားဧကရာဇ်သည် အတိတ်ကာလတုန်းက အလွန်တရာ နာမည်ကြီးကျော်ကြားခဲ့သည်မှာ သူသည် ရှေးဟောင်းဓပညာရပ်သုံးခုထဲမှ တစ်ခုကို ကျင့်ကြံထားခဲ့သောကြောင့်ဖြစ်၏။
ဓားဂိုဏ်း၏ အသက်မဲ့ဓားပညာရပ်သည် ထိုဓားပညာရပ်ကနေ ကောက်ချက်ချအဖြေထုတ်ထားခြင်းဖြစ်၏။
“အထီးကျန်သိုင်းသခင်...မင်းက ကစဉ့်ကလျားအမြုတေဂိုဏ်းက ကျင့်ကြံသူတွေကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ”
ထိုစဥ်မှာပင် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ အကြီးအကဲ လီလေ့သည် ဒေါသတကြီးဖြင့်ရောက်ရှိလာပြီး သူ၏မျက်လုံးထဲမှ အဆုံးမဲ့သာ သတ်ဖြတ်လိုစိတ်များက လျှံထွက်လာ၏။ သူက ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။
ကြီးမားပြင်းထန်သော ဖိအားတစ်ခုက ဆင်းသက်လာခဲ့၏။
အဲ့ဒါသည် ပေါင်းစည်းခန္ဓာအဆင့်၏ စွမ်းပကားဖြစ်လေသည်။
ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီးက လှုပ်ခါသွား၏။
အကြီးအကဲလီလေ့ကို တစ်ချက်ကြည့်ပြီး ဆူဇီမိုသည် သရော်ပြုံး၍ စိတ်ထဲကနေ လှောင်ရယ်လိုက်၏။ သူ၏ခန္ဓာကိုယ်မှ လျှပ်စီးလျှပ်ပန်းများက ရုန်းကန်ထွက်ပေါ်လာပြီး သူ၏နောက်ကျောတွင် ဓမ္မစွမ်းအားတောင်ပံတစ်စုံက ပေါ်ထွက်လာ၏။
အဲ့ဒီနောက် ဆူဇီမိုသည် နေရာကနေပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ကီလိုမီတာ ထောင်ချီအကွာအဝေးကို တစ်ခဏအတွင်း အလွန်တရာ လျင်မြန်စွာ ဖြတ်ကျော်သွား၏။
“မင်း...”
အကြီးအကဲ လီလေ့သည် သန်မာသော်လည်း သူ၏တိုက်ခိုက်မှုက လွဲချော်သွားပြီး ဆူဇီမိုက အဝေးသို့ ထွက်ပြေးသွားခဲ့ပြီဖြစ်၏။
ထိုတဒင်္ဂအချိန်တွင် ဆူဇီမိုက လှုပ်ရှားခြင်းနည်းစနစ်လျှို့ဝှက်အတတ် ၃ ခုကို ဆက်တိုက်ဆင့်ကာ ထုတ်ဖော်ခဲ့၏။
လျှပ်စီးထွက်ပြေးခြင်းနှင့် ဆန်းကြယ်တောင်ပံများအပြင် အဲ့ဒီမှာ ကန့်သတ်မဲ့ရွှေရောင်အလင်းဟုခေါ်သော တာအိုအမွေအနှစ်ကုန်းမြေတွင် သူနားလည်ဆင်ခြင်နိုင်ခဲ့သော ထွက်ပြေးခြင်းနည်းစနစ်တစ်ခုလည်း ပါရှိလေသည်။
ထိုလျှို့ဝှက်အတတ်သုံးခုကို တစ်ပြိုင်နက်တည်းထုတ်ဖော်လိုက်သောအခါ ၎င်း၏ အမြန်နှုန်းသည် သွေးစတေးထွက်ပြေးခြင်းထက် မနိမ့်ကျပေ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် သူ့ကိုအမီလိုက်နိုင်လိမ့်မည် မဟုတ်ပေ။
အကြီးအကဲလီလေ့၏ တိုက်ခိုက်မှုက လွဲချော်သွားပြီးနောက် သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုနောက်သို့ လိုက်ကာ ထိုသူကိုသတ်ဖြတ်ချင်လေသည်။
သို့သော်လည်း သူ၏သွေးချီကို မည်သို့ပင်လှည့်ပတ်ပါစေ သူ၏လျှို့ဝှက်အတတ်များနှင့် ထွက်ပြေးခြင်းနည်းစနစ်များကို မည်သို့ပင် ထုတ်ဖော်ပါစေ သူနှင့်ဆူဇီမိုအကြားအကွာအဝေးက နီးကပ်မလာနိုင်တော့ပေ။