ဉာဏ်ရည်တုဆင့်ကဲဖြစ်စဥ်
Vol. 49 Ch. 730
အကြွင်းအကျန် နယ်မြေ အတု၌ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အစစ်အမှန် အကြွင်းအကျန် နယ်မြေက ငြိမ်းချမ်းနေခဲ့သည်။
ဤသည်က မုန်တိုင်းမထန်မီ ငြိမ်သက်နေခြင်းမျိုး ဖြစ်၏။
ဝမ်လင်းက အကြွင်းအကျန် နယ်မြေ အတွင်းရှိ အခြေစိုက်စခန်းကို စတင် လည်ပတ်နေခဲ့သည်။
ဤနေရာတွင် မျိုးသုဉ်းလုနီးပါး သယံဇာတ နမူနာ အများအပြားနှင့် စိတ်ဝိညာဥ် အပင်မျိုးစုံကို ပြသထား၍ ကျောင်းသားများကို မျက်စိပွင့်စေမည် ဖြစ်၏။
စိတ်ဝိညာဉ်အပင် တစ်ပင်ချင်းစီကို အသေအချာ ကာကွယ်ထားပြီး.အပူချိန်ကို အပင်ကြီးထွားမှုအတွက် အသင့်တော်ဆုံးအဆင့်တွင် ထိန်းညှိထားသည်။
အထင်ကြီးစရာအကောင်းဆုံး စိတ်ဝိညာဥ်အပင်မှာ မီးကြာပန်း အရောအနှော အပင် ဖြစ်သည်။
သာမန်အခြေအနေတွင် ဤမီးကြာပန်းအရောအနှော အပင်သည် ကြာပန်းဖြူ အသွင်အပြင်ဖြစ်ပြီး ရွှံ့နွံထဲတွင်လည်း ညစ်နွမ်းခြင်း မရှိပေ။
အပူချိန်များလာလျှင် ကြာပန်းဖြူများက တဖြည်းဖြည်း ညှိုးနွမ်းလာမည် ဖြစ်သော်လည်း ချက်ချင်းတော့ မသေချေ။
၎င်းက အလွန်ညှိုးနွမ်းသော အသွင်အပြင် ရှိသော်လည်း အဆုံးသတ်တွင် လောက သဘာဝကို လုံးလုံးလျားလျား ကျော်လွန်သွားပြီး မီးကြာပန်း အရောအနှော အဖြစ်သို့ ပုံစံပြောင်းလဲသွားမည် ဖြစ်သည်။
မြင့်မားသောအပူချိန်များသည် မီးကြာပန်း အရောအနှောကို မထိခိုက်စေပေ။
အလွန်ပူပြင်းသော အနီရောင် အခြေအနေမှာပင် ရှင်သန်နိုင်စွမ်းရှိသည်။
အပင်၏ သက်တမ်း ကုန်ဆုံးချိန်တွင် ၎င်း၏ ပတ်ဝန်းကျင်ကို တိုက်ရိုက် ဝတ်မှုန်ကူး၍ ကြာပန်းဖြူ အသစ်များ ထွက်ရှိစေနိုင်သည်။
လီမင်ယောင်နှင့် ကျိုးယိုကျန့် တို့က အလုပ်ရှုပ်နေကြသည်။
ဝမ်လင်းက စိတ်ဝိညာဥ် အပင်များကို ကြည့်ရှုနေစဉ် သခင်လေးနှစ်ယောက်သည် ဆရာ “ဝမ်ရှောင်အာ” ၏ အခန်းနံပါတ်ကို တောင်းရန် မမေ့လျော့ခဲ့ကြပေ။
သူ့ကိုက အမှန်တကယ် တောင်းပန်ချင်နေကြသည်။
"အတန်းဖော်.. ဆရာ ဝမ်ရှောင်အာရဲ့ ဇုန်နဲ့ အခန်းနံပါတ်ကို သိလား"
သူတို့ ပတ်ပတ်လည်ကို ကြည့်လိုက်ရင်း လီမင်ယောင်က ရုတ်တရက် မြေပဲလေး၏ ပုခုံးကို ပုတ်၍ မေးလိုက်သည်။
မြေပဲလေးက ခေါင်းညိတ်လိုက်သည်။
"ဆရာဝမ်ကို မေးတာလား"
ထိုစကားကိုကြားလျှင် သခင်လေးနှစ်ယောက်က ဝမ်းသာသွားသည်။
သို့သော် ဝမ်မင်က ဝမ်လင်း နှင့်ဆက်စပ်နေသောကြောင့် မြေပဲလေး၏ မှတ်ဉာဏ်သည် အလွန်လျင်မြန်စွာပင် ခပ်ရေးရေး ဖြစ်သွားသည်။
"ဆရာဝမ်က ဘယ်အခန်းကလဲ"
လီမင်ယောင်နှင့် ကျိုးယိုကျန့် “….........”
