← Chapters

စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း

Vol. 85 Ch. 1262

စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း

Vol. 85 Ch. 1262

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့၏။

လျှို့ဝှက်ခန်းထဲရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည် ရပ်တန့်သွားမည့် မည်သည့် လက္ခဏာမှ ပြသမလာခဲ့ပေ။

များစွာသော ရတနာများ ပေါ်ထွက်လာခြင်းနှင့်အတူ များစွာသော ကျင့်ကြံသူများသည် ပိုပို၍ ရူးသွပ်လာပြီး သူတို့၏ စိတ်များပင် လွတ်ထွက်သွားကြ၏။ သူတို့၏ မျက်လုံးများက လုံးဝ နီရဲလာခဲ့ပြီဖြစ်၏။

အစကတော့.. လျှို့ဝှက်ခန်းထဲမှာ ကျင့်ကြံသူပေါင်း ငါးရာကျော် ရှိနေခဲ့၏။

နာရီဝက်ကြာပြီးနောက်.. အဲဒီမှာ တစ်ဝက်သာလျှင် ကျန်ရှိတော့၏။

အချိန်ကုန်လာသည်နှင့်အမျှ.. လျှို့ဝှက်ခန်းထဲရှိ ကျင့်ကြံသူ အရေအတွက်က လျင်မြန်စွာ လျော့ကျလာနေ၏။

ဆူဇီမိုပင်လျှင် သွေးရနံ့ကို ရှူရှိုက်မိသောအခါ.. သူသည် လျှို့ဝှက်ခန်းထဲရှိ ကျင့်ကြံသူများ အားလုံးကို သတ်ဖြတ်ပြီး ရတနာများ အားလုံးကို အပိုင်စီးချင်သည့်စိတ်ပင် သူ့ထံမှ ပေါ်ထွက်လာခဲ့၏။

သို့ရာတွင် သူ့မှာ ဆင်ခြင်တုံတရား ရှိနေဆဲဖြစ်၏။

လက်ရှိအခြေအနေက တစ်မူထူးခြားလေသည်။

အဲဒါထက်.. သူတို့သည် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်လာကတည်းက ဖြစ်စဉ်တစ်ခုလုံးက အလွန်တရာ ထူးဆန်းနေခဲ့၏။

ဆူဇီမိုသည် တစ်စုံတစ်ရာကို လျစ်လျူရှုထားမိသည်ဟူသော ခံစားချက်ကို ထပ်တလဲလဲ ရရှိနေပြီး သူ၏ အသိစိတ်ထဲရှိ သူ၏ အမြုတေစိတ်ဝိညာဉ်က ဗုဒ္ဓသုတ္တန်များကို စတင်ရွတ်ဖတ်၍ သူ၏စိတ်ကို ရှင်းလင်းနေစေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။

ဘုန်း…

ထိုစဉ်မှာပင်.. လျှို့ဝှက်ခန်းထဲရှိ နံရံတစ်ဖက်မှ ကျယ်လောင်စွာ မြည်ဟည်းသံ ထွက်ပေါ်လာပြီး အက်ကွဲကြောင်းများ ပေါ်ထွက်ကာ လျင်မြန်စွာ ဖြန့်ကြက်သွား၏။

ဘုန်း..

ကျယ်လောင်သော မြည်သံနှင့်အတူ နံရံက ပြိုကျသွားပြီး ဖုန်များက တထောင်းထောင်းထသွား၏။

နံရံ၏ အခြားတစ်ဖက်တွင် ကျင့်ကြံသူ တစ်အုပ်စုသည်လည်း ရတနာများအတွက် တိုက်ခိုက်နေကြ၏။

နံရံပြိုကျသံကို ကြားရပြီးနောက်.. နှစ်ဖက်စလုံးရှိ ကျင့်ကြံသူများသည် ခဏမျှ ရပ်တန့်ကာ တစ်ဖက်ကို တစ်ဖက် ကြည့်လိုက်ကြ၏။

“အထီးကျန်သိုင်းသခင်..”

