စုန့်ဟိုင်မြို့ရဲ့မိသားစုကြီးလေးခု
Vol. 48 Ch. 719
အစားအသောက်ကို ဖြုန်းတီးသည်မှာ ကောင်းမွန်သော အပြုအမူ မဟုတ်သော်လည်း ပြဿနာမှာ ဤကျောင်းသားက တစ်ယောက်နှင့် တစ်ယောက် သိနေသလိုမျိုး ပြုမူနေခြင်း ဖြစ်သည်။
တစ်ဖက်လူက တာဟွမ်း ဆေးလုံးအား တိုက်ရိုက်မျိုချလိုက်သည်ကို ဝမ်လင်း သတိပြုမိသည်။
ထို့နောက်တွင် ထိုကျောင်းသားသည် အိတ်ကပ်ထဲမှ ငွေရောင်လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး မြို့တော်၏ ကျက်သရေဆောင် မိန်းမတစ်ယောက်ကဲ့သို့ ပါးစပ်ကို ညင်သာစွာ သုတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ထိုလူက ဝမ်လင်းကို စိုက်ကြည့်၍ ပြောလိုက်သည်။
“အစားအသောက်ကို ဖြုန်းတီးတာမျိုးက မလုပ်သင့်ဘူး.. ဒီအတန်းဖော်က စားချင်စိတ်ရှိပုံ မပေါ်တာ ငါသတိပြုမိတယ်.. အစားအသောက်က အရသာမရှိလို့တော့ ငါမထင်ဘူး.. မင်းစိတ်ထဲမှာ တစ်ခုခု ခံစားနေရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်.. ကြည့်ရတာ ဒီအတန်းဖော်က မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ခုခု အတွက် စိတ်မကောင်းဖြစ်နေတယ်လို့ ငါထင်တယ်"
ထိုကျောင်းသား စကားက အလွန်မှန်ကန်သောကြောင့် ဝမ်မင်နှင့် ဝမ်လင်းက အံ့သြသွားသည်။
"ဒီတာဟွမ်းဆေးလုံး အတွက် ငါ မင်းကို အကြွေးတင်ခံမှာ မဟုတ်ဘူး.. ငါ လီမင်ယောင်က ဘယ်သူ့ကိုမှ အကြွေးတင်တာ မကြိုက်ဘူး"
လူငယ်လေးက သူဘယ်သူလဲဆိုတာ ကြေငြာပြီးနောက် ဝမ်လင်းကို ကြည့်လိုက်သည်။
"အတန်းဖော်.. မင်း ဘယ်အဆင့် စကေးလ် စာအုပ်ကို လိုချင်လဲ.. အဆင့်တစ်ကနေ အဆင့်သုံးအထိ ငါ့မှာ အကုန်ရှိတယ်"
ဝမ်လင်း နှင့် ဝမ်မင် “…........”
“လောလောဆယ် မစဉ်းစားမိသေးရင်လည်းရတယ်.. 'အမိုက်စား စကေးလ် စုစည်းမှု' လို့ခေါ်တဲ့ မှော်စကေးလ် အက်ပ်တစ်ခု ရှိတာကို မင်းသိလား...အဲဒါကို ဒေါင်းလုဒ်လုပ်လိုက်ရင် အဆင့်တစ်ကနေ အဆင့်သုံးအထိ စကေးလ်တွေကို တွေ့ရလိမ့်မယ်.. မင်းနှစ်သက်တာတစ်ခုရွေးလိုက်.. ငါမင်းကို စပွန်ဆာပေးမယ်"
လီမင်ယောင်က ပြောလိုက်သည်။
ဤအဆင့်နိမ့် စကေးလ် စာအုပ်ကို ဝမ်မင်ရော ဝမ်လင်းပါ လုံးဝ စိတ်မဝင်စားပေ။
ဆိုရလျှင် ဝမ်လင်း၏ သမ်းဝေခြင်းသည်ကပင် ဤအဆင့်နိမ့် စကေးလ် နည်းစနစ်များထက် ပို၍ သေစေနိုင်သော အစွမ်းရှိသည်။
စကေးလ်ကို စိတ်ကြိုက် ဝယ်သုံးနိုင်သူ တစ်ဦးသည် ရိုးရှင်းသော အထောက်အထား မရှိသည်မှာ သေချာသည်။
ဝမ်မင်က ထိုလူ၏ နာမည်ကို အသေအချာ စဉ်းစားလိုက်သည်။
လီမင်ယောင်..
