ဆေးလုံး ရှာတွေ့ပြီ
Vol. 84 Ch. 1260
မှိန်ဖျော့ဖျော့ အလင်းရောင်ကြောင့်သာလျှင် ဗြဟ္မာလေးဦး၏ အရိပ်များသည် ရှည်ထွက်လာပြီး သက်ရောက်မှုပုံစံတစ်ခု ဖြစ်လာကြောင်းကို သိပ်မကြာခင် ကျင့်ကြံသူများစွာက နားလည်သဘောပေါက်သွားကြ၏။
အစက ယောက်ယက်ခတ်နေသော လူအုပ်ကြီးသည် တဖြည်းဖြည်း ငြိမ်သက်သွားကြ၏။
အစကနေ အခုချိန်ထိ ဆူဇီမိုသည် တည်တံ့သော အမူအရာဖြင့် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
ထိုတုန်လှုပ်မှုပြီးနောက်.. ကျင့်ကြံသူများစွာသည် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်း၏ ဝင်ပေါက်လေးဖက် လုံးဝ ပိတ်ဆို့သွားသည်ကိုပင် မေ့လျော့သွားကြ၏။
သူတို့အုပ်စုထဲတွင် ဓမ္မဝိသေသ တာအိုအရှင်များဖြစ်စေ.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်စေ.. သူတို့အားလုံးသည် ရှေးဟောင်းဘုရားကျောင်းထဲမှာ ပိတ်မိနေကြပြီဖြစ်၏။
ထိုစဉ်မှာပင် ကျင့်ကြံသူတစ်ယောက်က ဤသည်ကို နားလည်သွားပြီး မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်း၏ ဝင်ပေါက်များကို စစ်ဆေးကြည့်ရှုကာ အော်ဟစ်ပြောဆိုလိုက်၏။
“အားလုံးပဲ တစ်ချက်လာကြည့်ကြဦး.. ဝင်ပေါက်တွေက လုံးဝ ချိပ်ပိတ်သွားပြီ”
“ခင်ဗျားက ဘာကိုကြောက်နေတာလဲ”
နောက်ထပ်လူတစ်ယောက်က အဲဒါကို စိတ်ထဲမှာ လုံးဝ ထည့်မှတ်မထားပေ။
“ကျုပ်တို့ကြားမှာ ဒီလောက်များပြားတဲ့ တာအိုအရှင်တွေနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေမှတော့.. အလွန်ဆုံး အဲဒီ ကျောက်တုံးတံခါးကို ချိုးဖျက်ဖို့အတွက် ကျုပ်တို့က အတူပူးပေါင်းလိုက်ရုံပေါ့.. ဒီရှေးဟောင်းဘုရားကျောင်းက ကျုပ်တို့ကို ဒီနေရာမှာ ပိတ်လှောင်ထားနိုင်မှာလား”
ဘုန်း…
အခြားတစ်ဖက်တွင် ကျယ်လောင်သော မြည်သံတစ်သံက ထွက်ပေါ်လာခဲ့၏။
အဲဒါသည် ဂိတ်တံခါးကို ချိုးဖျက်ဖို့အတွက် ကြိုးပမ်းလိုက်သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ တိုက်ခိုက်မှုတစ်ရပ် ဖြစ်လေသည်။
ဘန်း.. ဘန်း.. ဘန်း..
ထိုပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် ကျောက်သားတံခါးကို ဆက်တိုက်တိုက်ခိုက်လိုက်ပြီး စွမ်းအားကြီးမား၍ ကြမ်းကြုတ်ခက်ထန်သော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။ သို့သော်လည်း ကျောက်သားတံခါးက တုတ်တုတ်မျှ လှုပ်မလာခဲ့ပေ။
ကျောက်တုံးတံခါးနှင့် ရင်ဆိုင်ရာတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ စွမ်းအားသည် ပင်လယ်ထဲသို့ ပစ်ချလိုက်သော ကျောက်တုံးတစ်တုံးကဲ့သို့ မည်သည့် ဝဲဂယက်မှ ထွက်မလာဘဲ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့၏။
“ဒီရှေးဟောင်းဘုရားကျောင်းက ထွက်ပေါက်မရှိတော့ဘူးပဲ”
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် ပျက်ယွင်းသော အမူအရာတစ်ခု ရှိလာခဲ့၏။
“ဒီမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံး ပူးပေါင်းတိုက်ခိုက်ရင်တောင် ငါတို့က ဒီကျောက်တုံးတံခါးကို ချေမွဖျက်ဆီးနိုင်မှာ မဟုတ်လောက်ဘူး”
ရုတ်တရက်.. နောက်ထပ် အခြေအနေတစ်ခုက ဖြစ်ပေါ်လာခဲ့၏။
ဘန်း.. ဘုန်း.. ဘုန်း..
