← Chapters

ကျိုးရီ ဦးဆောင်သောအဖွဲ့သစ်

Vol. 48 Ch. 714

ကျိုးရီ ဦးဆောင်သောအဖွဲ့သစ်

Vol. 48 Ch. 714

အနီးနားရှိ ကျင့်ကြံသူများ၏ ထူးဆန်းသော အကြည့်အောက်မှာပင် ကျိုးရီသည် ရှက်ရှက်ဖြင့် သူ၏ခါးပတ်ကို ပြန်ဝတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူတာဝန်ယူသည့် အချိန်မှစ၍ ဝေဖန်ခံရခြင်းက ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပေ။

သူ့ကို နားလည်မှုလွဲနေသည့် နောက်ထပ် လူတချို့ ထပ်ရှိလာ၍လည်း သူ့အနေဖြင့် ထူးထူးခြားခြား ပြောင်းလဲသွားမည် မဟုတ်ချေ။

ယောက်ျားတစ်ယောက်အနေဖြင့် အနည်းငယ် ပေါက်ကရလုပ်သည်က ဘာများ မှားယွင်းနေပါသနည်း။

သင့်အနေဖြင့် ကမ္ဘာပေါ်တွင် ရှင်သန်လိုလျှင် အရေထူခြင်းသည် မရှိမဖြစ် စည်းမျဉ်း ဖြစ်သည်။

“မင်းအနေနဲ့ ဘာပြောစရာရှိသေးလဲ.. မင်းမှာ ပြောစရာရှိသေးလား”

ကျိုးရီက ထိန်းသိမ်းခံထားရသော အသင်္ချေအဘိုးအိုကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

အသင်္ချေအဘိုးအိုသည် အမှန်တကယ်တွင် သန်မာသော တိုက်ခိုက်ရေးသမား မဟုတ်ပေ။

သူက ထူးခြားသော အသွင်ပြောင်းနည်းစနစ်ကြောင့်သာ ဥပဒေအား လက်တစ်လုံးခြား အကြိမ်ကြိမ် ရှောင်တိမ်းနိုင်ခဲ့ ခြင်း ဖြစ်သည်။

အသင်္ချေအဘိုးအို၏ အသွင်ပြောင်းနည်းစနစ်က ကျိုးရီကို အမြင်ကျယ်စေခဲ့သည်။

အသင်္ချေအဘိုးအိုက ဤနေရာတွင် အဖမ်းခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက ကျိုးရီကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ဥက္ကဌ ဒဲလန် အမှောင်နက်ဝေါ့ခ်ကနေ ငှားထားတာ ငါတစ်ယောက်တည်း မဟုတ်ဘူး.. မင်းအနေနဲ့ သတိထားတာ အကောင်းဆုံးပဲ”

ကျိုးရီက အံ့ဩသွားခဲ့သည်။

အသင်္ချေအဘိုးအို၏ စကားကြောင့် အမှောင်နက်ဝေါ့ခ်မှငှားရမ်းထားသူက ၎င်းတစ်ဦးတည်း မဟုတ်မှန်း သူတို့ သိလိုက်ရသည်။

“သူ့ကို စစ်ဆေးမေးမြန်းဖို့ လိုအပ်သေးလား”

ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။

ကျိုးရီက ခေါင်းငြိမ့်ပြလိုက်သည်။

“အင်း.. သူ့ကို စစ်ဆေးမေးမြန်းဖို့ ပြန်ခေါ်သွားလိုက်ပါ.. ကျန်တဲ့ ကိစ္စတွေကိုတော့ ထောင်အုပ်လျန့်ကိုပဲ ဆက်သွယ်လိုက်ပါ.. တစ်ခုခုထူးခြားရင် သူ ငါ့ကို တိုက်ရိုက်ဆက်သွယ်ပါလိမ့်မယ်”

“ကောင်းပါပြီ ဒါရိုက်တာချုပ်”

