စာသုံးရန်သင့်လျော်သောမြေဆီလွှာ
Vol. 49 Ch. 732
ပေါက်ကွဲမှုက ကောင်းကင်နှင် မြေကြီးကိုပင် တုန်လှုပ်စေခဲ့သည်။
ထူထပ်သော မီးခိုးငွေ့များက ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်နေသဖြင့် အတွင်း၌ ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်းမြင်ရရန် တစ်ခဏမျှ ခက်ခဲသွားခဲ့သည်။
သေချာသောအချက်တစ်ခုမှာ ယခုပေါက်ကွဲမှုသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွားသဖြင့် လီတစ်ရာ ပတ်လည် အတွင်းရှိ သစ်ပင်များအားလုံးမှာ အစအနပင် မကျန်ရှိအောင် လုံးဝပျက်စီးသွားမည် ဖြစ်သည်။
ဤသည်မှာ ပကတိအင်မော်တယ်အဆင့်၏ ပေါက်ကွဲမှုစွမ်းအား ဖြစ်သည်။
ဆိုရလျှင် ၎င်းသည် ဗိုလ်ချုပ်ပိုင်၏ နာမည်ကျော် တိုက်ခိုက်မှုလည်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤမြင်ကွင်းသည် မိစ္ဆာအင်ပါယာကွာဖီကို အနည်းငယ် ချွေးစို့စေခဲ့သည်။
ထိုအချိန်က မိစ္ဆာအင်ပါယာကွာဖီ၏ ဟွာရှို့အမျိုးသားနန်းတော်ကို ဝိုင်းရံခဲ့သောဒဏ္ဍာရီသည် အနည်းငယ်ချဲ့ကားထားသော ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။
စင်စစ် မိစ္ဆာအင်ပါယာကွာဖီသည် အချိန်ဘီးကို ရှာဖွေရန်အတွက် ဟွာရှို့အမျိုးသားနန်းတော်ကို ဝိုင်းရံထားသည်ဟု ဆိုသော်လည်း ကောလာဟလများ ထွက်ပေါ်ခဲ့သည့်အတိုင်း ကြောက်စရာမကောင်းသည်မှာတော့ အမှန်ပင်။
ထိုကာလများတွင် မိစ္ဆာအင်ပါယာကွာဖီသည် ဗိုလ်ချုပ်ရီနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
ထိုဖြစ်စဉ်တွင် ဗိုလ်ချုပ်ပိုင်သည် တစ်သီးတစ်သန့်သာ နေထိုင်ခဲ့သည်။
ထိုသို့မဟုတ်ဘဲ ဗိုလ်ချုပ်ပိုင်၏ အထွတ်အထိပ်စွမ်းအားနှင့်သာ ရင်ဆိုင်ခဲ့ရလျှင် သူ့အနေဖြင့် ကိုင်တွယ်ရခက်ခဲလိမ့်မည်ဟု မိစ္ဆာအင်ပါယာကွာဖီ ခံစားခဲ့ရသည်။
ဗိုလ်ချုပ်၁၀ဦးတွင် ဗိုလ်ချုပ်ပိုင်သည် အလုံးစုံ တိုက်ပွဲဝင်ခွန်အားတွင် ပထမအဆင့်၌ရှိပြီး ဗိုလ်ချုပ်ရီသည် တတိယအဆင့်ဖြစ်သည်။
သူ့အနေဖြင့် တတိယအဆင့်ဖြစ်သည့် ဓားသူတော်စင်ဗိုလ်ချုပ်ရီကိုပင် ခက်ခက်ခဲခဲ ရင်ဆိုင်နေရပြီ မဟုတ်လော။
ထိုအချိန်က ပထမအဆင့်တွင်ရှိသည့် ဗိုလ်ချုပ်ပိုင်ကိုသာ ရင်ဆိုင်ခဲ့ရမည် ဆိုလျှင် ရလဒ်က မည်သို့ဖြစ်လာမည်ကို ပြောရန်ခက်ခဲလိမ့်မည်။
