← Chapters

ကျိုက်ယန်ရဲ့ တန်ပြန်လုပ်ဆောင်ချက်

Vol. 49 Ch. 733

ကျိုက်ယန်ရဲ့ တန်ပြန်လုပ်ဆောင်ချက်

Vol. 49 Ch. 733

ကျိုးရီက သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေနှင့်ပတ်သက်၍ မဝင်ရောက်မီကတည်းက ထိုနယ်မြေနှင့်ပတ်သက်၍ အထူးပင်လေ့လာခဲ့သည်။

အထူးသဖြင့် အကြွင်းအကျန်နယ်မြေ၏ အရှေ့ပိုင်းဒေသမြေပုံကို သိပ္ပံသုတေသနအဖွဲ့ထံမှ စူးစမ်းလေ့လာခဲ့ပြီးပြီ ဖြစ်သည်။

ထို့ကြောင့် ဤသစ်တောထဲရှိ မြေဆီလွှာသည် စားသုံးနိုင်သော အရည်အသွေးရှိကြောင်း ကျိုးရီက သိနေခဲ့သည်။

ဤသည်က လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။

သုတေသနအဖွဲ့က သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေကို နောက်ဆုံးအကြိမ်က စူးစမ်းလေ့လာပြီးသောအခါတွင် ပြည်နယ်၏ တရားဝင်ဝဘ်ဆိုက်တွင် မြေဆီလွှာနှင့် ပတ်သက်သည့် သိပ္ပံနည်းကျ အချက်အလက်များကို တင်ထားခဲ့သည်။

မြေဆီလွှာ၏ အသုံးဝင်မှုကို သိရှိရန်အတွက် သုတေသနအဖွဲ့သည် အစားအသောက် ဝေဖန်ရေးဆရာဖြစ်သည့် ယွမ်ကျိုးကိုပင် မြည်းစမ်းကြည့်ရန်အတွက် အထူးဖိတ်ခေါ်ခဲ့သည်။

မြေဆီလွှာကို စားသုံးပြီးနောက်တွင် ယွမ်ကျိုးသည် မျက်လုံးများ ပိုမိုကြည်လင်လာပြီး အသားအရေကလည်း ယခင်ကထက်ပင် ပိုမိုနုနယ်လာသည်ဟု ကောလာဟလရှိခဲ့သည်။

ဆိုရလျှင် ဤအစွမ်းထက် သက်ရောက်မှုအားလုံးသည် မြေဆီလွှာကို စားသုံခြင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယွမ်ကျိုးက မြေဆီလွှာကို စားသုံးပြီးနောက်တွင် မြေဆီလွှာ၏အရသာကို ၁မှ ၁၀ အထိ အဆင့်သတ်မှတ်ရမည်ဆိုလျှင် အဆင့်၁၁ ပေးသင့်သည်ဟု ဆိုထားခဲ့သေးသည်။

ထို့ကြောင့် ကျိုးရီသည် အကြွင်းကျန်နယ်မြေသို့ မရောက်မီတွင် မြေဆီလွှာ၏ အရသာကို စူးစမ်းလေ့လာချင်နေခဲ့သည်။

သို့သော် ငွေရောင်လေး၏ စကားကိုကြားပြီးနောက်တွင် ကျိုးရီက အေးစက်သောချွေးများ ချက်ချင်း ထွက်လာခဲ့သည်။

“ဘာကြောင့် ဒီလောက်ထိ သေသေချာချာ ပြောနိုင်ရတာလဲ”

ကျိုးရီက ငွေရောင်လေးကို ကြည့်ကာ မေးလိုက်သည်။

ငွေရောင်လေးက နှာခေါင်းကိုညှစ်ရင်း ပြန်ဖြေလိုက်သည်။

“ဒီမြေဆီလွှာကို အနံ့ခံကြည့်ရင်း အနံ့က အရမ်းမွှေးတယ်လို့ထင်ရတယ်.. ဒါပေမဲ့ သူတော်စင်သားရဲတွေရဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့ငါကတော့ ဒီမြေဆီလွှာနဲ့ ကောင်းကောင်းကြီး ရင်းနှီးတယ်.. နှစ်ပတ်လည် အစည်းအဝေးကျင်းပတဲ့အခါမျိုးမှာ သူတော်စင်သားရဲဘုရင်ကို ငါတို့ တွေ့ခွင့်ရခဲ့တယ်.. ဒီမြေဆီလွှာကို သူတော်စင်သားရဲဘုရင်နဲ့ တွဲမြင်လိုက်တဲ့အခါကျရင် ငါတို့အနေနဲ့ အော့အန်ချင်သလို အမြဲခံစားခဲ့ရတယ်”

