ဆဲလ်တွေအလုပ်လုပ်စမ်း
Vol. 49 Ch. 726
သွေးစွန်းလိပ်ပြာ၏ မျက်လုံးများက ကျစ်ဆံမြီးနှစ်ခွ ဆွဲခံရခြင်းကြောင့် နာကျင်ခြင်းနှင့် အတူ နီရဲလာသည်။
ထိုအချိန်တွင် သူမသည် မုဆိုးတစ်ကောင်၏ လက်ထဲတွင် နားရွက်ကို ဖမ်းချုပ်ခံထားရသော ယုန်တစ်ကောင်လို ခံစားနေရသည်။
ကြောက်စရာအကောင်းဆုံးအရာမှာ ထိုမုဆိုးကသူမ၏ နားရွက်ကို ရက်စက်စွာ ဖြတ်တောက်ချင်နေခြင်းပင်။
ဤကျစ်ဆံမြီးနှစ်ခွက သူမ အားအကိုးရဆုံး မှော်လက်နက်များထဲမှ တစ်ခု ဖြစ်သော်လည်း ယခုအခါတွင် သူမအနေဖြင့် အမှန်တကယ် နှုတ်ဆက်ရတော့မည် ဖြစ်သည်။
သွေးစွန်းလိပ်ပြာက စိတ်ပျက်သောအမူအရာဖြင့် မိစ္ဆာအင်ပါယာကွာဖီကို စိုက်ကြည့်လိုက်သည်။
ဤအချိန်တွင် သူမ ဘဝတစ်ခုလုံးသည် အမှောင်ကျသွားသလို ခံစားရသည်။
နိုင်ငံက အလိုအရှိဆုံး အနီရောင်Aအဆင့် ရာဇဝတ်ကောင်တစ်ယောက်အနေဖြင့် သူမ ဘာဆက်လုပ်ရမည်နည်း။
သွေးစွန်းလိပ်ပြာ၏ မျက်လုံးထောင်တွင် တောက်ပသောမျက်ရည်ကြည်များ ဝဲတက်လာသည်။
သို့သော် မှော်လက်စွပ်၏ လွှမ်းမိုးမှုအောက်၌ ငိုချရန်ပင် ခွန်အားမရှိသောကြောင့် သူမ အသံ မထွက်နိုင်ခဲ့ပေ။
ယခုအခါတွင် သူမ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အသတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းရန်ပင် ဖြစ်သည်။
“မငိုနဲ့.. ငါအရှင်က မိန်းမတွေငိုတာ မြင်ရမှာကို အရမ်းကြောက်တယ်”
မိစ္ဆာအင်ပါယာက မျက်ရည်ဝဲနေသော သွေးစွန်းလိပ်ပြာကိုစိုက်ကြည့်ရင်း မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာ တစ်ခု ဖြစ်ပေါ်လာသည်။
သူ့ဇနီး ယာမိုင်းနှင့် ပထမဆုံးအကြိမ်တွေ့သည့် အခိုက်အတန့်ကို သူရုတ်တရက် သတိရသွားသည်။
ထိုအချိန်က အတန်းထဲတွင် ယာမိုင်း၏ ဆံပင်ကို သူက ဆွဲလိုက်ရာ ယာမိုင်းက ငိုသွားခဲ့သည်။
သွေးစွန်းလိပ်ပြာ၏ ယခုပုံစံသည် မမျှော်လင့်ဘဲ သူ့ဇနီးနှင့်တွေ့နေရသည့် ခံစားချက်မျိုးအား ပေးစွမ်းနေခဲ့သည်။
ငိုချလိုက်ခြင်းက မိစ္ဆာအင်ပါယာ၏ ကရုဏာသက်မှုကို ရရှိလိမ့်မည်ဟု သူမ တွေးမိခဲ့သည်။
သို့ရာတွင် ကွာဖီ၏ နောက်ထပ်စကားများက သူမ၏ မျှော်လင့်ချက်ကို လုံးဝ လက်လျှော့သွားစေခဲ့သည်။
ကွာဖီက အသက်ကို ခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။
“မင်းငိုနေတဲ့ပုံစံက ငါ့မိန်းမနဲ့ အရမ်းတူတယ်.. မင်းမျက်လုံးတွေကို ငါဖောက်ထုတ်လိုက်ရမလား”
ထိုစကားကိုကြားလျှင် သွေးစွန်းလိပ်ပြာက ထိတ်လန့်သွားပြီး မျက်ရည်များက ချက်ချင်းဆိုသလို ခမ်းခြောက်သွားခဲ့သည်။
အဆုံးသတ်တွင် ကွာဖီအနေဖြင့် အဘယ်ကြောင့် တိုင်းပြည်တစ်ခုလုံးကို ချောက်နက်ထဲသို့ ထိုးကျအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို သူမ သဘောပေါက်လိုက်သည်။
“အမေရေ.. သမီး အိမ်ပြန်ချင်တယ်”