သူက တစ်နည်းနည်းဖြင့် နာမည်က ရင်းနှီးနေသလို ခံစားရ၏။
သူ့သုတေသနဓာတ်ခွဲခန်း ဤနေရာတွင် ရှိမနေသည်မှာ နှမြောစရာ ကောင်းသည်။
သို့ဆိုလျှင် ဝမ်မင်သည် ထိုလူ၏ အချက်အလက်များကို အထူးစစ်ဆေးရန် တရားဝင် ဒေတာဘေ့စ်ကို တိုက်ရိုက်အသုံးပြုနိုင်မည် ဖြစ်သည်။
"မင်းငါ့ကို သံသယရှိစရာမလိုဘူး.. ငါလူဆိုးမဟုတ်ပါဘူး"
ပါးစပ်ကသာ ထိုစကားကို ပြောသော်လည်း လီမင်ယောင်က သံသယဝင်ခံရသည်ကို နှစ်သက်ပုံရသည်။
“မင်းသိလား မသိလားတော့ ငါမသိဘူး.. တကယ်တော့ ကန်တင်းမှာ တာဟွမ်းဆေးပြားက အကန့်အသတ်နဲ့ ထောက်ပံ့ပေးတာပဲ.. ငါမင်းအပေါ် အကြွေးမတင်ချင်ဘူး.. ဒီဆေးဝါးအတွက် အဆင့်တစ်ကနေ သုံးအထိ စကေးလ်တစ်ခုခု အစားပြန်လျော်ပေးတာက မင်းအတွက် မနစ်နာဘူးလို့ ငါထင်တယ်"
ထိုခဏတွင် ဝမ်မင်က လီမင်ယောင်၏ အထောက်အထားကို စဥ်းစားမိသွားသည်။
သူက လီမင်ယောင်ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။
"မင်းက လီမိသားစုကလား"
"ဆရာက လီမိသားစုကို ကောင်းကောင်းသိပုံရတယ်"
လီမင်ယောင်က ပြုံးပြီးပြောလိုက်သည်။
"စုန့်ဟိုင်မြို့မှာရှိတဲ့ မိသားစုကြီး လေးစုထဲမှာ ကျွန်တော်တို့ လီမိသားစုရဲ့ အွန်လိုင်း စကေးလ် စတိုးဆိုင်ကို နိုင်ငံတစ်ဝှမ်းက သိကြပေမယ့် လီမိသားစု သခင်ငယ်လေး ဆိုတဲ့ ကျွန်တော့်ရဲ့ ဝိသေသလက္ခဏာကို လူအနည်းငယ်ပဲ သိကြတယ်"
ဝမ်လင်းက စုန့်ဟိုင်မြို့၏ မိသားစုကြီးလေးခုကို စိတ်မဝင်စားသော်လည်း ဝမ်မင်က ၎င်းတို့မည်သူ ဖြစ်သည်ကို ကောင်းစွာ.သိသည်။
စုန့်ဟိုင်မြို့၏ မိသားစုကြီးလေးခုတွင် လီမင်ယောင်၏ လီ မိသားစုသည် မှော်စကေးလ် အမျိုးမျိုး၏ မူပိုင်ခွင့်များကိုဝယ်ယူကာ အွန်လိုင်းမှ တစ်ဆင့် ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေကို တည်ဆောက်ခဲ့သည်။
စကေးလ် ရောင်ချခြင်း စီးပွားရေးကို တည်ဆောက်ခဲ့သော လီမိသားစုအပြင် အခြားမိသားစုကြီး သုံးစုမှာ မှော်ကျောက်တုံးများ ဖန်တီးသည့် လုပ်ငန်းကို လုပ်ကိုင်သည့် ကျိုးမိသားစု၊ ဝိညာဥ်သားရဲလုပ်ငန်း လုပ်ကိုင်သည့် လင်းမိသားစုနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့် စွန်းမိသားစုတို့ ဖြစ်သည်။
