တာအိုမီး၏ စွမ်းပကား
Vol. 85 Ch. 1263
“မိုးကောင်းကင် အမျက်”
“အင်ပါယာကောင်းကင် နတ်ဘုရားဓား”
“မိုးကြိုးလေပြေရိုက်ချက်”
ကစဉ့်ကလျားအမြုတေဂိုဏ်း၊ ဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာပြီး သူတို့ဂိုဏ်းများ၏ ထိပ်တန်းအဆင့် ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဓမ္မစွမ်းအားများက ပကတိ အကန့်အသတ်မဲ့လှ၏။
ဤကဲ့သို့ ထိပ်တန်းအဆင့် ဓမ္မပညာရပ်များကို မပြောနှင့်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ထုတ်ဖော်လိုက်သော သာမန်အဖြစ်ဆုံး ဓမ္မပညာရပ်များပင်လျှင် အလွန်တရာ ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်၏။
ဆူဇီမို၏ အကြည့်သည် သိပ်သည်းကျစ်လစ်လာပြီး သူက အကြောက်အလန့်ကင်းမဲ့သော အမူအရာတစ်ခု ရှိနေ၏။ သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုကို ထိန်းချုပ်ရင်း သူတို့၏ လက်ခြောက်ဖက်ကို လွှဲယမ်းကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် သုံးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေ၏။
ဘန်း.. ဘန်း.. ဘန်း..
ထိတွေ့ရိုက်ခတ်မှု တစ်ခုချင်းစီမှာ အလွန်ကျယ်လောင်သော အသံများကို ကြားရ၏။
အကြီးအကဲလီလေ့နှင့် အခြားနှစ်ယောက်သည် ထိပ်သီးဂိုဏ်းကြီးများမှ လာခြင်းဖြစ်ပြီး ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို ကျင့်ကြံထားကြ၏။ သူတို့ပြုလုပ်သော လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် တောင်တန်းများကို ကြေမွနိုင်ပြီး မြစ်ချောင်းများကို ဖြတ်တောက်နိုင်၏။
အဲဒါသည် ပေါင်းစည်းခန္ဓာအဆင့်၏ အစစ်အမှန်စွမ်းအားဖြစ်၏။
သူတို့၏ ခန္ဓာကိုယ်များသည် လောကနှင့် တစ်သားတည်းကျနေသည်ဟု ထင်ရပြီး ကိုင်လှုပ်၍ မရနိုင်ပေ။
ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် ကမ္ဘာဦးသတ္တဝါကြီးများကဲ့သို့ ဖြစ်နေသည်ဆိုလျှင်တောင် သူတို့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် သုံးယောက်ကို အနိုင်နိုင် ခုခံနေရ၏။
တစ်ချက်ထိတွေ့ရိုက်ခတ်တိုင်း ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် ဆတ်ခနဲ တုန်ယင်သွားကြ၏။
ထိပ်သီးဂိုဏ်းကြီးတွေက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ ယှဉ်ရင် ငါက နိမ့်ကျနေတုန်းပါလား..။
ဆူဇီမိုက သူ့ဘာသာသူ တွေးလိုက်ခြင်းဖြစ်၏။
သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အမြင့် ၈၉ပေ သို့မဟုတ် ပေ၉၀ထိ ကြီးထွားလာနိုင်မည်ဆိုလျှင် သူသည် ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဖိနှိမ်နိုင်ပေလိမ့်မည်။
အကြီးအကဲလီလေ့နှင့် အခြားနှစ်ယောက်သည် ထိုအခိုက်အတန့်မှာ အသာစီးရရှိနေသော်လည်း သူတို့၏ ရင်ထဲရှိ တုန်လှုပ်မှုက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆူဇီမိုက မသိရှိပေ။
သူတို့သုံးယောက်သည် ထိပ်သီးဂိုဏ်းကြီးများမှ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။
သူတို့၏ တိုက်ခိုက်ရည်ခွန်အားအရ.. သူတို့အနေဖြင့် အဆင့်တူချင်းမှာရှိသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ရာကို ဖိနှိမ်ဖို့ပင် သူတို့အတွက် အခက်အခဲ မရှိပေ။
