← Chapters

ငါးကြီးက ငါးစာကို လာဟပ်လေပြီ

Vol. 44 Ch. 655

ငါးကြီးက ငါးစာကို လာဟပ်လေပြီ

Vol. 44 Ch. 655

“သူတို့ လာနေပြီ၊ သူတို့ ငါတို့ဆီ လာနေပြီ၊ အား….”

အော်သံများက ပို၍ ကျယ်လောင်လာပြီး မိန်းကလေးများ၏ မျက်နှာတွင် သွေးရောင်ပင် မရှိတော့ချေ။

ရှောင်လီ၏ ခြေထောက်များက ဒယီးဒယိုင် ဖြစ်နေပြီး တုန်တုန်ယင်ယင်နှင့် ထရပ်လေသည်။

“ဥ…ဥက္ကဋ္ဌရဲ့၊ ဒါ … ဒါရိုက်တာ အိုးရန်၊ အရင် သွားပါ၊ ကျွန်‌တော် ခင်ဗျားတို့ကို ကာထားပေးပါ့မယ်”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

“တော်လောက်ပြီ၊ ဒီဝံပုလွေတွေက ငါ မွေးထားတာ၊ အဖြစ်သည်းမနေနဲ့တော့”

“ဥ…ဥက္ကဋ္ဌရဲ့၊ သူတို့ကို ခင်ဗျား မွေးထားတာလား”

ဝမ်ရုံနည်းပညာမှ လူတိုင်းက ရဲ့လင်းချန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လာကြသည်။

“အင်း … ငါ သူတို့ကို မွေးထားတာ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ရှောင်ချင်၊ ရှောင်ဟွေ၊ ဒီကိုလာ”

လူတိုင်း၏ အကြည့်အောက်၌ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ရဲ့လင်းချန်အနားသို့ ပြေးလာပြီး တစ်ပတ် ပတ်နေကြသည်။ ရှောင်ပိုင်ကလည်း ခပ်သွက်သွက် ပြေးလာပြီး ရဲ့လင်းချန်၏ ဘောင်းဘီကို ကုတ်တွယ်၍ ရဲ့လင်းချန်၏ လက်မောင်းထဲသို့ ဖြည်းဖြည်းချင်း တွယ်တက်လေသည်။

ဝမ်ရုံ နည်းပညာမှ လူတိုင်း ကြက်သေ သေသွားပြီး သူတို့၏ ဦးနှောက်က ဘာကိုမှ အလုပ်လုပ်နိုင်စွမ်း မရှိတော့ချေ။

“အလုပ်သရဲ၊ နင် မကြောက်ဘူးလား”

ဟောင်ယွင်က အိုးရန်ချင်း၏ အမူအရာကို ဆက်တိုက် ကြည့်နေပြီး အိုးရန်ချင်းက မအော်ဘဲ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာသည်ကို မြင်သောအခါ ပြုံးသွားလေသည်။

အိုးရန်ချင်းက စိတ်အေးသွားဟန်နှင့် သက်ပြင်းချ၍ ဟောင်ယွင်ကို စူးခနဲ ကြည့်လေသည်။

“နင့်မှာ အခြား လုပ်စရာ မရှိတော့ဘူးလား”

ထိုသို့သောအချိန်၌ ဝံပုလွေများက နွားရိုင်းအား အနားသို့ ဆွဲလာကြသည်။ သူတို့သည် ရဲ့လင်းချန်ကို ကြည့်ကာ ခွေးကဲ့သို့ အမြီးနှံ့နေကြသည်။ အချို့ဆိုလျင် မြေကြီးပေါ် ပတက်ရပ်၍ အီကြလေသည်။

“က…ကြီးလိုက်တဲ့ နွားရိုင်း”

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကာ တုန်လှုပ်သွားကြသည်။

ထိုအခါတွင်မှ ရဲ့လင်းချန်က နွားရိုင်းသား စားမည်ဟု ပြောခဲ့သည်ကို အိုးရန်ချင်း သဘောပေါက်သွားရသည်။ ယနေ့ အဖြစ်အပျက်များက သူမ၏ အတွေးအမြင်ကို လုံးဝ ပြောင်းလဲသွားစေသည်။