ထိုစဉ်မှာပင်.. အခြားတစ်ဖက်ရှိ လူအုပ်ထဲမှ ဒေါသတကြီး ဟိန်းဟောက်သံက ထွက်ပေါ်လာခဲ့၏။

ရန်သူများသည် တစ်ဖက်နှင့်တစ်ဖက် မကြာခဏ အမှန်တကယ်ပင် တွေ့ဆုံတတ်ကြ၏။

လျှို့ဝှက်ခန်း၏ နံရံတစ်ဖက်က ရုတ်တရက် ပြိုကျသွားပြီး အခြားတစ်ဖက်တွင် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ အကြီးအကဲလီလေ့ ရှိနေမည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

အကြီးအကဲလီလေ့၏ အဝတ်အစားများသည်လည်း များစွာသော သွေးများဖြင့် စွန်းထင်းနေခဲ့ပြီဖြစ်၏။

သူသည် ကြီးမားသည့် တိုက်ပွဲတစ်ခုကို အခုတင် ဆင်နွှဲထားသည်မှာ သိသာပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်၍ ရှေ့သို့ လျှောက်လှမ်းလာ၏။

အကြီးအကဲလီလေ့၏ ဘယ်ဘက်တွင် နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က လေထုကို ဖြတ်ကျော်၍ ပျံသန်းလာ၏။ သူသည် ဓားအိမ်ထဲမှ ဓားတစ်လက်နှင့်တူပြီး စိမ်းသက်သော အမူအရာနှင့်အတူ ဆူဇီမိုကို စိုက်ကြည့်နေ၏။

ဓားဂိုဏ်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်..။

အကြီးအကဲလီလေ့၏ ညာဘက်တွင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် မိုးကြိုးလျှပ်စီးတစ်ခုကို စီးနင်းပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာနှင့်အတူ လေထုကို ဆုတ်ဖြဲလာခဲ့၏။

မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်…။

ထိပ်သီးဂိုဏ်းကြီးများမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သုံးယောက်က ဤနေရာမှာ ရှိနေကြ၏။

ထိပ်သီးဂိုဏ်းကြီးများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သာမန်စွမ်းအားကြီးပုဂ္ဂိုလ်များထက် များစွာသာလွန်သော ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားကြ၏။

ယခုအချိန်တွင် ဆူဇီမိုက အလယ်အလတ်အဆင့် ဓမ္မဝိသေသအဆင့်မှာသာ ရှိနေ၏။ သူနှင့် ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကြားတွင် အဆင့်သေးတစ်ဆင့်အပြင် နောက်ထပ်အဆင့်ကြီးတစ်ဆင့်ပါ ကွာဟနေ၏။

သူက သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဖိနှိမ်နိုင်လေသည်။

သို့သော်လည်း.. သူက ထိပ်သီးဂိုဏ်းကြီးများမှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရလျှင် အနိုင်ရရှိပါ့မလား မသေချာပေ။

“အထီးကျန်သိုင်းသခင်.. မင်းက ဒီတစ်ခေါက်တော့ တခြားဘယ်နေရာကို ထွက်ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

အကြီးအကဲလီလေ့က လှောင်ရယ်လိုက်၏။

“ထွက်ပြေးရမတဲ့လား”

ဆူဇီမိုကလည်း လှောင်ရယ်လိုက်၏။

“မင်းတို့သုံးယောက်လောက်နဲ့ ငါ့ကို သတ်ဖြတ်နိုင်မယ်လို့ မင်းက တကယ်ပဲ ထင်နေတာလား”

သူသည် အစောပိုင်း ဓမ္မဝိသေသအဆင့်မှာသာ ရှိနေမည်ဆိုလျှင် သူက ထိပ်သီးဂိုဏ်းကြီးများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်မှု ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါ သူသည် အလယ်အလတ် ဓမ္မဝိသေသအဆင့်သို့ ရောက်ရှိနေပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက အဆများစွာ တိုးလာခဲ့ပြီဖြစ်၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် ၈၇ပေ အမြင့်ထိ ကြီးထွားလာခဲ့ပြီဖြစ်၏။