ကျင့်ကြံသူ၄ဦးက ကျိုးရီကို လေးလေးစားစား အလေးပြုလိုက်ပြီး ၎င်းတို့ ဖမ်းမိထားသော အသင်္ချေအဘိုးအိုကို လမ်းဘေးတွင် ရပ်ထားသော အကျဉ်းသား သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

အသင်္ချေအဘိုးအိုက ၎င်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အလွယ်တကူ ဝန်ခံလိမ့်မည်မဟုတ်ဟု ကျိုးရီ တွေးမိခဲ့သည်။

အမှောင်နက်ဝေါ့ခ်မှ အဖွဲ့ဝင်များတွင် အများစုသည် ရာဇဝတ်မှတ်တမ်းများ ရှိကြသည်။

သို့သော်လည်း ၎င်းတို့သည် ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကို အလွယ်တကူ ဝန်ခံကြမည်မဟုတ်ပေ။

ထို့ပြင် အမှောင်နက်ဝေါ့ခ်၏ အဖွဲ့ဝင်များတွင် စာရင်းမသွင်းထားသည့် လွတ်လပ်သော ကျင့်ကြံသူများလည်း ရှိသည်။

မကြာသေးမီ နှစ်များအတွင်းက အမှောင်နက်ဝေါ့ခ်ကို နှိမ်နင်းရန်အတွက် အကြီးအကျယ် စီစဉ်ခဲ့သော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် မည်မျှခက်ခဲရှုပ်ထွေးသည်ကို သူတို့သိရှိခဲ့ရသည်။

ဤအမှောင်နက်ဝေါ့ခ်တွင် မှတ်ပုံ မတင်ထားသော ကျင့်ကြံသူများလည်း ရှိသည်။

၎င်းတို့က အမှောင်အင်အားစု၏ အဖွဲ့ဝင်များနှင့် အတော်လေး ကွဲပြားသည်။

အမှောင်အင်အားစုများကို အဖွဲ့ဝင်များ စုစည်း၍ တည်ထောင်ထားသော်လည်း အဆိုပါ ကျင့်ကြံသူများကမူ လွတ်လပ်စွာဖြင့် အလုပ်လုပ်ကိုင်လိုကြသည်။

အမှောင်အင်အားစုများက ၎င်းတို့ကို ငှားရမ်းနိုင်သော်လည်း အဖွဲ့ဝင်အဖြစ် သိမ်းသွင်းရန်မူ မဖြစ်နိုင်ပေ။

ညဦးစီးမှူး အဖွဲ့၏ ဒုဥက္ကဌဒဲလန်သည် ကာကွယ်ဆေး ကုမ္ပဏီဥက္ကဌ ဟန်တီ အဖြစ် အသွင်ပြောင်းထားသည်ကို အတွင်းရေးမှူးတာခန်းက ရိပ်မိပြီး ကျိုးရီကို ကြိုတင်သတိပေးခဲ့သည်။

သို့ရာတွင်ဥက္ကဌဒဲလန် နေရာ၌ အသင်္ချေအဘိုးအိုအား အစားထိုးသွားသည်ကိုမူ ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောပြခဲ့ခြင်း ဖြစ်သည်။

ယခုအသင်္ချေအဘိုးအို၏ ဖွင့်ဟချက်အရ ဥက္ကဌ ဒဲလန် အပြင် ဆေးအဖွဲ့၌ အခြားတစ်ယောက်ယောက် ရှိနေမည်ဟု ကျိုးရီ မထင်ထားခဲ့ပေ။

