အချက်ပြလုပ်ဆောင်ချက်
Vol. 49 Ch. 735
ဟွာရှို့မဟာမိတ် အဆောက်အဦးရှိ ကွပ်ကဲမှုစင်တာတွင် ဥက္ကဌချီသည် အမှောင်နက်ဝေါ့ခ်မှ အဖွဲ့ဝင်များ၏ စာရင်းကို ဂရုတစိုက် စစ်ဆေးခဲ့သည်။
အမှောင်နက်ဝေါ့ခ်မှ သွေးစွန်းလိပ်ပြာနှင့် အမှောင်ရနံ့သခင်ကဲ့သို့သော အလိုရှိရာဇဝတ်ကောင်များကို အကြွင်းအကျန်နယ်မြေအတု အတွက် တာဝန်ပေးအပ်ခဲ့သည်။
သို့ရာတွင် ဥက္ကဌချီက အစကနေအဆုံးထိ စိတ်မသက်မသာခံစားခဲ့ရသည်။
ဤကဲသို့ မသက်မသာ ခံစားခဲ့ရသည့် နောက်ဆုံးအကြိမ်မှာ လွန်ခဲ့သော၆နှစ်ခန့်က ကမ္ဘာခြားဂိတ်တံခါး ရုတ်တရက် ဆင်းသက်လာသောအချိန်က ဖြစ်သည်။
တကယ်တမ်းတွင် ထိုသို့ မသက်မသာခံစားရခြင်းမှာ ဥက္ကဌချီတစ်ယောက်တည်း မဟုတ်ဘဲ ဗိုလ်ချုပ်ရီလည်း အလားတူခံစားခဲ့ရသည်။
ဤသည်က အကျပ်အတည်းကို ကြိုတင်မြင်နိုင်သော စွမ်းရည်ဖြစ်ပြီး ပကတိအင်မော်တယ်အဆင့်သို့ ရောက်ရှိသူတိုင်းတွင် အနည်းနှင့်အများ ရှိတတ်ကြသည်။
၎င်းကို ဆဌမအာရုံဟုလည်း ခေါ်ကြသည်။
ယေဘုယျအားဖြင့် ကျင့်ကြံသူ၏ နယ်ပယ်အဆင့်က မြင့်မားလေ ဆဌမအာရုံက ပို၍တိကျလေ ဖြစ်သည်။
ဝမ်လင်း၏ မျက်ခွံများ လှုပ်၍ သတိပေးခြင်းကလည်း ဆဌမအာရုံတစ်မျိုးပင် ဖြစ်သည်။
သို့ရာတွင် သူ၏ မျက်ခွံလှုပ် သတိပေးချက်က သာမန်ဆဌမအာရုံထက်ပင် ပို၍တိကျသည်။
၎င်းက ဖြစ်လာနိုင်သည့် မည်သည့် အကျပ်အတည်းကိုမဆို ဝမ်လင်းအား ကြိုတင်သတိပေးခြင်း ဖြစ်သော်လည်း အခြားသူများ၏ အခြေအနေကိုမူ သတိပေးမည်မဟုတ်ပေ။
ဝမ်လင်းက ဗုံးပစ်စီနီယာအင်မော်တယ် အန္တရာယ်ကျရောက်တော့မည့် ကြိုတင်သတိပေးချက် တစ်ခုကို ရရှိခဲ့ဖူးသော်လည်း ၎င်းမှာ နိမိတ်ပြအိပ်မက်မှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။
စင်စစ် ဝမ်လင်းတွင် ထိုကဲ့သို့သော အိပ်မက်မျိုး မရှိသလောက် နည်းပါး၏။
မကြာသေးမီကစပြီး စာမေးပွဲအတွက် စာလေ့လာနေရသောကြောင့် အိပ်မပျော်သည့် ဝေဒနာကို ခံစားခဲ့ရသည်။
ဝမ်လင်းက မအိပ်ချင်ခဲ့၍မဟုတ်ဘဲ အိပ်ချိန်နှင့် ယှဉ်လျှင် စာလေ့လာချိန်က အရေးကြီးဆုံး ဖြစ်သောကြောင့် ဖြစ်၏။
စာကျက်လို့ မသေနိုင်သရွေ့ သူက စာကျက်နေမည် ဖြစ်သည်။
“မင်းအနေနဲ့ အပျင်းကြီးပြီး သက်သောင့်သက်သာ နေလို့ရှိရင် မင်းအသက်ကြီးလာတဲ့အခါ ဒုက္ခရောက်လိမ့်မယ်”
ဤစကားက သူငယ်စဉ်ကတည်းက ဖေဖေဝမ် ဆုံးမခဲ့သော စကားဖြစ်သည်။
မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက်တို့က ဝမ်လင်းကို အိမ်စာများ ကူပေးလေ့ရှိသည်။
သို့သော်လည်း ဝမ်လင်းက အခြေခံအားဖြင့် ကျောင်းစာများကို ကျွမ်းကျင်သည် အထိ လေ့လာခဲ့သည်။
“စိတ်မပူပါနဲ့.. နိုင်ငံခေါင်းဆောင်ရဲ့ ခွန်အားနဲ့ဆိုရင် ကျောင်းသားတွေကို ဘေးကင်းအောင် ဆောင်ရွက်ဖို့က လုံလောက်ပါတယ်”
ဗိုလ်ချုပ်ရီက ဖန်သားပြင်ကို ငေးကြည့်ရင်း သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြောလိုက်သည်။
“မင်းစကားကမှန်မယ်လို့ ငါမျှော်လင့်ပါတယ်”
ဥက္ကဌချီက သက်ပြင်းချလိုက်သည်။
အဓိကပြဿနာမှာ တစ်ဖက်မှ လူများက မည်သည့်အရာကိုစီစဉ်နေကြောင်း သူတို့ မသိရခြင်း ဖြစ်သည်။
သို့သော်လည်း ရန်သူဘက်မှ လှုပ်ရှားမှုများကို ကြည့်ရင်း ဥက္ကဌချီ သေချာပေါက် ပြောဆိုနိုင်သည့်အချက်မှာ ညဦးစီးမှူးအဖွဲ့၏ ရည်ရွယ်ချက်သည် ယခုအချိန်တွင် အဆင့်၁၃မှော်စွမ်းရည်မျှသာ မဟုတ်လောက်တော့ပေ။
“အကြွင်းအကျန်နယ်မြေအစစ်က ဆရာတွေ အားလုံးကို တပ်လှန့်ဖို့ အမိန့်ထုတ်လိုက်တော့.. အကြမ်းဖက်သမားတွေကို ချက်ချင်း ပိတ်ဆို့ပြီး ဖမ်းဆီးခိုင်းလိုက်ပါ”
ဥက္ကဌချီက စင်တာမှ ဝန်ထမ်းများကို အမိန့်ပေးလိုက်သည်။
နိုင်ငံရပ်ခြားမှ အင်အားစုများ၏ ရည်ရွယ်ချက်ကို အစပိုင်းတွင် သူသိချင်ခဲ့သည်။
သို့သော်လည်း ကျောင်းသားများ အန္တရာယ်ထဲ ဆွဲသွင်းခံရမည်ကို စိုးရိမ်၍ သူက ချက်ချင်းဖမ်းဆီးရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
ဥက္ကဌဒဲလန် ဆေးအဖွဲ့သို့ မဝင်ရောက်မီမှာပင် ဟွာရှို့မဟာမိတ်အဖွဲ့သည် ညဦးစီးမှူးအဖွဲ့နှင့် အမှောင်နက်ဝေါ့ခ်မှ အဖွဲ့ဝင်များ၏ အချက်အလက်များကို ရရှိထားပြီးပြီ ဖြစ်သည်။
ကွပ်ကဲရေး စင်တာမှ အမိန့်ကို ဦးဆောင်ဆရာအဖွဲ့မှူး ဖြစ်သည့် ဝူကျန်းကျွင့်က ချက်ချင်း ရရှိခဲ့သည်။
သူက ညဦးစီးမှူးအဖွဲ့နှင့် အမှောင်နက်ဝေါ့ခ်မှ အဖွဲ့ဝင်များကို သီးခြားခွဲ၍ ထားရှိခဲ့သည်။
ဆေးအဖွဲ့အတွင်း ပုန်းအောင်းနေသည့် ၎င်းတို့ကို ဝူကျန်းကျွင့်က စစ်တပ်တဲဖြင့် အထူးထားရှိခဲ့သည်။
ထို့ပြင် ၎င်းတို့ သံသယမဝင်စေရန်အတွက် ဝူကျန်းကျွင့်ကဆေးဘက်ဆိုင်ရာ အဖွဲ့အား စစ်တပ်တဲနှစ်လုံးတွင် အထူးထားရှိခဲ့ပြီး ပုံမှန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို စောင့်ကြည့်သူများ အဖြစ် ဆောင်ရွက်စေခဲ့သည်။
