မိစ္ဆာဓားနတ်ဘုရား၏ပုံစံအမှန်
Vol. 48 Ch. 712
ရိုးသားစွာပြောရလျှင် ဤအစီအစဉ် မစတင်မီတွင် ဥက္ကဌဒဲလန်းသည် တစ်စုံတစ်ရာကို ခံစားမိခဲ့သည်။
သူသိထားသလောက် ဟွာရှို့၏ စစ်ဆေးရေးက အလွန်တင်းကျပ်သည်။
ထိုသို့ဆိုလျှင် သူအဘယ်ကြောင့် လွယ်ကူစွာ ဝင်ရောက်နိုင်ခဲ့ပါသနည်း။
ထို့ကြောင့် အစီအစဉ်မစမီ တစ်ရက်အလိုတွင် ဥက္ကဌဒဲလန်ငည် အချက်အလက်များကို သေချာပြန်လည်စီစစ်ခဲ့သည်။
အချက်အလက်များအရ ဝင်ပေါက်ဖွင့်လှစ်ရန် စီစဉ်ထားသော စုန့်ဟိုင်မြို့၏ ကိုဩဒိနိတ်များမှာ လုံးဝ ကွဲပြားနေသည်။
“ဝင်ပေါက်က နှစ်နေရာ ဖြစ်နေတယ်”
ထောက်လှမ်းရေး အချက်အလက်ကို စိုက်ကြည့်ရင်း ဥက္ကဌဒဲလန်က အတွေးထဲတွင် လေးလေးနက်နက် နစ်မျောသွားခဲ့သည်။
ဟုတ်ပါသည်၊ အရာအားလုံးက သူထင်ထားသလောက် မရိုးရှင်းပေ။
ဤအကြွင်းအကျန် နယ်မြေနှစ်ခုအနက်မှ တစ်ခုသည် လှည့်စားမှု ဖြစ်သည်မှာ သေချာ၏။
ဥက္ကဌဒဲလန်၏ နံဘေးတွင် နောက်ကျော၌ ဓားရှည်ကိုလွယ်ထားပြီး အဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်ကာ ဂျာမန်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ဦးသည် ပြတ်သားသောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
“အစီအစဉ်ကို အပြောင်းအလဲလုပ်ဖို့ လိုအပ်လား”
ဤအမျိုးသမီးက ကောလာဟလသတင်းများ ထွက်ပေါ်နေသော မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်၏ တတိယတပည့်မှ လွဲ၍ အခြားသူမဟုတ်ပေ။
သရဲခေါင်းဓား..
ဤမတိုင်ခင် ဥက္ကဌဒဲလန် အပါအဝင် မည်သူကမှ သူရဲကောင်းဓား၏ ဝိသေသလက္ခဏာက မိန်းမပျိုတစ်ယောက်ဟု မထင်ထားခဲ့ပေ။
ဥက္ကဌဒဲလန်က မေးစေ့ကိုကိုင်ကာ စဉ်းစားခန်း ဝင်နေခဲ့သည်။
“တခြားနည်းလမ်း မရှိတော့ဘူး ဆိုမှတော့ ငါတို့အနေနဲ့ အဖွဲ့ကို နှစ်ဖွဲ့ခွဲလို့ပဲ ရတော့မယ်.. မင်းနဲ့ငါက အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီး ပြည်သူ့ရင်ပြင်ကို သွားမယ်.. ကျန်တစ်ဖွဲ့ကတော့ နောက်တစ်နေရာဆီ သွားရမယ်”
“ကျမတို့က ဘယ်လိုနည်းလမ်းနဲ့ ဝင်ရမှာလဲ”
သရဲခေါင်းဓားက မေးလိုက်သည်။
“ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအဖြစ် ဟန်ဆောင်ပြီး ငါတို့တွေက ပုန်းနေမယ်.. မနက်ဖြန်မှာ ဟန်တီအဖြစ် ငါ့နေရာမှာ အစားထိုးဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်”
