← Chapters

အရှိန်မြှင့်တိုက်ခိုက်ခြင်း

Vol. 49 Ch. 731

အရှိန်မြှင့်တိုက်ခိုက်ခြင်း

Vol. 49 Ch. 731

နိုင်ငံ့ခေါင်းဆောင်001က တစ်ခုခုမှားယွင်းနေပါသ‌လော။

ဝမ်မင်က သူ၏မှတ်စုစာအုပ်ကိုထုတ်ကာ မှတ်စုများရေးမှတ်လိုက်သည်။

သူက နိုင်ငံခေါင်းဆောင်001၏ ဆင့်ကဲပြောင်းလဲသွားသောဖြစ်နိုင်ချေကို တွေးမိကာ ကျေနပ်နေခဲ့သည်။

လက်ရှိတွင် နိုင်ငံခေါင်းဆောင်001သည် အတော်လေးအဆင့်မြင့်လာသည်ဟု ဆိုရမည်။

သူ မစမ်းသပ်ရသေးသော လုပ်ဆောင်မှုများကိုပင် ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။

ဤသည်က အနည်းငယ် လက်တွေ့မကျပေ။

တဲအတွင်းတွင် ဝမ်မင်သည် အနည်းငယ် ထူးခြားနေသော နိုင်ငံခေါင်းဆောင်001ကို ခေါင်းကနေ ​ခြေဖျားအထိ ဂရုတစိုက် အကဲခတ်လိုက်သည်။

ခဏအကြာတွင်ဝမ်မင်က ရုတ်တရက် အမိန့်ပေးလိုက်သည်။

“စူပါပြောင်းလဲခြင်းမုဒ်”

ထိုအမိန့်ပေးသံကိုကြားလျှင် နိုင်ငံခေါင်းဆောင်က ခဏမျှအေးခဲသွားခဲ့သည်။

နိုင်ငံခေါင်းဆောင်001တွင် ထိုကဲ့သို့ လုပ်ဆောင်ချက်မျိုးရှိနေပါသလော။

နိုင်ငံခေါင်းဆောင်က သေချာမသိခဲ့ပေ။

သို့သော် ဝမ်မင်၏ အမိန့်ပေးမှုအရ စူပါပြောင်းလဲခြင်းမုဒ်ကိုပြောင်းလဲရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။

ထို့နောက်တွင် နိုင်ငံခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ဝမ်မင်၏ရှေ့မှောက်မှာပင် ကြွက်သားအမြောင်းမြောင်းဖြင့် စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်အဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

[ငါအခုပြောင်းလိုက်တဲ့ဟာက ဒီချာတိတ်ပြောတဲ့ စူပါပြောင်းလဲခြင်းမုဒ် ဖြစ်လောက်ပါတယ်]

ထိုခဏတွင် ဝမ်မင်က တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည်။

သေချာသောအချက်မှာ နိုင်ငံခေါင်းဆောင်001က တစ်စုံတစ်ရာ မှားယွင်းနေပြီ ဖြစ်သည်။

ဆိုရလျှင် သူတို့ဒီဇိုင်းထုတ်ထားသည့် မူရင်း နိုင်ငံခေါင်းဆောင်001တွင် စူပါပြောင်းလဲခြင်းမုဒ် လုံးဝမရှိပေ။

အခြားတစ်ဖက်တွင်လည်း အကြွင်းအကျန် နယ်မြေအတု၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။

မိစ္ဆာအင်ပါယာကွာဖီမှာ အမှန်တကယ်ပင် သူ၏နာမည်နှင့်ထိုက်တန်သည်ဟု ဆိုရမည်။

တစ်ချိန်က ဟွာရှို့တစ်နိုင်ငံလုံးကို ကိုင်လှုပ်နိုင်ခဲ့သော မိစ္ဆာအင်ပါယာသည် အနီးအဝေး တိုက်ပွဲနှစ်မျိုးစလုံးတွင် အတွေ့အကြုံရှိသူ ဖြစ်သည်။

သူက လျင်မြန်စွာပင် ရေအဆောင်လက်ဖွဲ့များကို စတင်ဖန်တီးလိုက်သည်။

သူ၏ရေအဆောင်လက်ဖွဲ့များက အလွန်အစွမ်းထက်သောကြောင့် အဆောင်လက်ဖွဲ့တစ်ခုသည် သာမန်အဆောင်လက်ဖွဲ့ ၅ခုနှင့် ညီမျှသည်။

ထိုအဆောင်လက်ဖွဲ့ဖြင့် ချွဲများထဲတွင် ပိတ်မိနေသော ဟွာရှို့မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများကို တစ်ယောက်ပြီး တစ်ယောက် ကယ်ဆယ်နိုင်ခဲ့သည်။