ရှေးဟောင်းဘုရားကျောင်း၏ အနက်ပိုင်းထဲမှ ကြမ်းကြုတ်ပြင်းထန်သော ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့၏။
များစွာသော ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ တည်ငြိမ်စွာ မရပ်တည်နိုင်တော့ဘဲ လေထဲသို့ အလောတကြီး ခုန်တက်လိုက်ရ၏။
ထိုသို့ဆိုလျှင်တောင် ကျင့်ကြံသူများ မြင်နိုင်သော လေဟာနယ်သည် တွန့်လိမ်စုတ်ပြဲသွားဆဲဖြစ်၏။
သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်ဖော်လျှင်တောင် သူတို့သည် ကြေမွတွန့်လိမ်သွားသော လေဟာနယ်ထက် ကျော်လွန်၍ မကြည့်ရှုနိုင်ကြပေ။
အဲဒီနောက်.. ကျင့်ကြံသူများ အားလုံးသည် ထူးဆန်းသော စွမ်းအားတစ်ခု၏ ဆွဲယူခြင်းကို ခံရသည့်အလား.. ခံစားလိုက်ကြရ၏။ လောကက လည်ပတ်သွားပြီး သူတို့သည် လေဟာနယ်ကို ဖြတ်ကျော်ကာ နောက်ထပ် နေရာလွတ်တစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။
ဆူဇီမိုသည် တူညီသော အတွေ့အကြုံနှင့် တူညီသော ခံစားချက်ကို ရရှိလိုက်၏။
အဲဒါသည် ရင်းနှီးမှုနှင့် စိမ်းသက်မှု ရောထွေးနေသော ဖော်မပြတတ်သည့် ခံစားချက်တစ်ခု ဖြစ်၏။
သူက ထိုဆွဲငင်အားကို ခုခံနိုင်ခြင်း မရှိပေ။
ငေးတိငေးငိုင်နှင့်ပင်.. များစွာသော ကျင့်ကြံသူများသည် အာရုံစိုက်၍ ကြည့်လိုက်ပြီးနောက်.. သူတို့သည် ရှေးဟောင်းဘုရားကျောင်း၏ ပင်မခန်းမထဲကနေ ထွက်ခွာလာပြီဖြစ်ပြီး နောက်ထပ် လျှို့ဝှက်ခန်းတစ်ခန်းထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တုန်လှုပ်စွာဖြင့် တွေ့ရှိလိုက်ရ၏။
ထိုလျှို့ဝှက်ခန်းသည် မည်သည့် အကြားအလပ်မှ မရှိဘဲ ပကတိ ချိပ်ပိတ်ထားပြီး မာကြောသော နံရံများကို နေရာတိုင်းမှာ တွေ့မြင်ရ၏။
တကယ်တော့ အဲဒါသည် လျှို့ဝှက်ခန်းတစ်ခု ဖြစ်သော်လည်း ၎င်း၏ အရွယ်အစားက မခန့်မှန်းနိုင်လောက်အောင် ကြီးမားနေဆဲဖြစ်ပြီး ဧရာမနန်းတော်တစ်ခုနှင့် ဆင်တူနေ၏။
ဆူဇီမိုသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။
အစကတော့ ရှေးဟောင်းဘုရားကျောင်း၏ ပင်မခန်းမထဲတွင် ကျင့်ကြံသူပေါင်း ငါးထောင်ကျော် ရှိနေခဲ့ကြ၏။
ထိုအခိုက်အတန့်တွင် သူနှင့်အတူ ဤလျှို့ဝှက်ခန်းမထဲမှာ လူငါးရာကျော်ကျော်သာလျှင် ရှိတော့လေသည်။
ကျင့်ကြံသူများသည် အတင်းအကျပ် ခွဲထုတ်ခြင်းခံလိုက်ရသည့်အလားပင်။