ထိုစကားကို ပြောပြီးနောက် ငွေရောင်လေးက သူ့စကားအနည်းငယ် ရှုပ်ထွေးနေသည်ဟု ခံစားလိုက်ရသဖြင့် အမြန်ပြန်ပြင်ပြောလိုက်သည်။

“ငါပြောတာနည်းနည်းရှုပ်သွားတယ်.. ချီးတုံးအစက ဒီလို”

ကျိုးရီ “ဘာလို့မိစ္ဆာအင်ပါယာက ဒီအကြွင်းအကျန်နယ်မြေမှာ အီးတွေ လိုက်ပါထားရတာလဲ”

ထိုအချိန်တွင် ငွေရောင်လေးက သူ့နှာခေါင်းမှ အနံ့ခံအာရုံကို စည်းခတ်ထားလိုက်သည်။

“ဒီအကြွင်းအကျန်နယ်မြေက အမှန်တကယ်တော့ သူတော်စင်သားရဲဘုရင်ရဲ့ ဂူသင်္ချိုင်းပဲ.. အဲဒီအချိန်က ဂူသင်္ချိုင်းကိုတည်ဆောက်ပြီးတဲ့နောက်မှာ သူတော်စင်သားရဲဘုရင်က ကိစ္စအများအပြားကို ထည့်သွင်းစဉ်းစားခဲ့ပြီး စိတ်ဝိညာဉ်အပင်တွေကို စိုက်ပျိုးဖို့ စီစဉ်ခဲ့တယ်.. ဒါကြောင့် သူတော်စင်သားရဲဘုရင်က မြေဆီလွှာအတွက် အတော်လေး အပင်ပန်းခံပြီး သစ်တောတစ်ခုလုံးမှာ အီအီးတွေ လိုက်ပါချခဲ့တယ်”

“ဒီက စိတ်ဝိညာဉ်အပင်တွေက ဒီမြေဆီလွှာမှာပဲ ပေါက်နိုင်တာလား”

ဖတ်တီးလောက မေးခွန်းထုတ်လိုက်သည်။

“ဒါကအကြောင်းပြချက်တစ်ခုပါပဲ.. တကယ်က ဒီလိုမဟုတ်ဘူး”

ငွေရောင်လေးက ခေါင်းငြိမ့်၍ပြန်ဖြေလိုက်သည်။

“ဒီသစ်တောကိုဖန်တီးရတဲ့ သူတော်စင်သားရဲဘုရင်ရဲ့ တကယ့်ရည်ရွယ်ချက်က သူ့ရဲ့ချီးတွေကို သိုလှောင်ထားဖို့ပဲ”

လူတိုင်း “……….”

အကြောင်းတစ်ခုခုကြောင့် ကျိုးရီသည် သူယခင်က မြည်းစမ်းကြည့်ချင်ခဲ့သော မြေဆီလွှာကို မနှစ်မြို့တော့သလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ကျောင်းသားများသည် သစ်တောထဲ၌ အသီးအရွက်များကို ခူးဆွတ်နေကြသည်။

အဖွဲ့ငယ်အများအပြားက ဟင်းချို ချက်ပြုတ်ရန်အတွက် ဟင်းသီးဟင်းရွက်နှင့် စိတ်ဝိညာဉ်သစ်သီးများကို အသုံးပြုခဲ့ကြသော်လည်း အရသာကမူ ၎င်းတို့ ထည့်သွင်းသော ပါဝင်ပစ္စည်းများ၏ ပေါင်းစပ်နိုင်မှု အပေါ်တွင်သာ မူတည်သည်။

ဦးဆောင်ဆရာများ၏ အလုပ်မှာ ကျောင်းသားများချက်ပြုတ်ထားသည့် ဟင်းချိုများတွင် အဆိပ်ရှိ စိတ်ဝိညာဉ်အပင်များ ထည့်သွင်းထားခြင်းရှိမရှိ စစ်ဆေးရန် ကူညီပေးရုံမျှသာ ဖြစ်သည်။