*ရဲ့လင်းချန်က တကယ်ပဲ အဲ့လောက် သန်မာတာလား*

“ဥက္ကဋ္ဌရဲ့၊ ခင်ဗျားက အံ့ဩဖို့ကောင်းတာပဲ၊ ခင်ဗျားမှာ ဝံပုလွေတစ်အုပ်တောင် ရှိနေတယ်”

ရှောင်လီ တံတွေးမျိုချလိုက်မိသည်။ သူသည် ထိုမျက်လုံးစိမ်းများကို ကြည့်ပြီး ရင်တုန်နေရသည်။

“ဥက္ကရဲ့၊ ရှင် ကျားတစ်ကောင်ကို ချီထားတာလား”

အမျိုးသမီး ဝန်ထမ်းတစ်ယောက်က ရဲ့လင်းချန်၏ လက်မောင်းတွင်း၌ ရှိနေသော ရှောင်ပိုင်ကို ကြောက်ကြောက် လန့်လန့်နှင့် လက်ညှိုးထိုး၍ မေးလိုက်သည်။

“အင်း”

ရဲ့လင်းချန်က ပြုံး၍ ရှောင်ပိုင်အား ပခုံးပေါ် တင်လိုက်သည်။

“လုပ်ပါဦး၊ မင်းအသံကို လေ့ကျင့်လိုက်ဦး”

ရှောင်ပိုင်က လည်ပင်းလေးဆန့်၍ အူလိုက်သည်။

“အာဝူး…”

ရဲ့လင်းချန်က ချက်ချင်း ဖြန်းခနဲ ရိုက်လိုက်သည်။

“အပြုအမူတွေကို ဆင်ခြင်စမ်း၊ မင်းက ကျားလေ၊ ဝံပုလွေ မဟုတ်ဘူး”

“ဟားဟားဟား …”

လူတိုင်း မထိန်းနိုင်ဘဲ ရယ်မောကြတော့သည်။

တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်၌ နောက်တစ်ကြိမ် ပြစ်တင်ပြောဆိုမှုများ ဖြစ်နေလေသည်။

ကိုရီးယားနိုင်ငံ၏ IP လိပ်စာ အများစုက ရှိနေသေးပြီး web များ၌ သွားလာနေကာ နေရာတိုင်းမှ လှောင်ပြောင်မှုများ ထွက်လာနေ၏။

[ဟားဟားဟား … အရှက်ကို မရှိဘူး]

[ဝက်ခေါင်း]

[ယီးပဲ၊ မင်းက ငါတို့ website တွေကို ဟက်နေတာ၊ ဟုတ်တယ်မလား၊ ထွက်သွားလိုက်စမ်း]

[ငါတို့နိုင်ငံရဲ့ website အများကြီးကို မင်း ဟက်ခဲ့တယ်၊ ပြီးတော့ မင်းကများ ငါတို့ကို လှောင်ပြောင်ရဲတယ်ပေါ့လေ၊ ဒီမြေယိုးကောင်တွေ ချီးပဲ၊ ငါ သောက်ရမ်း စိတ်တိုလာပြီ]

[ငါတို့နိုင်ငံရဲ့ ဟက်ကာတွေ ဘယ်ရောက်နေတာလဲ၊ ဒီလူတွေကို မြန်မြန် သုတ်သင်လိုက်ကြပါ၊ သူတို့က ရွံဖို့ ကောင်းတယ်]

Website အားလုံးကို ဟက်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပွက်လောရိုက်မှုက တစ်နိုင်ငံလုံးအား ထိုကိစ္စအပေါ် အာရုံစိုက်လာစေသည်။ လူတိုင်းက တူညီ‌သော ရန်သူကို ဆန့်ကျင်နေပြီး နိုင်ငံသားများ ဒေါသ မွှန်ထူနေကြသည်။

အထူးသဖြင့် အမှန်တကယ် ဘာဖြစ်သွားသလဲ သိနေသည့်သူများပင်။ ကင်ဟျွန်းမင်၏ အမှားမှန်း သိသာလှသည်။ သူသည် အမိမြေသို့ ပြန်သွားပြီးနောက် အကြောင်းအရာကို တမင်သက်သက် ဖုံးကွယ်ကာ အမှန်ကို လိမ်လည် လှည့်ဖြားခဲ့သည်။ ဟက်ကာများကို စီမံ၍ တရုတ်နိုင်ငံ၏ website များကို ဟက်ခြင်းက တာဝန်ယူမှုကင်းမဲ့ကာ အရှက်မဲ့လွန်းလှသည်။

