သွေးချောင်းစီးခြင်း
Vol. 85 Ch. 1261
ဘုန်း...
မည်သည့်စကားမှမဆိုတော့ဘဲ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် ဆူဇီမိုရှေ့သို့ရောက်ရှိလာပြီး ထိုးချက်တစ်ချက်ကို ပစ်ထိုးကာ ကြောက်စရာကောင်းသော ကောင်းကင်နှင့်မြေကြီး စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
လျှို့ဝှက်အခန်းထဲရှိ လေထုသည် ချစ်ချစ်တောက်ပူလောင်ပြီး မွန်းကျပ်ဖွယ်ရာ ကောင်းလာ၏။
ပေါင်းစည်းခန္ဓာအဆင့်၌ လူတစ်ယောက်သည် သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းထားနိုင်ခဲ့ပြီဖြစ်၏။ သူတို့၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းပကားကိုထုတ်ဖော်နိုင်၏။
လူသားများသည် ပေါင်းစည်းခန္ဓာအဆင့်၌ သူတို့၏ အားနည်းသော ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်ကနေ အမှန်တကယ်ရုန်းထွက်နိုင်ပြီး ကြမ်းကြုတ်တောကောင်များစွာနှင့် အနီးကပ်တိုက်ခိုက်လာနိုင်မည်ဖြစ်၏။
ပြတ်တောက်သွားသော လက်တစ်ဖက်ကို ပြန်လည်ပေါက်စေနိုင်မည်ဆိုလျှင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပိုင်ဆိုင်ထားသော အသက်ဓာတ်အားက ဘယ်လောက်တောင် သိပ်သည်းပြင်းထန်သလဲ စဥ်းစားကြည့်နိုင်၏။
လေဟာနယ်တစ်ခုလုံးက ထိုထိုးချက်နှင့်အတူ တုန်ခါသွား၏။
“မဟာသက္ကတအလင်းလက်သီး”
ဆူဇီမို၏အကြည့်က သိပ်သည်းစုဖွဲ့လာပြီး နောက်ဆုတ်ခြင်း ၊ ရှောင်တိမ်းခြင်းလုံးဝမရှိပေ။ သူ၏အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ဝင်ရောက်လာသော လက်သီးကိုတားဆီးကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ကို ပြန်လည်ထိုးနှက်လိုက်၏။
ထိုထိုးချက်သည် အကန့်အသတ်မဲ့သော အလင်းဖြင့် တောက်ပနေသည့် ချစ်ချစ်တောက်နေတစ်စင်းနှင့်တူပြီး လျှို့ဝှက်ခန်းမတစ်ခုလုံးကို နေ့ဘက်အလားထိန်လင်းသွားစေ၏။
ထိုအလင်းသည် နတ်ဘုရားဆန်သောစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပြီး အရာရာတိုင်းကို ဖယ်ရှာရှင်းလင်းပစ်ချင်နေသည်ဟု ထင်ရ၏။
ဘုန်း...
လက်သီးနှစ်လုံးက ကျယ်လောင်သော မြည်သံဖြင့်ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
ကျင့်ကြံသူများသည် ထိုသည်ကိုမြင်သောအခါ တုန်လှုပ်သွားရ၏။
အရင်က မဟာကမ္ဘာဦးရှေးဟောင်းအပြင်ဘက်မှာ ဆူဇီမိုတိုက်ခိုက်ခဲ့သည်ကို သူတို့က တွေ့မြင်ခဲ့ကြ၏။ အဲ့ဒါက ပြတ်သား၍ ထက်ရှပြီး စွမ်းအားကြီးမား၏။
သို့သော်လည်း ယခု ဆူဇီမိုထုတ်ဖော်ပြသလိုက်သောစွမ်းအားသည် သူတို့ စဥ်းစားတွေးထင်ထားသည်ထက်ပင်များစွာပို၍ ကြောက်စရာကောင်းနေမည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
သူသည် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို အသုံးပြုခြင်းမရှိဘဲ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်နေ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များမှာပင်လျှင် ခွန်အားကွာခြားချက်ရှိလေသည်။
သူသည် အကြီးအကဲလီလေ့ကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများမှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဆူဇီမိုသည် သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ဆင့်ခေါ်ခြင်းဖြင့်သာ သူတို့ကိုတိုက်ခိုက်နိုင်မည်ဖြစ်၏။
သို့သော်လည်း သူ့ရှေ့ရှိ ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က ထိုအဆင့်သို့ မရောက်ရှိသေးပေ။
“မင်း...”
