← Chapters

လင်းကျန်းရန်ကို ကာကွယ်မယ်

Vol. 48 Ch. 717

လင်းကျန်းရန်ကို ကာကွယ်မယ်

Vol. 48 Ch. 717

ဥက္ကဌချီသည် ဟွာရှို့မဟာမိတ် အဆောက်အဦး၏ အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းကနေ ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့သည်။

ဘူမိဗေဒဆိုင်ရာ အာကာပြင် ချို့ယွင်းမှုကြောင့် လျှို့ဝှက်နယ်မြေအတွင်းမှ လူများကို ဆက်သွယ်ရန် သာမန် ဆက်သွယ်ရေးကိရိယာများအား အသုံးမပြုနိုင်ပေ။

ထို့ကြောင့် ဥက္ကဌချီသည် ယခုတစ်ကြိမ် ဟွာရှို့မဟာမိတ်အစည်းအဝေးခန်းတွင် လျှို့ဝှက်နယ်မြေမှ အာကာပြင် လှိုင်းဂယက်ပုံစံ အချက်ပြမှုများကို ဖမ်းယူနိုင်ရန် အာကာပြင် အသံထုတ်လွှင့်မှု ဆိုင်ရာ မှော်ရတနာတစ်ခုအား အသုံးပြုရန် အမိန့်ပေးခဲ့ပြီး ထပ်ဆင့်ထုတ်လွှတ်သည့် ကိရိယာမှတစ်ဆင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့သည်။

နိုင်ငံခေါင်းဆောင် 001အဖြစ် ဟန်ဆောင်နေသည့် နိုင်ငံခေါင်းဆောင်အစစ်ကို အမိန့်ပေးနေသော ဝမ်မင်အား ဗွီဒီယိုထဲတွင် မြင်လိုက်ရလျှင် ဗိုလ်ချုပ်ရီသည် ချွေးများ အဆက်မပြတ် ထွက်လာခဲ့သည်။

“အဖိုးကြီးချီ.. ဒါက နည်းနည်းတော့ မလွန်ဘူးလား”

"ကိစ္စမရှိပါဘူး.. နိုင်ငံခေါင်းဆောင် ကိုယ်တိုင် ခွင့်ပြုထားတာပဲလေ"

ဥက္ကဌချီက ရယ်မော၍ ပြောလိုက်သည်။

တကယ်တမ်းတွင် နိုင်ငံခေါင်းဆောင်သည် ပျော်ပျော်နေတတ်သော အပျော်စိန် တစ်ဦး ဖြစ်သည်။

ဖန်သားပြင်ကို ကြည့်ရင်း ဥက္ကဌချီက လေးနက်စွာ ပြုံးလိုက်သည်။

"ဒီကလေးက သူ့ကိုယ်သူ ဉာဏ်အကောင်းဆုံးလို့ အထင်ရောက်နေတယ်.. ဒီတစ်​ခါ ငါတို့ သူ့ကို အရူးလုပ်​မယ်​လို့ သူဘယ်လိုထင်မိမှာလဲ...တကယ်တော့ ဒါက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်"

"သူ အမိန့်ပေးနေတဲ့လူက နိုင်ငံခေါင်းဆောင် အစစ်မှန်း သိလိုက်ရရင် ဒီကလေး ဘယ်လိုမျက်နှာထားမျိုး ဖြစ်သွားမလဲ ဆိုတာ မြင်ချင်စမ်းပါဘိ”

ဗိုလ်ချုပ်ရီ“.......…”

…............

တခြားနေရာတွင်လည်း ဝမ်လင်း နှင့် ဝမ်မင် တို့သည် သူတို့၏ အဆောင်တွင် အနားယူနေကြသည်။

ဝမ်လင်းက ကုတင်ပေါ် လှဲနေချိန်တွင် ဝမ်မင်က သူ၏ ကိရိယာများဖြင့် အလုပ်ရှုပ်နေသည်။

"မပင်ပန်းဘူးလား"

ဝမ်လင်းက ဝမ်မင်၏ ကျောပြင်ကို စိုက်ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

"ဘာလို့ ပင်ပန်းရမှာလဲ"