ကိုရီးယားနိုင်ငံ၏ အမာခံ ပရိသတ်များတောင်မှ တိတ်ဆိတ်နေရာမှ ထလာကြသည်။ သူတို့သည် ရှုတ်ချပုတ်ခတ်သူများကို သဘောကျနေရာမှ စတင်၍ အချေအတင် ပြောလာကြသည်။

“ပြန်တိုက်၊ ငါတို့ ပြန်တိုက်မှရမယ်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ သူတို့ကို အထူမှန်း၊ အပါးမှန်းသိအောင် ပြလိုက်”

“ငါတို့နိုင်ငံမှာ ဟက်ကာတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ ရှေ့ထွက်လာပြီး ဦးဆောင်နိုင်လောက်အောင် တော်တဲ့သူ တစ်ယောက်ယောက်လောက် မရှိဘူးလား တိုက်ခိုက်နိုင်အောင် ငါတို့ကို ဦးဆောင်ပ‌ေးပါ၊ ငါ့ကွန်ပျူတာ အရည်အချင်းက အဲ့လောက် မဆိုးဘူး၊ ငါ ကူညီနိုင်လောက်တယ်”

“ငါလဲ ပါမယ်”

“ဒါပေါ့ဟ၊ ငါတို့ လက်တုံ့ပြန်မှရမယ်”

“ခွေးမသား … သူတို့ အခု ဘာလုပ်နေကြတာလဲ၊ website က ဘာလို့ ထပ်ပြီး အဟက်ခံနေရတာလဲ”

မကြာခင်မှာပင် weibo ၏ ဝန်ဆောင်မှုများ ပျက်ပြားလာပြီး website တစ်ခုလုံး၌ လှောင်ပြောင်သရော်မှုများ ပေါ်လာသည်။

[ဟားဟားဟား … ဝက်အဖွဲ့တွေပဲ၊ မင်းတို့ ဒါကို တစ်ခုခု မလုပ်နိုင်ဘူးလား၊ အရှုံးသမား အဖွဲ့ပဲ၊ ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြတော့]

[အားလုံး နားထောင်ပေးကြပါ၊ တိုက်ခိုက်မှု တစ်ကျော့ပြန် ရောက်လာပါပြီ]

[Weibo ပေါ်မှာ ခနဲ့တာတွေနဲ့ ပြည့်နေပြီ]

[ပို့စ်တင်တဲ့နေရာက အလုပ်မလုပ်တော့ဘူး၊ ငါ့ကွန်ပျူတာ ပျက်နေပြီ]

[သေစမ်း၊ စူပါစတားတွေက ဘာလို့ ငါတို့နာမည်တွေ ခေါ်နေတာလဲ]

[အပေါ်ကလူ၊ စူပါစတား အကောင့်က အဟက်ခံထားရတာ အသိသာကြီးလေ၊ ဒါ လုံးဝ ရူးချင်စရာပဲ]

တိုက်ပွဲ ပြီးဆုံးသွားချိန်က နာရီဝက်ပင် မရှိသေးဘဲ ပြန်စလာလိမ့်မည်ဟု မည်သူမှ မထင်ထားကြချေ။ နောက်တစ်ကြိမ် တိုက်ခိုက်မှု၏ ပြင်းထန်နှုန်းက အဆပေါင်းများစွာ မြင့်လာသည်။

Weibo ၌ နာမည်ကြီး လူသိများသော အနုပညာရှင်တိုင်းက ပို့စ်တင်လာကြသည်ကို သတိထားမိလာသည်။

[ကင်ဟျွန်းမင်၊ ငါတို့ အမှားလုပ်ခဲ့မိပါတယ်၊ ငါတို့ အမှားကို ဒူးထောက်ပြီး ဝန်ခံချင်စိတ် ရှိပါတယ်]

[ငါတို့ ပညာမတတ်လို့ပါ၊ တောင်းပန်ပါတယ် ဖေဖေကြီး]

