ဗြဟ္မာ ၄ ဦး
Vol. 84 Ch. 1259
“ဟားဟားဟားဟား... အဲ့တော့ နာမည်ကြီး တာအိုအရှင်အထီးကျန်သိုင်းသခင်က တကယ်တော့ သတ္တိကြောင်တဲ့ ကြွက်တစ်ကောင်ဖြစ်နေတာပဲ”
အကြီးအကဲလီလေ့သည် ဆူဇီမိုကို လိုက်မမီတော့ဘူးဆိုတာသိလိုက်ပြီး ထိုသူကို စိတ်တိုဒေါသထွက်စေဖို့အတွက် တမင်သက်သက် လှောင်ပြောင်ပြောဆိုလိုက်ခြင်းဖြစ်၏။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ အကြီးအကဲလီလေ့ကို မှင်သေသေဖြင့်တစ်ချက်သာလျှင် လှမ်းကြည့်လိုက်၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက ဖွင့်လှစ်တော့မည်ဖြစ်ပြီး သူသည် လောလောဆယ်မှာ အပြင်ဘက်၌ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တိုက်ခိုက်လိုစိတ် မရှိပေ။
ဒါ့အပြင် သူရှိရာသို့ တစ်ယောက်မကသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ စုဝေးလာနေသည်ကို သူက ရှင်းလင်းစွာ ခံစားမိလိုက်၏။
ကစဉ့်ကလျားအမြုတေဂိုဏ်းကသာလျှင် သူ့ကိုပစ်မှတ်ထားခြင်း မဟုတ်ပေ။
မိုးကြိုးလေပြေနန်းတော်နှင့် ဓားဂိုဏ်းကဲ့သို့သော ဂိုဏ်းများကလည်း သူ့ကိုသတ်ဖြတ်ချင်နေကြပြီး သူ၏ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်ပညာရပ်များကို လုယက်ချင်နေကြ၏။
အလယ်ပိုင်းတိုက်သည် မြောက်ပိုင်းဒေသနှင့် မတူပေ။
မြောက်ပိုင်းဒေသတွင် အဖွဲ့အစည်းများစွာသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ဘဝနေဝင်ခါနီးအရွယ် မဟာယာန-မျိုးနွယ်စုခေါင်းဆောင်ကို ကြောက်ရွံနေကြဆဲ ဖြစ်၏။ သို့သော်လည်း ဤနေရာက အလယ်ပိုင်းတိုက်ဖြစ်လေသည်။
မဟာယာန-မျိုးနွယ်စုခေါင်းဆောင်များသည် အလုံးစုံသိမြင်သော အနန္တတန်ခိုးရှင်များမဟုတ်ကြပေ။ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ပုဂ္ဂိုလ်သည် သူ၏ ဘဝနေဝင်ခါနီးအရွယ်သို့ ရောက်ရှိနေပြီး သူ့မှာ စွမ်းအင်အကန့်အသတ်ရှိလေသည်။ သူ့အနေဖြင့် ဆူဇီမိုက ဘယ်လိုအန္တရာယ်နှင့် ကြုံတွေ့ရမလဲ ကြိုတင်သိရှိနိုင်ဖို့က မဖြစ်နိုင်ပေ။
သူက သိရှိခဲ့လျှင်တောင် အဲ့ဒါက နောက်ကျသွားပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် အကြီးအကဲလီလေ့က ဆူဇီမိုကို တိုက်ခိုက်ရဲခြင်းဖြစ်၏။
“အထီးကျန်သိုင်းသခင်... မင်းက သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းတာအိုသင်ကြားပေးဖို့ဆိုတာ ဘယ်လောက်တောင်ရဲစွမ်းသတ္တိရှိဖို့လိုလိုက်သလဲ... မင်းက အခုလိုမျိုး ကြွက်တစ်ကောင်လိုထွက်ပြေးရတာ မရှက်ဘူးလား”
အကြီးအကဲ လီလေ့သည် အလျှော့ပေးလိုစိတ်မရှိသေးဘဲ နောက်ကနေ အော်ဟစ်ပြောဆိုနေ၏။
များစွာသေူာ ကျင့်ကြံသူများက မျက်လုံးစွေကြည့်လိုက်ကြ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် သူသည် သူ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို လိုက်လံတိုက်ခိုက်ချင်နေ၏။ ဒါတောင်သူက အရှက်တရားအကြောင်းကို ပြောဆိုနေသေး၏။
သူတို့၏ မျက်လုံးထဲတွင် အကြီးအကဲလီလေ့သည် စိတ်လွတ်သွားပြီး မချင့်မရဲဖြင့်လျှောက်အော်နေသော အရူးတစ်ယောက်ကဲ့သို့ဖြစ်နေ၏။ သူ့ထံတွင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်နှုတ်အမူအရာမျိုး တစ်စွန်းတစ်စမှ ရှိမနေတော့ပေ။
ဘုန်း...