ခဏအကြာတွင် မြေပဲလေးက သူ့ခေါင်းကို ကုတ်လိုက်သည်။
"တောင်းပန်ပါတယ် ငါမေ့သွားပြီ"
လီမင်ယောင် နှင့် ကျိုးယိုကျန့် “…..........”
ဤသည်က လူတိုင်းလိုလို ဖြစ်ဖူးသောအရာဖြစ်သည်။
သင်က တစ်ခုခုပြောချင်သော်လည်း နောက်တစ်စက္ကန့်တွင် သင်ပြောချင်တာကို ရုတ်တရက် မေ့သွားခဲ့ခြင်းမျိုးပင်။
လီမင်ယောင်နှင့် ကျိုးယိုကျန့် တို့က နားမလည်နိုင် ဖြစ်နေသည်။
သို့သော် အဓိကအချက်မှာ မြေပဲလေးက သူတို့တောင်းဆိုခဲ့သည့် ရှစ်ယောက်မြောက်လူ ဖြစ်နေခြင်းပင်။
လူတိုင်းက အစတွင် သိသလိုလိုနှင့် မျက်စိတစ်မှိတ် အတွင်းမှာပဲ မေ့သွားလိမ့်မည်သာ။
"ဘာလဲဟ"
…................
နေ့လည်ပိုင်း အစီအစဉ်အရ အရှေ့ဘက်တောအုပ်ကို လည်ပတ်ဖို့ စီစဉ်ထားသည်။
သုတေသနအဖွဲ့ကို အုပ်စုနှစ်စု တိုက်ရိုက်ခွဲထားပြီး တစ်စုသည် အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူထားသည်။
ဆိုရလျှင် သုတေသနအဖွဲ့သည် အကြွင်းအကျန် နယ်မြေ တစ်ခုလုံးတွင် အရှေ့ပိုင်းဒေသကိုသာ လုံးလုံးလျားလျား စူးစမ်းလေ့လာခဲ့ပြီး အနောက်ပိုင်းဒေသကို အတွင်းကျကျ မလေ့လာရသေးပေ။
ပွင့်လင်းစွာပြောရလျှင် ကျောင်းသားများကို အမြင်ကျယ်စေမည့် နွေရာသီစခန်းသွင်းလေ့လာရေး၏ လုပ်ဆောင်ချက် အများစုသည် သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေကို သုတေသနပြုပြီး ကာကွယ်ရန်သာ ဖြစ်သည်။
သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေက အချိန်တိုင်းမဖွင့်သောကြောင့် သုတေသနအဖွဲ့သည် တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့ရမည့် အခွင့်အရေးကို အခိုင်အမာ ဆုပ်ကိုင်ထားလိုသည်မှာ ထုံးစံပင် ဖြစ်သည်။
အနောက်ပိုင်းဒေသကို စူးစမ်းလေ့လာသည့် သုတေသနအဖွဲ့မှလွဲ၍ ကျန်သုတေသနအဖွဲ့၏ သုံးပုံတစ်ပုံခန့်သည် ကျောင်းသားများ၊ဆရာများနှင့် အတူလိုက်ပါလာခဲ့သည်။
အကြောင်းရင်းမှာ အရှေ့ပိုင်းဒေသရှိ စိတ်ဝိညာဥ်အပင်များကို သုတေသနအဖွဲ့မှ ကျင့်ကြံသူများထက် မည်သူကမျှ ပိုမသိသောကြောင့် ဖြစ်သည်။
ကျောင်းသားများနှင့်အတူ လိုက်သွားရသည့် အကြောင်းအရင်း နှစ်ချက်ရှိသည်။
ယင်းက တစ်ဖက်တွင် စိတ်ဝိညာဉ်အပင်များ အကြောင်း ရှင်းပြရန် လွယ်ကူမည်။
တစ်ဖက်ကလည်း ကျောင်းသားများကို အကာအကွယ်ပေးနိုင်မည် ဖြစ်၏။
ကျောင်းသားတစ်ဦးသည် အပင်ကို စူးစမ်းလေ့လာစဉ် မတော်တဆ အဆိပ်မိလျှင် ဆေးကုသမှု ခံယူရန်အတွက် သက်ဆိုင်ရာ အကြံဉာဏ်များ ရရှိနိုင်ရန် ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။