လက်ရှိတွင် စွန်းမိသားစု၏ လူငယ်မျိုးဆက်ကို ကိုယ်စားပြုသူမှာ စွန်းရုံ ဖြစ်သည်။
ဤမိသားစုကြီး လေးခုသည် လက်ရှိ ဈေးကွက်တွင် သက်ဆိုင်ရာ နယ်ပယ်များကို လုံးဝ လွှမ်းမိုးထားပြီး အောင်မြင်မှုကို ဆက်လက် ထိန်းထားခဲ့သည်။
ဤအသိုင်းအဝိုင်းနှင့် ရင်းနှီးသူတိုင်းသည် စုန့်ဟိုင်မြို့၏ မိသားစုကြီး လေးခု မည်မျှ အံ့သြစရာကောင်းမှန်း သိကြ၏။
အထူးသဖြင့် နိုင်ငံ၏မြို့တော်ကို စုန့်ဟိုင်မှ ကျင့်ဟွာသို့ မပြောင်းမီတွင် မိသားစုကြီးလေးစုသည် စုန့်ဟိုင်မြို့၌ အာဏာချိန်ခွင်လျှာကို ထိန်းထားနိုင်ခဲ့သည်။
အချိန်များစွာ ကုန်လွန်ခဲ့ပြီးနောက်တွင် စုန့်ဟိုင်မြို့ရှိ မိသားစုကြီး လေးစုသည် ယခင်ကဲ့သို့ သြဇာ မရှိတော့ပေ။
သို့သော်လည်း စီးပွားရေး လမ်းကြောင်းကို လျှောက်လှမ်းခဲ့ရာတွင် ၎င်းတို့၏ အဓိကအားသာချက်များ အပေါ် အားကိုး၍ စျေးကွက်ဝေစု တစ်စုစီကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
ဤသည်က တခြားလူများကို သူတို့ထက် နိမ့်ကျသည်ဟု ခံစားရစေသည်။
ဝမ်မင်က သူ့ရှေ့မှ လီမင်ယောင်ဟုခေါ်သော လူငယ်လေးကို ဂရုတစိုက် အကဲခတ်လိုက်သည်။
စွမ်းရုံလိုမျိုး အလွန်ချမ်းသာသော ဒုတိယမျိုးဆက် ကောင်လေးသည် သူတို့ထံ ရောက်ရှိလာခဲ့သည်။
"ဟားဟား.. မင်းက လီမိသားစုရဲ့ သခင်လေးဖြစ်မယ်လို့ ငါ တကယ် မထင်ထားမိဘူး"
ဝမ်မင်က ရယ်မော၍ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်ဖယ
ဤအခြေအနေက လီမင်ယောင် ဘယ်တုန်းကမှ မမျှော်လင့်ထားသော အခြေအနေ ဖြစ်သည်။
အမှန်တရားမှာ သူအလိုရှိသော အရာကို ရယူရန် သူ့လက်ထဲတွင်ရှိသော မိသားစု အရင်းအမြစ်များကို အသုံးပြုခြင်းသည် အလွန်စမတ်ကျသော ဗျူဟာတစ်ခု ဖြစ်သည်။
ပုံမှန်အားဖြင့် အများစုသည် ဤသကြားဖုံးထားသည့် ကျည်ဆန် ဗျူဟာကို ခုခံဖို့ အရမ်းခက်ခဲ၏။
သို့သော်လည်း ဤညီအကိုနှစ်ယောက်နှင့် အတွေ့တွင် သူ့ဗျူဟာက လုံးလုံးလျားလျားကြီး ကျရှုံးသွားခဲ့သည်။
အဆင့်သုံး မှော်စကေးလ်..