“မဟာကစဉ့်ကလျားအမြုတေလက်ဝါး”

အကြီးအကဲ လီလေ့သည် ဟိန်းဟောက်၍ ဆူဇီမိုရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ သူသည် သူ၏လက်ဝါးကို ဆန့်ထုတ်ပြီး ဧရာမ ကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ ဆူဇီမိုပေါ်ကို ဖိချလိုက်၏။

အဲဒါက ကစဉ့်ကအလျားအမြုတေဂိုဏ်း၏ အသန်မာဆုံး လျှို့ဝှက်အတတ်ဖြစ်၏။

အရင်တုန်းက သီယင်းသည် သူ၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့်အတူ အဆင့်တူချင်းမှာ မည်သူ့ကိုမဆို ရှင်းထုတ်ပစ်နိုင်ခဲ့၏။

အကြီးအကဲလီလေ့၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးသည် သီယင်းထက် များစွာပိုမိုသန်မာသည်မှာ သိသာ၏။ သူ၏ လက်ဝါးတွင် လောကဆိုင်ရာ စွမ်းအားများက အမှန်တကယ်ပင် စုဆုံလာခဲ့၏။

ထိုလက်ဝါး ဆင်းသက်လာသောအခါ ဆူဇီမိုသည် လူသားတစ်ယောက်နှင့် တိုက်ခိုက်နေခြင်း မဟုတ်ဘဲ တစ်လောကလုံးနှင့် ရင်ဆိုင်နေရပြီး အချိန်မရွေး ဖျက်ဆီးခံရနိုင်သည်ဟု ခံစားမိလာ၏။

“ရင်သပ်ရှုမောဓား”

ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က သူ၏ဓားနှင့်အတူ ခုတ်ပိုင်းချလိုက်၏။

တဖျတ်ဖျတ် တလက်လက် ဓားအလင်းတန်းက လျှပ်စီးတန်းတစ်ခုကဲ့သို့ ဆင်းသက်လာပြီး ရှောင်လွှဲ၍ မရနိုင်ပေ။

ဓားဂိုဏ်းတွင် ဓားအမွေအနှစ်များစွာ ရှိသော်လည်း အသန်မာဆုံးမှာ အသက်မဲ့ဓားတာအိုနှင့် ရင်သပ်ရှုမောဓားတာအို ဖြစ်၏။

မိုးကြိုးလေပြေနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်က မည်သည့်လျှို့ဝှက်အတတ် သို့မဟုတ် ဓမ္မပညာရပ်ကိုမှ အသုံးပြုခြင်း မရှိဘဲ သူ၏သွေးချီကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။ သူက လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပနေသော ဧရာမ တူတစ်လက်ကို ဆွဲကိုင်ပြီး ဆူဇီမို၏ ဦးခေါင်းကို ပစ်ထုလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် သုံးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြ၏။

ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ဆူနာမီကဲ့သို့ တလိပ်လိပ်တက်လာပြီး မွန်းကျပ်ဖွယ်ရာကောင်းနေ၏။

တကယ့်ကို သန်မာလွန်းလှ၏။

ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် သုံးယောက်သည် စောစောက ဆူဇီမို၏လက်ထဲမှာ သေဆုံးခဲ့ရသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ထက် များစွာပိုမိုသန်မာကြ၏။

ထိုဖိအားအောက်တွင် ဆူဇီမိုသည် ကောင်းကင်ထက်သို့ ဟိန်းဟောက်၍ သူ၏ခန္ဓာကိုယ်ကနေ ပုံရိပ်သုံးခု ချက်ချင်းပေါ်ထွက်လာပြီး လျင်မြန်စွာ မြင့်တက်လာခဲ့၏။ တစ်ခဏအတွင်းမှာပင် သူတို့က ၈၀ ပေ အမြင့်ထိ ရောက်ရှိလာကြ၏။