အခြားတစ်ဖက်တွင်လည်း အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရားတို့သည် ကွာဖီနည်းတူ အောင်မြင်မှုကို အညီအမျှ ရရှိခဲ့ကြသည်။
သူတို့က ဗိုလ်ချုပ်ပိုင် ပေးအပ်ထားသည့် မှော်ဓားများကို စီးနင်းခဲ့ကြ၏။
ထိုမှော်ဓားများက စက်ရုံထုတ်များ ဖြစ်ကြ၍ ခွန်အားအရာတွင် တူညီကြသည်။
ဓားအတွင်း၌ အတုအယောင် ဓားဝိညာဉ်များပင် ပါဝင်သည်။
သူတို့နှစ်ဦးစလုံးက ဓားသမားများ ဖြစ်သောကြောင့် ဓားပျံစီး၍ တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသည်။
ထို့ပြင် ဤတစ်ခေါက်တွင် ဗိုလ်ချုပ်ပိုင်သည် မိစ္ဆာဓားနတ်ဘုရား၏ ခရမ်းရောင်ထောက်လှမ်းရေး နတ်ဆိုးမျက်လုံး ကန့်သတ်ချက်ကို ရုတ်သိမ်းပေးလိုက်သောကြောင့် မိစ္ဆာဓားနတ်ဘုရားသည် အကြမ်းဖက်သမားများကို လိုက်လံ ဖမ်းဆီးရာတွင် အသုံးပြုခွင့်ရခဲ့သည်။
ထို့ကြောင့် ဒါဇင်နှင့်ချီသော အကြမ်းဖက်သမားများသည် သူ၏လက်မှ လွတ်မြောက်ခြင်းမရှိခဲ့ပေ။
ပတ်ဝန်းကျင်တွင် နိုင်ငံရပ်ခြားမှ အင်အားစုများနှင့် အမှောင်နက်ဝေါ့ခ်မှ ကျင့်ကြံသူများ၏ အော်ဟစ် ငြီးတွားသံများက ဆူညံစွာ ပေါ်ထွက်လာခဲ့သည်။
ထောင်ထဲတွင် ရှိနေသင့်သည့် ဤပုဂ္ဂိုလ်၃ပါးက အဘယ်ကြောင့် ဤနေရာတွင် ရှိနေရပါသနည်း။
မိစ္ဆာဓားနတ်ဘုရားက အကြမ်းဖက်သမားများကို လိုက်လံဖမ်းဆီးရာတွင် ညှာတာမှု လုံးဝမထားခဲ့ပေ။
ပစ်မှတ်များကို အရှင်လတ်လတ် ဖမ်းမိလျှင် ဆုငွေမှာ အမှတ်ပြည့် ဖြစ်ကြောင်း ကနဦးတွင် ဗိုလ်ချုပ်ပိုင်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ပိုင်က အကြမ်းဖက်သမားများကို လိုက်လံဖမ်းဆီးရာတွင် သတ်ဖြတ်မှုများကို ခွင့်ပြုထားသော်လည်း အကယ်၍ ၎င်းတို့ သေဆုံးသွားခဲ့လျှင် အမှတ်ကို ထက်ဝက်လျှော့မည်ဖြစ်သည်။
သို့ရာတွင် မိစ္ဆာဓားနတ်ဘုရားသည် ဤအချက်များကို လုံးဝဂရုမစိုက်ခဲ့ပေ။
သူက သူ၏ ခရမ်းရောင်ထောက်လှမ်းရေး နတ်ဆိုးမျက်လုံးကို အသက်သွင်းကာ အကြမ်းဖက်သမားများကို လိုက်လံရှာဖွေခဲ့သည်။
ယာယီဖန်တီးထားသော မြေအောက်နေရာတစ်ခုတွင် လူ၁၂ဦးသည် လက်ချင်းချိတ်ကာ ပူးပေါင်း၍ အတားအဆီး တစ်ခုကို တည်ဆောက်ခဲ့ကြသည်။
သူတို့က မြေဆီလွှာကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကာ အစိုင်အခဲတစ်ခု တည်ဆောက်ရန် အတွက် မူလကမ္ဘာမြေကြီးဟုခေါ်သော မြေကြီးအမျိုးအစား မှော်စွမ်းရည်ကို ပေါင်းစပ်ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
“ဘာတွေဖြစ်ကုန်တာလဲ”
ကျင့်ကြံသူတစ်ဒါဇင်က ချွေးပြန်လာခဲ့သည်။
မိစ္ဆာဓားနတ်ဘုရားက တစ်ယောက်ချင်း လိုက်လံ အမြစ်ဖြုတ်နေသောကြောင့် သူတို့က ပူးပေါင်းလိုက်ကြခြင်း ဖြစ်၏။