ထိုစဥ်မှာပင် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းရှိရာဘက်မှ ကျယ်လောင်သော မြည်ဟည်းသံတစ်သံက ထွက်ပေါ်လာခဲ့၏။
အစက ရှေးဟောင်းဘုရားကျောင်း၏ ဘေးပတ်လည်မှာရှိနေသော ဓမ္မစွမ်းအား အကာအရံအလွှာသည် တဖြည်းဖြည်းချင်း ပျက်ပြယ်သွားပြီး မြောက်မြားလှစွာသော ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်လိုက်၏။
အကြီးအကဲ လီလေ့ပင်လျှင် သူ၏ခြေလှမ်းကိုရပ်တန့်ပြီး လှည့်ကြည့်လိုက်၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက ပွင့်လှစ်သွားခဲ့လေပြီ။
ရှေးဟောင်းဘုရားကျောင်းက ပွင့်လှစ်သွားသောအခါ မည်သူကမှ နောက်ကောက်ကျ ကျန်ရစ်လိုခြင်းမရှိကြပေ။
သူတို့သည် ရှေးဟောင်းဘုရားကျောင်းထဲသို့ အရင်ဦးစွာဝင်ရောက်နိုင်လျှင် သူတို့က အကျိုးအမြတ်ပိုမိုရရှိနိုင်လောက်လေသည်။
အကြီးအကဲ လီလေ့သည် မကျေမချမ်းဖြစ်နေသော်လည်း လောလောဆယ်မှာ ဆူဇီမိုနောက်ကို လိုက်လံဖို့ကို လက်လျှော့ရပေတော့မည်။ ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်ရန်ဖြစ်၏။
မကျေမချမ်းဖြင့်ပင် သူသည် လှည့်ကြည့်လိုက်သောအခါ ဆူဇီမိုက သူ့ထက်အရင်ဦးစွာ အရင်ဆုံး လှုပ်ရှားမှုပြုလုပ်နေသည်ကို တွေ့မြင်လိုက်ရ၏။
သူသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီး မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းရှိရာသို့ ပျံသန်းသွားလေသည်။
“တာအိုရောင်းရင်း လီလေ့... ကျုပ်တို့လည်းသွားကြရအောင်”
ထိုစဥ်မှာပင် ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က လီလေ့၏ဘေးသို့ ရောက်ရှိလာခဲ့၏။
သူသည်လည်းပဲ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့အတွက် စောစောက ချောင်းမြောင်းနေခဲ့၏။
ကံမကောင်းစွာနှင့်ပင် အထီးကျန်သိုင်းသခင်က အန္တရာယ်ကို ကြိုတင်ခံစားမိပုံရပြီး အရင်ဦးစွာတိမ်းရှောင်သွားနိုင်ခဲ့လေသည်။
ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က ပြောလိုက်၏။
“ရှေးဟောင်းဘုရားကျောင်းထဲကို ရောက်ရင် ဒီကောင်လေးကိုသတ်ဖို့ အခွင့်အရေးရှိလာဦးမှာပါ”
“အဲ့ဒါဟုတ်တာပေါ့”
အကြီးအကဲလီလေ့သည် ခေါင်းညိတ်လိုက်၏။
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီးနောက် တစ်ပြိုင်နက်တည်းလှုပ်ရှားကာ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းရှိရာဘက်သို့ ဦးတည်လိုက်ကြ၏။
