← Chapters

အဖွဲ့ကိုဦးဆောင်မည့်ဆရာ

Vol. 48 Ch. 709

အဖွဲ့ကိုဦးဆောင်မည့်ဆရာ

Vol. 48 Ch. 709

ဖုန်းခေါ်ဆိုမှုအပြီးတွင် ညသရဲဝိညာဥ်အင်ပါယာ၏ တင်းကျပ်ပြီး စိတ်မသက်မသာ ဖြစ်နေသော မျက်နှာသည် အနည်းငယ် ပြေလျော့သွားခဲ့သည်။

သူ၏ အကြီးမားဆုံးစိုးရိမ်မှုမှာ ဟွာရှို့၏ စစ်ဆေးရေး ဖြစ်သည်။

အကယ်၍သာ ဒဲလန်က ထိုနေရာတွင် ဖမ်းမိသွားလျှင် သူ၏ မဟာစီမံချက်က ထိခိုက်လာမည် ဖြစ်သည်။

ဤအချိန်သည် သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေကို စိမ့်ဝင်ရန်အတွက် အလွန်အရေးကြီးသော အချိန် ဖြစ်သည်။

ဟွာရှို့က အကြွင်းအကျန် နယ်မြေကို ကာကွယ်ရန်အတွက် ထိပ်တန်း ကျင့်ကြံသူ အများအပြားကို စေလွှတ်ထားမည်မှာ သေချာသည်။

ဤအခွင့်အရေးကို သူတို့ မဆုပ်ကိုင်ထားလျှင် အစီအစဉ် တစ်ခုလုံး အကောင်အထည်ဖော်ရန်အတွက် အဆပေါင်း သန်းနဲ့ချီ ခက်ခဲလာလိမ့်မည် ဖြစ်၏

သို့သော် ဒဲလန် တစ်ယောက် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီးနောက်တွင် သူက အလွန် စိတ်သက်သာရာ ရသွားသည်။

ထို့အပြင် ဒဲလန် ပြောခဲ့သည့် "သရဲခေါင်းဓား"သည် သူ့ကို အံ့အားသင့်စေခဲ့သည်။

ဤနာမည်နှင့် လူသတ်သမားကို သူ တစ်ခါမှ မကြားဖူးပေ။

သရဲခေါင်းဓားက တကယ်ပဲ မှော်လက်နက်များပိုင်ရှင် နတ်ဘုရားမယ်တော်ရဲ့ တတိယမြောက် တပည့်လား။

ညသရဲဝိညာဥ်အင်ပါယာက သရဲခေါင်းဓားအကြောင်းကို အလွန်ပင် သိချင်နေခဲ့သည်။

မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်မှာ မည်သူနည်း။

သူမက လုပ်ကြံရေးလောက၏ ဘိုးဘေး ဖြစ်ပြီး တပည့်နှစ်ယောက်မှာ လေလွင့်ကိုယ်လူချော နှင့် တာအိုဆရာ တောက်တိတို့ ဖြစ်သည်။

သူတို့ သင်ယူခဲ့ရသည့် အရာများသည် အပေါ်ယံလောက်သာ ဖြစ်သော်လည်း သူတို့သည် လုပ်ကြံသတ်ဖြတ်ရေး လောက၏ စူပါစတား နှစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

သို့ဆိုလျှင် ဤသရဲခေါင်းဓားက မည်သူနည်း။

ညဦးစီးမှူးအဖွဲ့၏ ဌာနချုပ်တွင် ညသရဲဝိညာဥ်အင်ပါယာသည် လေးလေးနက်နက် တွေးတောနေခဲ့သည်။

ခဏအကြာတွင် ဓာတ်ခွဲခန်း ဝန်ထမ်းတစ်ဦးဘက်သို့ ကြည့်ကာ ပြောလိုက်သည်။

"အမှောင်နက်ဝေါ့ခ်က သရဲခေါင်းဓားရဲ့ နောက်ခံကို စုံစမ်းဖို့ ကူညီပေးနိုင်မလား"

"ခဏစောင့်ပါ အရှင်ဝိညာဥ်အင်ပါယာ"

ဝန်ထမ်းက ခေါင်းညိတ်သည်။

မိနစ်အနည်းငယ်အကြာတွင် “သရဲခေါင်းဓား”နှင့် သက်ဆိုင်သည့် အချက်အလက်ကို ညသရဲဝိညာဥ်အင်ပါယာဆီ ပေးပို့ခဲ့သည်။

အချက်အလက်များကို ဖတ်ရှူပြီးနောက် ညသရဲဝိညာဥ် အင်ပါယာ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

"ကောလဟလတွေက တကယ်ပေါ့"

