သွေးကလာပ်စည်းများ ဆင့်ခေါ်ခြင်း
Vol. 49 Ch. 727
ဆဲလ်အလုပ်လုပ်ခြင်းမှော်စွမ်းရည်သည် လူများစွာ မကြားဖူးသည့် တားမြစ်ထားသော စွမ်းရည်တစ်ခု ဖြစ်သည်။
မြေအောက် အတားအဆီးအတွင်းမှ လူအားလုံးသည် အမှောင်ရနံ့သခင်က လက်ဟန်စည်းတံဆိပ် ပြုလုပ်ပြီးနောက်တွင် လက်ညိုးကို ကိုက်ရာမှ ထွက်လာသောသွေးဖြင့် မြေကြီးပေါ်တွင် ဆင့်ခေါ်ခြင်း အစီအရင် ရေးဆွဲလိုက်သည်ကို တွေ့လိုက်ရသည်။
ဤမှော်အစီအရင်က ကြီးကြီးမားမား မဟုတ်သော်လည်း အရှေ့တိုင်း နှင့် အနောက်တိုင်း အစီအရင်များကို ရောနှောထားသည့်အတွက် ဖွဲ့စည်းပုံ အနည်းငယ် ရှုပ်ထွေးသည်။
ထို့ကြောင့် ဤအစီအရင်ကို အရှေ့နှင့်အနောက် ပေါင်းစပ်မှုဟုလည်း ဆို၍ရပေသည်။
အမှောင်ရနံ့သခင်က သူ့ဆဲလ်များ၏ အစိတ်အပိုင်းများကို ခွဲထုတ်ရန်အတွက် သူ၏သက်တမ်းကို စတေးလိုက်ရသည်။
"ဒီလိုနည်းစနစ်မျိုးက တကယ်ကို အံ့ဩစရာပဲ"
အစီအရင် ခင်းကျင်းပြီးသည့်နောက် စက္ကန့်အနည်းငယ်အကြာတွင် မြေပြင်၌ အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင်သွေးများက အက်ကွဲကြောင်းအတွင်းကနေ သွေးစမ်းရေ ကဲ့သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
ထို့နောက်တွင် ထိုသွေးစမ်းရေသည် လူတိုင်း၏ မျက်စိရှေ့မှာပင် အနီရောင်အဝတ်အစားကို ဝတ်ဆင်ထားသော ချစ်စရာကောင်းသည့် ကလေးမလေး အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒါက..."
"ဟုတ်တယ်.. ဒါက ငါ့ခန္ဓာကိုယ်ထဲက ကလာပ်စည်းပါ"
အမှောင်ရနံ့သခင်“စစ်တိုက်ဖို့အတွက် ဆဲလ်တွေကို ဆင့်ခေါ်ဖို့က အချိန်အတိုင်းအတာ တစ်ခု လိုအပ်တယ်.. ဒါကြောင့် ငါတို့က ရန်သူတွေကို တိုက်ထုတ်ဖို့အတွက် ခိုင်မာတဲ့ ကာကွယ်ရေး စည်းတစ်ခုကို အရင် တည်ဆောက်ဖို့ လိုအပ်တယ်"
"အဲဒီလိုလား"
အားလုံးက ချက်ချင်း သဘောပေါက်သွားခဲ့သည်။
အမှောင်ရနံ့သခင်က မျှော်လင့်ထားသည့်အတိုင်းပင်။
အနီရောင် Aအဆင့် ရာဇဝင်ကောင်ဖြစ်သည့် အမှောင်ရနံ့သခင်သည် အနီရောင် SSSအဆင့် ဖြစ်သည့် မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင်ချန်ယွီ၊ မိစ္ဆာဓားနတ်ဘုရားတို့နှင့် တန်းတူ မဖြစ်နိုင်သော်လည်း အတွေ့အကြုံများစွာ ရှိသူဖြစ်သည်။
ထို့အပြင် သူဆင့်ခေါ်ခဲ့သော ဤကလာပ်စည်းသည် အလွန်ချစ်စရာကောင်း၏။
သူမကို မြင်သူတိုင်းသည် သမီးလေးတစ်ယောက်လို ခံစားရမည် ဖြစ်သည်။
ဤနေရာရှိ လူတိုင်းသည် နားမလည်နိုင်လောက်အောင်ပင် အဖေတစ်ယောက်လို ခံစားလိုက်ရသည်။
သူတို့သာ ဤအကျပ်အတည်းမှ လွတ်မြောက်ခဲ့လျှင် သေချာပေါက် သမီးလေးတစ်ယောက်လို ပြုစုပေးမိလိမ့်မည်။