ထိုအခိုက်အတန့်တွင် ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုးမှာ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသည် အဘက်ဘက်မှဝင်ရောက်လာသော ကျင့်ကြံသူများကို သူ၏ပါးစပ်ကိုဖွင့်ဟပြီး ကြိုဆိုလက်ခံနေသည့် ဧရာမသတ္တဝါကြီးတစ်ကောင်နှင့်တူနေ၏။
အစကတော့ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းအနီးမှာ ပေါ်ထွက်လာသော ကျင့်ကြံသူပေါင်း နှစ်ထောင်ကျော်ကျော်သာရှိလေသည်။
သို့သော်လည်း မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း ပွင့်လှစ်သွားပြီးနောက် များစွာသော ကျင့်ကြံသူများသည် ပုန်းကွယ်နေရာကနေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး ရှေးဟောင်းဘုရားကျောင်းရှိရာသို့ ဝင်ရောက်လာကြ၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းတစ်ခုတည်းကပင် ဓမ္မဝိသေသတာအိုအရှင်ပေါင်း ငါးထောင်ကျော်ကို ဆွဲဆောင်နိုင်လေသည်။
အလယ်ပိုင်းတိုက်သည် ကျင့်ကြံရေးယဥ်ကျေးမှု ဘယ်လောက်တောင်ထွန်းကားသလဲ သိသာလေသည်။
ရှေးဟောင်းဘုရားကျောင်း၏ အရပ်လေးဘက်တွင် ဝင်ပေါက်တစ်ခုစီရှိနေ၏။
ဆူဇီမိုသည် မြောက်ဘက်ဂိတ်တံခါးကနေတစ်ဆင့် ဝင်ရောက်လာခဲ့၏။ သူသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသို့ ဝင်ရောက်လာပြီးနောက် ၎င်း၏ ခမ်းနားထည်ဝါမှုကို ပို၍ရှင်းလင်းစွာခံစားမိနိုင်၏။
ရှေးဟောင်းဘုရားကျောင်း၏ နံရံတံတိုင်းများကို ဧရာမကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး မည်သည့်အကြားအလပ်မှမရှိအောင် ချိတ်ဆက်ထား၏။ အဲ့ဒါက နတ်ဘုရားလက်ရာတစ်ခုဖြစ်လေသည်။
ဆူဇီမိုသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲသို့ လူအုပ်ကြီးနှင့်အတူ ရောနှော၍ဝင်ရောက်သွား၏။
ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်လာပြီးနောက် သူ၏မြင်ကွင်းက ရှင်းလင်းသွားခဲ့၏။
ရှေးဟောင်းဘုရားကျောင်းသည် အထဲမှာ အလွန်တရာကျယ်ဝန်းသော ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုနှင့် တူနေ၏။
ရှေးဟောင်းဘုရားကျောင်း၏ နံရံတံတိုင်းလေးဘက်အောက်တွင် အစိမ်းရောင်မီးအိမ်များကို အတန်းလိုက်နေရာချထား၏။ မီးအိမ်များထဲတွင် မည်သည့်ဆီမှမရှိဘဲ အားလုံးက ငြိမ်းသေနေကြ၏။
နံရံတံတိုင်းလေးဘက်၏ မျက်နှာပြင်ပေါ်တွင် များစွာသော နံရံဆေးရေးပန်းချီများကို ရေးဆွဲထားပြီး သူတို့က ဗုဒ္ဓကျောင်းတော်များ၏ ဒဏ္ဍာရီများဖြစ်ပုံရ၏။