အတိတ်ကိုပြန်တွေးရင်း မိစ္ဆာအင်ပါယာကွာဖီက ကူကယ်ရာမဲ့စွာဖြင့် ချွေးများ စီးကျလာခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ယုတ္တိနည်းကျစွာ ပြောရလျှင် ဤဗိုလ်ချုပ်ပိုင်၏ ဖိအားသည် ထိုအချိန်က ဆယ်ကျော်သက်၏ ဖိအားလောက် မပြင်းထန်ဟု သူခံစားမိနေဆဲပင်။
ထိုဆယ်ကျော်သက်လူငယ်က သူ့ကိုဖမ်းဆီးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သူစီစဉ်ထားသော အစီအစဉ်များကလည်း ထိုဆယ်ကျော်သက် လူငယ်ကြောင့်ပင် လုံးဝ ပျက်စီးသွားခဲ့ရသည်။
မိစ္ဆာအင်ပါယာကွာဖီက ကမ္ဘာခြားဂိတ်တံခါးကို လက်တစ်ဖက်ဖြင့် ပိတ်ပစ်ခဲ့သည့် လူငယ်လေး၏ ပုံစံကို ယခုအချိန်ထိ တစ်ခါမှ မမေ့နိုင်ခဲ့ပေ။
ယနေ့အချိန်ထိ မိစ္ဆာအင်ပါယာကွာဖီသည် ထိုအကြောင်းကိုတွေးမိလျှင် ထိတ်လန့်နေရဆဲပင်။
ကွာဖီ၏ မျက်နှာပေါ်မှ လေးနက်သောအမူအရာကို မြင်လျှင် အင်မော်တယ်စံအိမ်သခင် ချန်ယွီသည် ကွာဖီတစ်ခုခု တွေးနေသည်ကို သိလိုက်သည်။
ခဏအကြာတွင် မိစ္ဆာအင်ပါယာကွာဖီက ချန်ယွီကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ညီနောင်ချန်.. ငါသိချင်တယ်.. မင်းအဖမ်းခံရတုန်းက ပါးဘယ်နှစ်ချက် အရိုက်ခံရလဲ”
“……….”
ချန်ယွီ၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။
“မင်းဘယ်နှစ်ချက် အရိုက်ခံခဲ့ရလဲ.. ငါကတော့ တစ်ကြိမ်ပဲ အရိုက်ခံခဲ့ရတယ်”
ကွာဖီက ထိုသို့ပြောပြီးနောက်တွင် မိစ္ဆာဓားနတ်ဘုရားကို မျှော်ကြည့်လိုက်သည်။
“အဲဒီကောင်ကတော့ ထောင်မကျခင် ၃ကြိမ်လောက် အရိုက်ခံခဲ့ရတယ်လို့ ငါကြားမိတယ်”
ထိုစကားကိုကြားလျှင် ချန်ယွီ၏ မျက်နှာက ပို၍ပင် မည်းမှောင်လာခဲ့သည်။
“……….”
သူက ဆယ်ကျော်သက်လူငယ်၏ ပါးရိုက်ခြင်းကို မခံခဲ့ရချေ။
အကြောင်းရင်းမှာ ထိုအချိန်က တစ်လျှောက်လုံး သူရင်ဆိုင်ခဲ့ရသူမှာ ကျင့်ခယ် ဖြစ်နေသောကြောင့် ဖြစ်၏။
ထိုညတွင် အကြွင်းအကျန်နယ်မြေအစစ်၌ ပျော်ပွဲစား တစ်ခု ပြုလုပ်ခဲ့သည်။
ဦးဆောင်ဆရာများသည် ကျောင်းသားတစ်ဦးစီအား စိတ်ဝိညာဉ်အပင်များနှင့် သက်ဆိုင်သည့် လမ်းညွှန်စာအုပ်တစ်အုပ်စီကို ဝေငှပေးခဲ့သည်။
ထိုစာအုပ်ထဲတွင် အန္တရာယ်ရှိသော အဆိပ်ရှိအပင်များအားလုံးကို ဖော်ပြပေးထားသည်။
ရွက်ဖျင်တဲများ ဆောက်ပြီးနောက်တွင် ကျောင်းသားများသည် သစ်တောမှအရင်းအမြစ်များကို အသုံးပြု၍ အဖွဲ့ငယ်များဖြင့် ကိုယ်တိုင် ချက်ပြုတ်ရမည် ဖြစ်သည်။
အခြေခံအားဖြင့် ၎င်းတို့သည် သစ်ရွက်ဟင်းရည်ကို ချက်စားရမည်ဖြစ်သည်။
သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေတွင် မျိုးတုန်းလုနီးပါးအရင်းအမြစ်များ အပြင် စိတ်ဝိညာဉ်အပင်များစွာကို စိုက်ပျိုးထားသည်။
ဤသစ်တောအပိုင်းကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ စူးစမ်းလေ့လာရေး အဖွဲ့များက ဤနေရာရှိ စိတ်ဝိညာဉ်အပင်အများအပြားကို ပြင်ပကမ္ဘာမှ သယ်ဆောင်လာခြင်းကြောင့်ဖြစ်သည်။
ဆိုရလျှင် ဤတောထဲရှိ စိတ်ဝိညာဉ်မြေဆီလွှာသည် ပြင်ပကမ္ဘာနှင့်မတူဘဲ အလွန်ပင် မြေဩဇာကောင်းသည်။
သုတေသနအဖွဲ့က ဤမြေဆီလွှာ၏ ဖွဲ့စည်းပုံကို နှစ်ပေါင်းများစွာ ခွဲခြမ်းစိတ်ဖျာခဲ့သော်လည်း မည်သည့်အောင်မြင်မှုမျိုးကိုမှ မရရှိသေးပေ။
အတိအကျပြောရလျှင် ဤမြေဆီလွှာကြောင့် ပြင်ပကမ္ဘာ၌ မကြီးထွားနိုင်သော စိတ်ဝိညာဉ်အပင် အမျိုးအစားများစွာသည် ဤနေရာတွင် ထိရောက်စွာ မျိုးပွားနိုင်ပြီး ကြီးထွားလာနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ် ကျောင်းသားများ စားသုံးမည့်အရင်းအမြစ်များသည် ဟွာရှို့မဟာမိတ်၏ ကန့်သတ်ဘောင်အတွင်း၌သာ ရှိနေသည်ဟု ဆိုရမည်။
ဤနေရာမှ စိတ်ဝိညာဉ်အပင်အချို့ကို စားသုံးခွင့်ရခြင်းသည် ကျောင်းသားများ၏ အနာဂတ်အတွက် အမှန်တကယ်ပင် အကျိုးရှိစေမည် ဖြစ်သည်။
ချန်းချောင်၊ မြေပဲလေး၊ ဝမ်လင်းနှင့် ကော်ဟောက်တို့က အဖွဲ့ငယ်တစ်ဖွဲ့ ဖွဲ့လိုက်သည်။
သူတို့၄ယောက်က သစ်တောထဲ၌ လမ်းလျှောက်လာရာ ချောင်းစပ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ချန်းချောင်က ကျောက်ဆောင်တစ်ခုပေါ်တွင် ခါးထောက်၍ ရပ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
“ဒီနေရာက မြေဆီလွှာက အပြင်ကမ္ဘာနဲ့ အရမ်းကွာခြားတယ်လို့ ခံစားရတယ်.. မြေဆီလွှာရဲ့ အနံ့က လူကို အတော်လေး လန်းဆန်းသွားစေသလိုပဲ”
မြေပဲလေးက ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်နော်.. တော်တော်ထူးခြားတဲ့အနံ့ပဲ.. တစ်ခါတည်းလန်းဆန်းသွားတယ်”
“ဒီမြေက သာမန်မြေဆီလွှာမဟုတ်ဘူး ဆိုတာ မင်းတို့သိလား.. ဒီမြေက အမှန်တကယ် စားလို့ရတယ်”
ကော်ဟောက်က ပြောလိုက်သည်။
“စားလို့တောင်ရတယ်လား”
“ဟုတ်တယ်.. “
ကော်ဟောက် “ဒီမြေဆီလွှာက အာဟာရဓာတ်တွေ ကြွယ်ဝပြီး ဘက်တီးရီးယား ကင်းစင်တဲ့အတွက် အပြည့်အဝ စားသုံးနိုင်တယ်လို့ သုတေသနဌာနက ဆရာတစ်ဦးကို အခုပဲ ငါမေးခဲ့တယ်.. စားသုံးလို့ရတယ် ဆိုပေမဲ့လည်း ဆားကိုစားနေသလိုမျိုး စားလေရေငတ်လေတော့ ဖြစ်စေလိမ့်မယ်”
ဝမ်လင်း “……….”