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က ဆူဇီမို၏ ထိုးချက်တွင် ကြောင်အ,မှင်တက်သွား၏။
သူ့ထိုးချက်၏ စွမ်းအားသည် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့နေနေသာ ထိုသူ့ကိုပင် တွန်းလှန်နိုင်ခြင်းမရှိကြောင်း သူက ထင်မှတ်မထားခဲ့ပေ။
ဆူဇီမိုသည် ဘယ်ဘက်လက်ဖြင့် သူ၏သိုလှောင်အိတ်ကို ပုတ်ပြီး ညာဘက်လက်ဖြင့် ဓားကွက်တစ်ခုကို လှုပ်ရှားကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ထံသို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
ဇီ...
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် အရမ်းကိုကြောက်စရာကောင်းပြီး ၎င်း၏ သတ်ဖြတ်ခြင်းစွမ်းအားက ကောင်းကင်ထက်ရှိ ကြယ်များကိုပင် ဝရုန်းသုန်းကားဖြစ်စေပြီး သူတို့၏လမ်းကြောင်းကိုပြောင်းလဲစေနိုင်၏။
အဲ့ဒါသည် သာမန်ဓမ္မပညာရပ်တစ်ခုခုသာဆိုလျှင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က အဲ့ဒါကို သူ၏ လက်ဗလာဖြင့် ချေမွဖျက်ဆီးပစ်နိုင်၏။ သူသည် ဓမ္မပညာရပ်များအားလုံးကို သူ၏ကိုယ်ကာယသက်သက်ဖြင့် ချိုးဖျက်နိုင်လေသည်။ သို့သော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် ရင်ဆိုင်ရချိန်တွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ၏ ဦးရေပြားက စပ်ဖျင်းဖျင်းဖြစ်လာပြီး သူ၏ခေါင်းမွေးများက ထောင်ထလာ၏။
သူသည် အဲ့ဒါကို သူ၏ခန္ဓာကိုယ်ဖြင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်းမရှိပေ။
“သွား...”
စွမ်းအားကြီးပုဂ္ဂိုလ်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုကိုချကာ သူ၏မူပိုင်ဓမ္မလက်နက်ကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။
သူသည် သူ၏မူပိုင်ဓားပျံကို သုံးပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ခုခံချင်လေသည်။
သို့သော်လည်း ဆူဇီမိုသည် အဲ့ဒါကို ကြိုတင်ခန့်မှန်းထားခဲ့ပြီဖြစ်ပြီး သူ့ထက်ပို၍ လျင်မြန်နေခဲ့၏။ သူက သူ၏ဘယ်ဘက်လက်နှင့် အတူ သိုလှောင်အိတ်ထဲကနေ ဂမ္ဘီရသံလိုက်တောင်ကို ပစ်ထုတ်လိုက်ပြီဖြစ်၏။
ပေ၂ထောင် ၃ထောင်မြင့်မားသော ဂမ္ဘီရသံလိုက်တောင်သည် ကြီးမားသော အရိပ်တစ်ခုနှင့်အတူ ဆင်းသက်လာခဲ့၏။ ၎င်းက ကြောက်စရာကောင်းသော အော်ရာတစ်ခုရှိပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် တစ်ချိန်တည်းနီးပါးမှာပင် ရောက်ရှိလာခဲ့၏။
စွမ်းအားကြီးပုဂ္ဂိုလ်က သူ၏မူပိုင်ဓားပျံကို ဆင့်ခေါ်လိုက်သည့်ခဏမှာပင် ၎င်း၏လမ်းကြောင်းက ဂမ္ဘီရသံလိုက်တောင်၏ ဆွဲငင်ယူဆောင်ခြင်းကိုခံလိုက်ရ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
သူ၏ မူပိုင်ဓမ္မလက်နက်သည် ဂမ္ဘီရသံလိုက်တောင်၏ ဆွဲငင်ယူဆောင်ခြင်းကို ခံလိုက်ရပြီဖြစ်၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက ခုတ်ပိုင်းကျလာခဲ့ပြီဖြစ်၏။
စွမ်းအားကြီးပုဂ္ဂိုလ်အနေဖြင့် သူ၏ဗျူဟာကိုပြောင်းလဲဖို့ သို့မဟုတ် ဓမ္မပညာရပ်တစ်ခုခုကို ဆင့်ခေါ်ဖို့အတွက် နောက်ကျသွားခဲ့ပြီဖြစ်၏။ သူသည် အပြတ်အသတ်အရေးနိမ့်လာခဲ့၏။
သေရေးရှင်ရေး အခိုက်အတန့်တွင် စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားပြီး သူ၏လက်နှစ်ဖက်ကို ပင့်မြှောက်ကာ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကိုခုခံလိုက်၏။
“ရွှီး....”