ဤနွေရာသီစခန်းသွင်းလေ့လာရေးတွင် ကျောင်းသားများ၏ အလုံးစုံလေ့လာမှုဆိုင်ရာ အမှတ်များကို ထည့်သွင်းတွက်ချက်မည် ဖြစ်သည်။

ကျောင်းသားများအနေဖြင့် သူတို့၏ ဟင်းချိုထဲတွင် အဆိပ်ရှိသည့် စိတ်ဝိညာဉ်အပင်များ ထည့်မိလျှင် အမှတ်များ ဆုံးရှုံးလိမ့်မည် ဖြစ်၏။

အဆိုပါအချက်များသည် အကဲဖြတ်မှု အပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်မည် ဖြစ်သည်။

စိတ်ဝိညာဉ်အသီးအနှံများကို ခူးဆွတ်နေစဉ်တွင် မြေပဲလေးသည် ၎င်းတို့ကို ချက်ပြုတ်ရန် အကြံဉာဏ်များစွာ ပေးခဲ့သည်။

သို့သော်လည်း ချန်းချောင်နှင့်ကော်ဟောက်က အစာစားချင်စိတ် ရှိမနေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အသီးအနှံများကို ခူးဆွတ်နေချိန်တွင် ချိုမြိန်သောမြေဆီလွှာ၏ ဆွဲဆောင်မှုကို မခံနိုင်၍ စားသုံးမိခဲ့သောကြောင့် ဖြစ်သည်။

အဆုံးသတ်တွင် မအီမသာ ခံစားချက်ကို ရရှိခဲ့ကြသည်။

ဤမြင်ကွင်းက မှော်ဆန်သော သီချင်းစာသားတစ်ခုအား ဝမ်လင်းကို အမှတ်ရစေသည်။

{အရသာရှိတဲ့မြေဆီလွှာကို စားဖူးလားz}

ဒုက္ခရောက်သူများမှာ ချန်းချောင်နှင့် ကော်ဟောက်တို့သာ မဟုတ်ပေ။

အခြားကျောင်းမှ ကျောင်းသားများသည်လည်း ဤစားသုံးနိုင်သော မြေဆီလွှာ၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ခဲ့၍ ပျို့အန်ကာ မအီမသာ ဖြစ်သွားကြသည်။

ချန်းချောင်၏ အဆိုအရ မြေဆီလွှာ၏အရသာသည် ငါးဆားနယ် ကဲ့သို့ အငံအရသာဖြစ်သည်။

၎င်းက နှစ်ပေါင်း၁၀၀၀ ကြာ အချဉ်ဖောက်ထားသော ဆားနယ်ငါးကဲ့သို့ အရသာရှိသည်။

အနံ့နှင့်အရသာက လုံးဝကိုမတူပေ။

ထိုအရသာကြောင့် ကျောင်းသား အများအပြားက မအီမသာဖြစ်ကာ အစားစာချင်စိတ် ပျောက်ဆုံးသွားကြသည်။

ဝမ်လင်းနှင့်မြေပဲလေးတို့ ဟင်းရွက်များ ခူးဆွတ်နေသောအချိန်တွင် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများနှင့် အခြားကျောင်းမှ ကျောင်းသားများက သစ်ပင်များကိုမှီ၍ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

“အစားကောင်းတွေက စားလို့မရတာများလား”

ထိုမြင်ကွင်းကိုကြည့်၍ မြေပဲလေးက ရင်တုန်သွားခဲ့သည်။

ချန်းချောင်နှင့်ကော်ဟောက်တို့၏ အခြေအနေကြောင့် ဤတစ်ကြိမ် ထမ်းဆောင်ရမည့် တာဝန်အများစုမှာ ဝမ်လင်းနှင့်မြေပဲလေးထံ ရောက်ရှိသွားခဲ့သည်။

စင်စစ် စိတ်ဝိညာဉ်အပင်များနှင့် ဟင်းသီးဟင်းရွက်များကို ဒိုင်ခံခူးဆွတ်ခဲ့သူမှာ မြေပဲလေးသာ ဖြစ်သည်။