ဤလူများက ချစ်စရာကောင်းသော ကလေးမလေးအား ငေးကြည့်နေသည်ကို မြင်လျှင် အမှောင်ရနံ့သခင်က ထပ်ပြောလိုက်ပြန်သည်။
"ဒီတစ်ခါ ငါ့ရဲ့ ကလာပ်စည်း ဖြစ်တဲ့ ဒီကလေးမလေးကို မိဘအနေနဲ့ သုံးမယ်.. ဆင့်ပွားမှော်စွမ်းရည်ကို လုပ်ဆောင်ဖို့အတွက် မိဘအပေါ်ပဲ အားကိုးရမယ်.. ဆင့်ပွား အစီအရင် အခင်းအကျင်းကို ကျေးဇူးပြုပြီး မှတ်သားထားပါ"
“ကောင်းပါပြီ”
အကြီးအကဲများအားလုံးက ခေါင်းညိတ်ကြသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
"အမှောင်ရနံ့သခင်.. ငါတို့ရဲ့ သွေးဥတွေကလည်း မင်းရဲ့သွေးဥလို ချစ်စရာကောင်းတဲ့ ကလေးမလေး ဖြစ်လာမှာလား"
“အင်း.. လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ထူးခြားတာကြောင့် ဆင့်ခေါ်ထားတဲ့ သွေးဥတွေက ပုံသဏ္ဍာန် ကွဲပြားနိုင်တယ်.. ဒါက ခန္ဓာကိုယ်ရဲ့ ပုံမှန်ကျန်းမာရေးနဲ့လည်း အများကြီးသက်ဆိုင်တယ်"
"အချိန်ကြာမြင့်စွာ အိပ်ယာထနောက်ကျပြီး ဖျားနာလုနီးပါးဖြစ်နေရင်တော့ ဆင့်ခေါ်လိုက်တဲ့ သွေးဥတွေက ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဍာန်တွေ ဖြစ်သွားနိုင်တယ်"
ထိုသို့ ရှင်းပြပြီးနောက်တွင် အမှောင်ရနံသခင်သည် လူတချို့ ကူကယ်ရာမဲ့ တုန်လှုပ်နေသည်ကို မြင်လိုက်ရသည်။
၎င်းတို့က ဆုတောင်းနေသကဲ့သို့ လက်အုပ်ချီထားကြသည်။
“ကြီးမြတ်သော ကျင့်ကြံခြင်းနတ်ဘုရား.. ကျေးဇူးပြုပြီး ချစ်စရာသမီးလေး တစ်ယောက် ငါ့ကို ပေးသနားပါ.. ငါနောက်ထပ် သမီး ထပ်မမွေးတော့ဘူးလို့ ကတိပေးပါတယ်”
“…...........”
…..................
မြေအောက်တွင် ပုန်းအောင်းနေသော အမှောင်ရနံ့သခင်တို့အဖွဲ့ကို မိစ္ဆာဓားနတ်ဘုရားက ဂရုတစိုက် ရှာဖွေနေခဲ့သည်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်ကစပြီး ကျူးကျော်သူများ၏ အော်ရာ အားလုံးသည် လျှပ်တပြက် ပျောက်ကွယ်သွားခဲ့သည်။
"ထွက်ပြေးချင်တယ်ပေါ့.. ဟက်.. ငါ့လက်က လွတ်မြောက်နိုင်မယ် ထင်နေလား"
မိစ္ဆာဓားနတ်ဘုရားက ခနဲ့တဲ့တဲ့ ရေရွတ်လိုက်ပြီး သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
သူ့မူလခွန်အားကိုသာ မကန့်သတ်ထားခဲ့လျှင် သူ၏ ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံးများသည် ဤလူများက မြေလျှိုး၍ ပြေးသွားလျှင်ပင် အသာလေး ဖော်ထုတ်နိုင်မည် ဖြစ်သည်။
“ငါ့ကို ဘယ်သူမှ ဖုံးကွယ်ထားလို့ မရပါဘူး”
မိစ္ဆာဓားနတ်ဘုရားက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားပြီး သူ၏ဘယ်ဘက်လက်မှ ဓားကို ကောင်းကင်သို့ မြှောက်လိုက်သည်။