သို့သော် ယခုအခါ.. ဓမ္မဝိသသေ တာအိုအရှင်တစ်ယောက်သည် သူတို့သုံးယောက်ကို တစ်ယောက်တည်းနှင့် ရင်ဆိုင်တိုက်ခိုက်နေနိုင်၏။
ဒါ့အပြင်.. သူတို့သည် အသာစီးရရှိနေသော်လည်း သူတို့အနေဖြင့် သူတို့၏ ဓမ္မပညာရပ်များနှင့် ဝှက်ဖဲများကို မည်သို့ပင် ထုတ်ဖော်ပါစေ.. ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုကို ချေမွဖျက်ဆီးပစ်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် သူတို့အရင်က တွေ့မြင်ခဲ့ဖူးသော မည်သည့် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသထက်မဆို များစွာပို၍ အစစ်အမှန်ဆန်နေ၏။
အထီးကျန်သိုင်းသခင်က ဒီအဆင့်ထိရောက်အောင် ဘယ်လိုတောင် ကျင့်ကြံထားသလဲ စဉ်းစားကြည့်ဖို့ တကယ်ပဲ ခက်ခဲတယ်။
ထိုအတွေးက အကြီးအကဲလီလေ့၏ စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာ၏။
သည့်ယခင်က သူတို့သည် ဆူဇီမိုနှင့် ပတ်သက်သည့် သတင်းအချို့ကို ကြားဖူးခဲ့ကြ၏။ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်.. တာအိုအမွေအနှစ်ကုန်းမြေတွင် မည်ကာမတ္တ တပည့်များစွာကို သတ်ဖြတ်ခဲ့ပြီး.. အထီးကျန်သိုင်းသခင်ဟူသော တာအိုဘွဲ့ကို တည်ထောင်ခဲ့သူ..။
သို့သော်လည်း.. သူတို့နှလုံးသား၏ အနက်ပိုင်းထဲတွင် သူတို့သည် ဆူဇီမိုကို မဟာရန်သူတော်တစ်ယောက်အဖြစ် အမှန်တကယ်ပင် မရှုမြင်ခဲ့ကြပေ။
သူတို့က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ဆူဇီမိုသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ခဲ့သည်ဆိုလျှင်တောင် သူသည် သူတို့နှင့် အဆင့်ကြီးတစ်ဆင့် ကွာဟနေသေး၏။ အဲဒါက မည်သို့မှ ရင်ကြားမစေ့နိုင်သော ကွာဟချက် ဖြစ်လေသည်။
ထိုအခိုက်အတန့်မှသာလျှင် အကြီးအကဲလီလေ့နှင့် အခြားသူများသည် ဆူဇီမိုက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ အမှန်တကယ် နားလည်လာကြ၏။
တာအိုအရှင် အထီးကျန်သိုင်းသခင်သည် ဓမ္မဝိသေသ အဆင့်မှာသာ ရှိနေသေးသော်လည်း သူသည် သူတို့ကဲ့သို့ ပညာရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေနိုင်ပြီဖြစ်၏။ အထီးကျန်သိုင်းသခင်သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်သွားသည်နှင့် သူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို စိုးမိုးတော့မှာလား..။
အကြီးအကဲလီလေ့က နောက်ဆုံးမှာတော့ တစ်စုံတစ်ရာကို နားလည်သွားခဲ့၏။
သူတို့ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီဖန်းသည် သူ၏ ဂုဏ်အဆင့်အတန်းကို မငဲ့ကွက်ဘဲ မူလနတ္ထိအဆင့်မှာသာ ရှိနေသေးသော အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့လေသည်။ အဲဒါသည် သူ့မြေး သီယင်း အသတ်ခံခဲ့ရသောကြောင့်သာလျှင် မဟုတ်ခဲ့ပေ။
ပို၍ အရေးပါသည့် အကြောင်းပြချက်မှာ သီဖန်းသည် အထီးကျန်သိုင်းသခင်၏ ကြောက်စရာကောင်းသော ပါရမီအလားအလာကို ခံစားမိနိုင်ခဲ့သောကြောင့်ဖြစ်၏။
သတ်…
သူသည် ဤအခွင့်အရေးကို ချိန်ဆပြီး အထီးကျန်သိုင်းသခင်ကို ဤနေရာမှာ သတ်ဖြတ်ရပေမည်။
“သတ်..”