လွန်ခဲ့သော ၅မိနစ်ခန့်တွင် မိစ္ဆာဓားနတ်ဘုရားသည် မမြင်နိုင်သောဓားချီကို အသုံးပြု၍ အကြမ်းဖက်သမား၅ဦး၏ ခေါင်းကို ဖြတ်ပစ်ခဲ့သည်။
သူတို့၁၂ဦးက အတားအဆီးကို ဖန်တီးခဲ့သည့်တိုင် မိစ္ဆာဓားနတ်ဘုရား သယ်ဆောင်လာသည့် ကြီးမားသောဖိနှိပ်မှု ခံစားချက်က သူတို့ကို အတားအဆီး အတွင်းမှာပင် လည်ပင်းညှစ်ထားသကဲ့သို့ ခံစားရပေသည်။
သို့ရာတွင် ဤသည်က မိစ္ဆာဓားနတ်ဘုရား၏ အထွဋ်အထိပ်စွမ်းရည် မဟုတ်သေးမှန်း သူတို့မသိခဲ့ကြပေ။
ဗိုလ်ချုပ်ပိုင်က ယခုတစ်ကြိမ် စစ်ဆင်ရေးတွင် မာကျောက်တပ်ဖွဲ့ကို ပါဝင်ခွင့် ပေးခဲ့သော်လည်း ကန့်သတ်ချက်များကိုမူ ချမှတ်ထားဆဲ ဖြစ်သည်။
လက်ရှိတွင် မာကျောက်တပ်ဖွဲ့မှ လူတစ်ဦးစီသည် ၎င်းတို့စုစုပေါင်း တိုက်ပွဲဝင်အင်အား၏ ၆၀% အောက်သာ အသုံးပြုနိုင်ခဲ့သည်။
သို့သော်လည်း လူသတ်အရှိန်အဝါက သူတို့ကို ထိတ်လန့်စေဆဲပင်ဖြစ်သည်။
သူတို့က ကျူးကျော်သူများ ဖြစ်သော်လည်း ယခုအခါတွင် သူတို့ကိုယ်သူတို့ ကာကွယ်ရန် အတားအဆီး တစ်ခုကိုပါ ပြုလုပ်နေခဲ့ရသည်။
“မိစ္ဆာဓားနတ်ဘုရားကို ဗျူဟာချပြီး တိုက်ခိုက်မှဖြစ်တော့မယ်”
အဖြူရောင်ဝတ် အမျိုးသားတစ်ဦးက လေးနက်သော အမူအရာဖြင့် အပေါ်ကိုမော့ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူက အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်တစ်ဦး ဖြစ်သလို သွေးစွန်းလိပ်ပြာ ကဲ့သို့ပင် အနီရောင်Aအဆင့် ရာဇဝတ်ကောင် တစ်ဦးဖြစ်သည်။
သူ၏အမည်ပြောင်မှာ အမှောင်ရနံ့ ဖြစ်ပြီး အမည်ရင်းမှာ 'ဆဲလ်အားလုံးကိုသတ်ဖြတ်သူ' ဖြစ်သည်။
“အမှောင်ရနံ့သခင်.. ငါတို့ဘာဆက်လုပ်ကြမလဲ”
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“ဒီအခြေအနေထိ ရောက်လာပြီ ဆိုမှတော့ တခြားနည်းလမ်း မရှိတော့ဘူး.. ငါတို့ရဲ့ ခွန်အားတွေကို ပေါင်းစပ်လိုက်မှပဲ မိစ္ဆာဓားနတ်ဘုရားရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာဖြစ်ပြီး တန်ပြန်တိုက်စစ်ကို စတင်နိုင်မှာဖြစ်တယ်.. ငါတို့ တစ်ယောက်ချင်းစီရဲ့ခွန်အားနဲ့တော့ အနိုင်ရဖို့ မဖြစ်နိုင်ဘူး”
“ဒါပေမဲ့ အရေအတွက်အရတော့ ငါတို့မှာ မျှော်လင့်ချက်ရှိနိုင်ပါသေးတယ်”
“အရေအတွက်လား”
လူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားပြီး လေးလေးနက်နက် တွေးတောနေကြသည်။
တစ်ဦးချင်းခွန်အားအရ သူတို့က အလွန်အမင်း အားနည်းချင်း မရှိဘဲ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း တတိယအဆင့်တွင် ရှိကြသည်။
ဤသည်မှာ နေကျွန်းမှပြန်လာသော ကျင့်ကြံသူများ သေဆုံးပြီးနောက်တွင် ညဦးစီးမှူးအဖွဲ့က အချိန်တိုအတွင်း စုဆောင်းခဲ့သော အင်အားစု ဖြစ်သည်။
သူတို့ကြားရှိ အင်အားကွာဟမှုသည် နေ့နှင့်ည ကဲ့သို့ပင် လားလားမျှ မဆိုင်ချေ။