ထိုအချိန်တွင် တစ်စုံတစ်ခုကို ခံစားလိုက်ရသလို ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်စံအိမ်သခင် ချန်ယွီသည် အဝေးရှိ ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရပ်နေကာ လေထဲတွင် ပျံဝဲနေသော မိစ္ဆာဓားနတ်ဘုရားကို ကြည့်လိုက်သည်။
"ဒီကောင်က လူ-သ-တ်-အော်ရာကို ရှာနေတာပဲ"
လက်ရှိ မိစ္ဆာဓားနတ်ဘုရား ရှာဖွေနေသည့် နည်းစနစ်သည် အထူးနည်းစနစ်ဖြစ်ပြီ မှော်ပညာရပ် မဟုတ်ပေ။
ဤသည်က သေမင်းနှုတ်ခမ်းဝတွင် နှစ်ပေါင်းများစွာ လမ်းလျှောက်နေသူများသာ အသုံးပြုနိုင်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။
ယင်းမှာ ဤကျယ်ပြောလှသော ကောင်းကင်အောက်တွင် သတ်ဖြတ်လိုသော အော်ရာကို အာရုံခံစားခြင်းဖြင့် ပြိုင်ဘက်၏ တည်နေရာကို ခန့်မှန်းသော နည်းစနစ်ဖြစ်သည်။
စစ်မြေပြင်တွင် တစ်ဖက်နှင့် တစ်ဖက် အပြိုင်အဆိုင် ဖြစ်နေသ၍ သတ်ဖြတ်လိုသော အော်ရာများက အမြဲရှိနေမည်သာ။
ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ.. သတ်ဖြတ်လိုသော အော်ရာကို ဖျောက်ဖျက်၍ မရပေ။
အထူးသဖြင့် သင်၏ ပြိုင်ဘက်က ဘယ်သူလဲဆိုသည်ကို သင်သိပြီးသား အခြေအနေတွင် ဖြစ်သည်။
မိစ္ဆာဓားနတ်ဘုရား၏ အစွမ်းအစကို မြင်လျှင် အင်မော်တယ်စံအိမ်သခင် ချန်ယွီက ထိတ်လန့်သွားသည်။
ယခုအခါတွင် မိစ္ဆာဓားနတ်ဘုရားသည် ခြောက်ဆယ်ရာခိုင်နှုန်းမျှသာ တိုက်ခိုက်ရေး စွမ်းအားရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပုံရသည်။
ထို့အပြင် ယခုတွေ့နေသော မိစ္ဆာဓားနတ်ဘုရားသည် ထောင်ထဲတွင် အားနည်းသော အသွင်အပြင်ရှိသည့် မိစ္ဆာဓားနတ်ဘုရားနှင့် သိသိသာသာ ခြားနားမှု ရှိနေသည်။
ယင်းက အိုင်းရှဲဒိုးနှင့် သက်ဆိုင်နေလောက်သည်။
မိစ္ဆာဓားနတ်ဘုရားကို မွန်းစတားအဖြစ် ဖော်ပြလျှင်ပင် လွန်ကဲသည်ဟု ချန်ယွီ မထင်ပေ။
ချန်ယွီက သူ့ဓားကို ပင့်မြှောက်လိုက်ပြီး အာရုံစူးစိုက်မှုကို အမြင့်ဆုံးအထိ ထားလိုက်သည်။
ယခုအချိန်အထိ သူသည် အမှတ်၂၀တန်များကိုသာ ဖမ်းမိခဲ့သည်။
အမှတ်ငါးရာ တန်ဖိုးရှိ အထူးအဖွဲ့ဝင်များသည် သူနှင့် တူတူပုန်းတမ်း ကစားနေကြဆဲ ဖြစ်သည်။
သို့သော် ချန်ယွီတွင်လည်း သူတို့ကို ရှာဖွေရန် ကိုယ်ပိုင်နည်းလမ်းရှိသည်။
ယင်းမှာ မိစ္ဆာဓားနတ်ဘုရား၏ နောက်ကနေ လိုက်ဖမ်းရန် ဖြစ်သည်။
သူ၏အကောင်းဆုံး တိုက်ကွက်မှာ "လီတစ်ထောင်ဓားသိုင်း" ဖြစ်ပြီး ဝိညာဥ်ဓားကို ထိန်းချုပ်ကာ အလွန်ဝေးသော အကွာအဝေးမှ ရန်သူကို ခေါင်းဖြတ်နိုင်သည်။
