ပဋိဇီဝဆေးထိုးသွင်းခြင်း
Vol. 48 Ch. 710
သုတေသနအဖွဲ့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤခရီးစဉ်တွင် ဝမ်မင်၏ ပါဝင်မှုသည် တိုက်ဆိုင်မှု မဟုတ်ပေ။
ထို့အပြင် နိုင်ငံခေါင်းဆောင် 001 သည် စမ်းသပ်ဆဲအဆင့်တွင် ရှိနေသောကြောင့် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုအတွင်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် ဝမ်မင်သည် ချက်ခြင်း ပြုပြင်ပြောင်းလဲမှုများ လုပ်နိုင်မည် ဖြစ်သည်။
သူ့တွင် နိုင်ငံခေါင်းဆောင် 001 အတွက် အရေးပေါ် ဘရိတ်ခလုတ် ပါရှိသည်။
ထို့အပြင် ဥက္ကဌချီတွင်လည်း အဝေးထိန်း ဘရိတ်စနစ်ကို အပိုအကာအကွယ် တစ်ခုအဖြစ် ထားရှိခဲ့သည်။
သို့သော် အရေးပေါ် အခြေအနေတွင် ညွှန်ကြားချက်ပေးရာတွင် စနစ်စတင်ရန် အချိန်ယူရသောကြောင့် ဝမ်မင်က ထိုဘရိတ်ခလုတ်ကို ပို၍ လုံခြုံမှုရှိစေရန် သူ့ကိုယ်ပေါ်တွင်သာ ထားရှိခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံခေါင်းဆောင် 001 သည် ဝမ်မင်၏ ဘေးတွင် ရပ်နေသော်လည်း မမြင်နိုင်သောမုဒ်တွင် ရှိနေသည်။
ဝမ်လင်း နှင့် ဖန့်ရှင်းမှ လွဲ၍ အခြားမည်သူမျှ မမြင်နိုင်ပေ။
နိုင်ငံခေါင်းဆောင် 001 သည် ယခုအခါ သတိအနေအထားမုဒ်တွင် ရှိနေသည်။
ဤခရီးစဉ်တွင် ပါဝင်မည့် ကျောင်းသားများ နှင့် ဆရာတိုင်း၏ ဒေတာအားလုံးကို သူ၏ ဒေတာဘေ့စ်ထဲ၌ ထည့်သွင်းထားပြီးပြီ ဖြစ်သည်။
အန္တရာယ်ပေးမည့် တစ်စုံတစ်ဦး ပေါ်လာပြီးသည်နှင့် နိုင်ငံခေါင်းဆောင် 001 က အလိုအလျောက် အရေးယူမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်မင် တစ်ယောက် ဦးဆောင်ဆရာ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ယုံကြည်မှုရှိရသည့် အကြောင်းရင်းမှာ နိုင်ငံခေါင်းဆောင် 001 ကြောင့် ဖြစ်သည်။
တစ်ဖက်တွင်လည်း ဝမ်လင်းသည် ဟွာရှို့ မဟာမိတ်အဖွဲ့ စီစဥ်ပေးထားသည့် အဖြူရောင်ဝတ်စုံအား ကျိုက်ယန် ဝတ်ထားသည်ကို သတိပြုမိသည်။
ဆိုရလျှင် သူမသည်လည်း ဦးဆောင်ဆရာ ဖြစ်လာခဲ့သည်။
ယင်းကို မြင်လျှင် ဝမ်လင်းသည် လက်ရှိ အခြေအနေ၏ အခြေခံအသေးစိတ် အချက်အလက်များကို မှန်တစ်ချပ်လို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
ထိုအချိန်တွင် ချန်းချောင်က ရုတ်တရက် ပြောလိုက်သည်။
"ဒီဆရာဝမ်ကို ဘယ်မှာတွေ့ဖူးလဲမသိဘူး.. နည်းနည်း ရင်းနှီးနေသလိုပဲ"
ကော်ဟောက် ခေါင်းညိတ်လိုက်သည်။
"ငါလည်း အကြောင်းတစ်ခုခုကြောင့် ရင်းနှီးနေသလို ခံစားရတယ်"
ဝမ်လင်း “…..........”
