ဒေါသဓမ္မရာဂျာနှင့် မိစ္ဆာကျား
Vol. 48 Ch. 713
အဓိကသော့ချက်က ဓားမဟုတ်ဘဲ အိုင်းရှဲဒိုး ဖြစ်ကြောင်း သိလာရသည်။
ရုတ်တရက် ပုံမှန်ပြန်ဖြစ်သွားသော မိစ္ဆာဓားနတ်ဘုရားကို ကြည့်ရင်း မိစ္ဆာအင်ပါယာကွာဖီက အတွေးထဲတွင် နစ်မျောသွားခဲ့သည်။
ဤကွဲပြားသောအခြေအနေအရ မိစ္ဆာဓားနတ်ဘုရားတွင် စရိုက်၂မျိုး ရှိသည်မှာ ထင်ရှားသည်။
ဤအချက်ကို သတိပြုမိပြီး တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်ပိုင်သည် ပြဿနာတစ်ခုကို မတွေးတောဘဲ မနေနိုင်တော့ပေ။
ဓားအင်မော်တယ်ဖန်လွေကို သတ်ခဲ့စဉ်က မည်သည့်စရိုက်ကနေ လုပ်ဆောင်ခဲ့ပါသနည်း။
ထိုအချက်က အနာဂတ်တွင် တရားဝင် စီရင်ချက်ချချိန်၌ အဓိက ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်လာနိုင်သောကြောင့် ဤမေးခွန်းသည် အရေးကြီးသောမေးခွန်း ဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ်ပိုင်သည် နောက်ထပ် မေးခွန်းတစ်ခုအကြောင်းကို ရုတ်တရက် သိချင်လာသည်။
အိုင်းရှဲဒိုးကို မျက်လုံးတစ်ဖက်တွင်သာ ခြယ်သထားလိုက်လျှင် မိစ္ဆာဓားနတ်ဘုရားက မည်သို့ဖြစ်လာနိုင်ပါသနည်း။
...................
အခြားတစ်ဖက်တွင်လည်း ဖေးယန် ခရိုင် ပြည်သူ့ရင်ပြင်အထက်ရှိ ကောင်းကင်ယံတွင် ကြောက်မက်ဖွယ် အော်ရာများ ဖြစ်ပေါ်လာသည်။
လွန်ခဲ့သောခြောက်နှစ်ခန့်က ကမ္ဘာခြားဂိတ် ဆင်းသက်လာချိန်နှင့် အလွန်ဆင်တူသော ရင်းနှီးသည့် ခံစားချက်တစ်ခုကို ဝမ်လင်းက ရရှိခဲ့သည်။
''အားလုံးပဲ အဆင်သင့်ပြင်ထားကြ"
ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းမှ မျက်နှာမည်းဆရာက ရှေ့ဆုံးတန်းတွင် ရပ်နေခဲ့သည်။
ထို့နောက်တွင် သူ၏လက်ထဲရှိ ရောင်စုံသေတ္တာကနေ ဝိညာဉ်အလင်းတန်းတစ်ခုက ကြာပန်းကဲ့သို့ ပွင့်လန်းလာခဲ့သည်။
ယင်းနောက် ထိုဝိညာဉ်အလင်းတန်းက ရောင်စုံသေတ္တာအတွင်းကနေ ကောင်းကင်ဆီသို့ ဖြည်းညင်းစွာ ပျံသန်းသွားခဲ့သည်။
"နောက်ဆုံးတော့ ဝင်ပေါက်ပွင့်လာခဲ့ပြီ"
ရှေးဟောင်းစာအုပ်ကြီးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ဆရာ အဲဒါကဘာကြီးလဲ"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"ဆရာများအဖွဲ့မှူး ဝူကျန်းကျွင့်ရဲ့ လက်ထဲမှာရှိတဲ့ အရာက ဟွာရှို့မဟာမိတ်ရဲ့ မှော်ရတနာဖြစ်တဲ့ သက်တန့်မြက်သေတ္တာပဲ"
ရှေးဟောင်းစာအုပ်ကြီး၏ စကားကြောင့် မျက်နှာမည်းဆရာ၏ နာမည်ကို ကျောင်းသားများက သိလိုက်ကြသည်။
"ဆရာဝူက အရမ်းတော်တာပဲ.. ဒါပေမဲ့ ဒီမျိုးရိုးနာမည်ကို ဘယ်မှ ကြားဖူးပါလိမ့်"
"ဝူကျန်းကျွင့်က နာမည်ကျော်ကြားတဲ့ ဒေါသဓမ္မရာဂျာ ဝူရီဖန်ရဲ့ သား ဖြစ်တယ်"
"ကံကြမ္မာ ဓမ္မရာဂျာလား"
"မဟုတ်ဘူး.. စိတ်ကြီးတဲ့ ဒေါသ ဓမ္မရာဂျာ"
".........."
