နိုင်ငံခေါင်းဆောင်001၏ ဒီဇိုင်းအယူအဆ
Vol. 48 Ch. 716
သက်တန့်မြက်သေတ္တာသည် ဆရာများနှင့် ကျောင်းသားများအပါအဝင် ဟွာရှို့မဟာမိတ်အဖွဲ့မှ တရားဝင် ခန့်အပ်ထားသော ကျင့်ကြံသူများနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များကို အာကာပြင် အက်ကွဲကြောင်းကို ဖြတ်ကျော်၍ ချောမွေ့စွာခေါ်ဆောင်သွားခဲ့သည်။
ဤနေရာလွတ်လောကထဲသို့ စုပ်ယူခံရပြီးနောက်တွင် သေတ္တာ၏ အတွင်းပိုင်းကို အဆောင်များအဖြစ် ကန့်သတ်ဖန်တီးထားကြောင်း ဝမ်လင်းတွေ့ရှိခဲ့ရသည်။
ဆိုရလျှင် ဤသက်တန့်မြက်သေတ္တာသည် အာကာပြင်အတွင်း ဖြတ်သန်းသွားလာနိုင်သည့် မှော်ရတနာတစ်ခုမျှသာမဟုတ်ဘဲ နေအိမ်အဖြစ်လည်း အသုံးပြုနိုင်သည့် မှော်ရတနာတစ်ခု ဖြစ်သည်။
သက်တန့်မြက်သေတ္တာ၏ နေရာလွတ်လောကထဲ ဝင်ရောက်လာသည်နှင့် ကျောင်းသား အတော်များများသည် ရွက်ဖျင်တဲများ ယူမလာခိုင်းသည့် အကြောင်းအရင်းကို သဘောပေါက်လိုက်သည်။
ဤမှော်ရတနာက အတော်လေးကျယ်ဝန်းပြီး အတွင်းပိုင်းနေရာတစ်ခုလုံးကို ဧရီယာ၁၀၀ကျော်ဖြင့် ပိုင်းခြားထားသည်။
ဦးဆောင်ဆရာများက ကျောင်းသားများကို နှစ်ယောက်တစ်တွဲစီ အဆောင်များ၌ နေစေခဲ့သည်။
အဆောင်များတွင် ယောက်ျားလေးနှင့် မိန်းကလေး မရောစေဘဲ သီးသန့်ခွဲခြားထားခဲ့သည်။
“ရွက်ဖျင်တဲကို ယူလာခဲ့သင့်တာကွာ”
ကျောင်းသားအချို့က အနည်းငယ် စိတ်ပျက်ခဲ့ကြသည်။
နွေရာသီစခန်းသွင်းလေ့လာမှုတွင် ရွက်ဖျင်တဲများဖြင့် မနေပါက ပျော်စရာ မကောင်းမည်မှာ သေချာသည်။
သို့ရာတွင် လိမ္မာပါးနပ်သော ကျောင်းသားအချို့လည်း ရှိခဲ့သည်။
“အကြွင်းအကျန် နယ်မြေက အဆင့်မြင့်ဝိညာဉ်သားရဲတွေ မရှိဘူးဆိုပေမဲ့ အတော်လေး အန္တရာယ်များနေတုန်းပဲ.. ရွက်ဖျင်တဲထဲမှာသာ နေမယ်ရှိရင် ဆရာတွေက ငါတို့ကို စောင့်ကြည့်နိုင်မှာမဟုတ်ဘူး.. အန္တရာယ်နဲ့အချိန်မရွေး ရင်ဆိုင်ရနိုင်တယ်”
သက်တန့်မြက်သေတ္တာကို ယာဉ်ပျံအဖြစ် အသုံးပြုရခြင်းသည် ကျောင်းသားများ၏ လုံခြုံရေးနှင့် ပတ်သက်သည်။
အနည်းဆုံးတော့ ကျောင်းသားများသည် သက်တန့်မြက်သေတ္တာထဲတွင် ပိုမိုလုံခြုံလိမ့်မည် ဖြစ်သည်။
ထို့ပြင် ကျောင်းသားများသည် သက်တန့်မြက်သေတ္တာအတွင်းမှ အပြင်ဘက်ရှိ ရှုခင်းများကို မြင်နိုင်မည်ဖြစ်သည်။
ယင်းက သူငယ်စဥ်က ဖေဖေဝမ်နှင့်မေမေဝမ် အလည်ပို့ခဲ့ဖူးသည့် ဝိညာဉ်သားရဲ တိရိစ္ဆာန်ဥယျာဉ်ကို အမှတ်ရစေသည်။
ထိုဝိညာဉ်သားရဲ တိရိစ္ဆာန်ဥယျာဉ်တွင် လူတိုင်းသည် အထူးဘက်စ်ကားပေါ်တွင်သာ ထိုင်နေရပြီး အပြင်သို့ ထွက်ခွင့်မရပေ။
ဘက်စ်ကားပေါ်ကနေသာ ရှုခင်းကို ကြည့်ရှုနိုင်ပေသည်။
ထို့ကြောင့် တစ်နည်းအားဖြင့်ပြောရလျှင် ဤခရီးစဉ်သည်လည်း အနှစ်သာရခြင်း သိပ်မကွာပေ။
ဦးဆောင်ဆရာများသည် ကျောင်းသားများကို အဆောင်များခွဲခြားသတ်မှတ်ပေးခဲ့သည်။
ဝမ်မင် နေထိုင်ရမည့်ဇုံမှာ ဇုံ၃၆ ဖြစ်သည်။
ထိုအချိန်တွင် ဝမ်လင်းသည် ဆိုးရွားသော ခံစားချက်ကို ခံစားနေရသည်။
အဆုံးသတ်တွင် သူက ဝမ်မင်သူ့အား ပြုံးပြလိုက်သည်ကို မြင်လိုက်ရသည်။
“ကျောင်းသားဝမ်လင်းက ငါနဲ့အတူနေရမယ်”
ဝမ်လင်း “……….”