တစ်ချိန်တည်းနီးပါးမှာပင်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် သုံးယောက်သည် သူတို့၏ သွေးချီများကို လှည့်ပတ်ပြီး ဆူဇီမိုကို ဖိနှိမ်ဖို့အတွက် သူတို့၏ ဓမ္မစွမ်းအားများကို သူတို့၏ အကန့်အသတ်ထိ တွန်းတင်လိုက်ကြ၏။
သူတို့သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခု၏ ခံစစ်ကို ချိုးဖျက်ပြီး အနားသို့ ချဉ်းကပ်ကာ ပေါင်းစည်းခန္ဓာအဆင့်၏ သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့နှင့်အတူ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ရပေမည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က မာကြောသော်လည်း ၎င်းသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်ကာယကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“အဝီစိ..”
“သဲမုန်တိုင်း”
“ခရမ်းရောင် မိုးကြိုးမုန်တိုင်း”
“….”
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခု၏ ကာကွယ်မှုအောက်တွင် ဆူဇီမိုက လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ပြောင်းလဲပြီး ဓမ္မပညာရပ် ၃၀ကျော်ကို တစ်ခါတည်း ဆက်တိုက်ထုတ်ဖော်လိုက်၏။
ချက်ချင်းပင် ဓမ္မစွမ်းအားများက ခန်းမထဲမှာ တလိပ်လိပ်တက်လာ၏။
ဘန်း.. ဘန်း.. ဘန်း…
အကြီးအကဲလီလေ့နှင့် အခြားသူများက တုန်လှုပ်သွားရ၏။
ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက ဤမျှအထိ ကြမ်းကြုတ်ခက်ထန်နေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။ သူတို့သည် ဆူဇီမိုအနားသို့ ချဉ်းကပ်ဖို့နေနေသာ.. ဓမ္မပညာရပ် ၃၀ကျော်၏ ထိတွေ့ရိုက်ခတ်မှုတွင် သူတို့ကိုယ်သူတို့ပင် အနိုင်နိုင်ရပ်တည်နေရ၏။ သူတို့သည် အဆက်မပြတ် နောက်သို့ဆုတ်လိုက်ရ၏။
“ဒီလောက်များတဲ့ ဓမ္မပညာရပ်တွေ…”
ကျင့်ကြံသူအချို့သည် ထိုသည်ကို မြင်သောအခါ တိတ်တဆိတ် တုန်လှုပ်သွားကြရ၏။
ထိုဓမ္မပညာရပ်များထဲမှ မည်သည့်တစ်ခုမဆို များပြားလှစွာသော တာအိုအရှင်များကို တိုက်ခိုက်နိုင်ဖို့ လုံလောက်လေသည်။
ဆူဇီမိုသည် ထိုကဲ့သို့သော ဓမ္မပညာရပ် ၃၀ကျော်ကို တစ်ခါတည်းနှင့် ထုတ်ဖော်လိုက်သည်ဆိုတော့.. ။
အဲဒါက ဘယ်လိုခွန်အား အမျိုးအစားပါလိမ့်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် သုံးယောက်သည် ဆူဇီမို၏ တွန်းလှန်ခြင်းကို ခံလိုက်ရ၏။
သို့သော်လည်း သူ၏ တန်ပြန်တိုက်ခိုက်မှုက အဆုံးသတ်မသွားသေးပေ။
ရွှစ်…