သူတို့အဖွဲ့ ပြန်ရောက်လာသောအခါတွင် မြေပဲလေးက စိတ်ဝိညာဉ်အပင်များနှင့် ပြည့်နေသော ဝါးခြင်းတောင်းကို ကျောတွင် လွယ်ပိုးထားခဲ့သည်။

လင်းရှောင်ယုက သူတို့လူစုကိုမြင်လျှင် ဝါးခြင်းတောင်းကို ချောင်းကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“မြေပဲလေး ဘာတွေခူးလာတာလဲ”

သူမက မြေပဲလေး၏ ဝါးခြင်းတောင်းထဲမှ ထူးဆန်းသည့်စိတ်ဝိညာဉ်အပင်တစ်ပင်ကို ဆွဲယူလိုက်သည်။

ထိုစိတ်ဝိညာဉ်အပင်က မုန်လာဥနှင့်ပင် အနည်းငယ်ဆင်တူနေသည်။

သူမ၏ မျက်နှာက ချက်ချင်းပင် ဝေခွဲမရ ဖြစ်သွားခဲ့သည်။

“မြေပဲလေး ဒီပစ္စည်းက ပုံဆိုးပန်းဆိုးကြီး.. စားလို့ရတာရော သေချာလို့လား”

လင်းရှောင်ယု၏ မေးခွန်းကိုကြားလျှင် မြေပဲလေးက ရှင်းပြလိုက်သည်။

“ဒီမှာရှိတဲ့ မြေဆီလွှာတွေက အနံ့အသက်ကောင်းတယ် ဆိုပေမဲ့ အရသာကတော့ မခံနိုင်တဲ့အထိပဲ.. ငါတို့အဖွဲ့မှာတော့ ၂ယောက် မှောက်သွားပြီ.. ဒီတောထဲက အရာတွေကို ပြောင်းပြန်ယူဆရမယ် ဆိုတာ မင်းမသိသေးဘူး ထင်တယ်.. ဥပမာပြောရမယ်ဆိုရင် နံစော်နေတဲ့ တို့ဟူးက အနံ့ဆိုးပေမဲ့ အရသာကောင်းတယ် ဆိုသလိုမျိုးပေါ့”

ဤရှင်းပြချက်က လင်းရှောင်ယုကို ချက်ချင်းပင် မှင်တက်သွားစေခဲ့သည်။

သစ်ရွက်များကို ဆေးကြောပြီးနောက်တွင် ဟင်းရည်ချက်ပြုတ်ရန်အတွက် အချိန်ကျပြီ ဖြစ်သည်။

ချန်းချောင်နှင့် ကော်ဟောက်တို့ အခြေအနေ မကောင်းသောကြောင့် သူတို့၏ လုပ်ငန်းစဉ်တစ်ခုလုံးက နှေးကွေးသွားခဲ့သည်။

ဝမ်လင်းက ဟင်းရည်အိုးကို စတည်လိုက်သောအခါမှာပင် မနီးမဝေးရှိ စစ်တပ်တဲ တစ်ခုဆီမှ အရသာရှိသော ဟင်းရည်အနံ့က လေထဲမှ သူတို့ဆီသို့ ပျံ့နှံ့လာခဲ့သည်။

ထိုဟင်းချိုက ဖော်မပြနိုင်လောက်အောင် မွှေးလွန်းနေ၍ မြေဆီလွှာကို စားပြီးနောက် မအီမသာ ဖြစ်နေသော ချန်းချောင်နှင့်ကော်ဟောက်ကိုပင် အစာစားချင်စိတ်များ ပြန်လည် ဖြစ်ပေါ်လာစေသည်။

လူတိုင်းက ဟင်းရည်အနံ့ လာရာဆီသို့ ကြည့်လိုက်ကြသည်။

“ဒါက ဘယ်သူ့ဟင်းရည်လဲ.. တော်တော်လေးအရသာရှိမှာပဲ”

မြေပဲလေးက အဝေးကို မျှော်ကြည့်လိုက်သည်။

ထိုအချိန်တွင် အနီးနားမှ တစ်စုံတစ်ယောက်က သူတို့မေးခွန်းကို ပြန်ဖြေလိုက်သည်။

“ဒါက ဆရာကျိုက်ယန်ဆီကပဲ”

ဝမ်လင်း “……….”