ဥက္ကဌဒဲလန်က ပြောလိုက်သည်။
သူ၏အသံက လေးနက်မှုရှိပြီး လူတစ်ဦးအား နက်ရှိုင်းသောလုံခြုံမှုကို ပေးစွမ်းနိုင်သည်။
“သရဲခေါင်းဓား.. မင်းရဲ့ တာဝန်က ဝမ်မင်လို့ ခေါ်တဲ့လူကို အရှင်လတ်လတ် ဖမ်းဆီးဖို့ဆိုတာ သတိရပါ”
“စိတ်ချပါ.. သူ့ကို မသတ်မိဖို့ ကျမ အစွမ်းကုန် ကြိုးစားပါ့မယ်”
ဂျာမန်ဝတ်စုံဝတ် မိန်းကလေးက ခက်ထန်သောအသံဖြင့် ပြောလိုက်သည်။
အဆုံးသတ်တွင် သူ၏ပြိုင်ဘက်မှာ ကျင့်ကြံခြင်း နည်းစနစ်ကို မသိသည့် သာမန်လူတစ်ဦးသာ ဖြစ်သည်မဟုတ်လော။
ထို့ကြောင့် သရဲခေါင်းဓားသည် ဝမ်မင်ကို လုံးဝ အထင်သေးနေခဲ့သည်။
ထိုလူက သူမအတွက် ပုရွက်ဆိတ်တစ်ကောင်မှလွဲ၍ ဘာမှမဟုတ်ပေ။
ဝင်ပေါက်မပွင့်မီ မနက်၁၀နာရီခန့်တွင် ပဋိဇီဝ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်က ပြီးမြောက်သွားခဲ့သည်။
လူတိုင်းက ရင်ပြင်တွင်ထိုင်နေပြီး ဝင်ပေါက် တံခါးပွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ဝမ်လင်းက ဝမ်မင်ဘေးတွင် မလှုပ်မယှက် ရပ်နေသော နိုင်ငံခေါင်းဆောင် 001ကို စိုက်ကြည့်နေခဲ့၏။
ထိုခဏဝယ် နိုင်ငံခေါင်းဆောင် 001၏ မျက်ခွံများက တဖျပ်ဖျပ် လှုပ်ခတ်နေသည်ကို သူမြင်ခဲ့ရသည်။
ရိုးသားစွာ ပြောရလျှင် ဝမ်လင်းသည် ဤကဲ့သို့ လူသားဆန်လွန်းသော မှော်ရတနာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ဝမ်မင်က နိုင်ငံခေါင်းဆောင်001နှင့် ပတ်သက်၍ သူ့ကို မိတ်ဆက်ပေးခဲ့သော်လည်း ၎င်းက အနည်းငယ် လက်တွေ့ဆန်လွန်းသည်ဟု သူထင်မိသည်။
မျက်ခွံများ တဖျပ်ဖျပ် လှုပ်ခတ်နေသည်က လုံးဝကို အသေးစိတ်ကျသည့် ဖန်တီးမှုတစ်ခုပင်။
သူ့အနေဖြင့် ဝမ်မင်က တကယ်ကို ပါရမီရှင်တစ်ဦးဟုသာ ပြောနိုင်ခဲ့သည်။
လူသားမှော်ရတနာ၏ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုသည် ဟွာရှို့ကျင့်ကြံခြင်းသိပ္ပံမှ လူတိုင်း၏ ကြိုးစားအားထုတ်မှုရလဒ် ဖြစ်သော်လည်း မှော်ရတနာအတွက် အခြေခံအစီအစဉ်ကို ရေးဆွဲခဲ့သူမှာ ဝမ်လင်း ဖြစ်သည်။
မှော်ရတနာတစ်ခုခု၏ အသေးစိတ်ပုံကြမ်းများတွင် အဖိုးအတန်ဆုံးသော အရာမှာ ယခင်က ဖန်းကွမ်း၏ လက်ထဲသို့ရောက်ရှိခဲ့သော ကမ္ဘာခြားဂိတ်၏ မူရင်းပုံကြမ်း ဖြစ်သည်။