သွေးများက ပန်းထွက်လာခဲ့၏။
မည်သည့်ခုခံမှုမှ မရှိသလောက်နီးပါးဖြင့် စွမ်းအားကြီးပုဂ္ဂိုလ်၏လက်သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ဖြတ်တောက်ခြင်းခံလိုက်ရပြီး လတ်ဆတ်သောသွေးများက စီးကျလာခဲ့၏။
ဤစွမ်းအားကြီးပုဂ္ဂိုလ်က ရက်စက်ကြမ်းကြုတ်သော စိတ်နေစရိုက်ရှိလေသည်။ သူ၏လက်တစ်ဖက်ကိုဆုံးရှုံးပြီးတာတောင် အသံတစ်ချက်မှမထွက်ပေ။ သူက အံကိုတင်းတင်းကြိတ်ပြီး ဆူဇီမိုကို ပြင်းထန်စွာ စိုက်ကြည့်ကာ ထိုသူနှင့် အကွာအဝေးတစ်ခုခွာထားဖို့အတွက် နောက်သို့ဆုတ်လိုက်၏။ သို့သော်လည်း သူက ခြေနှစ်လှမ်းမလှမ်းရသေးခင်မှာပင် ခပ်သဲ့သဲ့ညည်းတွား၍ သူ၏မျက်နှာမှ သွေးများဆုတ်ယုတ်ကာ သူ၏ခန္ဓာကိုယ်က ဒယီးဒယိုင်ဖြစ်သွား၏။
ပုံမှန်အခြေအနေမှာဆိုရင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ပြတ်တောက်သွားသော သူ၏လက်ကို တစ်ခဏတွင်း ပြန်လည်ပေါက်ဖွားစေနိုင်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ၏ ပြတ်တောက်သွားသော လက်မှ စီးထွက်နေသောသွေးများကပင် ရပ်တန့်သွားခြင်းမရှိကြောင်း သူက တုန်လှုပ်စွာဖြင့် တွေ့ရှိလိုက်ရ၏။
ဒါ့အပြင်... ဒဏ်ရာပတ်လည်ရှိ ကြွင်းကျန်ရစ်သော ဓားချီသည် သူ၏ဒဏ်ရာကို ဆုတ်ဖြဲနေဆဲ ဖြစ်ပြီး သူ၏အသက်ဓာတ်အားကို ဖျက်ဆီးပစ်နေ၏။
အဲ့ဒါက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။
ရှေးဟောင်းဓားပညာရပ်သုံးခုသည် အသက်ဓာတ်များကို ဖြတ်တောက်နိုင်ပြီး သူတို့၏ ခြေလက်များကိုပင် ပြန်လည်ပေါက်မလာနိုင်စေပေ။
“အား....”
နောက်ဆုံးမှာတော့... စွမ်းအားကြီးပုဂ္ဂိုလ်သည် စူးစူးရှရှ အော်ဟစ်လိုက်ရ၏။ သူ၏သွေးချီက ပြင်းထန်စွာခန်းခြောက်လာပြီး သူက ဒယီးဒယိုင်ဖြင့် လဲပြိုကျလုနီးပါးဖြစ်လာ၏။
ထိုစဥ်မှာပင် သူ၏အမြင်အာရုံက မှောင်မည်းသွားပြီး ကြီးမားသည့်အရိပ်တစ်ခုက သူ့အပေါ်ကို လွှမ်းခြုံလာခဲ့၏။
ဘုန်း...