ဤအကောင်က ထိုသို့ပြောလာမည်ကို ဝမ်လင်းက ကြိုသိနေခဲ့သည်။
ဝမ်မင် ထိုသို့ပြောပြီးနောက်တွင် လူအများအပြားသည် သူ့ကိုမနာလိုသည့်အကြည့်များဖြင့် ကြည့်နေကြသည်ကို ဝမ်လင်း သတိထားမိခဲ့သည်။
“အိုး.. ဝမ်လင်းက အရမ်းကံကောင်းတာပဲ.. သေချာတွေးကြည့်ရင် ဝမ်လင်းကံက အမြဲတမ်းကောင်းနေတဲ့ပုံပဲ.. ငါတို့အတန်းရဲ့ လာဘ်ကောင်လေးက မျှော်လင့်ထားတဲ့အတိုင်းပဲ”
“ဟုတ်တယ် ဟုတ်တယ်.. သူက ဆရာနဲ့ တစ်ခန်းတည်းကျတာဆိုတော့ ဆရာကို မေးခွန်းတွေ အများကြီး မေးလို့ရတာပေါ့.. အတန်းဖော်ဝမ်လင်းက တကယ့်ကို ကံကြမ္မာရဲ့သားတော်ပဲ”
အိပ်ဆောင်နေရာအတွက် ချထားပေးသည့် စာရင်းကို ကြားပြီးနောက်တွင် လူအများအပြားသည် ချက်ချင်း တီးတိုး ပြောဆိုနေခဲ့ကြသည်။
ခဏအတွင်း ဝမ်လင်းသည် ၎င်းတို့ ဆွေးနွေးမှု၏ ဗဟိုချက်ဖြစ်လာပြန်သည်။
တကယ်တမ်းတွင် ဝမ်လင်းသည် ဤခံစားချက်ကို ကောင်းစွာနားလည်နိုင်ခဲ့သည်။
အဆုံးသတ်တွင် ဤနွေရာသီစခန်းသွင်း လေ့လာမှု၌ ပါဝင်လာကြသော ဦးဆောင်ဆရာများသည် ဟွာရှို့မဟာမိတ်အဖွဲ့မှ ရွေးချယ်ထားသည့် လက်ရွေးစင်ဆရာများ ဖြစ်ကြသည်။
ကျင့်ကြံခြင်းလောကတွင် အနှစ်၁၀၀ လုံ့လစိုက်ထုတ်၍ ကျင့်ကြံခြင်းထက် ကျော်ကြားသော ဆရာသခင်တစ်ဦး၏ သွန်သင်ဆုံးမမှုကို ခံယူရသည်က ပိုကောင်းသည်ဟု အဆိုအမိန့် ရှိခဲ့သည်။
သို့ရာတွင် ဝမ်မင်က ကျော်ကြားသည့် ဆရာသခင် တစ်ယောက် မဟုတ်သည့်အတွက်ကြောင့် ဝမ်လင်းက အနည်းငယ် ဝမ်းနည်းသလို ခံစားခဲ့ရသည်။
ထို့ပြင် နွေရာသီစခန်းသွင်း လေ့လာရေး မစတင်ခင်မှာပင် ဤလူမိုက်ကောင်သည် သူ့ကို ကျောင်းသားထု၏ နံပါတ်၁ ရန်သူ ဖြစ်လာစေခဲ့သည်။
ထိုအချိန်တွင် ရှေးဟောင်းစာအုပ်ကြီး၏ အသံသည် အသံလွှင့်ရုံထံမှ ပျံ့လွင့်လာခဲ့သည်။
“တပည့်တို့.. ငါတို့အနေနဲ့ အာကာပြင်ကို ဖြတ်ကျော်ပြီး ခရီးနှင်လာခဲ့တာ မကြာမီမှာပဲ သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေကို ရောက်ရှိတော့မယ်.. ဒါကြောင့် ဆရာတွေ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ အားလုံးက သတ်မှတ်ထားတဲ့ အဆောင်မှာ ခေတ္တအနားယူထားကြပါ.. ငါတို့က၂နာရီအတွင်း သားရဲဘုရင်ရဲ့ ဗဟိုဘေးကင်းဇုံကို ရောက်ရှိမှာ ဖြစ်တယ်.. ဒီခရီးစဉ်အတွက် ငါတို့ ပထမဆုံးသွားရမယ့် နေရာက ဗဟိုဘေးကင်းဇုံမှာရှိတဲ့ အခြေခံ စခန်းတစ်ခုပဲ.. ဒီစခန်းမှာစုစုပေါင်း ၅ရက်ပဲ ကြာမှာဖြစ်လို့ နေရာအားလုံးကို အပြည့်အဝသွားဖို့တော့ မဖြစ်နိုင်ဘူး.. နောက်ဆုံးအကြိမ် လာရောက်စဉ်က ဗဟိုဘေးကင်းဇုံမှာ အခြေစိုက်စခန်းတစ်ခုကို ယာယီတည်ဆောက်ထားခဲ့တယ်.. ဒီနေရာမှာ မျိုးတုန်းပျောက်ကွယ်သွားတဲ့ အရင်းအမြစ်တွေရဲ့ နမူနာများစွာနဲ့ ရှင်းပြချက်တွေများစွာ ရှိတယ်.. ဒါကြောင့် အဲဒီနေရာက ပြပွဲ ခန်းမတစ်ခုနဲ့ဆင်တူတယ်.. ဒီနေရာကို နွေရာသီစခန်းသွင်း လေ့လာမှုအတွက် ရွေးချယ်ရခြင်း အကြောင်းရင်းက ကျောင်းသားတွေအနေနဲ့ အကြွင်းကျန်နယ်မြေမှာ ရှိတဲ့ အရင်းအမြစ်တွေရဲ့အလုပ်လုပ်ပုံကို ကောင်းစွာနားလည်နိုင်ဖို့နဲ့ အဆိပ်သင့်အပင်တွေကို သိရှိနိုင်ဖို့ပဲ”
ထို့နောက်တွင် လူတိုင်းသည် မိမိတို့အတွက် သတ်မှတ်ထားသည့် အဆောင်ဆီသို့ ပြန်သွားခဲ့ကြသည်။
ဝမ်လင်းက ဝမ်မင်နှင့်အတူ လိုက်ပါသွားခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်001 အဖြစ် ဟန်ဆောင်ထားသော နိုင်ငံ့ခေါင်းဆောင်အစစ်သည်လည်း ဝမ်မင်၏ နောက်မှ လိုက်ပါသွားခဲ့သည်။
နိုင်ငံ့ခေါင်းဆောင်က ကိုယ်ရောင် ဖျောက်ထားသောကြောင့် ပတ်ဝန်းကျင်မှလူများက သတိမပြုမိကြပေ။
ဝမ်လင်းက အကြောင်းတစ်ခုခုကြောင့် ဤနိုင်ငံခေါင်းဆောင် 001က တစ်ခုခု လွဲချော်နေသည်ဟု ခံစားမိသော်လည်း လုံးဝတော့ မသေချာခဲ့ပေ။
တကယ်တမ်းပြောရလျှင် သူ့အနေဖြင့် လူသားဆန်လွန်းသည့် မှော်ရတနာကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
အဆောင်အားလုံးက အလွန်ကျယ်ဝန်းပြီး တူညီသောအကျယ်အဝန်း ရှိသည့်အပြင် ကိုယ်ပိုင်ရေချိုးခန်းလည်း ပါရှိသည်။
အရေးအကြီးဆုံးအချက်မှာ သက်တန့်မြက်သေတ္တာ ပျံသန်းသည့် အခိုက်အတန့်တွင် ရှုခင်းများကို ကြည့်ရှုနိုင်ရန်အတွက် ကြမ်းပြင်မှ မျက်နှာကျက်အထိ ပြတင်းပေါက်များ ပါရှိခြင်းဖြစ်၏။
ဝမ်မင်က အဆောင်တံခါးဝသို့ ရောက်သောအခါတွင် နိုင်ငံ့ခေါင်းဆောင်001ကို အမိန့်ပေးလိုက်သည်။
“သတိအနေအထားမုဒ်”
ထို့နောက်တွင် နိုင်ငံခေါင်းဆောင် 001သည် အလွန်နာခံမှုရှိသော အမူအရာဖြင့် တံခါးဝတွင် ခံ့ညားစွာ ရပ်နေခဲ့သည်။
“သူ့ကို အထဲဝင်ခွင့်မပေးတော့ဘူးလား”
ဝမ်လင်းက မျက်ခုံးပင့်၍ မေးလိုက်သည်။
“ဒါက ငါတို့ညီအစ်ကိုနှစ်ယောက် အတွက် သီးသန့်အဆောင်ပဲ.. ဘာလို့ လူသားပုံစံတူ လက်နက်ကို ဝင်ခွင့်ပေးရမှာလဲ.. ဒါနဲ့မင်းမသိသေးတာကို ငါပြောပြမယ်.. ဒီနိုင်ငံခေါင်းဆောင် 001ရဲ့ မျက်လုံးနှစ်လုံးက အသံဖမ်းကိရိယာနှစ်ခုပဲ.. ငါတို့အိပ်နေတဲ့အချိန်မှာ အတွင်းခံဘောင်းဘီတွေ ကျွတ်သွားလို့ရှိရင် အဲဒါက ငါတို့ကို ရုပ်ရှင်လို ရိုက်ကူးထားလိမ့်မယ်”
ဝမ်မင်က သက်ပြင်းချ၍ ရှင်းပြလိုက်သည်။
ဝမ်လင်း “……….”