ကျောင်းခြောက်ကျောင်း စုပေါင်း စစ်ရေးလေ့ကျင့်မှု အတွင်း ဝမ်မင်သည် ချန်းချောင်၊ ကော်ဟောက်နှင့် အခြားသူများနှင့်အတူ လိုက်ပါခဲ့သည်။
သို့သော် စစ်ရေးလေ့ကျင့်မှု အပြီးတွင် သူ၏ကိုယ်ပိုင်လက္ခဏာကို ကာကွယ်ရန်အတွက် ဝမ်မင်က သူနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ဖျောက်ဖျက်ပေးရန် ဝမ်လင်းကို တောင်းဆိုခဲ့သည်။
ဤအသိဥာဏ်သည် မသိစိတ်၏ ဆဋ္ဌမအာရုံ ဖြစ်သည်။
သူ့အကို ဝမ်မင်က ပေါ့ပျက်ပျက် နေတတ်သည်ဟု ဝမ်လင်းထင်မြင်မိသည်။
ကျိုက်ယန်၏ ရှေ့တွင် အနည်းငယ် အပိုးကျိုးသော်လည်း ကျန်အချိန်များတွင် အလွန် မဆင်မခြင် ပြုမူတတ်သည်။
ထိုအချိန်တွင် ရင်ပြင်၌ လူအရေအတွက် ပိုမို များလာနေပြီဖြစ်သည်။
ဆရာတစ်ရာကျော်နှင့် သုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့သည် လေ့လာရေးခရီးစဥ် အတွင်း အခြေခံ တည်ထောင်ခြင်းအဆင့် ကျောင်းသားတစ်ထောင်ကျော်ကို ဦးဆောင်မည် ဖြစ်သည်။
သုတေသန လေ့လာရေးခရီးနှင့် တစ်ချိန်တည်း ဖြစ်ပေါ်နေသော နွေရာသီစခန်းသွင်းလေ့လာရေး..
ဤသည်က တကယ်ကို ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုပင်။
ထို့အပြင် အနီးအနား ပတ်ဝန်းကျင်၌ မီဒီယာသမားများ ရှိမနေသည်ကို ဝမ်လင်း သတိပြုမိခဲ့သည်။
ရင်ပြင်တစ်ဝိုက်ရှိ လမ်းများတွင်လည်း ညမထွက်ရ အမိန့် ထုတ်ထားပြီးသား ဖြစ်သည်။
ထိုအချိန်တွင် ဝမ်လင်းသည် သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေ ဝင်ပေါက်က ရင်ပြင်တွင် ဖွင့်လှစ်မည်လားဟုပင် တွေးတောနေပြီ ဖြစ်သည်။
အခြေအနေကို ကြည့်ရင် ဤယူဆချက်က ဖြစ်နိုင်ခြေရှိသည်။
“ဒီတစ်ကြိမ် အကြွင်းအကျန် နယ်မြေထဲကို ဝင်ဖို့ ဒီလောက်ကြီးကျယ်တဲ့ အကာအကွယ်တွေ လိုအပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး.. ငါတို့လို အမိမြေရဲ့ပန်းပွင့်လေးတွေအတွက် ငါတို့နိုင်ငံက ငါတို့ကို ကာကွယ်ဖို့ ဗိုလ်ချုပ်ဆယ်ယောက်ကို စေလွှတ်မယ်လို့ မင်းထင်လား.. အကြွင်းအကျန် နယ်မြေက တကယ်ပဲ အန္တရာယ်ရှိတာလား”
ချန်းချောင်က စိတ်ဝင်တစား မေးလိုက်သည်။
ဝမ်လင်း “…........”
“ငါသိရသလောက် အကြွင်းအကျန်နယ်မြေက သူတော်စင်သားရဲဘုရင်ဖြစ်တဲ့ မိစ္ဆာဘုရင် ကိုယ်တိုင် တည်ဆောက်ထားတဲ့ သင်္ချိုင်းပဲ"
"ဒါပေမယ့် ကောလဟာလတစ်ခုအရ မိစ္ဆာဘုရင်က အိပ်ပျော်နေတဲ့အချိန်မှာ စွပ်ပြုတ်လုပ်ခံလိုက်ရတယ်တဲ့.. ဒါတွေက ပါးစပ်ပြောတွေပဲ ဖြစ်ပြီး အဲဒီအတွက် ခိုင်မာတဲ့ သက်သေ အထောက်အထားတော့ မရှိဘူး"
ကော်ဟောက် “ဒါပေမယ့် အဲဒီတုန်းက သူ့ရဲ့သင်္ချိုင်းကို အလှဆင်ဖို့အတွက် မိစ္ဆာဘုရင်ဟာ ချိုင့်ဝှမ်းထဲမှာ အဖိုးတန် သဘာဝ သယံဇာတတွေ အများအပြား ထားရစ်ခဲ့တယ်.. ဒါကြောင့် ချိုင့်ဝှမ်းထဲမှာ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ သဘာဝ သယံဇာတ အချို့ ရှိနေသေးတယ်.. ချိုင့်ဝှမ်းမှာ သက်ရှိသတ္တဝါတွေရဲ့ အရိပ်အယောင်တွေ မတွေ့ရတဲ့အတွက် လောလောဆယ်တော့ ရုက္ခဗေဒ ဥယျာဉ်တစ်ခုအနေနဲ့ ထားထားတယ်လို့ ကြားမိတယ်”
ထိုစကားကိုကြားလျှင် ဝမ်လင်း၏ နှုတ်ခမ်းထောင့်က တလှုပ်လှုပ် ဖြစ်သွားသည်။
[လခွမ်း.. ဘာ ရုက္ခဗေဒ ဥယျာဉ်လဲ]
သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေတွင် မည်သည့် သက်ရှိသတ္တဝါမျှ မရှိသောကြောင့် အန္တရာယ်မရှိဟု မဆိုလိုပေ။
အဆုံးသတ်တွင် စိတ်ဝိညာဥ် အပင်များထဲမှ အနည်းငယ်သော အပင် အမျိုးအစားသည် ဉာဏ်အလင်းရရှိပြီး လူအများကို တိုက်ခိုက်နိုင်သည်။
ထို့အပြင် မျိုးတုံး ပျောက်ကွယ်သွားသော သယံဇာတအချို့သည်လည်း အလွန်အဆိပ်ပြင်း၍ လူတိုင်း သတိထားရမည့် အရာများ ဖြစ်သည်။
...................
ဟွာရှို့၏.မြို့များတွင် အထူးအခြေအနေများမှလွဲ၍ အသိအမှတ်ပြု လက်မှတ်ရထားသော ကျင့်ကြံသူများသာ တိုက်ခိုက်ပိုင်ခွင့်ရှိသည်။
မဟုတ်လျှင် ဥပဒေ ချိုးဖောက်သည်ဟု ယူဆမည် ဖြစ်၏။
ကျောင်းများသည် ကျောင်းသားများအတွက် အရည်အချင်းစစ် စာမေးပွဲကို လိုအပ်ချက်ပေါ် မူတည်၍ နှစ်စဉ် ကျင်းပပေးမည်ဖြစ်သည်။
သို့သော်လည်း ကျောင်းသားများအဖို့ အသိအမှတ်ပြု အောင်လက်မှတ် ရယူရန် အပြင်းအထန် ကြိုးစားဖို့ လိုအပ်သည်။
အကယ်၍ သူတို့သာ အသိအမှတ်ပြု လက်မှတ်ကို ရယူနိုင်ခဲ့လျှင် အနာဂတ်၌ အလုပ်အကိုင်များကို ရှာဖွေသောအခါ အပေါင်း လက္ခဏာဆောင်မည် ဖြစ်သည်။