သူတို့က ၈၀ ပေ အမြင့်မှာ ရပ်တန့်မသွားဘဲ မကြာခင် ၈၇ ပေ အမြင့်ထိ ရောက်ရှိသွားကြ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ… သုံးခု။

လူအုပ်ကြီးက တုန်လှုပ်သွားရ၏။

အစက တိုက်ခိုက်နေကြသော ကျင့်ကြံသူအချို့ပင်လျှင် ယာယီအားဖြင့် ရပ်တန့်သွားပြီး ကြောင်အ,မှင်တက်နေသော အမူအရာများဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။

“မဖြစ်နိုင်တာ”

“အထီးကျန်သိုင်းသခင်မှာ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ နှစ်ခုပဲရှိတာ မဟုတ်ဘူးပဲ.. အဲဒါက သုံးခုတောင်..”

“အလယ်အလတ်အဆင့် ဓမ္မဝိသေသမှာတင် သူက ၈၇ပေ မြင့်မားတဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ သုံးခုကို စုဖွဲ့နိုင်ထားပြီဆိုတာ တကယ့်ကို ကြောက်စရာကောင်းလွန်းလှတယ်.. အဆင့်တူချင်းမှာ အထီးကျန်သိုင်းသခင်ကို ဘယ်သူက ယှဉ်နိုင်ဦးမှာလဲ”

ပုံမှန်အားဖြင့်ဆိုလျှင်.. ၈၇ပေ​ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုကို ကျင့်ကြံထားနိုင်သည့် မည်သူ့ကိုမဆို ကောင်းကင်ဘုံကို ဖီဆန်သော ပြန်ဝင်စား မွန်းစတားတစ်ယောက်အဖြစ် သတ်မှတ်နိုင်လေသည်။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုကို ချက်ချင်းလက်ငင်း ထုတ်ဖော်လိုက်သည့် မြင်ကွင်းသည် များစွာသော ကျင့်ကြံသူများ၏ အသိသညာထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။

အကြီးအကဲလီလေ့နှင့် အခြားနှစ်ယောက်ပင်လျှင် တုန်လှုပ်သွားရ၏။

မိုးကြိုးဓမ္မခန္ဓာသည် ကျာပွတ်တစ်ခုကို ကိုင်ဆွဲပြီး ဝင်ရောက်လာသော မိုးကြိုးလေပြေနန်းတော်မှ အကြီးအကဲကို လွှဲရိုက်လိုက်၏။

ကျာပွတ်သည် မိုးကြိုးစွမ်းအားဖြင့် တောက်ပနေပြီး လေထဲမှာ တဖျောက်ဖျောက်မြည်နေ၏။ ၎င်းက ဖျက်ဆီးအားမြင့်မားသော အော်ရာတစ်ခုကို သယ်ဆောင်ပြီး တစ်မူထူးခြားစွာ လှုပ်ရှား၍ မိုးကြိုးလေပြေနန်းတော်မှ အကြီးအကဲ၏ လက်မောင်းကို ဆွဲယူရစ်ပတ်လိုက်၏။

မိုးကြိုးလေပြေနန်းတော်၏ အကြီးအကဲက သူ၏ ဧရာမ တူကို ကိုင်ဆွဲထား၏။

ဓမ္မလက်နက်များကြားမှာ ပုဆိန်များနှင့် တူများသည် ကြမ်းကြုတ်ခက်ထန်မှုအရှိဆုံးဖြစ်ကြ၏။ သို့သော်လည်း မိုးကြိုးဓမ္မခန္ဓာ၏ ကျာပွတ်သည် အလွန်တရာ လိုက်လျောညီထွေမှုရှိပြီး မိုးကြိုးလေပြေနန်းတော် အကြီးအကဲ၏ ဧရာမ တူကို တန်ပြန်တိုက်ခိုက်နိုင်၏။