ထိုအနုပညာရှင်များ၏ ပရိသတ်များက သန်းချီ ရှိပြီး သူတို့၏ ဂုဏ်သိက္ခာနှင့် နာမည်ကို ထိန်းသိမ်းကြသည်။ သို့သော် ယခုအချိန်၌ သူတို့က အင်တာနက်တစ်ခုလုံးကို ဆူဆူပူပူ ဖြစ်အောင် လုပ်နေလေသည်။ သူတို့၏ အကောင့်များ အဟက်ခံထားခြင်းဖြစ်ကြောင်း လူတိုင်း သတိထားမိကြသည်။

[သည်းမခံနိုင်ဘူး၊ လုံးဝ သည်းမခံနိုင်ဘူးကွာ]

[ချီးပဲ၊ ငါတို့ သေတဲ့အထိ တိုက်ခိုက်ကြမှာလား၊ သူတို့ကို ချကြရအောင်]

[သူတို့လေသံကို ငါ တကယ် သည်းမခံနိုင်ဘူး၊ ဆက်ချရအောင်၊ မင်းတို့ ဘာတွေ စောင့်နေတာလဲ]

[အား ….. ငါ့ဒေါသ၊ ငါသာ ဘယ်လို ဟက်ရမလဲ ဆိုတာကို သိရင် ငါ သူတို့ဦးနှောက်တွေကို ဖောက်ခွဲပြီးနေပြီကွာ]

စခန်းလေးခု၌။

ဘုရင်ကြီး : “ဟားဟား … ခွေးတစ်အုပ်ပဲ၊ ဆက်ချကြ”

ဘုရင်လေး : “မင်းတို့ ကြိုက်သလို နေရာတိုင်းက တိုက်ခိုက်ကြ၊ ဘုရင်ကြီးနဲ့ငါက ဝမ်ရုံနည်းပညာမှာ ဝင်ပေါက် ဖန်တီးမယ်၊ အာရုံစိုက်ထား၊ အဖွဲ့လိုက်မနေနဲ့၊ ပညာရှင် တစ်ယောက်ယောက်နဲ့ တွေ့ရင် ထွက်ပြေး၊ တိုက်ခိုက်ပြီးတာနဲ့ မင်းတို့ ပစ်မှတ်ကိုပြောင်း၊ အဓိကက ကသောင်းကနင်းဖြစ်အောင် ဖန်တီးဖို့ပဲ”

“ဟုတ်ကဲ့ပါ ဆာ”

“နားလည်ပါပြီ”

လူတိုင်း တက်ကြွကာ ယုံကြည်ချက် ရှိနေကြသည်။

ဘုရင်ကြီးနှင့် ဘုရင်လေးသည် ဟက်ကာ အသိုင်းအဝိုင်း၌ အကျော်အမော်များ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ကွန်ပျူတာ ကွန်ရက်များကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်လေသည်။ အကယ်၍ သူတို့သာ မြို့တစ်မြို့ကို အာရုံစိုက်မိပါက ထိုမြို့အား လုံးဝ ပြိုလဲအောင် လုပ်နိုင်လေသည်။

အခြား ဟက်ကာများသည် ဘုရင်ကြီး၊ ဘုရင်လေးနှင့် ပူးပေါင်းရသဖြင့် ဂုဏ်ယူနေကြသည်။ ထိုအကြောင်းကို တွေးလိုက်ရုံနှင့်တင် သူတို့အား စိတ်လှုပ်ရှားလာစေသည်။

ထို့အပြင် သူတို့ အသုံးပြုသော နည်းဗျူဟာများက တဲ့တိုးဆန်လွန်းလှပြီး နည်းလမ်းမှာ ဝေ့ဝိုက်၍ လှောင်ပြောင် သရော်သော နည်းလမ်း ဖြစ်သည်။ ကွန်ရက်သည် အဆုံးအစမဲ့သော ကမ္ဘာဖြစ်ပြီး သူတို့ နည်းလမ်းများက အဖမ်းခံရရန် မဖြစ်နိုင်ပေ။ တန်ပြန်တိုက်ခိုက်ရန် အဖြေပင် မရှိဟု ပြောရပေမည်။

…

“ပြန်စလာပြန်ပြီ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ပိုဆိုးလာပြီ”

ရှောင်လီ၏ အာရုံက ကွန်ပျူတာဘက် ပြန်ရောက်သွားပြီး ထိတ်လန့်သော အမူအရာ ဖြစ်သွားလေသည်။