…

ဇူလိုင်လ 31 ရက်နေ့သည် စာသင်နှစ်၏ ၁၅ပတ်မြောက် တနင်္လာနေ့ ဖြစ်သည်။

ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့မှ အတွင်းရေးမှူး တာခန်း ကိုယ်တိုင်ကိုယ်ကျ ထောက်ခံထားသော ကျိုးရီ၏ ဦးဆောင်မှုဖြင့် နွေရာသီစခန်းသွင်း လေ့လာရေးကို တရားဝင်စတင်ခဲ့သည်။

ယခုအကြိမ် နွေရာသီ စခန်းသွင်းလေ့လာရေးအတွက် ရွေးချယ်ခံထားရသော အခြေခံ တည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းများမှ ကျောင်းသားများကို ဖေးယန်ခရိုင်၏ ပြည်သူ့ရင်ပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။

နံနက်ဆယ်နာရီတွင် ရင်ပြင်၌ ကျောင်းသား တစ်ထောင်ကျော် စုရုံး ရောက်ရှိလာကြသည်။

ရင်ပြင်တွင် အဖြူရောင် ၀တ်စုံဝတ် ဆရာ အများအပြားလည်း ရှိနေသည်။

ဤဆရာများသည် ဟွာရှို့မဟာမိတ် အဖွဲ့အစည်းမှ မြို့အနှံ့ရှိ ကျောင်းအသီးသီးကနေ ရွေးချယ်ထားသော ကာကွယ်ရေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။

၎င်းတို့အားလုံးသည် ဟွာရှို့မဟာမိတ် အဖွဲ့အစည်းမှ စီစဥ်ပေးသည့် အဖြူရောင် တာအို၀တ်စုံကို ဆင်တူ ၀တ်ဆင်ထားကြသည်။

ဤခရီးစဉ်တွင် ၎င်းတို့၏ အဓိက အခန်းကဏ္ဍမှာ ကျောင်းသားများ၏ ဘေးကင်းမှုအတွက် စိတ်ချရစေရန် ဖြစ်သည်။

အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးချမ်း၊လုံခြုံရေးမှူးလီ နှင့် ရှေးဟောင်းစာအုပ်ကြီး တို့သည်လည်း ဤအထင်ကြီးစရာကောင်းသော ကာကွယ်ရေးအဖွဲ့တွင် ပါဝင်သည်။

ဆရာမဖန်လည်း လာချင်ခဲ့သည်ဟု ဝမ်လင်း ကြားမိသည်။

သို့သော် သူမက စာသင်ချိန် ရှိနေသောကြောင့် သူမ ဆန္ဒကို တိုက်ရိုက် စွန့်လွှတ်ခဲ့ရသည်။

ဟုတ်ပါသည်၊ ဤသည်မှာ အပေါ်ယံတွင် မြင်နိုင်သည့် အကာအကွယ်သာ ရှိသေး၏။

စင်စစ် ကျောင်းသားများကို ဟွာရှို့၏ ဗိုလ်ချုပ်ဆယ်ဦးနှင့် သိပ္ပံသုတေသန ဌာနမှ တီထွင်ထားသော လူသားပုံစံတူ မှော်ရတနာ "နိုင်ငံခေါင်းဆောင် 001"က နောက်ကွယ်ကနေ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။

ထို့အပြင် ဥက္ကဌချီ ကိုယ်တိုင် အဝေးမှ ညွှန်ကြားချက်များ ပေးမည်ဖြစ်ပြီး လိုအပ်လျှင် ကောင်းကင် E-ဂြိုဟ်တုကို အချိန်မရွေး အသုံးချမည် ဖြစ်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ကာကွယ်ရေး ဖွဲ့စည်းပုံသည် ခိုင်ခံ့ပြီး လေတိုး၍ပင် မပေါက်ပုံ ပေါ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ဝမ်လင်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။

ဤခရီးက အလွန်ချောမွေ့သော ခရီးဖြစ်မည်ဟု သူ မထင်ခဲ့ပေ။

သို့သော် ဝမ်လင်းသည် သူ့ခံစားချက်ကို လူတိုင်းအား မမျှဝေခဲ့ချေ။

ထိုခဏတွင် တန်းစီနေသော သူတစ်ဦးသည် ဓာတ်ပုံရိုက်ကာ WeChatတွင် တင်ရန် ပြင်လိုက်သည်။

သို့သော် ထိုကျောင်းသား၏ ဖုန်းကို အဖြူရောင်ဝတ်စုံဝတ်ထားသည့် မျက်နှာခပ်မည်းမည်း ဆရာတစ်ဦးက လျင်မြန်စွာပင် သိမ်းဆည်းသွားခဲ့သည်။

"နွေရာသီစခန်းသွင်းလေ့လာရေးမှာ ဓာတ်ပုံရိုက်တာကို တားမြစ်ထားတယ်လို့ မင်းဆရာက မင်းကို မပြောထားဘူးလား"