“ကျိုက်.. ကျိုက်ယန်လား”

[နဂါးဝက်သားဟင်းနဲ့ နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်၁၀ဦးထဲမှတစ်ဦးအား သတ်လုနီးပါး ဖြစ်ခဲ့သော ကျိုက်ယန်လား]

ဝမ်လင်းတစ်ယောက် အံ့ဩသွားခဲ့သည်။

သို့သော် သူအံ့အားသင့်နေသောအချိန်မှာပင် ကျောင်းသားအများစုက ကျိုက်ယန်ထံသို့ ပြေးသွား၍ ဟင်းချိုများအလုအယက် သောက်နေကြသည်ကို သတိပြုမိလိုက်သည်။

ထို့ပြင် မည်သည့်ဆိုးကျိုးမှ ရှိပုံမရဘဲ လူတိုင်း၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

ဝမ်လင်းက မေးစေ့ကိုပွတ်သပ်၍ စဉ်းစားလိုက်သည်။

ကျိုက်ယန်၏ အချက်အပြုတ်စွမ်းရည်က မကြာသေးမီကစပြီး တိုးတက်လာခဲ့တာ ဖြစ်နိုင်ပါသလော။

သူမထံမှ ဟင်းချိုသောက်နေ‌သော ကျောင်းသားများက စိတ်လက်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

“ဟင်းချိုအတော်များများကို မြည်းစမ်းကြည့်ပြီးပြီ.. ဆရာကျိုက်ယန် ချက်တဲ့ဟင်းချိုက အကောင်းဆုံးပဲ.. ငါမြည်းစမ်းကြည့်ခဲ့တဲ့ ဟင်းချိုအများစုက အချိုအရသာ ရှိကြတယ်.. တချို့ဆို သစ်သီးဟင်းချိုတွေတောင် ပြုလုပ်ခဲ့ကြတယ်”

တစ်စုံတစ်ယောက်က‌ ပြောကြားလိုက်သည်။

ယခုတစ်ကြိမ် ဟင်းချိုချက်ရာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကိုယ်ပိုင် ဟင်းခတ်အမွှေးအကြိုင်များ ထည့်သွင်းခွင့် မပြုထားခဲ့ပေ။

ထို့ကြောင့် လူတိုင်းက ဟင်းချိုအရသာ အတွက် ဟင်းသီးဟင်းရွက်နှင့် အပင်၏ ပင်ကိုအရသာကိုသာ အားကိုးခဲ့ကြရသည်။

ယခု ကျိုက်ယန် ပြုလုပ်ထားသည့် ဟင်းချိုကမူ အလွန်ပင်အနံ့အရသာနှင့် ပြီးပြည့်စုံနေသည်။

“ဆရာကျိုက်ယန်ကို လက်ထပ်ခွင့်ရတဲ့သူက ကံအရမ်းကောင်းတဲ့သူ ဖြစ်မှာ သေချာတယ်”

အခြားအဖွဲ့တစ်ဖွဲ့မှ ဦးဆောင်ဆရာတစ်ဦးက ချီးမွမ်းလိုက်သည်။

“ဒါနဲ့ ဆရာကျိုက်ယန်က ဟင်းချိုထဲကို ဘာတွေထည့်ထားလို့ ဟင်းချိုက ဒီလောက် အရသာကောင်းနေရတာလဲ”

ချီးမွမ်းခံရ၍အနည်းငယ် ရှက်ရွံ့နေသော ကျိုက်ယန်က ပြန်ဖြေလိုက်သည်။

“ဘာမှသိပ်မထည့်ပါဘူး.. မြေကြီးမှုန့်လေး နည်းနည်းလောက် ထည့်လိုက်တာပါပဲ”

လူတိုင်း “……….”

ကျိုက်ယန် “မြေဆီလွှာက အရမ်းငံတယ်လို့ ကျောင်းသားတွေပြောတာကို ငါကြားခဲ့တယ်လေ.. ဒါကြောင့် စပါးစေ့တစ်စေ့စာလောက်ပဲ ငါထည့်ခဲ့တယ်.. သက်ရောက်မှုက ဒီလောက်ထိကောင်းလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး”

လူတိုင်း “……….”

အပိုင်း(၇၃၃) ပြီး၏

All Chapters