ဝမ်မင်က သူ့လက်တွေကို နေရာ မရွေ့ဘဲ ပြန်ဖြေလိုက်သည်။

“ငါတို့ ခရီးမထွက်ခင်မှာ အစွမ်းထက်ဆေးဝါး တစ်မျိုးကို ငါသောက်ခဲ့တယ်.. ပုံမှန်လူတစ်ယောက်က ဒီဆေးကို သောက်ပြီးရင် အချိန်အတော်ကြာ အိပ်စက်ဖို့ မလိုအပ်ဘူး.. ငါ့အတွက် ဆိုရင်တော့ ခုနစ်ရက်လောက် ကြာနိုင်တယ်.. ဒီဆေးက ကိတ်မုန့်တွေလို အရမ်း ရောင်းကောင်းနေပြီ.. ဉာဏလုပ်သားတွေက အရမ်းကြိုက်ကြတယ်.. ဒီဆေးမှာ ခေါ်လို့ကောင်းတဲ့ အမည်လှလှလေးရှိတယ်.. ဒီဆေးကို အမေ ငေါက်ခနဲထ ဆေးလုံးလို့ခေါ်တယ်"

ဝမ်လင်း "???"

ဝမ်မင် "ဒီဆေးရှိရင် အမေ ချက်ချင်းသေမှာကို စိတ်ပူစရာမလိုတော့ဘူး"

ဝမ်လင်း “….......”

…..............

နာရီဝက်အကြာတွင် ဝမ်မင်သည် ပြီးမြောက်အောင်မြင်သည့် အသွင်ဖြင့် လက်ခုပ်တီးလိုက်သည်။

စောစောက စားပွဲပေါ်တွင် ကိရိယာအစုံအလင်ကို ခင်းကျင်းထားသည်။

ယခုမူ စားပွဲပေါ်တွင် ရှင်းလင်းနေသည်။

စားပွဲပေါ်ရှိအရာက အလွန်သေးငယ်သော ချစ်ပ်ပြားတစ်ခုဖြစ်ကြောင်း ဝမ်လင်း သဘောပေါက်လိုက်သည်။

၎င်းသည် ဖောက်ထွင်းမြင်ရပြီး အရွယ်အစားက လက်သည်းတစ်ဝက်သာ ရှိသည်။

...................

ဤချစ်ပ်ပြားက ဘာပစ္စည်းမှန်း ဝမ်လင်း မသိပေ။

ထို့နောက်တွင် ဝမ်မင်သည် သူအားသွင်းထားသော သိုလှောင်လက်စွပ်မှ ကောင်းကင်သတ္တုဓားအား ထုတ်ယူနေသည်ကို တွေ့လိုက်ရသည်။

သူက ဓားနောင့်ကို ညင်သာစွာ ဖိလိုက်ရာ အပေါက်တစ်ခု ပွင့်လာခဲ့၏။

ဝမ်မင်က ချစ်ပ်ပြားကို ဂရုတစိုက် ကောက်ယူလိုက်ပြီး အပေါက်အတွင်း၌ ချောမွေ့စွာ ထည့်ကာ အပေါက်ကို ပြန်ပိတ်လိုက်သည်။

"ပြီးပြီ.. အနက်ရောင်နည်းပညာ.. ကောင်းကင်သတ္တုဓားရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်း"

ဝမ်မင်က ကောင်းကင်သတ္တုဓားကို လုံး၀ အားမစိုက်ဘဲ လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်လိုက်သည်။

သူက ဓား၏ကိုယ်ထည်ကို ပိုမိုပေါ့ပါးသော ပစ္စည်းတစ်ခုဖြင့် အစားထိုးခဲ့သည်။

ဓားက သာမန်လူတစ်ဦးအတွက်ပင် ဌက်မွေးကဲ့သို့ ပေါ့ပါးသွားခဲ့သည်။

အရေးကြီးသောအချက်မှာ ဓား၏ စွမ်းအားက လျော့နည်းသွားခြင်းမရှိသည့်အပြင် အလွန် တိုးတက်လာခြင်း ဖြစ်သည်။

"ဒီချစ်ပ်ပြားကို ငါတီထွင်နေတာကြာပြီ.. အခုမှပဲ ငါ့ရဲ့ ကောင်းကင်သတ္တုဓားက လုံးလုံးပြီးသွားပြီလို့ ယူဆနိုင်တော့တယ်”

ဝမ်မင်က ဂုဏ်ယူစွာပြောလိုက်သည်။

"ဘယ်လိုသုံးတာလဲ"

ဝမ်လင်းက စိတ်ဝင်တစား မေးလိုက်သည်။

“ဒီချစ်ပ်က အသံနဲ့ ထိန်းချုပ်တဲ့ လက်ခံကိရိယာဖြစ်ပြီး အလွန်ကျယ်ပြန့်တဲ့ ဧရိယာအကွာအဝေးထိ သက်ရောက်မှုရှိတယ်.. ဒါ့အပြင် ငါ့ရဲ့အသံနဲ့ပဲ အလုပ်လုပ်တယ်.. အကြို သရုပ်ပြပါရစေ"