"မင်းတို့တွေ ဦးဆောင်ဆရာရဲ့ စကားကို လိုက်နာသ၍ အထူးသဖြင့် ပြဿနာကြီးကြီးမားမား ရှိလာမှာ မဟုတ်ဘူး.. ကိုယ့်ဘာသာကိုယ်တော့ အတတ်မဆန်းကြနဲ့"
ဆရာတစ်ဦးမှ ကျောင်းသားအားလုံးကို ပြောကြားခဲ့သည်။
လူတိုင်းက မှင်တက်သွားသည်။
" 'အထူးသဖြင့် ပြဿနာကြီးကြီးမားမား ရှိလာမှာမဟုတ်' ဆိုတာ ဘာကိုဆိုလိုတာလဲ.. ဒီခရီးစဥ်မှာ ပြဿနာတွေ ဖြစ်လာမှာ သေချာတယ်လို့ ပြောချင်တာလား"
ဝမ်မင် ရောက်လာပြီး ဆယ်မိနစ်လောက် အကြာတွင် ရင်ပြင်အနားသို့ ဥသြသံများ ထွက်ပေါ်နေသည့် လူနာတင်ယာဉ် တစ်ဒါဇင်လောက် မောင်းလာခဲ့သည်။
"ဆရာဝမ်.. ဒီယာဥ်တွေက ဘာလုပ်ဖို့လဲ"
ထိုအချိန်တွင် မြေပဲလေးက ဝမ်မင်ကို မေးသည်။
“အကြွင်းအကျန် နယ်မြေအတွင်းမှာ အန္တရာယ်ရှိတဲ့အတွက် လူတိုင်းကို ပဋိဇီဝ ကာကွယ်ဆေးထိုးဖို့ ငါတို့ စီစဉ်ထားတယ်.. အကြွင်းအကျန် နယ်မြေထဲ မဝင်ခင် ပဋိဇီဝဆေးကို ထိုးထားရင် အထဲရောက်လို့ အဆိပ်ရှိ အပင်ကို မတော်တဆ ထိမိရင်တောင် ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အဆိပ်အတောက်ရဲ့ ကိုးဆယ့်ငါး ရာခိုင်နှုန်းကို ချေဖျက်နိုင်လိမ့်မယ်"
ဝမ်မင်က ရှင်းပြလိုက်သည်။
"ပဋိဇီဝ ကာကွယ်ဆေးလား.. ဘယ်ကုမ္ပဏီက ထုတ်လုပ်တာလဲ"
စွန်းရုံက ဆေးဝါးနယ်ပယ်နှင့် အတော်လေး ရင်းနှီးသူဖြစ်သည်။
ဝမ်မင်၏ ရှင်းပြချက်ကို ကြားသောအခါတွင် မမေးဘဲ မနေနိုင်ခဲ့ပေ။
"စိတ်မပူပါနဲ့.. ဒီကုမ္ပဏီက စည်းမျဉ်းတွေကို လိုက်နာတဲ့ စစ်မှန်တဲ့ ကုမ္ပဏီတစ်ခုပါ"
ဝမ်မင် “ဒီတစ်ခါမှာတော့ ဟွာရှို့မဟာမိတ်အဖွဲ့က စစ်မှန်တဲ့ မိတ်ဖက်ကို ရှာတွေ့ခဲ့ပါတယ်"
"မကြာသေးမီက ချန်းချွန်း ဘိုင်အိုနည်းပညာ ကုမ္ပဏီရဲ့ ကောင်းကွမ်ဖန့်က ကာကွယ်ဆေးတွေ ထုတ်လုပ်ခဲ့ပေမဲ့ မရိုးမသားလုပ်မှုနဲ့ အပြစ်ပေးခံခဲ့ရတယ်"
"ကျင့်ကြံခြင်းတရားရုံးက သူ့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး သူကိုယ်တိုင် ဖန်တီးထားတဲ့ ဆေးဝါးအတုတွေ အားလုံးကို သူ့ကိုပဲ သုံးစွဲစေခဲ့တယ်"
လူတိုင်း "........…"
အပိုင်း(၇၁၀) ပြီး၏