ဤလျှို့ဝှက်ခန်းထဲရှိ လူငါးရာကျော်ကျော်အပြင် အခြားသော ကျင့်ကြံသူများသည်လည်း တူညီစွာ ကြုံတွေ့ရပေလိမ့်မည်။ သူတို့သည် သူတို့အတွက် သီးသန့်လျှို့ဝှက်ခန်းများဆီသို့ ခွဲထုတ်ခြင်းခံလိုက်ရပေလိမ့်မည်။
“အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
“ငါတို့က ထောင်ချောက်တစ်ခုခု ဒါမှမဟုတ် ဝင်္ကပါတစ်ခုခုကို နှိုးဆွမိသွားတာများလား”
ဆူဇီမိုက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲမှာ ဤကဲ့သို့သော ဖြစ်စဉ်တစ်ခု ဖြစ်ပျက်လာခြင်းသည် ထောင်ချောက်ဝင်္ကပါတစ်ခုကြောင့် ဖြစ်ဖို့များလေသည်။
သို့သော်လည်း သူသည် ဘေးပတ်ဝန်းကျင်ကို အတန်ကြာ ထောက်လှမ်းကြည့်ရှုပြီးနောက် မည်သည့် ဝင်္ကပါအင်းကွက် သို့မဟုတ် ထောင်ချောက်တစ်ခုခု၏ အရိပ်အယောင်ကိုမှ မတွေ့မြင်ရပေ။
“မူလဓမ္မလက်နက်တစ်ခုပဲ”
ထိုစဉ်မှာပင်.. ကျင့်ကြံသူတစ်ယောက်သည် လျှို့ဝှက်ခန်းထဲရှိ စားပွဲတစ်ခုပေါ်မှာ ရှေးဟောင်းကြေးမုံတစ်ချပ်ကို ကောက်ယူပြီး ဂရုတစိုက် စစ်ဆေးကြည့်ရှုကာ အံ့အားတသင့် ရေရွတ်လိုက်၏။
ရှေးဟောင်းကြေးမုံသည် သာမန်သာဖြစ်သော်လည်း ၎င်းအပေါ်ရှိ ဖုန်မှုန့်များကို ဖယ်ရှင်းပြီးနောက် ရှေးဟောင်းကြေးမုံ၏ မျက်နှာပြင်ပေါ်တွင် ဓမ္မအင်းကွက် ၆ခု ရှိနေသည်ကို သူတို့က ရှင်းလင်းစွာ မြင်နိုင်၏။
ထိုအသံသည် များစွာသော ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။
အစကတော့.. လျှို့ဝှက်ခန်းထဲမှာ ပိတ်မိနေသော ကျင့်ကြံသူ ငါးရာကျော်ကျော်သည် သူတို့ ဘယ်လိုပြန်ထွက်ရမလဲနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြဆဲဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် များစွာသော ကျင့်ကြံသူများသည် လူစုခွဲ၍ နောက်ထပ် ရတနာများကို တွေ့ရှိလိုစိတ်ဖြင့် လျှို့ဝှက်ခန်းထဲမှာ ရှာဖွေလိုက်ကြ၏။
“ပတိက အရိုးတိုက်စားဓား”
ဓားကျင့်ကြံသူတစ်ယောက်သည် လျှို့ဝှက်ကျမ်းတစ်ခုကို ကောက်ယူပြီး ၎င်းကို ဖွင့်ကြည့်ကာ ကျေနပ်နှစ်ခြိုက်သွား၏။
သူသည် ဤတစ်ခေါက် ရောက်ရှိလာရသည့် အကြောင်းရင်းမှာ ရှေးဟောင်းဓားပညာရပ်တစ်ခုခုကို ရှာဖွေချင်သောကြောင့်ဖြစ်၏။
ဤပတိက အရိုးတိုက်စားဓားသည် ရှေးဟောင်းခေတ်က ပျောက်ဆုံးသွားခဲ့ပြီး အလွန်တရာ စွမ်းအားကြီးမားလေသည်။ အဲဒါကို မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲမှာ တွေ့ရှိရသည်ဆိုတော့..။
သိပ်မကြာခင်.. ကျင့်ကြံသူများသည် သူတို့ အလိုရှိရာကို ရှာဖွေတွေ့ရှိကုန်ကြ၏။