ထိုအချိန်တွင် ဝမ်မင်သည် ကောင်းကင်သတ္တုဓားကို သူနှင့် ဆယ်မီတာအကွာ၌ ချထားလိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ဓား လာခဲ့စမ်း"

ထို့နောက်တွင် ကြမ်းပြင်ပေါ်ရှိ ကောင်းကင်သတ္တုဓားက ရုတ်တရက် ပေါ့ပါးစွာ တုန်ယင်သွားသည်ကို ဝမ်လင်း တွေ့လိုက်ရသည်။

ထိုဓားက ဝမ်မင်၏ လက်ဖဝါးဆီသို့ လျင်မြန်စွာနှင့် တိကျစွာပင် ပြန်လည်ရောက်ရှိသွားသည်။

ဝမ်လင်း “.........…”

ဓားကို ကိုင်ထားရင်း ဝမ်မင်၏ အမူအရာက ပြေလျော့သွားသည်။

ယုတ္တိကျကျ ပြောရလျှင် သိပ္ပံပညာရှင် တစ်ယောက် တစ်ခုခုကို တီထွင်လိုက်လျှင် သာမန်လူများသည် လုံးဝကို အံ့သြနေမည် ဖြစ်သည်။

သို့သော် ဝမ်မင်က သာမန်သိပ္ပံပညာရှင်မဟုတ်ပေ။

သူ့လက်ဖြင့် ဖန်တီးသမျှ ပစ္စည်းသည် နှစ်ခါ စမ်းသပ်ရန် မလိုအပ်ပေ။

ပထမတစ်ကြိမ် ကြိုးစားမှုမှာပင် အောင်မြင်ခဲ့သည်ချည်း ဖြစ်သည်။

ဝမ်မင်က လက်ကိုင်ပုဝါကို ထုတ်ကာ ဓါးကို သေချာသုတ်လိုက်သည်။

“ဦးလေးက ငါ့ကို ဖုန်းခေါ်ပြီး မင်းကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တယ်”

ဝမ်လင်း “….........”

ဝမ်မင် “အရင်က ဥက္ကဌပိုင် နဲ့ အဖြစ်အပျက်မှာ မင်းက အားလုံးရဲ့ အာရုံစိုက်စရာဗဟိုချက် ဖြစ်ခဲ့တယ်

ဒီတစ်ကြိမ် လှုပ်ရှားမှုမှာ မင်းကိုစိတ်ဝင်စားနေတဲ့ လူတွေအများကြီး ရှိတယ်.. စောစောက ရင်ပြင်မှာ တန်းစီနေတဲ့ ကျောင်းသားတွေနဲ့ ဆရာအတော်များများက မင်းကို စိုက်ကြည့်နေတယ်လို့ မထင်ဘူးလား"

ဝမ်လင်း ခေါင်းညိတ်လိုက်သည်။

အစောပိုင်းက ရင်ပြင်တွင် သူသည် အသံများစွာကို ကြားခဲ့ရပြီး အများစုမှာ အခြားကျောင်းများမှ ကျောင်းသားများ၏ အသံ ဖြစ်သည်။

မကြာသေးမီက အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးသည် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ကြံစည်မှုတွင် သားကောင် ဖြစ်လုနီးပါး ဖြစ်ခဲ့ကြောင်း လူအများစုက သိထားကြသည်။

ကံကောင်းထောက်မစွာဖြင့် ကျိုးရီသည် သတင်းများတွင် ဝမ်လင်း၏ ပုံများ မပေါ်ထွက်လာစေရန် မီဒီယာနှင့် လူထုအမြင်ကို ဖိနှိပ်ခဲ့သည်။

ထို့ကြောင့် ဝမ်လင်း အကြောင်း သိချင်သော ရင်ပြင်ရှိ ကျောင်းသားများနှင့် ဆရာများသည် သူမည်သူဖြစ်သည်ကို အမှန်တကယ် မသိခဲ့ပေ။

သို့မဟုတ်လျှင် ရင်ပြင် ပတ်ဝန်းကျင်က အလွန် အသက်ဝင်နေမည်ဟု ဝမ်လင်း ထင်မြင်မိသည်။

“ဒါကြောင့် ဒီတစ်ကြိမ် ခရီးစဥ်မှာ မင်းငါ့စကားကို နားထောင်ရမယ်.. ဘယ်သူမှ သတိမထားမိအောင် အတတ်နိုင်ဆုံး ကြိုးစားရမယ်.. နားလည်ပြီလား"

ဝမ်မင်သည် ဝမ်လင်းအား တင်းမာသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

"ကျိုးရီက မင်းရဲ့ ဓာတ်ပုံတွေကို စောစောစီးစီး ဖျက်လိုက်လို့ပေါ့.. မဟုတ်ရင် မင်းကို အမှတ်တရ လက်မှတ် ထိုးခိုင်ဖို့အတွက် ရှာနေတဲ့လူတွေ အများကြီး ရှိမှာ သေချာတယ်"

ဝမ်လင်း ထိတ်လန့်သွားသည်။

“…...........”