တကယ်တော့... နံရံလေးဘက်ပေါ်တွင် ထင်ရှားအပေါ်လွင်ဆုံးအရာမှာ အမျက်ဒေါမာန်ထနေသော ဗြဟ္မာ ၄ ဦး ဖြစ်လေသည်။ သူတို့၏ ခန္ဓာကိုယ်များက အလွန်ကြီးမားပြီး သူတို့က ပေ၉၀ မြင့်မားကြလေသည်။ မားမားမတ်မတ်ရပ်နေရင်း သူတို့၏ မျက်လုံးများသည် ပြူးကျယ်၍ သူတို့၏ မျက်လုံးအိမ်များသည် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ပြူးထွက်နေကြ၏။
ဒဏ္ဍာရီအရဆို ဗုဒ္ဓကျောင်းတော်များမှာ မဟာအစောင့်အရှောက် ဗြဟ္မာ ၄ ဦးရှိလေသည်။ သူတို့မှာ သမ္မုတိဗြဟ္မာ၊ ဉပပတ္တိဗြဟ္မာ၊ ဝိသုဒ္ဓိဗြဟ္မာနှင့် ဉတ္တမဗြဟ္မာတို့ ဖြစ်၏။
နံရံလေးဘက်ပေါ်ရှိ ပန်းချီများသည် ဗုဒ္ဓကျောင်းတော်များမှ ဒဏ္ဍာရီများကိုဖော်ပြထားသည်မှာ သိသာ၏။
ဗြဟ္မာ ၄ ဦးသည် အမျက်ဒေါသဖြင့် သူတို့၏မျက်လုံးများကို ပြူးထားကြ၏။ သူတို့သည် နံရံဆေးရေးပန်းချီများသာဖြစ်သော်လည်း သူတို့က အကန့်အသတ်မဲ့သော စွမ်းပကားများကို ဖြာထုတ်ပေးနေကြ၏။ ကျင့်ကြံသူများအားလုံးသည် အကြည့်ချင်းဖလှယ်ပြီးနောက် တုန်လှုပ်သွားကာ သူတို့၏ ဦးခေါင်းများကို ငုံ့ထားလိုက်ကြ၏။
ဓမ္မဝိသေသ တာအိုအရှင်များကိုမပြောနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ဗြဟ္မာ ၄ ဦး၏ အမျက်ဒေါသထွက်နေသော အကြည့်များအောက်မှာ သူတို့၏အော်ရာများက အားနည်းသွားကြ၏။
ဆူဇီမ်ိုသည် ပို၍ပင်ထူးဆန်းစွာခံစားမိ၏။
သူသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသို့ ခြေချလိုက်သည့်ခဏမှာပင် သူ၏အာရုံခံသတိစိတ်က သူ့ကိုသတိပေးလာခဲ့၏။
သို့သော်လည်း ရှေးဟောင်းဘုရားကျောင်းထဲတွင် ထိုသတိပေးချက်က အဓိပ္ပါယ်သိပ်မရှိတော့ပေ။
အကြောင်းမှာ ဆူဇီမိုသည် အန္တရာယ်ဘယ်ကနေလာသလဲဆိုတာကို မပြောနိုင်သောကြောင့်ဖြစ်၏။
အဲ့ဒါသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကနေ အရင်းခံလာခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။
အဲ့ဒါသည် အခြားသောကျင့်ကြံသူများထံမှလည်း ဖြစ်နိုင်လေသည်။
အထူးဆန်းဆုံးအရာမှာ ဆူဇီမိုသည် ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်လိုက်သည့်ခဏမှာပင် သူက စောင့်ကြည့်ခြင်းခံနေရသည်ဟု ခံစားရခြင်းဖြစ်၏။
သို့သော်လည်း ကသောင်းကနင်း ဖြစ်နေသော လူအုပ်ကြားထဲမှာ စောင့်ကြည့်ခံရသော ခံစားချက်က ဘယ်နေရာကနေ ရောက်လာသလဲ သူမပြောနိုင်ပေ။
အဲ့ဒါထက် ထိုခံစားချက်သည် ဘက်ပေါင်းစုံမှ ဝင်ရောက်လာပုံရ၏။
“ဒီရှေးဟောင်းဘုရားကျောင်းက တကယ့်ကိုမကောင်းဆိုးဝါးဆန်တာပဲ”