ယခုအချိန်တွင် သူတို့သည် မှောင်မိုက်နေသော မြေအောက်ခန်းထဲတွင် အပူချိန်မြင့်မားသော မီးဖိုထဲ၌ အဖုတ်ခံထားရသော ခွေးကင် နှင့် ကြက်ကင်လို ဖြစ်နေသည်။
“ဒါက ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ.. အမှောင်ရနံ့သခင်ရဲ့ စကားကို နားထောင်ဖို့ အားလုံးကို အကြံပြုချင်တယ်”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
အဆုံးသတ်တွင် လူတိုင်းသည် အားကိုးသောအကြည့်များဖြင့် အမှောင်ရနံ့သခင်ကို လှည့်ကြည့်လိုက်ကြသည်။
အမှောင်ရနံ့သခင်က အသက်ကို ခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။
“အရင်ဆုံး မင်းတို့ကို ပြောချင်တာက ဒါက တားမြစ်ထားတဲ့ အစီအရင် တစ်ခုပဲ.. မင်းတို့ရဲ့ သက်တမ်းကို အများကြီးမဟုတ်ပေမဲ့ အနည်းငယ်တော့ တိုစေနိုင်တယ်.. အားလုံးပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်တယ်”
“အမှောင်ရနံ့သခင်.. ကျေးဇူးပြုပြီး ငါတို့ကို ဦးဆောင်ပေးပါ.. ငါတို့ရဲ့အသက်က မင်းရဲ့လက်ထဲမှာပဲ ရှိတော့တယ်”
၁၁ယောက်လုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
အမှောင်ရနံ့သခင်က သူတို့ကို ရှင်းပြလိုက်သည်။
“လူသားတွေရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း ၃၇.၂ ထရီလီယံလောက်က နေ့တိုင်းတက်ကြွစွာ အလုပ်လုပ်နေကြတယ်.. ငါတို့အနေနဲ့ မှော်စွမ်းရည်ကို အသုံးပြုပြိး ငါတို့ရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ခွဲထုတ်ရမယ်.. ပြီးရင် ဆဲလ်တွေအားလုံးကို တစ်ခုတည်းအဖြစ် ဖွဲ့စည်းဖို့ ထပ်မံ ဆင့်ခေါ်ရမယ်.. ငါတို့ ၁၂ဦး စလုံးသာ အတူတကွ လုပ်ဆောင်နိုင်ခဲ့ရင် ထောင်ပေါင်းများစွာသော ဆဲလ်တွေကို ဧရာမဆဲလ်အဖြစ် ပုံဖော်နိုင်မှာပဲ”
ထိုစကားကိုကြားလျှင် ၁၁ယောက်လုံးက သဘောပေါက်သွားကြသည်။
ဤအမှောင်ရနံ့သခင်သည် မူလက ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်၍ လူသားခန္ဓာကိုယ်ထဲရှိ ဆဲလ်များ၏ဖွဲ့စည်းပုံနှင့် ရင်းနှီးသည်။
“ဆဲလ်ထောင်ပေါင်းများစွာကို အသုံးပြုပြီးပုံဖော်မှာလား”
“ဟုတ်တယ်.. အဓိကအင်အားစုက ဆဲလ်ဖြူတပ်ပဲ.. ငါတို့တွေသာ ပူးပေါင်းလိုက်ရင် ကလပ်စည်းတွေ အဓိကပါဝင်တဲ့ ယစ်ပရောဟိတ်တပ်ကိုတောင် ဖွဲ့စည်းနိုင်တယ်”
{ယစ်ပရောဟိတ်တပ်= စစ်သည်များအတွက် ဝိညာဉ်ရေးရာခေါင်းဆောင်}
“အခုလုပ်ရမယ့်အရာက မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထုတ်ယူဖို့အတွက် ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလပ်စည်းကို အရင်ဆုံး ဆင့်ခေါ်ဖို့ပဲ”
ထိုစကားကိုပြောပြီးနောက်တွင် အမှောင်ရနံ့သခင်က လက်ဟန်တံဆိပ်တစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ပါးစပ်မှ ရေရွတ်လိုက်၏။
“ဥုံ.. ဆဲလ်တွေအားလုံး အလုပ်လုပ်ကြစမ်း”
အပိုင်း(၇၂၆) ပြီး၏