"ဒီတာအိုနာမည်ရဲ့ မူလဇစ်မြစ်ကို ပြောပြရရင် တာအိုကျင့်ကြံသူ ဝူရီဖန်နဲ့ မိစ္ဆာကျားတို့ရဲ့ ပြဿနာကနေ စပြောရမှာပဲ"
ထိုစကားကိုကြားလျှင် ရှေးဟောင်းစာအုပ်ကြီးက အတင်းအဖျင်း ပြောတော့မည် ဆိုသည်ကို လူတော်တော်များများ သိလိုက်ကြသည်။
"အဲဒီအချိန်တုန်းက ဝူရီဖန်နဲ့ မိစ္ဆာကျားတို့က လူကြီးလူကောင်းဆန်ဆန် စားသောက်ခြင်းအဖွဲ့မှာ ရှိနေကြတယ်.. သူတို့တွေက တစ်ယောက်ပန်းကန်ကို တစ်ယောက် ညစ်ပတ်အောင် လုပ်ကြသေးတယ်.. နောက်တော့ အဖွဲ့အစည်းက ရေချိုးခန်းထဲမှာ ဝူရီဖန် သီချင်းဆိုနေတဲ့ အသံဖိုင်ကို ရှာဖွေတွေ့ရှိခဲ့တယ်.. မိစ္ဆာကျားက အဲဒီအသံဖိုင်ကို နားထောင်လိုက်တော့ ဒေါသ ဓမ္မရာဂျာက ဒေါသထွက်သွားပြီး ပန်းကန်တွေကို ရိုက်ခွဲပစ်တဲ့အပြင် ဂျုံမှုန့်တွေကိုပါ မိစ္ဆာကျားရဲ့ မျက်နှာပေါ်မှာ ကပ်ထားလိုက်တယ်"
လူတိုင်း ".........."
ဝမ်လင်းက သူအမြင်မှားလား မသိသော်လည်း ရှေးဟောင်းစာအုပ်ကြီး ထိုသို့ပြောပြီးနောက်တွင် ဝူကျန်းကျွင့်၏ မျက်နှာက ပို၍ပင် မည်းမှောင်သွားသည်ဟု ထင်ခဲ့သည်။
"သက်တန့်မြက်သေတ္တာကို အသုံးပြုဖို့အတွက်က ဝိညာဉ်စွမ်းအင် အများအပြား လိုအပ်တယ်.. ဒါပေမဲ့ ဝူကျန်းကျွင့်ဆီမှာ မအီမသာ ဖြစ်တဲ့ လက္ခဏာမျိုးကို မတွေ့ရဘူး.. သူကတကယ်ကို ချီးကျူးစရာပဲ"
မျက်နှာမည်းဆရာ ဝူကျန်းကျွင့်ကို ချီးမွမ်းပြီးနောက်တွင်ရှေးဟောင်းစာအုပ်ကြီးက သက်ပြင်းချလိုက်သည်။
"ဒီအချိန် ဆရာဝူကို အဖွဲ့မှူးအဖြစ် ခန့်အပ်လိုက်တာက ဟွာရှို့မဟာမိတ်အဖွဲ့အစည်းရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ"
"ဟားဟား.. ဒါဆို ဆရာနဲ့ ဆရာဝူယှဉ်ရင် ဘယ်သူက ပိုသာလဲ"
တစ်စုံတစ်ယောက်က ရယ်မော၍ မေးလိုက်သည်။
ယေဘုယျအားဖြင့် ထိုကဲ့သို့မေးခွန်းမျိုး မေးလာသောအခါတွင် ဆရာအများစု၏ မျက်နှာငည် ချက်ချင်းပင် မည်းမှောင်သွားလေ့ရှိသည်။
သို့သော် ရှေးဟောင်းစာအုပ်ကြီးကမူ အရေထူနေပြီ ဖြစ်၍ ထိုသို့ ဖြစ်မသွားခဲ့ပေ။
ရှေးဟောင်းစာအုပ်ကြီးက ဝူကျန်းကျွင့်ကို ကြည့်ရင်း ရယ်မောလိုက်သည်။
"အိုး.. ငါက ဝူကျန်းကျွင့်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်င်မှာလဲ.. သူက နာမည်ကြီးပဲလေ"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က မီးစာထိုးထည့်လိုက်သည်။