ထိုအချိန်က ဖန်းကွမ်းသည် သူဖင်ကို သုပ်ရန် အသုံးပြုခဲ့သော်လည်း စွန့်ပစ်ရန် ဆန္ဒမရှိခဲ့ပေ။
ဆေးကြောသန့်စင်ပြီးနောက်တွင် ၎င်းက အသစ်စက်စက်ကဲ့သို့ ပြန်ဖြစ်သွားခဲ့သည်။
တကယ်တမ်းတွင် ဖန်းကွမ်း ဖင်သုပ်ပြီးနောက်၌ ကမ္ဘာခြားဂိတ်တံခါး အသေးစိတ်ပုံကြမ်း၏ တန်ဖိုးက မြင့်တက်လာသင့်သည်။
အဆုံးသတ်တွင် ဤအသေးစိတ်ပုံကြမ်းသည် ပကတိအင်မော်တယ်၏ မစင်များနှင့် စွန်းထင်းခဲ့သည် မဟုတ်ပါလော။
ဝမ်လင်းက ပေါက်ကရ တွေးနေစဉ်မှာပင် လေထုအပြောင်းအလဲကို ခံစားလိုက်ရ၍ ရုတ်တရက် မော့ကြည့်လိုက်သည်။
အကြွင်းအကျန်နယ်မြေ၏ ဝင်ပေါက်က နောက်ဆုံးတွင် ပွင့်လာတော့မည်လော။
ကောင်းကင်ကို မော့ကြည့်လိုက်ရာ ရုတ်တရက် မည်းမှောင်သွားသည်ကို ဝမ်လင်း သတိပြုမိလိုက်သည်။
အဆုံးသတ်တွင် ဤမိစ္ဆာတောင်ကြားသည် သူတော်စင်သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေ ဖြစ်သည်။
ထို့ကြောင့် ထူးခြားသော သဘာဝဖြစ်စဉ်များ ဖြစ်ပေါ်လာမည်မှာ လုံးဝကျိုးကြောင်းဆီလျော်သောအချက် ဖြစ်သည်။
ထိုခဏတွင် ဝမ်လင်းက လေထဲ၌ ပူစပ်စပ်ဟော့ပေါ့ရနံ့များ ရုတ်တရက် ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။
...................
အခြားတစ်နေရာ၊ စုန့်ဟိုင်မြို့ ရှီးလင်လမ်းရှိ နယ်စပ်ကျေးရွာပန်းခြံ..
လွန်ခဲ့သည့် ရက်အနည်းငယ်ကစ၍ ပန်းခြံတစ်ခုလုံးကို ပိတ်ထားခဲ့သည်။
ဟွာရှို့မဟာမိတ်အဖွဲ့က ဤနေရာတွင် အကြွင်းအကျန်အတုများ ကြိုတင်တည်ဆောက်နေ၍ အနီးနားရှိ လမ်းများအားလုံးကို ပိတ်ဆို့ထားခဲ့သည်။
အဝင်ဝတွင် ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့၊ ဆေးအဖွဲ့နှင့် အစောင့်အကြပ် များက စောင့်ဆိုင်းနေကြသည်။
စစ်ကားတစ်စီးက စုန့်ဟိုင်မြို့ရှိ ထောင်မှ နယ်စပ်ကျေးရွာပန်းခြံသို့ တိုက်ရိုက် မောင်းနှင်လာခဲ့သည်။
ထိုကားပေါ်တွင် အင်မော်တယ် စံအိမ်သခင်ချန်ယွီ၊ မိစ္ဆာဓားနတ်ဘုရားနှင့် မိစ္ဆာအင်ပါယာ ကွာဖီတို့ လိုက်ပါလာကြသည်။
မိစ္ဆာအင်ပါယာကွာဖီက ခန္ဓာကိုယ်အတုကို ပြန်လည်ရရှိသွားပြီ ဖြစ်သည်။