ဂမ္ဘီရသံလိုက်တောင်က ဆင်းသက်လာပြီး စွမ်းအားကြီးပုဂ္ဂိုလ်ကို ဖိချလိုက်လေသည်။ ဤစွမ်းအားကြီးပုဂ္ဂိုလ်၏ သွေးချီသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကြောင့် ခန်းခြောက်လုနီးပါးဖြစ်နေခဲ့ပြီး သူက ဂမ္ဘီရသံလိုက်တောင်၏ ဖိအားကို လုံးဝခုခံနိုင်ခြင်း မရှိပေ။
ကျင့်ကြံရေးလောကတွင် အထွတ်အထိပ်နီးပါးမှာ ရပ်တည်နိုင်သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ဘာစကားမှမပြောနိုင်ခင်မှာပင် သူ၏အလောင်း သို့မဟုတ် စိတ်ဝိညာဥ်ပင်မကျန်ရှိဘဲ အသားပျော့ဖတ်တစ်ခုအဖြစ်သို့ ဖိချေခံလိုက်ရပြီဖြစ်၏။
ကျင့်ကြံသူများက လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။
အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းလွန်း၏။
ပေါင်းစည်းခန္ဓာအဆင့်သို့ရောက်ရှိပြီး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့အတွက် လူတစ်ယောက်သည် မရေမတွက်နိုင်သော အန္တရာယ်များ ၊ အခွင့်အလမ်းများနှင့် အတွေ့အကြုံများကို ကြုံတွေ့ဖြတ်ကျော်ခဲ့ရလေသည်။
ကံမကောင်းစွာနှင့်ပင် အချိန်တစ်ခဏအတွင်း ထိုကြိုးစားအားထုတ်မှုများအားလုံးက ဝမ်းနည်းစရာကောင်းစွာဖြင့် အဆုံးသတ်သွားခဲ့ပြီဖြစ်၏။
ကျင့်ကြံရေးလမ်းကြောင်းသည် ကောင်းကင်ဘုံကိုဖီဆန်ရခြင်းဖြစ်ပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့၏။
ဤတိုက်ပွဲအပြီး၌ လျှို့ဝှက်ခန်းထဲရှိ အခြားမည်သူကမှ ဆူဇီမိုကို စိန်ခေါ်ရဲခြင်းမရှိတော့ပေ။
အဲ့ဒီမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ ရှိနေသေးသော်လည်း မည်သူကမှ အလျင်စလိုပြုမူလှုပ်ရှားရဲခြင်းမရှိပေ။
ထိုစဥ်မှာပင်... လျှို့ဝှက်ခန်း၏ အခြားတစ်ဘက်မှ ဒေါသတကြီးငြင်းခုံသံများက ထွက်ပေါ်လာခဲ့၏။
“မဟာအမြုတေဖန်တီးခြင်းဆေးလုံး... အဲ့ဒါကို ထုတ်ပေးစမ်း”
“ငါ အဲ့ဒီဆေးလုံးကို သေချာပေါက်ရအောင်ယူရမယ်”
“ငါနဲ့ ဘယ်သူလာပြီး တိုက်ခိုက်ရဲမလဲ... ကြည့်ရသေးတာပေါ့”
ချက်ချင်းပင် ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းမှ နောက်ထပ် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က ထွက်ပေါ်လာခဲ့၏။
မဟာအမြုတေဖန်တီးခြင်းဆေးလုံးသည် ရှေးဟောင်းခေတ်က ဆေးလုံးတစ်လုံးလည်းဖြစ်၏။ ၎င်းကို စားသုံးခြင်းဖြင့် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်သည် အဆင့်သေးတစ်ခုကို ချက်ချင်းပင် ချိုးဖျက်တက်လှမ်းနိုင်သည်ဟုဆို၏။
အဲ့ဒါသည် ကောင်းကင်နှင့်မြေကြီးထံကနေ ခိုးယူထားသော ဖန်တီးမှုတစ်ခုသေချာပေါက်ဖြစ်လေသည်။
သူသည် တစ်ခုခုလွဲမှားနေသည်ဆိုသော ခံစားချက်ကို ထပ်တလဲလဲ ရရှိနေသော်လည်း ဆူဇီမိုသည် မဟာအမြုတေဖန်တီးခြင်းဆေးလုံး၏ အမည်ကို ကြားရချိန်မှာ သူက ရင်တစ်ချက်ထိတ်သွားခဲ့၏။
ဘန်း...ဘန်း.. ဘန်း...