ရုတ်တရက် ဆူဇီမို၏ဘေးတွင် မီးတောက်လုံးသုံးလုံးက ပေါ်ထွက်လာခဲ့၏။
သွေးနီရောင်.. အင်မော်တယ်တာအိုမီး…။
ရွှေရောင်… ဗုဒ္ဓတာအိုမီး…။
အနက်ရောင်.. မိစ္ဆာတာအိုမီး..။
မီးတောက်လုံးသုံးလုံးသည် ပေါ်ထွက်လာပြီး ခန်းမထဲရှိ အပူချိန်က တစ်ဟုန်ထိုးမြင့်တက်လာ၏။
ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး မီးတောက်လုံးသုံးလုံးကို လျင်မြန်စွာ ပေါင်းစည်းသွားစေ၏။
သမာဓိတာအိုမီးက ဆင်းသက်လာခဲ့လေပြီ။
များစွာသော ကျင့်ကြံသူများက နောက်သို့ဆုတ်လိုက်ကြ၏။
ကျင့်ကြံသူအချို့သည် အစကတော့ အခြားတစ်ဖက်မှာ တိုက်ခိုက်နေကြ၏။ သူတို့၏ ဓမ္မပညာရပ်များက ထွက်ပေါ်လာသည့် ခဏမှာပင် သူတို့သည် သမာဓိတာအိုမီးကနေ ထွက်ပေါ်လာသော အပူစွမ်းအားဖြင့် လောင်ကျွမ်းခြင်း ခံလိုက်ရ၏။
“သွား..”
ဆူဇီမိုသည် ဟိန်းဟောက်၍ စတုရတီတာအိုမီးကို အကြီးအကဲလီလေ့ဆီသို့ စေညွှန်လိုက်၏။
“မင်းရဲ့ ကမြောက်ကခြောက် မီးတောက်ကို ထုတ်ဖော်ရဲတာ မင်းမရှက်ဘူးလား”
အကြီးအကဲလီလေ့သည် လှောင်ရယ်၍ သူ၏လက်ကို ဆန့်ထုတ်ကာ မီးတောက်လုံးကို ဖိဖျေဖို့ ပြင်ဆင်လိုက်၏။
“အဲဒီကမြောက်ကခြောက်မီးတောက်နဲ့ မင်းအသက်ကို ငါယူပြမယ်”
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမို၏ နှာရောင်ထံမှ အမြုတေစိတ်ဝိညာဉ် မီးတောက်တစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး သမာဓိတာအိုမီးထဲသို့ ချက်ချင်းပင် ဝင်ရောက်သွား၏။
တာအိုမီး၏ စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
စတုရတီတာအိုမီး..
တိုးလာသော စွမ်းအားက တစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ရာခိုင်နှုန်း မဟုတ်ဘဲ နှစ်ဆဖြစ်၏။
သမာဓိတာအိုမီးသည် အကြီးအကဲလီလေ့နှင့် အခြားသူများကို အမှန်တကယ်ပင် မခြိမ်းခြောက်နိုင်ပေ။
သူတို့သည် သမာဓိတာအိုမီးကို သာမန်ထိုးချက်တစ်ချက်နှင့်အတူ ငြှိမ်းသတ်နိုင်ကြ၏။
သို့သော်လည်း စတုရတီတာအိုမီး၏ စွမ်းအားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်နှင့်ပင်လျှင် မခုခံနိုင်သည့် တစ်စုံတစ်ရာဖြစ်၏။
“အခြေအနေ မကောင်းတော့ဘူး.. ငါတို့ လှည့်စားခံလိုက်ရပြီ”
အကြီးအကဲလီလေ့၏ အမူအရာက ပြောင်းလဲသွား၏။
ဆူဇီမို၏ စတုတ္ထမြောက် အမြုတေစိတ်ဝိညာဉ်မီး ထွက်ပေါ်လာသော အချိန်တွင် အကြီးအကဲလီလေ့က သမာဓိတာအိုမီးကို သူ၏လက်ဖြင့် ဖမ်းဆွဲတော့မည့်ဆဲဆဲဖြစ်၏။
ထိုအခိုက်အတန့်တွင် အကြီးအကဲလီလေ့အနေဖြင့် ရပ်တန့်ဖို့က နောက်ကျသွားခဲ့လေပြီ။
ရွှစ်..