ဒီဖြစ်ရပ်ရဲ့ သက်ရောက်မှုက ဤမျှ အတိုင်းအတာအထိ ရောက်သွားလိမ့်မည်ဟု သူတကယ် မထင်ခဲ့မိပေ။

“အဓိကကတော့ အယူသီးတဲ့ မိဘတချို့ကနေ စတင်ခဲ့တာပဲ.. သေဘေးကနေ မင်း ကပ်သီလေး လွတ်လာတာကို မင်းမှာ အင်မော်တယ်ချီ ရှိနေတယ်လို့ သူတို့ထင်နေကြတယ်"

"ဒါ့အပြင် မင်းက အမှတ်၆၀ အထက်တန်းကျောင်းရဲ့ လာဘ်ကောင်လေး ဆိုတာလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီ"

"စာမေးပွဲက နီးလာပြီဆိုတော့ လူတော်တော်များများက မင်းရဲ့ အင်မော်တယ်ချီကို သူတို့အပေါ်မှာလည်း သက်ရောက်စေချင်ကြတယ်လေ"

ထိုစကားအထိ ပြောပြီးနောက် ဝမ်မင်က သူ့ဖုန်းထဲမှ ဓာတ်ပုံကို ဝမ်လင်းအား ပြ၍ သက်ပြင်းချလိုက်သည်။

"ဒီနေ့မနက် ဖေးယန်ခရိုင်ကို အမှတ်60 အထက်တန်းကျောင်းရဲ့ ဘတ်စ်ကား ရောက်လာတဲ့အချိန်မှာ ကျောင်းစောင့်လီက ဒီဓာတ်ပုံကို ရိုက်ခဲ့တာပဲ"

ဝမ်လင်းက ဓာတ်ပုံကို ကြည့်လိုက်သောအခါ ကျောင်းတံခါးဝတွင် အမွှေးတိုင်များ ထွန်းညှိထားသည်ကို တွေ့လိုက်ရသည်။

“ဒီအမွှေးတိုင်ကို ဖယ်ရှားပြီးပြီ.. ဒါပေမယ့် သတိထားဖို့တော့ လိုသေးတယ်.. နားလည်ပြီလား"

"ခုခေတ် မိဘတွေက ပိုပြီး ရူးသွပ်လာကြတယ်.. အဲဒါနဲ့ယှဥ်ရင် လက်မှတ်လိုချင်တဲ့သူတွေက တော်သေးတယ်လို့ ယူဆနိုင်တယ်.. မင်းရဲ့ ဓာတ်ပုံကို ပိုးသားအိတ်ထဲထည့်ပြီး အဆောင်အဖြစ် ဆောင်ချင်နေတဲ့ သောက်ရူးတချို့ ရှိတယ်လို့ ငါကြားတယ်”

ရုတ်တရက် ဝမ်မင်က ဝမ်လင်း၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။

"ညီလေး.. စိတ်မပူပါနဲ့.. မင်းရဲ့ အစ်ကိုမှာ အဆင့်မြှင့်ထားတဲ့ ကောင်းကင်သတ္တုဓား ရှိတဲ့အပြင် နိုင်ငံခေါင်းဆောင် 001လည်း ရှိတယ်.. ငါ မင်းကို အပြည့်အဝ သေချာပေါက် ကာကွယ်ပေးမှာပါ.. မတရားသဖြင့် နှောင့်ယှက်သူတွေရဲ့ ရန်က မင်းကိုကာကွယ်မယ်"

သူစကားဆုံးသည်နှင့် ပိုးသားအိတ်တစ်လုံးက မြေပြင်ပေါ် ကျသွားသည်။

ထိုပိုသားအိတ်က ဝမ်မင် ဝတ်ထားသည့် အဖြူရောင်ကုတ်အင်္ကျီထဲမှ ပြုတ်ကျသွားသည်ကို ဝမ်လင်း မြင်လိုက်ရသည်။

အပိုင်း(၇၁၇) ပြီး၏

All Chapters