ထိုခန္ဓာကိုယ်အတုကို ဟွာရှို့၏ သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီမှ ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မူလခန္ဓာကိုယ်သည် အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့ ဆီသို့ ပြန်လည် ရောက်ရှိသွားပြီဖြစ်သည်။
ကွာဖီ၏ ဤခန္ဓာကိုယ်အတုသည် အနန္တ တန်ခိုးရှင် ခန္ဓာကိုယ်လောက် မကောင်းသော်လည်း လက်ရှိ အခြေအနေအရ အကောင်းဆုံးဟု ဆိုနိုင်ပေသည်။
ဟုတ်ပါသည်၊ ခန္ဓာကိုယ်အတုက ကွာဖီ၏ လုပ်ဆောင်ချက်များကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားသော်လည်း တစ်ချိန်က စွမ်းအားကြီးသည့် မိစ္ဆာအင်ပါယာဖြစ်သည့်အတွက် တိုက်ပွဲအတွေ့အကြုံနှင့် ပတ်သက်၍ သံသယဖြစ်စရာ မလိုအပ်ပေ။
ဗန်ကားထဲတွင် မိစ္ဆာအင်ပါယာသည် သူ၏ ပြန့်ကားနေသောရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။
ရိုးသားစွာဝန်ခံရလျှင် ထိုအသားစိုင်နှစ်ခု မရှိတော့သည့် အတွက် အနည်းငယ် အသုံးမဝင်သေးသလို သူ့ကိုယ်သူ ခံစားလိုက်ရသည်။
မိစ္ဆာအင်ပါယာကွာဖီသည် ဗန်ကားပေါ်ရှိ ကျန်လူများကဲ့သို့ပင် စိတ်နှလုံးထဲ၌ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။
လွတ်လပ်မှုကို ဆုံးရှုံးပြီးနောက်တွင် မည်မျှ အရေးကြီးသည်ကို နားလည်သဘောပေါက်သည့် အချိန်များ ရှိခဲ့သည်။
အင်မော်တယ်စံအိမ်သခင် ချန်ယွီသည် ပြတင်းပေါက်အပြင်ဘက်မှ မြင်ကွင်းကို ငေးကြည့်နေခဲ့သည်။
အချိန်အတော်ကြာ အကျဉ်းချခံထားပြီးနောက်တွင် အထူးသဖြင့် လှပသောလမ်းဘေး၌ စာငှက်ငယ်လေးများကိုပင် တွေ့ရှိခဲ့သည်။
“ငါတို့တကယ်ပဲ လူသတ်ဖို့ သွားနေတာလား”
မိစ္ဆာဓားနတ်ဘုရားက အနည်းငယ် ဂဏာမငြိမ်ဖြစ်နေပြီး စိတ်လှုပ်ရှားနေပုံရသည်။
“လူတွေကိုသတ်တာ မကောင်းဘူးလို့ ငါ့ဆရာက ပြောတယ်.. ဒီစကားက မှားနေတာလား”
တစ်ချိန်လုံး တိတ်ဆိတ်နေသော ဆံပင်အနက်ရောင် လူငယ်လေးသည် မိစ္ဆာဓားနတ်ဘုရားကို အကဲခတ်ကြည့်လိုက်သည်။
“သူက အမွဲ အဲလိုပဲလား”
ဆံပင်အနက်ရောင်လူငယ်လေးက သူနှင့် လိုက်ဖက်မှုရှိသော အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။
သူ၏ကိုယ်ပေါ်ရှိ အထင်ရှားဆုံးအရာမှာ အနက်ရောင်မီးတောက်သင်္ကေတ ရေးထိုးထားသော ထူထဲသည့် လက်ဝှေ့အိတ်တစ်စုံ ဖြစ်သည်။