မြေပဲလေးက မြေကြီးကို လက်တစ်ဆုပ်စာ ကောက်ယူကာ အနံ့ခံကြည့်လိုက်သည်။
ဤစိတ်ဝိညာဉ်မြေဆီလွှာတွင် ဖော်မပြနိုင်သော မွှေးရနံ့တစ်ခုရှိနေသည်။
ကော်ဟောက်သာ ဘာမှမပြောခဲ့လျှင် သူတို့က အမှန်တကယ်စားမိလိမ့်မည် ဖြစ်သည်။
ထိအချိန်တွင် ကောင်းကင်မှ အလင်းတန်းများ ဆင်းသက်လာပြီး သစ်တောတံခါးဝသို့ ရောက်ရှိသွားခဲ့သည်။
ကျိုးရီ ဖွဲ့စည်းခဲ့သော အထူးတပ်ဖွဲ့သည် ဝူကျီထီး၏ ဦးဆောင်မှုနှင့်အတူ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
'ဖတ်တီးလော'က လုံးဝကို စိတ်လှုပ်ရှားနေခဲ့သည်။
“ဘုရားသခင်.. ဒါကသားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေအစစ်ပဲ”
နိုင်ငံတစ်ဝှမ်းရှိကျင့်ကြံသူများကို ၎င်းတို့ သွားရောက် အလည်ပတ်လိုဆုံးနေရာအဖြစ် မဲပေးခိုင်းလျှင် မိစ္ဆာတောင်ကြားဖြစ်သည့် သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေကိုသာ မဲပေးကြလိမ့်မည် ဖြစ်သည်။
သို့သော် အကြွင်းကျန်နယ်မြေ၏ ဝင်ပေါက်က ဟွာရှို့နိုင်ငံအတွင်း၌သာ ဖွင့်လှစ်ရသောကြောင့် ဤလျှို့ဝှက်နယ်မြေအတွင်းရှိ သယံဇာတ အများစုကို နိုင်ငံတော်က တင်းကျပ်စွာစီမံထားခဲ့သည်။
ထိုနယ်မြေအတွင်း၌ မျိုးတုန်း ပျောက်ကွယ်သွားသော အရင်းအမြစ်မျိုးစုံလဲ ရှိနေသည်။
သို့ရာတွင် ထိုနေရာသို့ သွားရောက်ရန်မှာ အလွန်ခက်ခဲသည်။
တစ်ခုတည်းသော နည်းလမ်းမှာ ဟွာရှို့နိုင်ငံ၏ သုတေသနဌာနမှ သတ်မှတ်ထားသော ပညာရပ်ဆိုင်ရာ စာမေးပွဲကို အောင်မြင်မှသာ ဖြစ်နိုင်လိမ့်မည်။
သင့်အနေဖြင့် သုတေသနအဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်သရွေ့ ဤအကြွင်းအကျန်နယ်မြေသို့ ဝင်ရောက်ကာ လေ့လာရန်အခွင့်အရေးရရှိမည် ဖြစ်သည်။
“ဒီကလေးတွေက ထီပေါက်တာပဲ”
သစ်တောတံခါးဝတွင် ကျိုးရီက ပြုံး၍ပြောလိုက်သည်။
အထက်တန်းကျောင်းသားများအတွက် ဤတစ်ကြိမ်စခန်းသွင်းလေ့လာရေးခရီးသည် ရှားပါး အခွင့်အရေးတစ်ခုဟု ဆိုရပေမည်။
သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေကို သွားရောက်လည်ပတ်ခွင့်ရခြင်းသည် သူတို့တစ်သက်တာ အတွက် ကြွားလုံးထုတ်နိုင်မည့် အခွင့်အရေးပင် ဖြစ်သည် မဟုတ်ပါလော။
“ကဲ ဝင်ကြရအောင်”
ကျိုးရီက ပြောလိုက်သည်။
သူက သူ့ဆရာနောက်ကို လိုက်လာခဲ့ပြီ ဖြစ်သည်။
သူ့ဆရာက ထိုထဲတွင် ရှိနေခဲ့သည်။
သို့သော် သူ့ဆရာနှင့်မတွေ့မီ အဖွဲ့ကို ဦးဆောင်နေသည့် အဖွဲ့မှူး ဝူကျန်းကျွင့်ကို အရင်ရှာရန် ဆုံးဖြတ်လိုက်သည်။
ဖတ်တီးလောသည် အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။
ထိုခဏတွင် ငွေရောင်လေးက အော်ဟစ်လိုက်သည်။
“ခြေထောက်ကို သတိထား.. မနင်းမိစေနဲ့”
“???”
ထိုစကားကြောင့် ဖတ်တီးလောက ထိတ်လန့်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ.. ဒီမြေဆီလွှာက မျိုးတုန်းလုနီးပါး သယံဇာတဖြစ်နေလို့လား”
“မဟုတ်ပါဘူး”
ငွေရောင်လေးက လျင်မြန်စွာ ခေါင်းခါယမ်းလိုက်ပြီး သူ့နှာခေါင်းကို လက်ဖြင့်ညှစ်ထားလိုက်သည်။
“ဒီမြေဆီလွှာက မိစ္ဆာဘုရင်ရဲ့ အီအီးပဲ”
ဖတ်တီးလော၊ ကျိုးရီနှင့် ဝူချီ “……….”
အပိုင်း(၇၃၂) ပြီး၏