ဤလျှို့ဝှက်ခန်းထဲရှိ ရတနာများ၏ အရေအတွက်က စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။
ဆူဇီမိုသည် သူ၏ စူးစမ်းလိုစိတ်ကို လောလောဆယ်မှာ ဖိနှိမ်လိုက်၏။ သူသည် ညင်သာစွာ နှာခေါင်းရှုံ့၍ အရပ်တစ်ဖက်သို့ ဦးတည်လိုက်၏။
သူ၏ အာရုံငါးပါးသည် အလွန်တရာ ထက်ရှပြီး ဤနေရာမှာ ဆေးလုံးတစ်မျိုးမျိုး ရှိနေမည်ဆိုလျှင် သူက ချက်ချင်းပင် အနံ့ခံနိုင်ပေလိမ့်မည်။
တစ်ခဏအတွင်းမှာပင်.. ဆူဇီမိုက ဆေးလုံးမီးဖိုတစ်ခုဘေးသို့ ရောက်ရှိလာခဲ့၏။
ဒယ်စောက်တစ်ခု၏ဘေးတွင် များစွာသော စိတ်ဝိညာဉ်ဆေးစင်များ ရှိပြီး ကြွယ်ဝသော ဆေးရနံ့ ဖြာထွက်နေသည့် ဆေးဖက်ဝင်အပင်များကို အတန်းလိုက် နေရာချထား၏။
စောစောက ရောက်ရှိလာသော ကျင့်ကြံသူအချို့သည် အငမ်းမရ ဆွဲငင်လုယက်နေကြ၏။
တကယ်ဆို.. ကျင့်ကြံသူအချို့သည် တိုက်ခိုက်နေကြပြီဖြစ်၏။
ဆူဇီမိုသည် လှုပ်ရှားယိမ်းယိုင်ခြင်း မရှိဘဲ ဆေးလုံးမီးဖိုပတ်လည်ကို ခဏမျှ ကြည့်ရှုလိုက်၏။
အဲဒီနောက် သူ၏အကြည့်သည် တဖြည်းဖြည်း ရပ်တန့်သွားလေသည်။ သူသည် ဆောင့်ကြောင့်ထိုင်ချပြီး ဆေးလုံးမီးဖိုအောက်ရှိ ပြာများကို ယက်ထုတ်လိုက်သောအခါ ကျောက်စိမ်းပုလင်းတစ်ဝက်က ပေါ်ထွက်လာခဲ့၏။
ဆူဇီမိုသည် ကျောက်စိမ်းပုလင်းကို ထုတ်ယူပြီး ပုလင်းအဖုံးကို ဖွင့်ကာ တစ်ချက်ကြည့်ပြီးနောက်.. သူ၏မျက်လုံးက ဝင်းလက်သွား၏။
အဲဒီမှာ ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးနှစ်လုံး ရှိနေ၏။
ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ဆေးစင်များပေါ်မှာ တင်ထားခြင်း မဟုတ်ဘဲ ပြာတောထဲမှာ မြုပ်နှံထားခြင်းဖြစ်၏။
ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံး ရရှိသွားခြင်းနှင့်အတူ ဤခရီးစဉ်အတွက် သူ၏ ရည်ရွယ်ချက်တစ်ဝက်က အထမြောက်သွားခဲ့လေပြီ။
ဆူဇီမို နောက်ထပ်ပြုလုပ်ရမည်မှာ ဗုဒ္ဓပုတီးစေ့များကို ရှာဖွေပြီး အသက်ရှင်လျက် ပြန်ထွက်ဖို့ဖြစ်၏။
ရုတ်တရက်ဆိုသလို..
သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏အမူအရာက ပြောင်းလဲသွားခဲ့၏။ သူက နောက်သို့ လှည့်ကြည့်ခြင်း မရှိဘဲ သူ၏လက်ကို နောက်ပြန်လွှဲယမ်းလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏နောက်မှ ပုံရိပ်တစ်ခုက ပေါ်ထွက်လာပြီး သူ့ကို ဓားတစ်လက်ဖြင့် ထိုးစိုက်လိုက်၏။
ဖြောင်း..