"ဆရာ လျှိုမထားပါနဲ့.. ဆရာ့အနေနဲ့ ဆရာဝူကို သတ်မယ်ဆိုရင် မြေဖြူခဲ ဘယ်နှစ်ခဲလောက် လိုအပ်မလဲ"
ရှေးဟောင်းစာအုပ်ကြီးက ခဏလောက် တွေးဟန်ဆောင်လိုက်ပြီး လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
''ဆယ်ခဲလောက် ဖြစ်နိုင်တယ်"
ကော်ဟောက် "ဟားဟား.. ဆရာက ဟာသအရမ်းပြောတတ်တာပဲ.. တကယ်တမ်း တိုက်ခိုက်ကြပြီဆိုရင် ကိုယ်အလေးချိန်က လွဲလို့ ဝူကျန်းကျွင်က အစစအရာရာ သာလိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်"
"ဖက်တီးတွေကို အဲဒီလောက်ထိ မနှိမ်ပါနဲ့.. ဘယ်သူ သိနိုင်မှာလဲ.. သူတို့က အမှန်တကယ် အစွမ်းထက်နေတာလည်း ဖြစ်နိုင်တယ်"
ဝမ်လင်း ".........."
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် သက်တန့်မြက်သေတ္တာသည် တရားဝင် လုပ်ဆောင်ခဲ့သည်။
သေတ္တာထဲမှ ကောင်းကင်ဆီသို့ လွင့်မျောနေသော အလင်းတန်းသည် ကျောင်းသားများ၊ ဦးဆောင်သူများ၊ သူတေသနအဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအားလုံးကို ဝန်းရံထားသည့် အလင်းတန်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ပြင်ရှိလူအုပ်ကြီးသည် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင် ကောင်းကင်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။
ဝူကျန်းကျွင့်က သေတ္တာကို ထိန်းချုပ်၍ အက်ကွဲကြောင်းထဲသို့ လျင်မြန်စွာ ပျံသန်းစေခဲ့သည်။
“အဲဒါက မိစ္ဆာတောင်ကြားရဲ့ လျှို့ဝှက်ဝင်ပေါက်လား”
ကျိုးရီ၏ နံဘေးတွင်ရှိနေသော ဥက္ကဌဟန်တီက မေးလိုက်သည်။
ကျိုးရီက ကောင်းကင်ကိုမော့ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
“ရာဇဝတ်ကောင်.. ကျေးဇူးပြုပြီး ဥက္ကဌဟန်တီအယောင်ဆောင်နေတာကို ရပ်လိုက်လို့ရပြီ”
ကျိုးရီ၏ စကားကိုကြားလျှင် ဥက္ကဌဟန်တီ၏ မျက်လုံးများက ချက်ချင်းပင် အေးစက်သွားခဲ့သည်။
အတန်ကြာ ငြိမ်သက်သွားပြီးနောက်တွင် ဥက္ကဌဟန်တီ အတုသည် အဆုံးသတ်၌ သူ့မျက်နှာပေါ်မှ အရေပြားမျက်နှာဖုံးအတုကို ဆုတ်ဖြဲပစ်လိုက်သည်။
ထိုမျက်နှာဖုံး၏ အောက်ဘက်တွင် အလွန်အိုမင်းပြီး ရှုံ့တွနေသောမျက်နှာတစ်ခု ရှိနေခဲ့၏။
"မင်းက အမှောင်နက်ဝေါ့ခ်ရဲ့ တိုက်ပွဲဝင် အင်အားအဆင့်မှာအဌမအဆင့်ရှိတဲ့ ဟွာရှို့ရဲ့ အလိုအရှိဆုံး Sအဆင့်ရာဇဝတ်ကောင် အသင်္ချေအဖိုးအို မဟုတ်လား"