မီးတောက်လုံးက အကြီးအကဲလီလေ့၏ လက်ဖဝါးထဲမှာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး ကြောက်စရာကောင်း၍ ပြင်းထန်ကြမ်းကြုတ်သော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
အကြီးအကဲလီလေ့၏ လက်ဖဝါးပေါ်ရှိ အသားများက အပူနှင့်အတူ တရှဲရှဲမြည်၍ သူ၏အရိုးများပင် ထွက်ပေါ်လာ၏။ အဲဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
“အား..”
အကြီးအကဲလီလေ့၏ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်သံတစ်သံကို ထုတ်ဖော်လိုက်ရ၏။
စတုရတီတာအိုမီးသည် အလွန်တရာ လျင်မြန်စွာ လောင်ကျွမ်းနေပြီး သူ့လက်တံတစ်လျှောက် ဖြန့်ကြက်ကာ သူ၏လက်တစ်ဖက်လုံးဆီသို့ ရောက်ရှိလာခဲ့၏။
သူ၏ အင်္ကျီလက်စက ပြာအဖြစ် ချက်ချင်းပင် လောင်ကျွမ်းသွားခဲ့ပြီဖြစ်၏။
သူ၏ လက်တစ်ဖက်လုံးသည် စတုရတီတာအိုမီးဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရ၏။
ရွှစ်..
အကြီးအကဲလီလေ့သည် သူ၏သွေးချီကို ရူးသွပ်စွာ လှည့်ပတ်ပြီး သူ့လက်ပေါ်ရှိ စတုရတီတာအိုမီးကို ဖိနှိမ်ချင်၏။
သို့သော်လည်း.. သူ့မျိုးဆက်သွေးသည် ဆူနာမီသွေးအဆင့်သို့ မရောက်ရှိသေးပေ။ ၎င်းက စတုရတီတာအိုမီးနှင့် ထိတွေ့ရိုက်ခတ်သောအခါ တရှဲရှဲမြည်၍ မျှချေတစ်ခုမှာ လွန်ဆွဲနေကြ၏။
ထိုမျှချေသည် အကြီးအကဲလီလေ့အတွက် ပို၍ပင် ကြီးမားသော ညှင်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်၏။
သူ၏လက်တစ်ဝက်သည် စတုရတီတာအိုမီးဖြင့် လောင်ကျွမ်းနေဆဲဖြစ်ပြီး ၎င်းပေါ်ရှိ အသားများက ပြာအဖြစ် လောင်ကျွမ်းသွားပြီဖြစ်ပြီး အရိုးဖြူဖြူသာလျှင် ကျန်ရစ်ခဲ့၏။
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်ကာယက တကယ့်ကို ကြောက်စရာကောင်းလွန်း၏။
စတုရတီတာအိုမီး၏ စွမ်းပကားနှင့်ပင်လျှင် ၎င်းသည် အကြီးအကဲလီလေ့၏ အသားကိုသာ လောင်ကျွမ်းနိုင်ပြီး သူ၏အရိုးကို မလောင်ကျွမ်းနိုင်ပေ။
အကြီးအကဲလီလေ့၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတစ်ချက်က ဖျတ်ခနဲလက်သွား၏။
သူသည် သူ၏လက်ကို လှုပ်ခါပြီး အေးစက်စက် ဆေဘာတစ်လက်ကို ဆွဲထုတ်ကာ နာကျင်မှုကို ဖြေရှင်းရန် သူ၏လက်ကို ဖြတ်တောက်ဖို့ ပြင်ဆင်လိုက်၏။