ဆူဇီမို၏ လက်က ဓားကို ထိတွေ့၍ ရစ်ပတ်ပြီး ဆတ်ခနဲ ဆွဲခါလိုက်၏။
သူသည် ဓားကို လုယူလိုက်လေသည်။
ဆူဇီမိုက နောက်သို့ပင် လှည့်မကြည့်ဘဲ ဓားကို လက်ပြန်ပစ်ထုတ်လိုက်၏။
ဖောက်…
သွေးရောင်က ဖြာလက်သွား၏။
ဓားသည် ကျင့်ကြံသူတစ်ယောက်၏ ရင်ဘတ်ကို စိုက်ဝင်သွား၏။
သို့သော်လည်း ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အနည်းငယ် ရွေ့လျားသွားပြီး သေကွင်းသေကွက်ကို ရှောင်ရှားလိုက်နိုင်၏။
ဆူဇီမိုသည် သူ၏လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ထိုလူ့ထံသို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
သူသည် ဓားကို ဆုပ်ကိုင်ပြီး ဓားချီကို ထုတ်ဖော်ကာ တန်ပြန်တိုက်ခိုက်လိုက်၏။
သူ၏ တန်ပြန်တိုက်ခိုက်မှုများသည် လုံးဝ ရပ်တန့်ခြင်း မရှိဘဲ ရေကဲ့သို့ ချောမွေ့နေ၏။
ဇီး….
ထိုဓမ္မဝိသေသ တာအိုအရှင်က ဘယ်လိုပင် ကြိုးစားရုန်းကန်ပါစေ.. သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ရှောင်ရှားနိုင်ခြင်း မရှိပေ။
ဗျစ်..
ဓမ္မဝိသေသ တာအိုအရှင်သည် သူ့ဓားနှင့်သူ နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာပင် ဖျက်ဆီးခံလိုက်ရ၏။
ဆူဇီမိုက သူ့ကို လှည့်ပင်ကြည့်မနေဘဲ ထိုသူသည် လျှို့ဝှက်မရဏဂိုဏ်းမှ ဓမ္မဝိသေသတစ်ယောက် ဖြစ်သည်ကို သူက သိရှိလိုက်ပြီဖြစ်၏။
လျှို့ဝှက်မရဏဂိုဏ်းက လွဲလျှင် အခြား မည်သည့်ဂိုဏ်းကမှ သူ၏နောက်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
သူသည် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ရရှိကာစဖြစ်ပြီး ဤမျှအထိမြန်မြန် သတ်ဖြတ်လိုစိတ်ကို ဆွဲဆောင်မိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“အထီးကျန်သိုင်းသခင်.. ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးတွေကို ထုတ်ပေးစမ်း”
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က တောက်လောင်နေသော အကြည့်နှင့်အတူ ဆူဇီမိုထံသို့ လျှောက်လှမ်းလာ၏။
“မင်းက ငါ့ဆီက ပစ္စည်းကို ဘယ်လိုတောင် လုယူချင်ရဲတာလဲ.. မင်းကတော့ သေချင်နေပြီပဲ”
ဆူဇီမို၏ အကြည့်က အေးစက်လာခဲ့၏။
ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့်အဖွဲ့အစည်းကမှ မဟုတ်ပေ။ သူ့တွင် စွမ်းအားကြီးမားသော ဝှက်ဖဲတစ်စုံတစ်ရာ မရှိသရွေ့ ဆူဇီမိုအနေဖြင့် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကိုပင် အသုံးမပြုဘဲ ထိုသူ့ကို သတ်ဖြတ်ဖို့ အလွန်တရာ လွယ်ကူလေသည်။
ရှေးဟောင်းဘုရားကျောင်း အပြင်ဘက်မှာတုန်းက ဆူဇီမို ထွက်ပြေးသွားခဲ့သည်ကို ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က မြင်တွေ့ထားပြီး အထီးကျန်သိုင်းသခင်သည် သိပ်လည်း မစွမ်းပါဘူးဟု သူက တွေးထင်ထားကာ ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးအတွက် တိုက်ခိုက်လိုလာခြင်းဖြစ်၏။
သို့သော်လည်း မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်း အပြင်ဘက်ရှိ အခြေအနေမှန်ကို သူက လုံးဝ မသိရှိခဲ့ပေ။
ထိုအချိန်တုန်းက အရာရာတိုင်းသည် ဘာမှန်းမသိရသေးပေ။
ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးနှင့် ဗုဒ္ဓပုတီးစေ့ကလည်း ထိုအချိန်တုန်းက ထွက်ပေါ်မလာသေးပေ။
အဲဒါကြောင့်ပင်.. ဆူဇီမိုက လီလေ့နှင့် မတိုက်ခိုက်လိုခဲ့ခြင်းဖြစ်၏။
သို့သော် ယခုအခါ အကြီးအကဲ လီလေ့ ရောက်ရှိလာမည်ဆိုလျှင်တောင် သူက နောက်ဆုတ်ပေးလိမ့်မည် မဟုတ်ပေ။