ကျိုးရီက အသင်္ချေအဘိုးအို၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်လိုက်သည်။
ထို့နောက် သူက အသင်္ချေအဘိုးအို၏ မျက်နှာကို စိုက်ကြည့်၍ ပြောလိုက်သည်။
“မင်းရဲ့အစွမ်းထက်တဲ့ အသွင်ပြောင်း နည်းစနစ်ကြောင့် ငါတို့တွေ ဘယ်တုန်းကမှ မဖမ်းမိခဲ့ဘူး.. ဒီတစ်ကြိမ်တော့ မင်းကအတော်လေး အတင့်ရဲပြီး ငါတို့ဆီကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့တယ်”
အသင်္ချေအဘိုးအို၏ အသွင်ပြောင်းနည်းစနစ်က ယနေ့ခေတ်တွင် အဆန်းပြားဆုံး အသွင်ပြောင်းနည်းစနစ် ဖြစ်သည်။
၎င်းက အသွင်ပြောင်းမှု ရှာဖွေသည့် ကိရိယာကို မျက်လှည့်ပြနိုင်သည်အထိ အစွမ်းထက်၏။
ဆိုရလျှင် အသင်္ချေအဘိုးအိုသည် တိုက်ပွဲဝင်စွမ်းအား မမြင့်မားသော်လည်း အလွန်ပါးနပ်သော ရန်သူတစ်ယောက်ဖြစ်သည်။
ကျိုးရီ၏ စကားကြောင့် အသင်္ချေ အဘိုးကိုက မျက်မှောင်ကြုတ်သွားသည်။
“တစ်ခုလောက် မေးလို့ရမလား.. ဒါရိုက်တာကျိုး အနေနဲ့ ဘယ်တုန်းက ရိပ်မိသွားတာလဲ”
“အစကတည်းက ငါတို့တွေအားလုံး ရိပ်မိခဲ့တယ်.. အတိအကျပြောရရင် ဥက္ကဌဟန်တီအဖြစ် ဟန်ဆောင်မယ့်သူက မင်းမဟုတ်ဘဲ ဒုဥက္ကဌဒဲလန်လို့ ငါတို့ သတင်းရထားတယ်.. အရာအားလုံးကို ငါတို့ ကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုထားခဲ့တာပဲ”
ကျိုးရီက ပြန်ဖြေလိုက်သည်။
တကယ်တမ်းတွင် ကျိုးရီသည် ထိုအကြောင်းကို အစကသဘောမပေါက်ခဲ့ပေ။
သို့ရာတွင် ဝမ်လင်းသည် ပြည်သူ့ရင်ပြင်တွင် ရှိနေခဲ့သည်။
သူ့ဆရာ၏ မျက်လုံးအောက်တွင် မည်သူက ဖုံးကွယ်နိုင်ပါမည်နည်း။
အသင်္ချေအဘိုးအိုက ကျိုးရီကို ချီးကျူးလိုက်သည်။
“ကြည့်ရတာ ဒါရိုက်တာကျိုးရဲ့ ဂုဏ်သတင်းက အလကားမဟုတ်ဘူးပဲ.. “
“သူ့ကိုဖမ်းကြစမ်း”
ပြည်သူ့ရင်ပြင်အနီးတွင် ကျိုးရီနေရာ ချထားသော ကျင့်ကြံသူများက ၎င်းတို့၏ မမြင်နိုင်သောဝတ်စုံများကို ဖယ်ရှားကာရှေ့သို့ ပြေးတက်လာကြသည်။
ထိုကျင့်ကြံသူ၆ဦးတွင် တစ်ဦးစီသည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
၎င်းတို့က အသင်္ချေအဘိုးအိုကို ဖမ်းဆီးရန်အတွက် ဟွာရှို့မဟာမိတ်အဖွဲ့မှ တိုက်ရိုက် စေလွှတ်ထားသည့် အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်သည်။