“တချို့ကုမ္ပဏီတွေရဲ့ ဖိုင်တွေ ပျက်စီးနေပြီ၊ ကွန်ရက် ဆက်သွယ်ရေး ဆော့ဖ်ဝဲလ်ကလည်းသေနေပြီ၊ ဗွီဒီယိုအားလုံး ကြည့်လို့မရတော့ဘူး”

အိုးရန်ချင်လည်း မျက်မှောင်ကြုတ်သွားသည်။

“ဒီတစ်ခေါက် သူတို့မှာ ကြောက်စရာကောင်းတဲ့ ပညာရှင် ရှိနေတယ်၊ ပြီးတော့ သူတို့နည်းလမ်းက ရက်စက် လွန်းတယ်”

“ဒါက ဆိုးရွားလွန်းတယ်၊ ကွန်ပျူတာ ပညာရှင် တော်တော်များများ အရေးနိမ့်ကုန်ပြီ၊ သူတို့ကို လုံးဝ မယှဉ်နိုင်ဘူး”

“ခံစစ်စနစ်က လုံးဝ သုံးမရဘူး”

လူတိုင်း ယခုလှိုင်း၏ ပြင်းထန်မှုကို သတိပြုမိပြီး သူတို့၏ အဖျက်စွမ်းအင်အပြင် ဖိနှိပ်မှုနှင့် ရက်စက်မှုတို့ကို သတိထားမိလာသည်။ သူတို့၏ ဖိနှိပ်မှုနှင့် ရက်စက်မှုက တရုတ်လူမျိုးအားလုံးကို စိုးရိမ်ပူပန်လာစေသည်။

ပထမ ငါးမိနစ်မှာပင် ကားလက်မှတ် ဝယ်သည့် website က ပျက်သွားပြီး ဒေတာများ ပေါက်သောက် ဖြစ်ကုန်သည်။ ထို့နောက် ဗိုင်းရပ်စ် တားဆီးရေး ဆော့ဖ်ဝဲလ်များ ချက်ချင်း ကျကုန်ကာ ကွန်ပျူတာ hard disk များ၌ ပြငမရသော အပျက်အစီးများ ဖြစ်ကုန်ကာ Taobao ပျက်သွားလေသည်။

စစ်မီးက လျင်မြန်စွာ တဟုန်းဟုန်း တောက်နေပြီး အချက်အလက်များစွာ ပျက်စီးသွားပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်စေသည်။

“လခွမ်း …  ကိုရီးယားက ဟက်ကာတွေကို တစ်မိုးအောက်ထဲမှာ အတူတူ နေခွင့်မပေးနိုင်ဘူး”

စိတ်မချမ်းသာသော အသံများကို နေရာတိုင်းမှ ကြားနေရသည်။

ဟက်ကာအဖွဲ့များမှာမူ သူတို့၏ စိတ်လှုပ်ရှားမှုမှာ အမြင့်ဆုံးသို့ ရောက်နေလေသည်။

“ငါတို့ဘုရင်တွေလို့ မပြောရဘူး၊ ကြောက်စရာကောင်းလိုက်တဲ့ အရည်အချင်းတွေပါလား”

“ဟားဟားဟား … သူတို့က သိပ်မိုက်တာပဲ၊ သူတို့မှာ သူတို့ လုပ်ချင်တဲ့ ဘယ်အရာကိုမဆို လုပ်နိုင်တဲ့ အရည်အချင်းမျိုး ရှိကြတယ်”

“မသိရင် သူတို့က ပန်းခြံထဲမှာ လမ်းလျှောက်နေသလိုပဲ၊ လန်းတယ်ကွာ”

“သူတို့က ငါတို့ အကူအညီ လုံးဝ မလိုဘူး ဘယ်သူမှ သူတို့ကို မယှဉ်နိုင်ဘူး”

“ ဟိုး … ဟိုး … ဟိုး … ငါတို့ဘုရင်တွေနဲ့အတူ လိုက်ချရအောင်၊ သူတို့ကို နင်းချပြီး မေ့မရနိုင်တဲ့ သင်ခန်းစာ ပေးလိုက်ရအောင်”

အင်တာနက်ပေါ်၌ ဘာကန့်သတ်ချက်မှ မရှိသဖြင့် ထိုအဖွဲ့က မောက်မာပြီး လုပ်ချင်သလို လုပ်နေကြလေသည်။

“တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ်”

အိုးရန်ချင် အနည်းငယ် ရင်တုန်သွားပြီး မကောင်းသော ခံစားချက် ရလာသည်။ သူမက လက်နှစ်ဖက်လုံးဖြင့် ကီးဘုတ်ကို မြန်မြန် ရိုက်ကာ လေးနက်စွာ ပြောလိုက်သည်။

“ရှောင်လီ၊ အားလုံးကို ပိတ်ဆို့ဖို့ အကူ မြန်မြန် ခေါ်လိုက်၊ ခုခံဖို့ အဆင့် အမြင့်ဆုံးကိုသုံး”

နှစ်မိနစ်ကြာသော်။

“ဒါရိုက်တာ အိုးရန်၊ ကျွန်တော်တို့ မလုပ်နိုင်ဘူး၊ ပြိုင်ဘက်ရဲ့ တိုက်စစ်က အရမ်း ကြမ်းလွန်းတယ်”

အိုးရန်ချင်း၏ မျက်နှာက ရုတ်တရက် ဖြူရော်လာပြီး ဝန်ပိသလို ခံစားလာရသည်။ တိုက်ခိုက်မှုက ယခင် တစ်ခေါက်နှင့် လုံးဝ မတူတော့သလို သူမ … လုံးဝ မကိုင်တွယ်နိုင်ချေ။

တရုတ်နိုင်ငံပြင်ပ၌။

နိုင်ငံပေါင်းများစွာမှ ထိပ်တန်း ဟက်ကာများကလည်း တိုက်ပွဲကို ကြည့်နေကြသည်။

အခြားသော ဟက်ကာများထက် လျင်မြန်စွာ စာရိုက်နိုင်သဖြင့် ရွှေလက်ဟု နာမည်ပြောင် ရထားသော အမေရိကန် ဟက်ကာတစ်ဦးသည် ဟက်ကာ လောက၌ နာမည်ကြီး တစ်ဗယာက် ဖြစ်သည်။ လက်ရှိတွင် သူသည် ပြုံး၍ ပြောလာသည်။

“ဟေ့ … ဘုရင်ကြီးနဲ့ ဘုရင်လေးက အခု တိုက်ခိုက်နေပြီ၊ သူတို့ ပစ်မှတ်ကို ခြေရာခံပြီးပြီနဲ့ တူတယ်၊ သွားချောင်းကြည့်ချင်လား၊ စိတ်ဝင်စားရာ ကောင်းမယ့်ပုံပဲ”

အင်္ဂလန်မှ နာမည်ဆိုးဖြင့် ကျော်ကြားသော SKY သည် ဆိုက်ဘာလောက၌ ကြွက်တစ်ကောင်သဖွယ် ဖြစ်သည်။ သူ့အား သူ့နိုင်ငံမှ အလိုရှိနေပြီး သူသည် အင်တာနက်ကို သုံး၍ ပိုက်ဆံရှာကာ ယခင်က ဆိုက်ဘာ လုံခြုံရေး ပြစ်မှုများ ကျူးလွန်ခဲ့သည်။

“ငါ့လူတို့၊ သူတို့နဲ့ ရင်ဆိုင်နေရတဲ့သူက ငါ ဖြစ်ရင်တောင်မှ ဘုရင်ကြီးနဲ့ ဘုရင်လေးကို ငါ မထိန်းနိုင်ဘူး၊ ဟားဟားဟား … ဒီလို တက်ကြွတဲ့ ဖျော်ဖြေမှုကို မြင်ရဖို့က သောက်ရမ်း အံ့ဩဖို့ ကောင်းတယ်၊ သူတို့ ပစ်မှတ်ထားတဲ့ အချက်အလက်က အများကြီး တန်တယ်၊ ငါလဲ အဲ့ဒါကို နည်းနည်းလောက် လိုချင်တယ်၊ ဟဲဟဲဟဲ …”

THEONE သည် ဂျပန်နိုင်ငံမှ ဝါရင့် ဟက်ကာတစ်ဦး ဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးမှ ပညာရှင်တစ်ယောက် ဖြစ်သည်။