သူတို့ဖမ်းဆီးချင်သည့် အဖွဲ့တစ်ခုလုံးကို တဲတစ်လုံးထဲတွင်သာ ထားရှိလိုက်မည် ဆိုလျှင် သံသယဝင်စရာကောင်းလိမ့်မည် မဟုတ်ပါလော။
ဝူကျန်းကျွင့်က ဥက္ကဌချီ၏ အမိန့်ကိုလက်ခံရရှိသည်နှင့် တံငါဘုရင်ဟု အမည်ပေးထားသော ချက်ဂရုတွင် ချက်ချင်းပိုစ့်တင်လိုက်သည်။
“အားလုံးအသင့်ပြင်ထားကြ.. အထက်ကနေ အကြမ်းဖက်အဖွဲ့ဝင်တွေကို ပိတ်ဆို့ဖမ်းဆီးဖို့ အမိန့်ချလိုက်ပြီ”
တံငါဘုရင်ချက်ဂရုမှ အဖွဲ့ဝင်များသည် ယခုတစ်ကြိမ် လိုက်ပါလာကြသည့် ဦးဆောင်ဆရာများ ဖြစ်ပြီး ဝူကျန်းကျွင့်မှ ဂရုတစိုက်ရွေးချယ်ထားသော ဆရာများ ဖြစ်ကြသည်။
ဂရုထဲတွင် ကျိုက်ယန်နှင့် ဝမ်မင်တို့ နှစ်ယောက်လည်း ပါဝင်ကြသည်။
“ဘာလို့ရုတ်တရက်ကြီး အမိန့်ချလိုက်တာလဲ”
ဝမ်မင်က မက်ဆေ့ချ် ပို့၍ မေးမြန်းလိုက်သည်။
ဝူကျန်းကျွင့်က ခေါင်းငြိမ့်လိုက်သည်။
“ဒီအကြမ်းဖက်အဖွဲ့က ကျောင်းသားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ အနေအထား ရောက်နေပြီလို့ အထက်လူကြီးတွေက ယုံကြည်နေတဲ့ အတွက် ဖမ်းဆီးဖို့အမိန့်ချမှတ်လိုက်တာပဲ.. ဆေးအဖွဲ့ထဲက အကြမ်းဖက်သမားတွေရဲ့ အချက်အလက်တွေကို လူတိုင်းဖတ်ပြီးပြီလို့ ထင်တယ်.. အကြမ်းဖက်သမားတွေကို ဖမ်းဆီးတဲ့ အခါကျရင် ငါတို့အဖွဲ့ဝင်တွေကို မထိခိုက်ဖို့ သတိထားကြပါ”
“ကောင်းပါပြီ”
ဝမ်မင်က ခေါင်းငြိမ့်လိုက်သည်။
“နိုင်ငံခေါင်းဆောင်001ကို အသက်သွင်းနိုင်တာ သေချာပါတယ်နော်”
ဝူကျန်းကျွင့်က မေးခွန်းထုတ်လိုက်သည်။
“စိတ်မပူပါနဲ့.. ငါအခုပဲ Error တစ်ခုကို ရှာတွေ့ပေမဲ့ အဲဒါက အသုံးပြုမှုကိုတော့ မထိခိုက်စေပါဘူး”
ဝမ်မင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
နိုင်ငံခေါင်းဆောင်001၏ တိုးတက် ပြောင်းလဲလာသော အခြေအနေနှင့် ပတ်သက်၍ သူနားမလည်သေးပေ။
ဤစူပါအသွင်ပြောင်းမုဒ်အား နိုင်ငံ့ခေါင်းဆောင်001က မည်ကဲ့သို့ တတ်မြောက်သွားသည်ကို သူလုံးဝစဉ်းစား၍မရပေ။
ဝူကျန်းကျွင့် “အားလုံးအဆင့်သင့်ပြင်ထားကြ.. စက္ကန့်၃၀အတွင်း ငါ့ရဲ့အချက်ပြမှုကို စောင့်နေကြပါ.. ငါ့ဆီကအချက်ပြမှုကို ရတာနဲ့ စစ်တပ်တဲထဲမှာ ရှိတဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေကို အတူတူ ဝင်တိုက်ရမယ်”
“ကောင်းပါပြီ.. ဒါနဲ့ဘယ်လိုမျိုး အချက်ပြမလဲဆိုတာ မေးလို့ရမလား”
“ပြွတ်ပြွတ်”
“ဘာလဲဟ ပြွတ်ပြွတ်”
“……….”