နေ့ခင်းဘက် သစ်တောလှုပ်ရှားမှုတွင် ကျောင်းသားအားလုံး စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည့် သင်ခန်းစာ တစ်ခုလည်း ရှိသည်။
ယင်းမှာ ရွက်ဖျင်တဲများ ဆောက်လုပ်ခြင်းဖြစ်သည်။
တဲမရှိသော နွေရာသီစခန်းသည် စိတ်ဝိညာဉ်မရှိသောစခန်း ဟု ဆိုရမည်။
သို့သော်လည်း ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ဟွာရှို့မဟာမိတ်အဖွဲ့သည် ကျောင်းသားများ၏ ဘေးကင်းရေးအတွက် အထူးစခန်းချတဲများကို အမှန်တကယ် ပြင်ဆင်ထားခဲ့သည်။
ကျောင်းသားများအား ၎င်းတို့၏တဲများကို ယူဆောင်ခွင့်မပြုရခြင်းမှာ ၎င်းတို့ ရွက်ဖျင်တဲများသည် ဘေးကင်းရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် မကိုက်ညီဘဲ အန္တရာယ်ကို အလွယ်တကူ ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ရွက်ဖျင်တဲ ဆောက်ရမည်ဖြစ်၍ ကျောင်းသားများက ချက်ချင်း ရွှင်လန်းသွားသည်။
အထူးသဖြင့် သင်သိသည့်လူများနှင့် အတူတူ ရွက်ဖျင်တဲဆောက်ရခြင်း ဖြစ်သည်။
ထိုအပျော်က တစ်ကိုယ်တည်း စခန်းချမည့်သူများ နားလည်နိုင်မည့်အရာ မဟုတ်ပေ။
ရင်းနှီးသောလူများ သို့မဟုတ် ချစ်ခင်သောလူများနှင့် အတူတကွ တဲထိုးခြင်းသည် နှစ်ဆ ပျော်စရာကောင်း၏။
သို့သော် ကျောင်းသားများ ရွက်ဖျင်တဲများ ဆောက်ရင်း ပျော်ရွှင်နေစဥ် တစ်ဖက်တွင်လည်း စိုးရိမ်ပူပန်နေသည့် လူနှစ်ယောက်ရှိသည်။
ထိုအထဲမှ တစ်ယောက်မှာ ဆေးအဖွဲ့ထဲတွင် ပုန်းနေသည့် ဥက္ကဌ ဒဲလန် ဖြစ်၏။
အကြွင်းအကျန် နယ်မြေ အတုများထံ ပို့ဆောင်ထားသော ညဦးစီးမှူး အဖွဲ့ဝင်များနှင့် အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်များ၏ အကြောင်းကို မကြာသေးမီကပင် သူရရှိခဲ့သည်။
သူ၏လူများက အတော်များများ အဖမ်းခံခဲ့ရပြီ ဖြစ်၏။
ဤသည်က ဥက္ကဌဒဲလန်ကို အတွေးနက်စေခဲ့သည်။
ယခုတစ်ကြိမ်က ဘယ်အရာနှင့်မှ မတူဘဲ မကြုံစဖူး ဖြိုခွဲခံရမှု တစ်ခုဟု ဆိုနိုင်လောက်သည်။
ဥက္ကဌဒဲလန်သည် ဥက္ကဌပိုင် ချန်ထားခဲ့သော အရှုပ်အထွေးကို တာဝန်ယူခဲ့ရသည်။
လက်ရှိတွင် ယာယီ ထူထောင်ထားသည့် စစ်တပ်သည် ၎င်း၏ တိုက်ပွဲဝင်အင်အား ထက်ဝက်ခန့်ကို ဆုံးရှုံးနေပြီ ဖြစ်သည်။
ဤလမ်းကြောင်းမှာ ဆက်ရှိနေသ၍ သူတို့အတွက် မကောင်းနိုင်တော့ပေ။
ဥက္ကဌ ဒဲလန်က သူ့ရှေ့တွင်ရှိသော ကုတ်အကျီအဖြူဝတ် လူငယ်အား စိုက်ကြည့်လိုက်သည်။
လက်ရှိအခြေအနေအရ သူ့အနေဖြင့် အချိန်ဆွဲနေ၍မဖြစ်ဟု ဒဲလန် ခံစားခဲ့ရ၏။
….........