သဘောထားပျော့ပျောင်းသော ဆရာများကြားတွင် ဆိုးသွမ်းသော ဆရာ တစ်ယောက် အမြဲရှိစမြဲပင်။

ဤဖြစ်ရပ်ကို ကြည့်လျှင် ကျောင်းသားများကို ကိုင်တွယ်ရန် ဆရာများသည် စောစောကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားခဲ့သည်မှာ သိသာနေသည်။

"ဒီလောက်တောင် တင်းကြပ်တယ်လား"

ချန်းချောင်က အံ့ဩသွားခဲ့သည်။

"မင်းကို ပေါ့ပျက်ပျက်မလုပ်မိဖို့ ငါပြောထားတယ်လေ"

ကော်ဟောက်က သတိပေးလိုက်သည်။

“ခရီးမစခင်မှာ ငါ့ ဦးလေးဆီက ငါကြားခဲ့တာရှိတယ်..ဒီတစ်ကြိမ် ငါတို့ကို ဦးဆောင်တဲ့ ဆရာတချို့က ကျင့်ဟွာမြို့က ဆရာတွေပဲ.. ဒီမျက်နှာမည်းဆရာက သူတို့ထဲက တစ်ယောက်ပဲ.. ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းကို သိတယ်မဟုတ်လား"

ဤစကားများက ဝမ်လင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်းသည် အမှတ်၆၀ အထက်တန်းကျောင်းသို့ မပြောင်းမီ ဖန့်ရှင်း နေခဲ့သောကျောင်း ဖြစ်သည်။

အင်မော်တယ်ရှဲဖီ ကွပ်မျက်ခံရပြီးနောက်တွင် ဖန့်ရှင်းသည် ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းကို တိုက်ရိုက် စေလွှတ်ခံရပြီး ထိုနေရာမှာပင် ကြီးပြင်းခဲ့ရသည်။

ဤသည်မှာ အထက်တန်း ကျောင်းတစ်ကျောင်းသာ ဖြစ်သော်လည်း ငွေရှိတိုင်း တတ်ရောက်နိုင်သော ကျောင်းမဟုတ်ပေ။

ထိုကျောင်းတွင် ကျောင်းသားများက မရိုးရှင်းသလို ဆရာများကလည်း မရိုးရှင်းချေ။

ထို့အပြင် ယခင်က နိုင်ငံတစ်ဝှမ်း၌ အခြေခံ တည်ထောင်ခြင်း အဆင့် ထူးချွန်ကျောင်းသားများကို စုဆောင်းခဲ့သည့် သူတော်စင်အသင်း၏ အဓိက အဖွဲ့ဝင်အများစုမှာ ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းမှ ဖြစ်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ဆရာများသည် ကျောင်းသားတစ်ထောင်ကျော်ကို ကျား၊မ၊ အရပ်အမြင့် နှင့် ကျောင်းအလိုက် သူ့အစုနဲ့သူ စတုရန်းပုံသဏ္ဍာန် စီတန်းထားခဲ့သည်။

ကျောင်းသားအဖွဲ့တစ်ဖွဲ့စီ၏ ရှေ့တွင် ဆရာတစ်ယောက်စီ ရပ်နေသည်။

စွန်းရုံ နှင့် လင်းရှောင်ယုက ဝမ်လင်း၏ ဘေးအဖွဲ့တွင် ဖြစ်ပြီး ထိုအဖွဲ့ကို ရှေးဟောင်းစာအုပ်ကြီးက ဦးဆောင်ခဲ့သည်။

ဝမ်လင်းတို့အဖွဲ့၏ အရှေ့တွင်မူ ဆရာတစ်ယောက်မှ ရှိမနေသည်ကို ဝမ်လင်း သတိထားမိလိုက်သည်။

"ဆရာ ခွဲတမ်း မရသေးလို့ များလား"

သူ စိတ်ရှုပ်ထွေးနေချိန်မှာတွင် အနက်ရောင် ကားတစ်စီးက ရင်ပြင်၏ ခပ်လှမ်းလှမ်း၌ ရပ်တန့်လိုက်သည်ကို တွေ့လိုက်ရသည်။

ယာဉ်မောင်းထိုင်ခုံမှ ကျိုက်ယန် ဆင်းလာချိန်တွင် ဝမ်လင်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊

အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် လူယုတ်မာတစ်ဦးသည် လူအုပ်ကြားမှ ဖြတ်လျောက်လာသည်ကို သူတွေ့လိုက်ရသည်။

ဝမ်မင်က ပြုံးပြီး အရှက်မဲ့စွာ ရယ်လိုက်သည်။

"အားလုံးမင်္ဂလာပါ.. ငါက မင်းတို့ကို ဦးဆောင်မယ့် ဆရာဝမ်ပါ.. ငါ့ကို အကိုကြီးဝမ်လို့ ခေါ်လည်းရပါတယ်"

ဝမ်လင်း “….......”

အပိုင်း(၇၀၉) ပြီး၏

All Chapters