မဟာအမြုတေဖန်တီးခြင်းဆေးလုံးအတွက် တိုက်ခိုက်ရန် ဓမ္မဝိသေသတာအိုအရှင်တစ်ရာကျော်သည် စတင်၍ တိုက်ခိုက်လိုက်ကြပြီဖြစ်၏။ များစွာသော ဓမ္မပညာရပ်များက ထိတွေ့ရိုက်ခတ်ပြီး အသံဗလံများကို ဆက်တိုက်ကြားလာရ၏။
ထိုစဥ်မှာပင် လျှို့ဝှက်ခန်းထဲရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် ရှေးဟောင်းနည်းစနစ်တစ်ခုအတွက်ကြောင့် ထိပ်တိုက်ရင်ဆိုင်လာကြပြီဖြစ်၏။
“ကျုပ်... ဒီနေရာကိုရောက်လာရတဲ့အကြောင်းရင်းက ဒီဆုတ်ပြဲနေတဲ့အပိုင်းကိုရရှိဖို့ပဲ.. အဲ့ဒါက နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့ ကျုပ်တို့ ခရမ်းရောင်နေမင်းဂိုဏ်းရဲ့ မပြီးပြည့်စုံတဲ့ မိတ္တူတစ်ခုပဲ.. တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး ကျုပ်ကိုမျက်နှာသာပေးပါဦး... ဒီနေရာကနေ ထွက်ခွာပြီးရင် ကျုပ်တို့ဂိုဏ်းက ခင်ဗျားတို့ကိုသေချာပေါက် ဆုလဒ်ကြီးကြီးချီးမြှင့်ပါမယ်”
ခရမ်းရောင်နေမင်းဂိုဏ်းသည် အလယ်ပိုင်းတိုက်ရှိ အဆင့်မြင့်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်၏။
ခရမ်းရောင်နေမင်းဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် တောင်းပန်တိုးလျှိုးသော လေသံဖြင့် သူ၏လက်သီးနှစ်ဖက်ကိုဆုပ်ပြလိုက်၏။
“ဟေးဟေး...”
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က လှောင်ရယ်လိုက်၏။
“အဲ့ဒါကို မင်းပြောတာကတော့ လွယ်တာပေါ့... ဒီရှေးဟောင်းဘုရားကျောင်းထဲမှာရှိတဲ့ ရတနာတွေက ပိုင်ရှင်မဲ့ပဲ... ဒါတောင်မင်းက အဲ့ဒါကို မင်းတို့ခရမ်းရောင်နေမင်းဂိုဏ်းက ပိုင်ဆိုင်တယ်လို့ ပြောနေသေးတယ်”
“အဲ့ဒါအမှန်ပဲ “
နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကခေါင်းညိတ်လိုက်၏။
“မင်းက အဲ့ဒီရတနာကိုလိုချင်တယ်ဆိုရင် ရအောင်တိုက်ခိုက်ယူလေ”
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသို့ ရောက်ရှိလာသော မည်သည့်ကျင့်ကြံသူကမှ လက်ဗလာနှင့် ပြန်မသွားလိုကြပေ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် စကားများစွာထပ်ပြောမနေတော့ဘဲ စတင်တိုက်ခိုက်လိုက်ကြပြီဖြစ်၏။
လျှို့ဝှက်ခန်းအတွင်းတွင် ကျင့်ကြံသူများသည် ရတနာများကို တစ်ခုပြီးတစ်ခု ရှာတွေ့လာပြီး တိုက်ပွဲများက အဆက်မပြတ်ပေါ်ထွက်လာခဲ့၏။ အဲ့ဒါက ရှုပ်ထွေးဗြောင်းဆန်ကုန်လေပြီ။
ဆူဇီမိုသာလျှင် ထိုကိစ္စများမှာ ဝင်မပါဘဲ ဘေးသို့ထွက်ရပ်နေ၏။
ထိုကျင့်ကြံသူများသည် ဆင်ခြင်တုံတရားရှိနေဆဲ ဖြစ်ပြီး မည်သူကမှ သူ့ကို မဆင်မခြင် ရန်စလာရဲခြင်းမရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ ထိုလျှို့ဝှက်ခန်းထဲတွင် သေဆုံးသွားသော ကျင့်ကြံသူများက ပိုပို၍များလာပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲကာ မြေပြင်က မသတီစရာသွေးများဖြင့် နီစွေးလာခဲ့ပြီဖြစ်၏။