ဤသည်က မိစ္ဆာဓားနတ်ဘုရားအပေါ်တွင် အတော်လေး မရိုးသားသည့် အပြုအမူ ဖြစ်နိုင်သော်လည်း လက်ရှိအချိန်တွင် အမှန်တကယ် အသုံးတည့်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ဤလုပ်ဆောင်ချက်အတွက် အမှတ်များစွာ ရရှိမည် မဟုတ်သော်လည်း ရေစက် အနည်းငယ်သည် သမုဒ္ဒရာကို ဖြစ်စေနိုင်သည် မဟုတ်ပါလော။
အရေးကြီးဆုံးမှာ သူ၏ ထောင်ဒဏ်ကို လျော့ချနိုင်ရန် ဖြစ်သည်။
ထိုအချိန်တွင် လေထဲမှ မိစ္ဆာဓားနတ်ဘုရားသည် ဆယ်လီအကွာရှိ မြေကွက်တစ်ကွက်ကို စိုက်ကြည့်နေခဲ့သည်။
"မြေအောက်မှာ ပုန်းနေတာလား.. ကောင်လေးတွေ ထွက်ခဲ့ကြစမ်း”
မိစ္ဆာဓားနတ်ဘုရားက အမှောင်ရနံ့သခင်တို့ လူစုကို ခြေရာခံမိခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် အတုအယောင် အကြွင်းအကျန် နယ်မြေ တစ်ခုလုံး မထင်မှတ်ပဲ တုန်လှုပ်သွားခဲ့သည်။
"ငလျှင်လှုပ်တာလား"
မိစ္ဆာဓားနတ်ဘုရားနှင့် ချန်ယွီတို့က ပဟေဠိ ဖြစ်သွားသည်။
ဤနေရာမှာရှိသည့် အရာအားလုံးသည် အတုအယောင်များ ဖြစ်၏။
ယုတ္တိကျကျ ပြောရလျှင် ငလျင်လှုပ်စရာ ဘာအကြောင်းမှ မရှိပေ။
သူတို့နှစ်ယောက် ဤအချက်ကို တွေးတောနေချိန်မှာပင် မိစ္ဆာဓားနတ်ဘုရား စိုက်ကြည့်နေသည့် မြေပြင်သည် ရုတ်တရက် အက်ကွဲသွားခဲ့သည်။
ထို့နောက်တွင် သွေးများစွန်းပေနေသော လူသားနှင့်ဆင်တူသော ခပ်ဝဝ မွန်းစတား တစ်ကောင် ထွက်လာခဲ့သည်။
ထိုမွန်းစတားဖက်တီးက လူသားနှင့် ဆင်တူပြီး မီတာဆယ်နှင့်ချီ မြင့်မား၏။
ဤမြင်ကွင်းကြောင့် လူတိုင်းက တုန်လှုပ်သွားကြသည်။
ဟွာရှို့မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူတွေ အားလုံးက ၎င်းတို့၏ လိုက်လံဖမ်းဆီးခြင်း လုပ်ငန်းစဥ်ကို ရပ်တန့်လိုက်ကြသည်။
ဤမွန်းစတားဖက်တီး ဆီမှ သွေးအော်ရာသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်း၏။
"အဲဒါကဘာလဲ.. သွေးနတ်ဆိုးများလား.. ဒါပေမယ့်.. သွေးနတ်ဆိုးက ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ”
…..............
အခြားတစ်ဖက်တွင်လည်း အမှောင်ရနံ့သခင်သည် ပုံပျက်ပန်းပျက် သွေးသံရဲရဲ မွန်းစတားဖက်တီးကြောင့် ထိတ်လန့်သွားသည်။
ကျင့်ကြံသူ တစ်ဒါဇင်က ဖက်တီးတစ်ယောက်ကို တညီတညွတ်တည်း ငေးကြည့်လိုက်ကြသည်။
ဤမွန်းစတားဖက်တီးသည် ထိုဖက်တီး၏ သွေးဥမှ လွဲ၍ တခြားမဟုတ်ပေ။
“အမှောင်ရနံ့သခင်.. ဒါက..”
ဤသည်က သွေးဥ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
အမှောင်ရနံ့သခင် ဆင့်ခေါ်ထားသည့် ချစ်စရာ ကလေးမလေးနှင့် အလွန်ပင် ကွာခြားလွန်းနေသည် မဟုတ်ပါလော။
"ဒါက အဆီပိတ်နေတဲ့ သွေးဥပဲ ဖြစ်ရမယ်"
ထိုအချိန်တွင် လူတိုင်းသည် ဆိုးရွားသော ခံစားချက် တစ်ခုကို ရရှိခဲ့သည်။
အပိုင်း(၇၂၇) ပြီး၏