ဤပုဂ္ဂိုလ်က ဟွာရှို့နိုင်ငံ၏ တည်ထောင်သူ ဗိုလ်ချုပ်၁၀ဦးမှတစ်ဦး ဖြစ်သည့် ဗိုလ်ချုပ်ပိုင်မှလွဲ၍ အခြားသူမဟုတ်ပေ။
ကွာဖီက ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်သည်။
“ချန်နန်ရွှယ်က သူ့ဓားနဲ့ ဝေးနေရင် အဲဒီလိုပဲ”
ထိုစကားကိုကြားလျှင် ဗိုလ်ချုပ်ပိုင်က မျက်မှောင်ကြုတ်လိုက်သည်။
မိစ္ဆာဓားနတ်ဘုရားက တစ်စုံတစ်ရာမူမမှန်ဟု သူတွေးမိခဲ့သည်။
ဤအတိုင်းသာဆိုလျှင် တိုက်ပွဲစသည်နှင့် မိစ္ဆာဓားနတ်ဘုရားက သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ပေသည်။
ထိုခဏတွင် ဗိုလ်ချုပ်ပိုင်သည် အွန်လိုင်းပေါ်ကနေ မိစ္ဆာဓားနတ်ဘုရား ဖမ်းဆီးခံရစဉ်က ဓာတ်ပုံတစ်ပုံကို ရှာဖွေလိုက်သည်။
ဓာတ်ပုံထဲတွင် အိုင်းရှဲဒိုးများ ခြယ်သထားသော မိစ္ဆာဓားနတ်ဘုရားသည် ရှက်ရွံ့နေသော ကျောင်းသားလေး တစ်ယောက်နှင့်ပင် ခပ်ဆင်ဆင် တူနေသည်။
ဗိုလ်ချုပ်ပိုင်က သူ့ဖုန်းမှ ဓာတ်ပုံနှင့် လက်ရှိ မိစ္ဆာဓားနတ်ဘုရားကို နှိုင်းယှဉ် ကြည့်လိုက်သည်။
ထို့နောက်တွင် ဗိုလ်ချုပ်ပိုင်သည် မိစ္ဆာဓားနတ်ဘုရား ထံ၌ တစ်စုံတစ်ရာ ပျောက်ဆုံးနေကြောင်း တစ်နည်းနည်းဖြင့် ခံစားလိုက်ရသည်။
စက္ကန့်အနည်းငယ်အကြာတွင် ဗိုလ်ချုပ်ပိုင်သည် တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မိစ္ဆာဓားနတ်ဘုရား၏ မျက်လုံးတစ်ဝိုက်ကို ပွတ်သပ်လိုက်သည်။
ဆိုရလျှင် သူက မိစ္ဆာဓားနတ်ဘုရား၏ အိုင်းရှဲဒိုးများကို မီးအေးအေးလေးဖြင့် လောင်ကျွမ်းစေခဲ့ခြင်း ဖြစ်၏။
ထို့နောက်တွင် ဗိုလ်ချုပ်ပိုင်က မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။
“ချန်နန်ရွှယ်.. မှန်ထဲမှာ မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်း”
မှန်ထဲမှ သူ့ကိုယ်သူ ပြန်မြင်လိုက်ရသည်နှင့် မိစ္ဆာဓားနတ်ဘုရားက ချက်ချင်းပင် ထရပ်လိုက်သည်။
“အိုး.. ဘာလို့ ငါက ဒီလောက်တောင် ချောနေတာလဲ.. အရမ်းချောတာပဲ.. အရမ်းခံ့တာပဲ.. ချောလိုက်တာညက်နေတာပဲ”
မိစ္ဆာအင်ပါယာကွာဖီနှင့် အင်မော်တယ်စံအိမ်သခင်ချန်ယွီ “……….”
ဗိုလ်ချုပ်ပိုင် “ဒါက သူပုံမှန် ပြန်ဖြစ်သွားတာလား”
မိစ္ဆာအင်ပါယာကွာဖီ “ဖြစ်နိုင်ပေမဲ့ သူရောဂါက မသက်သာသေးတဲ့ပုံပဲ”
ဗိုလ်ချုပ်ပိုင် “……….”
အပိုင်း(၇၁၂) ပြီး၏