“တရုတ်မှ ဟက်ကာက လက်တစ်ဆုပ်စာပဲ ရှိတယ်၊ ပြိးတော့ သူတို့ထဲက ဘယ်သူကမှ ကမ္ဘာ့ထိပ်တန်း ငါးယောက်ထဲတောင် မဝင်နိုင်ဘူး၊ သူတို့အားလုံး လုပ်နိုင်တာဆိုလို့ တိုက်ခိုက်မှုကို ခုခံရုံပဲ ရှိတယ်၊ ဂိမ်းက ပြီးသွားပြီ”

ဂျာမနီမှ ထိပ်တန်း ဟက်ကာ Alla က ပြောလာသည်။

“ဝိုး … တရုတ်မှာ တော်တဲ့ ဟက်ကာတွေ အများကြီးပဲ၊ ဘုရင်ကြီးနဲ့ ဘုရင်လေးကပဲ အခြေအနေကို ထိန်းချုပ်နေရတယ်၊ ဒါတောင် သူတို့က အတူတူ လုပ်နေရတာ၊ ဝမ်ရုံ နည်းပညာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ခံစစ် နည်းပညာက တော်တော် လေးနက်တယ်၊ သူတို့နောက်မှာ ကြောက်ဖို့ကောင်းတဲ့ တစ်ယောက်ယောက် ရှိနေတာမျိုး ဖြစ်နိုင်လား”

“ဟားဟားဟား … တကယ်ပဲ ပညာရှင်တစ်ယောက် ရှိနေတယ်ဆိုရင် ဘုရင်ကြီးနဲ့ ဘုရင်လေးတို့တော့ ကြမ်းတမ်းတဲ့ တိုက်ပွဲမျိုး ရင်ဆိုင်ရတော့မှာပဲ”

“ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ၊ ဝင်ပါချင်တဲ့ အခြားသူ တစ်ယောက်ယောက် ရှိလား”

“စိတ်မဝင်စားဘူး၊ ငါက အပျော်သက်သက် ကြည့်နေတာ၊ တိုက်ပွဲကို စောင့်ကြည့်နေတဲ့ မျက်လုံးတစ်စုံ ရှိတယ်လို့ ငါ ခံစားနေရတယ်၊ ဒါပေမဲ့ ကွန်ရက်တစ်ခုလုံး ငါ လိုက်ရှာတာတောင် ဘာမှ ရှာမတွေ့ဘူး၊ အချိန် ကုန်သွားတာပဲ အဖတ်တင်တယ်”

“ငကြောက်၊ မင်းက ငကြောက်ပဲ၊ တရုတ်မှာ ပညာရှင်တွေ ရှိနေရင်တောင်မှ သူတို့ ရှုံးနေတုန်းပြ၊ ကိုရီးယားရဲ့ ဟက်ကာ အဖွဲ့က စီစဉ်ထားတာ၊ သူတို့မှာ ပြတ်သားတဲ့ ရည်ရွယ်ချက်၊ နည်းလမ်းတွေ ရှိပြီးတော့ ပညာရှင် တစ်ဖွဲ့က အခြေအနေကို ကစဉ့်ကလျား ဖြစ်အောင် လုပ်နေတာ၊ သူတို့ အပျော် ချနေကြတာ မဟုတ်ရင်တောင်မှ အင်အားကြီးတဲ့ သူတွေတောင်မှ ပြန်မချနိုင်ဘဲ ထိန်းချုပ်ခံထားရသလို ခံစားနေရလိမ့်မယ်”

“ငါလဲ ငကြောက်လို ခံစားရတယ်၊ ဒါပေမဲ့ တရုတ်က ပညာရှင်တစ်ယောက် ဟုတ်လားဆိုတာက မသေချာဘူး၊ ဒီလောက် ကြီးတဲ့ ကွန်ရက်ကြီးထဲမှာ တစ်ယောက်ယောက်က ငါတို့လို တစ်ထောင့်ထောင့်ကနေ ပုန်းပြီးတော့ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေလောက်တယ်”

“မင်းတို့တွေတောင်မှ မရှာနိုင်ဘူးဆိုရင် ဒီလူက တော်တော် ကြောက်ဖို့ကောင်းတာပဲ”

…

ထိုသို့သောအချိန်၌ ရဲ့လင်းချန်က ခုံကို လက်ဖြင့်ခေါက်နေပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးတက်လာသည်။ ငါးကြီးက ငါးစာကို လာဟပ်လေပြီ။

All Chapters