ကျင့်ကြံသူ၆ဦးက အသင်္ချေအဘိုးအိုကို ဖိနှိပ်ရန် မှော်အစီအရင်တစ်ခုကို အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
သို့ရာတွင် အသင်္ချေ အဘိုးအိုက လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ကျိုးရီကို မျက်လုံးပြူးကြည့်ကာ တဟားဟား ရယ်မောလိုက်သည်။
ထို့နောက်တွင် အဘိုးအိုက အိတ်ကပ်ထဲမှ အလင်းဗုံးတစ်လုံးကို ထုတ်ယူ၍ ပစ်ချလိုက်သည်။
တောက်ပသောအလင်းရောင်က ပတ်ဝန်းကျင်ကို စိုးမိုးသွားပြီး တစ်ခဏအတွင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
အသင်္ချေအဘိုးအိုက ထွက်ပြေးရန်အချိန် မရှိသောကြောင့် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ကိုယ်သူ ကျိုးရီအဖြစ် အချိန်ခဏအတွင်းမှာပင် ပြောင်းလဲပစ်ခဲ့သည်။
“ချက်ချင်းကြီး အသွင်ပြောင်းလိုက်တာလား”
ကျိုးရီက အနည်းငယ် အံ့ဩသွားခဲ့သည်။
ဤအသွင်ပြောင်း နည်းစနစ်သည် သူစိတ်ကူးထားသည်ထက်ပင် ပို၍သာလွန်နေသည်။
ဤသည်က အသက်၁၈နှစ်အရွယ် တစ်ကိုယ်ရေ သမားတစ်ယောက်၏ လက်အရှိန်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ဒါရိုက်တာကျိုး နှစ်ယောက် ဖြစ်နေခဲ့သည်။
“ငါတို့ဘယ်သူ့ကိုဖမ်းရမှာလဲ”
ကျင့်ကြံသူ၆ဦးက ဝေခွဲရ ခက်သွားခဲ့သည်။
“ရွေးချယ်စရာမရှိတော့ဘူး”
ထိုခဏတွင်ကျိုးရီက တစ်စုံတစ်ရာကို လျင်မြန်စွာ လုပ်ဆောင်ခဲ့သည်။
အသင်္ချေအဘိုးအိုထံတွင် သူ့ဆရာပေးထားသည့် အသားကပ်ဝတ်စုံကဲ့သို့ အစွမ်းထက်သောအရာ လုံးဝရှိမည်မဟုတ်ပေ။
သူက မှားယွင်းစွာတိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ သူ့ခါးပတ်ကိုချွတ်လိုက်ပြီး အသားကပ်အပေါ်မှ ဘောင်းဘီကို ဆွဲချွတ်ရန် ပြင်လိုက်သည်။
သို့သော် သူဘောင်းဘီမချွတ်ရသေးခင်မှာပင် ကျိုးရီ အဖြစ်အသွင်ပြောင်းထားသော အသင်္ချေအဘိုးအိုသည် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ထိုခဏတွင် အသင်္ချေအဘိုးအိုသည် အလွန်တရာ အံ့ဩသွားခဲ့သည်။
“ငါမှန်း မင်းဘယ်လိုသိသွားတာလဲ”
သူက လျပ်တပြက် အတွင်း အသွင်ပြောင်းခဲ့ခြင်းဖြစ်၍ တစ်ဖက်လူမှ ရိပ်စားမိရန် လုံးဝမဖြစ်နိုင်ပေ။
အထူးတာဝန် ထမ်းဆောင်နေသော ကျင့်ကြံသူက အဘိုးအိုကိုလှော်ပြောင်၍ ပြောလိုက်သည်။
“မင်းက ဒါရိုက်တာကျိုးလောက် ပေါက်ကရ မလုပ်တတ်လို့ပဲ”
ကျိုးရီ “……….”
အပိုင်း(၇၁၃) ပြီး၏