ကျိုးရီက ထိုအကြောင်းကို သတိပေးရန်လိုအပ်သည်ဟု ခံစားမိခဲ့သည်။

သို့ရာတွင် သားရဲအကြွင်းအကျန်နယ်မြေ အတွင်းသို့ဝင်ရောက်သွားသည့် နောက်တွင် အာကာပြင်တစ်လျောက် အကွာအဝေးကြောင့် ဆက်သွယ်ရေး အချက်ပြမှုအားလုံးက လုံးဝကို ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ကျိုးရီထံတွင် အတွင်းဘက်ရှိ လူများကို ဆက်သွယ်ရန် နည်းလမ်းမရှိတော့ပေ။

“ရွေးချယ်စရာမရှိတော့ဘူး”

ကျိုးရီက သက်ပြင်းချလိုက်သည်။

“သူ့အနေဖြင့် ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်။

၎င်းမှာ သူကိုယ်တိုင်ဝင်သွားခြင်းသာ ဖြစ်၏။

တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် အနည်းဆုံးတော့ သူသည် သူ့ဆရာအနား၌ ရှိနေသင့်သည် မဟုတ်လော။

တစ်ချိန်တည်းမှာပင် ဝမ်ရှန်းဥယျာဉ် အိမ်ရာ၌ ဗုံးပစ်စီနီယာအင်မော်တယ်၏ ဇိမ်ခံအိမ်တွင် ငွေရောင်လေးနှင့် ဝူကျီတို့သည် သတင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

အစောပိုင်းက သားရဲအကြွင်းအကျန်နယ်မြေ ပွင့်လာသောအခါတွင် ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီး၏ အပြောင်းအလဲများကို ချက်ချင်းပင် ခံစားလိုက်ရသည်။

ငွေရောင်လေးက သူတော်စင်သွေးများ ပါရှိပြီး ဝူကျီထီးကသူတော်စင် သားရဲများ၏ သားရေဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေ ဖွင့်လိုက်သောအခိုက်အတန့်တွင် သူတို့နှစ်ဦးလုံးသည် ထူးခြားသောသဘာဝ ဖြစ်စဉ်များကို သိသိသာသာ ခံစားခဲ့ရသည်။

ကမ္ဘာပေါ်ရှိ နောက်ဆုံးသော သူတော်စင်သားရဲ အနေဖြင့် ငွေရောင်လေးသည် သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေကို သူကိုယ်တိုင် ရှာဖွေသင့်သည်ဟု ခံစားမိသည်။

သို့သော် သူ့အနေဖြင့် လူသိရှင်ကြား ထုတ်ဖော်၍ မရသည်မှာသေချာသည်။

လက်ရှိအချိန်၌ သားရဲ အကြွင်းကျန်နယ်မြေတွင် ကျင့်ကြံသူ အများအပြား ရှိနေသည်မဟုတ်လော။

၎င်းတို့သာ သူတော်စင်သားရဲကို တွေ့ရှိသွားလျှင်‌ နောက်ပိုင်း၌ ရှင်းလင်းရန် အလွန်ခက်ခဲသော အခြေအနေ ဖြစ်လာပေလိမ့်မည်။

အခြေအနေအလုံးစုံကို တွက်ချက်ကြည့်ပြီးနောက်တွင် ငွေရောင်လေးသည် သားရဲဘုရင်အကြွင်းအကျန် နယ်မြေ မဖွင့်မီ တစ်ရက်အလိုတွင် ကျိုးရီထံသို့ ဖုန်းခေါ်ဆိုခဲ့သည်။

ကျိုးရီသည် မူလအစီအစဉ်ကို အခြေခံ၍ အဓိက တပ်ဖွဲ့ဝင်များနှင့်အတူ အကြွင်းကျန်နယ်မြေကို ဝင်ရောက်နိုင်သော်လည်း ငွေရောင်လေးတို့ဖြင့် အခြားအဖွဲ့တစ်ဖွဲ့ကို ထပ်မံဖွဲ့စည်းရန် တွေးမိခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ကျိုးရီထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ် “ညီနောင်ငွေရောင်လေးနဲ့ ဝူကျီ.. မင်းတို့တွေ သွားလို့ရပြီ.. ညီနောင်ကျိုးက ပြည်သူ့ရင်ပြင်မှာ မင်းတို့ကို စောင့်နေတယ်”