ဗိုလ်ချုပ်ပိုင်က အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရားတို့နှင့်အတူ လေထဲတွင် ပျံဝဲနေခဲ့သည်။

ကျင့်ကြံသူများအား မထိခိုက်စေရန်အတွက် သူတို့နှစ်ယောက်က ဗိုလ်ချုပ်ပိုင်နှင့်အတူ ပေါက်ကွဲမှုများကို ထိန်းချုပ်နေခဲ့သည်။

နောက်ဆုံးပိတ်မိနေသော ဟွာရှို့မဟာမိတ်အဖွဲ့ဝင်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အတည်ပြုပြီးနောက်တွင် ဗိုလ်ချုပ်ပိုင်သည် သူ၏အင်္ကျီလက်ထဲမှ ပိုက်ကွန်တစ်ခုကိုချက်ချင်းထုတ်ယူကာ ပစ်လွှတ်လိုက်သည်။

“သွားစမ်း”

ဗိုလ်ချုပ်ပိုင်၏ ပိုက်ကွန်က သွေးမွန်းစတားများ၏ ဦးခေါင်းကို တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။

ဤပိုက်ကွန်က အင်မော်တယ်ကျန်းရွမ် အတွက် ဝမ်လင်းအထူးပြုလုပ်ပေးထားသည့် တန်ဖိုး၃ပါး ကွဲအက်တူကဲ့သို့ အကန့်အသတ်ဖြင့်သာ အသုံးပြု၍ရသော မှော်ရတနာတစ်ခုဖြစ်သည်။

သို့သော် ဤလက်နက်ကမူ တစ်ကြိမ်သာ အသုံးပြု၍ရမည် ဖြစ်သည်။

ပိုက်ကွန်ကို ပစ်လွှတ်ပြီးနောက်တွင် အားကောင်းသောအတားအဆီးတစ်ခုက ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး သွေးမွန်းစတား၇ယောက်ကို ပိတ်မိစေခဲ့သည်။

ဗိုလ်ချုပ်ပိုင်က ဟွာရှို့မဟာမိတ်အဖွဲ့ဝင်များ ပိတ်မိနေသောကြောင့် သူ၏ဖောက်ခွဲမှုများကို အစောပိုင်းက ထိန်းချုပ်ထားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏အစစ်အမှန်စွမ်းအားကို ပြသခဲ့ပြီ ဖြစ်သည်။

လေထဲတွင် စိမ့်ဝင်လာသော လူသတ်အရှိန်အဝါကို ခံစားလိုက်ရသဖြင့် သွေးမွန်းစတား ၇ယောက်သည် တစ်ယောက်ပြီးတစ်ယောက် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

ဤသည်က အချိန်ကြာကြာ ထိန်းမထားနိုင်သောကြောင့် တိုက်ရိုက် အချက်ပြမှုတစ်ခုလည်း ဖြစ်သည်။

မြေအောက်ထဲ၌ရှိနေသော အမှောင်ရနံ့သခင်သည် သူ၏သွေးမွန်းစတားများ အော်သံကိုကြားရသောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။

အထူးသဖြင့် ဟွာရှို့မဟာမိတ်အဖွဲ့သည် ဤတစ်ကြိမ်၌ ပကတိအင်မော်တယ် တစ်ပါးကို တာဝန်ပေးထားသောကြောင့် သွေးမွန်းစတား ၇ယောက်က ဟန့်တားရန် မဖြစ်နိုင်ကြောင်း သူသိခဲ့သည်။

ထို့အပြင် ပကတိအင်မော်တယ်မှာ နိုင်ငံတည်ထောင်သူဗိုလ်ချုပ်၁၀ဦးထဲမှ အစွမ်းအထက်ဆုံးဖြစ်သည့် ပေါက်ကွဲမှုသူတော်စင် ဖြစ်သည်။

ထို့ကြောင့် အမှောင်ရနံ့သခင်က တစ်ဖက်လူကို ဤမျှလောက် ထိန်းထားနိုင်သည်ကိုပင် ကျေနပ်နေခဲ့သည်။

အမှောင်ရနံ့သခင်၏ အနောက်မှ မိဘကလပ်စည်း ဖြစ်သော ချစ်စဖွယ်ကောင်းသည့် ကလေးမလေး၏ အမူအရာသည် ထိုအချိန်တွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယင်းမှာ သွေးမွန်းစတား ၇ယောက်၏ စိတ်ပိုင်းဆိုင်ရာဖိစီးမှုမှန်သမျှက အဆုံးသတ်တွင် မိဘကလပ်စည်းထံသို့ ပြန်လည် ရောက်ရှိလာသောကြောင့် ဖြစ်သည်။