ဖြောင်း…

ကျာပွတ်သည် ဧရာမ တူနှင့် လုံးဝ ထိပ်တိုင်ရင်ဆိုင်ခြင်း မရှိပေ။

ထိုအစား.. ၎င်းက မိုးကြိုးလေပြေနန်းတော်မှ အကြီးအကဲ၏ လက်မောင်းကို စိတ်ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ပြီး သိပ်သည်းပြင်းထန်သော မိုးကြိုးစွမ်းအားကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

“အား…”

မိုးကြိုးလေပြေနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် ခပ်သဲ့သဲ့ ညည်းတွားပြီး သူ၏လက်က အပ်ပေါင်းများစွာဖြင့် ထိုးစိုက်ခံလိုက်ရသည့်အလား စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရ၏။

သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှု အရိပ်အယောင်က ပေါ်ထွက်လာ၏။

အခြားတစ်ဖက်တွင်တော့…

အကြီးအကဲလီလေ့၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့် ရင်ဆိုင်ရချိန်တွင် ရူလိုင်းဓမ္မခန္ဓာသည် ခံ့ညားထည်ဝါသော အမူအရာနှင့်အတူ သူ၏ခေါင်းကို ငုံ့ထား၏။ ၎င်းက လျှို့ဝှက်ဆန်းကြယ်သော သုတ္တန်များကို ရွတ်ဆိုပြီး ၎င်း၏လက်ဝါးကို ဆန့်ထုတ်လိုက်၏။

ရူလိုင်းဓမ္မခန္ဓာ၏ လက်ဖဝါးသည် ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

လက်ဝါးနှစ်ဖက်က ထိတွေ့ရိုက်ခတ်သွားကြ၏။

ရူလိုင်းဓမ္မခန္ဓာသည် အနည်းငယ် တုန်ယင်သွားသော်လည်း နောက်သို့ဆုတ်သွားခြင်း မရှိပေ။

ဆူဇီမိုသည် ကျောက်ဆောင်တစ်ခုကဲ့သို့ အခိုင်အမာ ရပ်တည်နေပြီး မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းကို တိတ်တဆိတ် လှည့်ပတ်ကာ မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ ကြွင်းကျန်ရစ်သော စွမ်းအားကို ချေဖျက်ပစ်လိုက်၏။

ကောင်းကင်ဘုံမိစ္ဆာခန္ဓာကတော့ ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်နှင့် ရင်ဆိုင်နေ၏။

ရင်သပ်ရှုမောဓားသည် တကယ့်ကိုပင် ရင်သပ်ရှုမောစရာ ကောင်းလှ၏။

သို့သော်လည်း ဓားအလင်းသည် တရုန်းရုန်းထကြွနေသော ပိန်းပိတ်အောင် နက်မှောင်သည့် မိစ္ဆာချီထဲမှာ နစ်မြုပ်သွားပြီး နှေးကွေးသွား၏။

၎င်းသည် ဆက်လက်၍ ရင်သပ်ရှုမောဖွယ်ရာ မဖြစ်နိုင်တော့ဘဲ ကောင်းကင်ဘုံမိစ္ဆာတံစဉ်ကြောင့် ကြေမွသွားခဲ့၏။

ထိပ်သီးဂိုဏ်းကြီးများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်၏ ပထမဆုံး တိုက်ခိုက်မှုများကို ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုက ချေဖျက်ပြလိုက်၏။

ထိုအခိုက်အတန့်တွင် ဆူဇီမိုက အလယ်မှာ မတ်တတ်ရပ်နေ၏။

၈၇ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် သူ့ကို ကမ္ဘာဦး သတ္တဝါကြီးများကဲ့သို့ ကာကွယ်ပေးနေ၏။ သူတို့သည် သူတို့၏ လက်များကို လွှဲယမ်းပြီး စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြ၏။

ထိုအချိန်တွင် ဆူဇီမိုက ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိလာသည်ဟု ထင်ရ၏။

All Chapters