“ကောင်းပါပြီ”

ငွေရောင်လေးက စိတ်လှုပ်ရှားစွာဖြင့် ထလိုက်သည်။

သူနှင့်ဝူကျီက ထွက်သွားတော့မည့် အချိန်တွင် ရုတ်တရက် ဗုံးပစ်စီနီယာအင်မော်တယ်ကို မေးခွန်းထုတ်လိုက်သည်။

“ညီနောင်ဗုံးပစ်.. မင်းမလိုက်ဘူးလား”

“ညီနောင်ထုန်ရာက မီးခိုးရောင်ဝတ် မိန်းကလေးကို ကုသနေတုန်းပဲ.. သူက စောစောကပဲ ဆေးဝါးတွေဝယ်ပြီး ကျွန်းကိုယူလာပေးဖို့ ငါ့ကို မက်ဆေ့ချ် ပို့ခဲ့သေးတယ်.. ကျင်းရှီနဲ့ ယင်းရှိက သူ့ကိုဆေးဝါးတွေ သန့်စင်တဲ့နေရာမှာ ကူညီပေးနေတယ်ဆိုပေမဲ့ ဂန္ဓမာကျွန်းမှာက ဝန်ထမ်းနည်းနည်းပဲ ရှိတယ်လေ”

ထိုစကားကို ပြောပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။

သူက အမှန်တကယ် လိုက်သွားချင်သော်လည်း ကံမကောင်းစွာဖြင့် အင်မော်တယ်ထုန်ရာကို ကူညီရန် နေခဲ့ရမည် ဖြစ်၏။

ထိုနည်းတူစွာပင် သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေ မဖွင့်မီတွင် အင်မော်တယ်ထုန်ရာသည်လည်း ဆေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့သော်လည်း သူက မီးခိုးရောင်ဝတ် မိန်းကလေး နိုးထရန်အတွက် ထိုအခွင့်အရေးကို ငြင်းဆိုလိုက်ရသည်။

အဓိကအကြောင်းအရင်းမှာ ခွန်ဗိုက်ထဲမှ ထွက်လာသည့် မီးခိုးရောင်ဝတ် မိန်းကလေး၏ ဇစ်မြစ်ကို သိချင်၍ ဖြစ်သည်။

ထို့ပြင် ဤမိန်းကလေးသည် လျှို့ဝှက်ဆန်းကြယ်သော တံငါသည်နှင့် ပတ်သက်၍ ယခုအချိန်ထိ အနီးစပ်ဆုံး ရခဲ့သော သံလွန်စတစ်ခု ဖြစ်သောကြောင့်ပင်။

ကျိုးရီက ဖေးယန်ခရိုင်၏ ပြည်သူ့ရင်ပြင်တွင် အချိန်အကြာကြီး မစောင့်လိုက်ရပေ။

တစ်မိနစ်ခန့်အကြာတွင် ကောင်းကင်ထက်၌ အာကာပြင်အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

အာကာပြင်က ကြာပန်းပွင့်ချပ်များကဲ့သို့ တဖြည်းဖြည်း ပွင့်လာပြီး ချောမောသော မျက်နှာထားရှိသည့် ငွေရောင်ဆံပင်လူငယ်လေးနှင့် မျက်နှာကို ပတ်တီးများ စည်းနှောင်ထားသည့် ဆံရှည်မိန်းကလေးတစ်ဦး ထွက်လာခဲ့သည်။

ဤအာကာပြင် တည်နေရာ ရွှေ့ပြောင်းခြင်း မှော်စွမ်းရည်သည် ဝူကျီ၏စွမ်းရည် ဖြစ်သည်။

သက်တန့်မြက်သေတ္တာက သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေထဲသို့ ပျံသန်းသွားသည်မှာ ၅မိနစ် သို့မဟုတ် ၆မိနစ်ထက်ပင် မကြာသေးပေ။