သွေးမွန်းစတား ၇ယောက်က မိဘကလပ်စည်းနှင့် ချိတ်ဆက်ထားသဖြင့် သီအိုရီအရ မိဘကလပ်စည်း မပျက်စီးသရွေ့ သွေးမွန်းစတား ၇ယောက်သည် ရှင်သန်နေမည် ဖြစ်သည်။

ပုံမှန်အားဖြင့် သွေးမွန်းစတား ၇ယောက်သည် တစ်ရှူးစအနည်းငယ်မျှ ကျန်ရစ်လျှင်ပင် အပြည့်အဝ ပြန်လည်ရှင်သန်ရန် လုံလောက်ပေသည်။

သို့သော် ၎င်းတို့၇ယောက်လုံး တစ်ပြိုင်နက် သုတ်သင်ရှင်းလင်းခံရလျှင်မူ မိဘကလပ်စည်းသည်လည်း တစ်ခါတည်း သေဆုံးသွားပေလိမ့်မည်။

“ပျက်စီးတော့မှာပဲ”

ထိုအချိန်တွင် အမှောင်ရနံ့သခင်သည် သွေးမွန်းစတားများ ပျက်စီးတော့မည်ကို သိလိုက်သည်။

သူ၏ သွေးဖြူဥ တပ်များကို ဆင့်ခေါ်မှုကလည်း ၉၅%အထိ ပြီးမြောက်နေပြီ ဖြစ်သည်။

သွေးဖြူဥတပ်များ စစ်မြေပြင်တွင် ပေါ်ထွက်လာရန်မှာ နောက်ထပ် ၅%ခန့်သာ လိုအပ်တော့သည်။

ထိုခဏတွင် မြေအောက်ရှိ ညဦးစီးမှူးအဖွဲ့ဝင်အားလုံးသည် ပြင်းထန်သော လူသတ်အရှိန်အဝါ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။

“ဒီစွမ်းအားက အရမ်းပြင်းထန်လွန်းတယ်.. ဒါက ပကတိအင်မော်တယ်တစ်ယောက်ရဲ့ စွမ်းအားလား”

သူတို့အားလုံးက ပကတိအင်မော်တယ်၏ ဖိအားကို ယခင်ကတစ်ခါမျှ မကြုံဖူးခဲ့ပေ။

ညဦးစီမှူးအဖွဲ့မှာပင် ပကတိအင်မော်တယ်အဆင့် ဖြစ်သည့် ညသရဲဝိညာဉ်အင်ပါယာကို တွေ့ခွင့်ရရန် အရည်အချင်းပြည့်မီသူများမှာ အဖွဲ့အစည်း၏ အမာခံများနှင့် ဌာနချုပ်မှ အဖွဲ့ဝင်များသာ ဖြစ်သည်။

ဆိုရလျှင် သူတို့ထဲမှ အများစုသည် ပကတိအင်မော်တယ်၏ စွမ်းအားအစစ်အမှန်နှင့် တစ်ခါမျှ မကြုံဖူးကြပေ။

ထိုကြောင့် ညဦးစီးမှူးအဖွဲ့ဝင်များသည် ကူကယ်ရာမဲ့စွာဖြင့် ကြောက်လန့်သွားကြသည်။

ပကတိအင်မော်တယ်အဆင့်ကျင့်ကြံသူ..

ဤသည်က ကမ္ဘာပေါ်တွင် အမြင့်ဆုံး ကျင့်ကြံခြင်းနယ်ပယ်အဆင့် ရှိသူတစ်ဦး၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရသည်ဟု ဆိုနိုင်ပါသလော။

ထိုအချိန်တွင် သူတို့သည် ရွာငယ်လေးမှ ထွက်လာပြီးနောက် ကမ္ဘာကြီးက ကျယ်ပြောသည်ကို နားလည်ရုံသာ ရှိသေးသည့် တောသားများကဲ့သို့ ဖြစ်နေသည်။

ပကတိအင်မော်တယ် တစ်ယောက်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူတို့သည် ရေတွင်းထဲမှ ရယ်စရာကောင်းသော ဖားသူငယ်လေးများနှင့် တူနေ၏။

“ပြီးသွားပြီ”