တစ်ဖက်တွင်လည်း ဥက္ကဌဒဲလန်က သူ၏အစီအစဉ်ကို အကောင်အထည်ဖော်ရန် စတင်နေပြီ ဖြစ်သည်။
ဤအချိန်တွင် သူတို့၏ အဓိကပစ်မှတ်က ဝမ်မင် ဖြစ်သည်။
ဝမ်မင်ကို ဓားစာခံအဖြစ် ဖမ်းမိသရွေ့ သူတို့၏ မဟာအကြံအစည်က ချောချာမွေ့မွေ့ ဖြစ်နေမည်ဟု ယုံကြည်ခဲ့ကြသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်ကပင် ညဦးစီးမှူးအဖွဲ့သည် ဝမ်မင်နှင့် ပတ်သက်သည့် နောက်ဆုံးသော အချက်အလက်ကို သူ့ထံ ပေးပို့ခဲ့သည်။
ဝမ်မင်က တက္ကသိုလ်တက်ချိန်မှ ယခုအချိန်ထိ ဝမ်ရှောင်အာဟူသော အမည်ကိုသာ အသုံးပြုခဲ့သည်။
သူတို့စုံစမ်းရသလောက် ဝမ်ရှောင်အာမှာ နာမည်အတုဖြစ်ပြီး ဝမ်မင်မှာ လူငယ်၏အမည်ရင်း ဖြစ်သည်။
ဤအချက်အလက် တစ်ခုတည်းကို အခြေခံလျှင်ပင် ဝမ်မင်ဟူသော လူငယ်က မရိုးရှင်းသည်မှာ သိသာနေသည်။
“သူ့အကြောင်းကို ဖုံးကွယ်ထားလေလေ သူ့အထောက်အထားက မရိုးရှင်းလေလေ ဆိုတာ သက်သေပြနေသလိုပဲ”
ဥက္ကဌဒဲလန်က အချက်အလက်ကို ကြည့်ကာ စိတ်ထဲ၌ တွေးမိလိုက်သည်။
ဤဝမ်မင်ဟူသော လူငယ်က သာမန် မဟုတ်ကြောင်း သူသေချာပေါက် သိနေခဲ့သည်။
ဥက္ကဌဒဲလန်တို့ဘက်တွင်လည်း ချက်ဂရုတစ်ခု ရှိသည်။
ချက်ဂရုထဲတွင် သူတို့ ယခင်က သဘောတူထားသည့် အချက်ပြသင်္ကေတမှာ ရယ်စရာအီမိုဂျီတစ်ခု ဖြစ်သည်။
ဥက္ကဌဒဲလန်က ထိုရယ်စရာအီမိုဂျီကို ချက်ဂရုထဲတွင် ပို့လိုက်သည်နှင့် အဖွဲ့ဝင်အားလုံးက ၎င်းတို့ တစ်ဦးချင်းစီ၏ မစ်ရှင်များကို ချက်ချင်း လုပ်ဆောင်ရလိမ့်မည် ဖြစ်သည်။
သို့သော် ဤရယ်စရာအီမိုဂျီကို ပို့လိုက်သည့် တစ်ခဏမှာပင် ဥက္ကဌဒဲလန် ရှိနေသည့် စစ်တပ်တဲ အပြင်ဘက်တွင် အားကောင်းသော မီးမောင်းများ ထိုးထားသကဲ့သို့ ချက်ချင်းပင် လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် ပြွတ်ပြွတ် ဟူသောအသံက ထွက်ပေါ်လာခဲ့သည်။
ဒါဇင်ပေါင်းများစွာသော ပုဂ္ဂိုလ်များသည် စစ်တပ်တဲကို တင်းတင်းကျပ်ကျပ် ဝိုင်းရံထားလိုက်ကြသည်။
“ပြွတ်ပြွတ်.. အထဲက ရာဇဝတ်ကောင်တွေ နားထောင်ကြ.. မင်းတို့ကို ငါတို့ဝိုင်းထားပြီးပြီ.. အပင်ပန်းခံပြီး ပြန်ခုခံဖို့ မစဉ်းစားကြနဲ့.. ဒီလိုမှမဟုတ်ရင်တော့ ဒေါသဓမ္မရာဂျာ ဝူရီဖန်းရဲ့ အရှုံးမပေးနဲ့ကြိုးစား ဆိုတဲ့ သီချင်းကို ဖွင့်ပစ်လိုက်မယ်”
“………..”
အပိုင်း(၇၃၅) ပြီး၏