ကျိုးရီက သူတို့ကို ဆက်သွယ်ပြီး မကြာမီမှာပင် ဝူကျီက သူ၏အစွမ်းကို အသုံးပြု၍ ငွေရောင်လေးနှင့်အတူ ဤနေရာသို့ ရောက်လာခဲ့သည်။

ဤမြင်ကွင်းကို အခြားမည်သူမှ မမြင်လိုက်ပေ။

အကြောင်းမှာ သားရဲဘုရင် အကြွင်းကျန်နယ်မြေ ဝင်ပေါက်သည် လျှို့ဝှက်ချက်တစ်ခု ဖြစ်သောကြောင့် အနီးနားရှိကင်မရာအားလုံးကို ပိတ်ထားပြီး ပတ်ဝန်းကျင်ရှိ လမ်းများကိုပါ ယာဉ်ကြောင်း ထိန်းချုပ်မှုဖြင့် အစောပိုင်းကတည်းက ပိတ်ထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ငွေရောင်လေးနှင့် ဝူကျီ ထွက်ပေါ်လာသည်ကို မည်သူမှ မတွေ့ခဲ့ကြခြင်း ဖြစ်သည်။

“သခင်လေး”

ငွေရောင်လေးက ကျိုးရီကို တွေ့သည်နှင့် နှုတ်ဆက်လိုက်သည်။

“ငါတို့ပဲလား”

ငွေရောင်လေး၏ မေးခွန်းကိုကြားလျှင် သူက နာရီကို တစ်ချက်ကြည့်လိုက်သည်။

“နောက်တစ်ယောက် ကျန်သေးတယ်.. သူဒီကို မကြာခင်ရောက်လာလိမ့်မယ်”

သူတို့၃ယောက်အပြင် ကျိုးရီ ဖွဲ့စည်းထားသည့် အထူးအဖွဲ့တွင် နောက်ထပ်တစ်ယောက် ရှိပါသေးသည်။

ထိုလူမှာ ဖက်တီးလော ဖြစ်၏။

ဖက်တီးလောသည် သားရဲအကြွင်းကျန် နယ်မြေတွင် မျိုးတုန်းသွားသော သယံဇာတတစ်ခု ဖြစ်သည့် အရိုးခြောက် တစ်ထောင်ကို ရှာဖွေရန် စဉ်ဆက်မပြတ်တွေးတောနေခဲ့သည်။

ယခုအချိန်အခါသည် အရိုးခြောက်တစ်ထောင်ကို ရှာဖွေရန် သူ့အတွက် အကောင်းဆုံးအခွင့်အရေးပင် ဖြစ်၏။

ကျိုးရီက ထိုအကြောင်းကို သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေ မဖွင့်ခင်ကတည်းက အတွင်းရေးမှူး တာခန်းထံတွင် ခွင့်တောင်းထားပြီးပြီ ဖြစ်သည်။

ဆိုရလျှင် ဤအရိုးခြောက်တစ်ထောင်သည် ယခုနှစ် အတွက် ကျိုးရီ၏ ဘောနပ်စ် ဖြစ်သည်။

သို့သော် ကျိုးရီသည် ဤနှစ်ကုန်ဘောနပ်စ်ကို ဂရုမစိုက်ပေ။

ငွေကြေးသည် သူ့အတွက် အရေးကြီးသောအရာ မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ခယ်၏ ဓားအိမ်ကို တတ်နိုင်သမျှ မြန်မြန်ပြီးမြောက်စေရန် သူ့ဆရာကို ကူညီခြင်းသည် နှစ်ကုန်ဘောနက်စ်ထက် ပိုအရေးကြီးသည် မဟုတ်ပါလော။

အပိုင်း(၇၁၄) ပြီး၏

All Chapters