ဆရာများ အသုံးပြုသော စစ်တပ်တဲသည် အလွယ်တကူ ဖွင့်ပိတ်နိုင်ပြီး ချက်ချင်း အသုံးပြုနိုင်သည်။
ထိုအချိန်တွင် ဝမ်မင်သည် နိုင်ငံခေါင်းဆောင် 001အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေခဲ့သည်။
နိုင်ငံခေါင်းဆောင် 001အတွက် ဤနွေရာသီစခန်းသွင်းလေ့လာရေးသည် ၎င်း၏ ပထမဆုံး စမ်းသပ်မှုလည်း ဖြစ်သည်။
နိုင်ငံခေါင်းဆောင် 001 အတွက် အသေးစိတ်ပုံကြမ်းကို ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ဒီဇိုင်နာတစ်ယောက် အနေဖြင့် ဤစမ်းသပ်မှုသည် ဝမ်မင်အတွက် အလွန်အရေးပါသည်။
သို့သော် ဤနိုင်ငံခေါင်းဆောင် 001က ၎င်း၏ မူလပုံစံနှင့် အနည်းငယ် ကွာခြားသည်ဟု ဝမ်မင် တစ်နည်းနည်းဖြင့် ခံစားခဲ့ရသည်။
၎င်း၏ လုပ်ငန်းဆောင်တာ တစ်ခုလုံးက ခြားနားမှုမရှိသလို သူ၏အမိန့်ကိုလည်း အလွန်လိုက်နာခဲ့သည်။
အရေးကြီးသောအချက်မှာ ဤနိုင်ငံခေါင်းဆောင် 001သည် အထူးသဖြင့် ဉာဏ်ရည်ထက်မြက်ပုံရနေခြင်းပင်။
နိုင်ငံခေါင်းဆောင် 001တွင် တဖြည်းဖြည်းနှင့် တိုးတက်လာသည့် အသေးစိတ် အချက်အလက်များလည်း ရှိခဲ့သည်။
ဥပမာ၊ မျက်တောင်များ တဖျပ်ဖျပ်ခတ်ပြီး တဆတ်ဆတ်တုန်နေတာမျိုး ဖြစ်၏။
ဤအသေးစိတ်ကျသော လုပ်ဆောင်ချက်သည် လူသားပုံစံတူ မှော်ရတနာတစ်ခုတွင် မဖြစ်သင့်ပေ။
ရွက်ဖျင်တဲထဲတွင် ဝမ်မင်သည် နိုင်ငံခေါင်းဆောင် 001ကို စိုက်ကြည့်နေသည်။
နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
နိုင်ငံခေါင်းဆောင် “….........”
ဝမ်မင်က ပိုကြည့်လေ အံ့အားသင့်သွားလေလေ ဖြစ်လာသည်။
ခဏတာ စိုက်ကြည့်ပြီးနောက် နိုင်ငံခေါင်းဆောင် 001က အမှန်တကယ် ချွေးထွက်လာသည်ကို သူသတိပြုမိသည်။
"ဘာလဲဟ.. ဒါက ဉာဏ်ရည်တုရဲ့ ဆင့်ကဲဖြစ်စဉ်လား"
ဝမ်မင် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
ဤသည်မှာ တကယ့်ကို အရေးကြီးသည့် ရှာဖွေတွေ့ရှိမှု ဖြစ်၏။
သူ့အနေဖြင့် တတ်နိုင်သမျှ အမြန်ဆုံး မှတ်တမ်းတင်ထားရပေမည်။
အပိုင်း(၇၃၀) ပြီး၏