ဝမ်လင်း၏ အမြင်အရ ထိုမှော်စကေးလ်များသည် ခေါက်ဆွဲခြောက်ထုပ်လောက် အသုံးမဝင်ပေ။
ငယ်စဉ်ကတည်းက လီမင်ယောင်သည် မိသားစု၏ အရင်းအမြစ်များကို သုံးစွဲခွင့်ရပြီး လူမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် လူတစ်ဦး၏ စကားလုံးများ သို့မဟုတ် အပြုအမူများကို ဖတ်ရှုရာတွင် အထူးကောင်းမွန်သည်။
ရိုးသားစွာပြောရလျှင် သူ၏ ဗျူဟာ ကျရှုံးမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
ယုတ္တိဗေဒအရ ပြောရလျှင် အမှတ် 60 အထက်တန်းကျောင်းသည် အဓိကမြိုပြ အထက်တန်းကျောင်း ကိုယ်စားလှယ်စာရင်းတွင်သာ ရှိသေးသည်။
ကျောင်းသားများ၏ အရည်အသွေးသည် သာမန်အထက်တန်း ကျောင်းသားများထက် အပုံကြီး သာသည်ဟု ဆိုနိုင်သော်လည်း ဤကျောင်းသားနဲ့ ဆရာသည် သူ၏ ငါးစာကို လာမဟပ်ခဲ့ပေ။
လီမင်ယောင် အနည်းငယ် အံ့သြသွားခဲ့သည်။
တကယ်တမ်းတွင် တာဟွမ်း ဆေးပြားကို စားသုံးခြင်းသည် သူ၏ ရည်ရွယ်ချက် အစစ်အမှန် မဟုတ်ပေ။
သူက တစ်ဖက်သား၏ ကျေးဇူးကို အတတ်ပညာ တစ်ခုဖြင့် အလဲအလှယ်လုပ်ပြီး ရင်းနှီးမှုယူကာ သူစိတ်ဝင်စားသည့်အရာအား မေးမြန်းလိုခဲ့ခြင်း ဖြစ်သည်။
ဤအကြံအစည်က အမှန်တကယ် ချွတ်ချော်သွားမည်ဟု မည်သူ ထင်မိမည်နည်း။
တစ်ဖက်လူက အခြေခံ တည်ထောင်ခြင်းအဆင့် ကျောင်းသားတစ်ဦးသာ ဖြစ်သည်။
သေချာသည်မှာ အဆင့်လေး မှော်စကေးလ်ဖြင့်ပင် ထိုကျောင်းသားကို ဆွဲဆောင်နိုင်မည် မဟုတ်ချေ။
လီမင်ယောင်က အဆင့်လေး မှော်စကေးလ်ကို လက်ရှိတွင် မသင်ယူနိုင်သေးပေ။
သင်ယူချင်လျှင် ရွှေအမြူတေ အဆင့်ကို အနည်းဆုံး ရောက်ရပေမည်။
ထို့အပြင် အဆင့်လေး မှော်စကေးလ်၏ ပေါက်ဈေးမှာ အင့မော်တယ် ရွှေချောင်းနှစ်သိန်း ဖြစ်သည်။
၎င်းသည် အဆင့်လေး မှော်စကေးလ် တစ်အုပ်အတွက် ပျမ်းမျှ စျေးကွက်ပေါက်စျေးသာ ဖြစ်သည်။
ရှားပါးအဆင့်လေး မှော်စကေးလ် ဖြစ်ခဲ့လျှင် စျေးနှုန်းသည် အဆများစွာ တက်လာနိုင်ဖွယ် ရှိသည်။
ဤသည်က သာမန်မိသားစု တတ်နိုင်သည့်စျေး မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် အခြေအနေက အဆင်မပြေ ဖြစ်လာပြီး လီမင်ယောင်က အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
ဝမ်မင်က ဤသခင်လေး၏ အမူအရာကို ကောင်းစွာသိသည်။
သူက မျက်နှာတွင် စိတ်ရှုပ်ထွေးသော အမူအရာရှိသည့် လီမင်ယောင်ကို ကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။
“မင်းမှာ မေးစရာရှိရင် တည့်တည့် မေးလို့ရတယ်.. လှည့်ပတ်နေစရာမလိုဘူး”
လီမင်ယောင်က ဝမ်မင်၏ ဒဲ့တိုး အပြောအဆိုကြောင့် မှင်တက်သွားသော်လည်း သူ၏ ချစ်စရာကောင်းသော အပြုံးကို ဆက်လက် ထိန်းထားနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
“ဒါဆို ငါမေးမယ်”
“မေးပါ”
ဝမ်မင်က ပြောလိုက်သည်။
လီမင်ယောင်က ဝမ်လင်းကို ကြည့်လိုက်သည်။
“ဒီအတန်းဖော်က အမှတ် 60 အထက်တန်းကျောင်းဝတ်စုံကို ဝတ်ထားတာ တွေ့တယ်.. ဝမ်လင်းကို သိကြလား"
ဝမ်လင်း “….........”
ဝမ်မင်“..........…”
လီမင်ယောင် "ကျွန်တော်က သူ့ပရိတ်သတ်ပါ"
ဝမ်လင်း “….........”
အပိုင်း(၇၁၉) ပြီး၏