လေထဲတွင်ရှိနေသည့် ဗိုလ်ချုပ်ပိုင်က အသက်ကို ခပ်ပြင်းပြင်းရှူ၍ ရေရွတ်လိုက်သည်။

ဤမြင်ကွင်းကို ကြည့်နေသည့် ဟွာရှို့မဟာမိတ်မှ ကျင့်ကြံသူများက ဗိုလ်ချုပ်ပိုင် အပြီးသတ် တိုက်ခိုက်တော့မည်ကို သိလိုက်ကြသည်။

လေထဲတွင် တည့်မတ်စွာ ရပ်တန့်နေသည့် ဗိုလ်ချုပ်ပိုင်က သူ့လက်နှစ်ဖက်ကို ပူးကပ်ထားခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် သူ့လက်ထဲ၌ ရွှေရောင်စွမ်းအင်အလုံးတစ်လုံး ဖြစ်ပေါ်လာခဲ့သည်။

သူက စွမ်းအင်အလုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း စွမ်းအားစုသိမ်းရန် စံပုံစံဖြစ်သည့် သူ၏ ခါးနားသို့ ဖြည်းဖြည်းချင်း နှိမ့်ချလိုက်သည်။

တိုတောင်းသောအချိန် ဖြစ်သည့် ၅စက္ကန့် ၆စက္ကန့် အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီး၏ ချီသည် ရွှေရောင်စွမ်းအင်လုံးကို ချက်ချင်း ဝန်းရံသွားခဲ့သည်။

“ဗိုလ်ချုပ်ပိုင် ဖောက်ခွဲတော့မယ်”

ထိုမြင်ကွင်းကို ဟွာရှို့မဟာမိတ်အဖွဲ့မှလူများက စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။

နောက်ထပ် အခိုက်အတန့်တွင် ဗိုလ်ချုပ်ပိုင်သည် ကျယ်လောင်စွာ ဟစ်ကြွေး၍ သူ့လက်ထဲမှ ရွှေရောင်စွမ်းအင်လုံးကို မြေကြီးထဲသို့ ပစ်လွှတ်လိုက်ရာ ကြီးမားသော ရွှေရောင်ပေါက်ကွဲမှုကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

မီးခိုးမြူများက အကြွင်းအကျန် နယ်မြေအတု အတွင်းရှိ သစ်ပင်များအားလုံးကို လွှမ်းခြုံသွားခဲ့သည်။

မြေငလျင်လှုပ်သကဲ့သို့ ပြင်းထန်သောတုန်ခါမှုကို ခံစားခဲ့ရသောကြောင့် ကျင့်ကြံသူအများအပြားက မဖော်ပြနိုင်လောက်အောင် တုန်လှုပ်သွားခဲ့ကြသည်။

အကယ်၍သာ ဗိုလ်ချုပ်ပိုင်က အစီအရင်များဖြင့် မတားဆီးထားလျှင် ဤပေါက်ကွဲမှုသည် လီထောင်ပေါင်းများစွာကိုပင် သက်ရောက်မှု ရှိပေလိမ့်မည်။

ထိုသို့ဖြစ်လာလျှင် အကြွင်းအကျန်နယ်မြေအတုရှိ အရာအားလုံးသည် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

တိုက်ခိုက်မှုကို ထုတ်ဖော်ပြီးနောက်တွင် ဗိုလ်ချုပ်ပိုင်က သက်ပြင်းချလိုက်သည်။

သူသာ မဆင်မခြင်လုပ်ခဲ့လျှင် အကြွင်းအကျန်နယ်မြေအတုသည် အနည်းဆုံး၇၀% ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

ဤအကြွင်းအကျန်နယ်မြေအတုတွင် အရင်းအမြစ်အတုများသာ ရှိသော်လည်း ၎င်းတို့ကို ဖန်တီးရန်အတွက် အရင်းအမြစ်များစွာ အသုံးပြုခဲ့ရ၏။

ထို့ကြောင့် ဤအကြွင်းအကျန်နယ်မြေအတုသည် အများပိုင်ပစ္စည်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ၁၀ယောက်ထဲမှ တစ်ယောက်အနေဖြင့် သူစဉ်းစားမိသည်မှာ အများပိုင်ပစ္စည်းများကို အတတ်နိုင်ဆုံး ကာကွယ်ပြီး အဆုံးသတ်တွင် ၎င်းတို့ကို ပြန်လည်အသုံးပြုနိုင်ရန်အတွက် ကြိုးပမ်းရမည် ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးသည် လူသားတိုင်း၏ တာဝန်ဖြစ်သည် မဟုတ်လော။

သူက ဤပေါက်ကွဲမှု၏ အကွာအဝေးကို ထိန်းချုပ်ထားခဲ့သည်။

အပိုင်း(၇၃၁) ပြီး၏။

All Chapters