ဆူဇီမိုက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။
များစွာသော ကျင့်ကြံသူများက လူစုခွဲလိုက်ကြပြီဖြစ်၏။
သူတို့ထဲမှအချို့သည် ဖုံးကွယ်ထားသည့် အခြားသောလမ်းကြောင်းများနှင့် နေရာလွတ်များကို ရှာဖွေနေကြ၏။
သူတို့ထဲမှအချို့သည် နံရံတံတိုင်းများ၏ အောက်ခြေသို့ရောက်ရှိလာပြီး နံရံပေါ်ရှိ ဗုဒ္ဓဝါဒဆိုင်ရာ ရုပ်တုများစွာကို ကြည့်ရှုကာ သူတို့ထဲမှ လျှို့ဝှက်ချက်တစ်ချို့ကို ရှာဖွေချင်နေပုံရ၏။
သူတို့ထဲမှတစ်ချို့သည် ယောင်္ကျားဆယ်ဖက်စာလောက်ရှိသော ကျောက်တိုင်တစ်ခုရှေ့သို့သွားကာ ၎င်းကို လှည့်ပတ်ကြည့်ရှုနေကြ၏။
ကျင့်ကြံသူအချို့သည် အစိမ်းရောင်မီးအိမ်များဆီသို့ပင် ပြေးသွားကာ အဲ့ဒါတွေက စွမ်းအားကြီးသော ရတနာများဖြစ်နေမလားဟူသော မျှော်လင့်ချက်ဖြင့် သေချာဂရုတစိုက်စစ်ဆေးကြည့်ရှုနေကြ၏။
ဆူဇီမိုသည် နေရာမှာပင်မလှုပ်မယှက်ရပ်တန့်နေ၏။
ရုတ်တရက်ဆိုသလို...
ဘုန်း...
ထိုစဥ်မှာပင် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း၏ ဝင်ပေါက်လေးခုထက်မှ ဧရာမကျောက်တံခါးများက ဆင်းသက်လာပြီး တင်းကျပ်စွာပိတ်ဆို့လိုက်၏။ ချက်ချင်းပင် ခန်းမတစ်ခုလုံးက အမှောင်ကျသွား၏။
လက်ရှိလူများသည် ဓမ္မဝိသေသတာအိုအရှင်များဖြစ်ကြ၏။ သူတို့သည် အမှောင်ထဲမှာပင် သူတို့၏ ဘေးပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်နိုင်ဆဲ ဖြစ်သော်လည်း ရုတ်တရက်ဤပြောင်းလဲမှုက အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
“ဘာတွေဖြစ်ကုန်တာလဲ”
“ဘာဖြစ်သွားတာလဲ..”
“တစ်ယောက်ယောက်ကများ မတော်တဆနဲ့ ထောင်ချောက်တစ်ခုခုကို နှိုးဆွမိသွားတာလား”
ခန်းမထဲမှာ အုန်းအုန်းကျက်ကျက်ဖြစ်လာကြ၏။
ရွှစ်...
ထိုစဥ်မှာပင် နံရံတံတိုင်းများအောက်ရှိ အစိမ်းရောင်မီးအိမ်များသည် ရုတ်တရက်လင်းလက်လာကြ၏။ သူတို့သည် မီးတောက်များဖြင့် လောင်ကျွမ်းလာပြီး တဖျပ်ဖျပ်ဖြစ်နေ၏။
မီးရောင်မှိန်မှိန်အောက်တွင် ဗြဟ္မာ ၄ ဦးသည် ရုတ်တရက်အသက်ဝင်လာသည့်အလား အလွန်တရာကြောက်မက်ဖွယ်ကောင်းသည့်ပုံပေါက်လာ၏။
များစွာသော ကျင့်ကြံသူများက တုန်လှုပ်သွားရ၏။
လူအုပ်ကြီးထဲမှ အံ့အားတသင့်ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ဆူဇီမို၏ စိတ်နေစရိုက်နှင့်ပင်လျှင် သူ၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ပင့်သက်ကိုရှိုက်ကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာခဲ့၏။