ထိုစကားကို ပြောပြီးနောက် ဝမ်မင်က မေးစေ့ကို ပွတ်သပ်လိုက်သည်။
နိုင်ငံခေါင်းဆောင်001ကို တံခါးဝတွင် စောင့်ခိုင်းသည်က အဆင်မပြေဟု သူခံစားခဲ့ရသည်။
ထို့ကြောင့် သူက နောက်ထပ်အမိန့်တစ်ခုကို ပေးလိုက်သည်။
“ကင်းလှည့်သတိပေးချက်မုဒ်”
ထိုအမိန့်ကို ကြားသည်နှင့် နိုင်ငံခေါင်းဆောင် 001က အဆောင်မှ ထွက်ခွာသွားခဲ့သည်။
ဝမ်မင်က နိုင်ငံခေါင်းဆောင်001၏ ကင်းလှည့်ဧရိယာအဖြစ် ဝန်ထမ်းများ တည်းခိုနေသည့်နေရာကို သတ်မှတ်ပေးခဲ့သည်။
နိုင်ငံခေါင်းဆောင်001 ထွက်သွားပြီးနောက်တွင် ဝမ်မင်က ဝမ်လင်းကို မေးခွန်းထုတ်လိုက်သည်။
“မင်းသတိထားမိတယ် မဟုတ်လား.. ဒီခရီးစဉ်မှာ နိုင်ငံရပ်ခြားအင်အားစုတွေက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေထဲမှာစိမ့်ဝင်နေတယ်.. ငါအခုပဲ နိုင်ငံခေါင်းဆောင်001ကို သူတို့ရဲ့လှုပ်ရှားမှုတွေကို ထောက်လှမ်းဖို့အတွက် လွှတ်လိုက်ပြီ”
“တကယ်လို့ နိုင်ငံခေါင်းဆောင်က တိုက်ခိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ”
ဝမ်လင်းက စူးစမ်းသောအနေဖြင့် မေးခွန်းထုတ်လိုက်သည်။
“အဲလိုဖြစ်လာမှာမဟုတ်ဘူး.. နိုင်ငံခေါင်းဆောင်001က အစကတည်းက တိုက်ခိုက်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာ မဟုတ်ဘူး”
ဝမ်မင်က လျင်မြန်စွာပင် ပြန်ဖြေခဲ့သည်။
ဝမ်လင်း “???”
ဝမ်မင် “နိုင်ငံခေါင်းဆောင်001မှာ လက်နက်တွေ တပ်ဆင်ထားတယ်ဆိုပေမဲ့ ဒါက ကာကွယ်ရေးအတွက် အသုံးပြုဖို့ပဲ.. ပြောရရင် ငါတို့နိုင်ငံရဲ့ ခံယူချက်နဲ့အညီ ငြိမ်းချမ်းရေးက ထာဝရမပြောင်းလဲတဲ့ ဆောင်ပုဒ်ပဲ”
ဝမ်လင်း “……….”
ဝမ်မင် “ဒီဆောင်ပုဒ်အရ နိုင်ငံခေါင်းဆောင်001ကို ငါတို့ ဒီဇိုင်းထုတ်တဲ့အချိန်က အပြင်းထန်ဆုံး ရိုက်နှက်မှုကို ခံနိုင်ရည်ရှိဖို့ အတွက် အသေအချာ ဒီဇိုင်းထုတ်ခဲ့တယ်”
ဝမ်လင်း “……….”
အပိုင်း(၇၁၆) ပြီး၏