အနိုင်ရလဒ်
Vol. 85 Ch. 1264
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ပြတ်တောက်သွားသော လက်တစ်ဖက်ကို ပြန်လည်ပေါက်စေနိုင်၏။
သူသည် သွေးချီအမြောက်အမြားကို ဆုံးရှုံးရမည်ဖြစ်သော်လည်း စတုရတီတာအိုမီးဖြင့်လောင်ကျွမ်းခံရပြီး အဆက်မပြတ် ညှင်းပန်းနှိပ်စက်မှုကို ခံစားနေရတာထက်စာလျှင် အဲ့ဒါက များစွာပိုကောင်းလေသည်။
“သတိထားဦး...”
မထင်မှတ်ထားစွာပင် အလောတကြီးအော်ဟစ်သံနှစ်သံက သူ၏နားထဲသို့ ဝင်ရောက်လာ၏။ အဲ့ဒါကဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ သတိပေးသံဖြစ်၏။ ထို့နောက် ချက်ချင်းပင် အားကောင်းသည့်အန္တရာယ်အငွေ့အသက်တစ်ခုက သူ၏ရင်ထဲမှာ တလိပ်လိပ်တက်လာ၏။
အဖြူရောင်ဓားချီတစ်ခုသည် အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်နှင့်အတူ လေဟာနယ်ကို နှစ်ပိုင်းလှီးဖြတ်တော့မည့်အလား ခုတ်ပိုင်းကျဆင်းလာ၏။
ဘုန်း...
ရူလိုင်းဓမ္မခန္ဓာသည် ရှေ့သို့တက်လှမ်းပြီး ကြီးမားသည့်စွမ်းပကားတစ်ခုနှင့်အတူ ဧရာမရွှေရောင်လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ အကြီးအကဲလီလေ့ကို ပစ်ရိုက်ချလိုက်၏။
“ကောင်းလိုက်တဲ့... သတ္တိ”
အကြီးအကဲလီလေ့က ဒေါသူပုန်ထသွား၏။
“အထီးကျန်သိုင်းသခင်... မင်းက ငါ့ကိုသတ်ချင်တာလား”
သူသည် စတုရတီတာအိုမီးဖြင့် ဒဏ်ရာရရှိပြီးနောက် သူ၏ စိတ်အာရုံအများစုမှာ ၎င်းကို ဘယ်လိုငြှိမ်းသတ်ရမလဲဖြစ်၏။ အဲ့ဒါက ဆူဇီမိုကို အသာစီးရရှိသွားစေ၏။
ဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်မှာ စွမ်းအားကြီးပုဂ္ဂိုလ်များအနေဖြင့် သူတို့သည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့် မိုးကြိုးဓမ္မခန္ဓာ၏ ပိတ်ဆို့တားဆီးခြင်းကိုခံထားရပြီး သူတို့က လောလောဆယ်မှာ အကူအညီမပေးနိုင်ကြပေ။
သူတို့သုံးယောက် ဆူဇီမိုကို ဝန်းရံထားသောအခြေအနေသည် အကြီးအကဲလီလေ့နှင့် ဆူဇီမိုတို့၏ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွား၏။
အဲ့ဒါသည် အခြေအနေအပေါ် ထိန်းချုပ်နိုင်သည့်ပုံစံတစ်ခုဖြစ်၏။
ဤအချိုးအစားမှာ ဆူဇီမိုကို ယှဥ်နိုင်သောသူများစွာမရှိပေ။
“မဟာကစဉ့်ကလျားအမြုတေလက်ဝါး”
အကြီးအကဲလီလေ့သည် အကောင်းတိုင်းရှိနေသော သူ၏ဘယ်ဘက်လက်ကို မြှောက်ပြီး သူ့ဂိုဏ်း၏ လျှို့ဝှက်အတတ်ကိုထုတ်ဖော်ကာ သူ့ဦးခေါင်းထက်ကနေကျဆင်းလာသည့် ရွှေရောင်လက်ဝါးကို ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။
တစ်ချိန်တည်းမှာပင် စတုရတီတာအိုမီးဖြင့် လောင်ကျွမ်းနေသော သူ့ညာဘက်လက်ကိုမြှောက်ကာ ရှေ့ကနေဝင်ရောက်လာသော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ပိတ်ဆို့တားဆီးလိုက်၏။
ဗြစ်....
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက အကြီးအကဲလီလေ့၏ ညာဘက်လက်ကို ဖြတ်တောက်ပစ်လိုက်၏။
ပြတ်တောက်သွားသောလက်က မြေပြင်ပေါ်သို့ ပစ်ကျသွား၏။ ပေါင်းစည်းခန္ဓာအဆင့်၏ ဓမ္မစွမ်းအား ထောက်ပံ့မှုမရှိဘဲ စတုရတီတာအိုမီး၏ ပြာအဖြစ်လောင်ကျွမ်းခြင်းကို ခံလိုက်ရ၏။
“ကျေးဇူးပဲ... အထီးကျန်သိုင်းသခင်ရေ”
အကြီးအကဲလီလေ့က လောင်ရယ်မောလိုက်၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်နေထိုင်ခဲ့ပြီး မရေမတွက်နိုင်သော တိုက်ပွဲများကိုဖြတ်ကျော်ကာ သူ့မှာကြွယ်ဝသော တိုက်ခိုက်ရေးအတွေ့အကြုံရှိ၏။
စောစောက သူ၏အလိုဆန္ဒမှာ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကိုသုံးပြီး သူ၏လက်ကိုဖြတ်တောက်ဖို့ဖြစ်၏။
အဲ့ဒါသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုကိုချေဖြတ်နိုင်ရုံသာမက သူသည် သူ၏လက်ကိုလောင်ကျွမ်းနေသော စတူရတီတာအိုမီးကိုပါ ဖယ်ရှားနိုင်မည်ဖြစ်၏။
ပေါင်းစည်းခန္ဓာအဆင့်ထိ ကျင့်ကြံလာနိုင်သော မည်သူမဆို ကိုင်တွယ်ရ မလွယ်ကူကြပေ။
“ငါ့ကို ကျေးဇူးတင်တယ်တဲ့လား”
အလွန်တရာအေးစက်သောလေသံဖြင့် သူ၏နောက်ဘက်ကနေ ဆူဇီမို၏အသံက ထွက်ပေါ်လာ၏။
“မင်းကို ငါပေးတဲ့လက်ဆောင်က လမ်းတစ်ဝက်မှာပဲရှိသေးတယ်”
အကြီးအကဲလီလေ့သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိသွား၏။ သူသည် သူ၏လက်ပြန်ပေါက်လာစေဖို့အတွက် သူ၏သွေးချီကို လှည့်ပတ်ချင်မိ၏။
သို့သော်လည်း သူ့လက်ပေါ်ရှိဒဏ်ရာတွင် များစွာသော ဓားချီများက ကျန်ရှိနေဆဲ ဖြစ်ပြီး သူ၏ဒဏ်ရာကို ဆုတ်ဖြဲပစ်နေကာ သွေးများက အတောမသတ် စီးထွက်နေ၏။
တကယ်တော့... သူ၏ ဓမ္မစွမ်းအားများနှင့်အတူ သူသည် ရက်အနည်းငယ်ကြာ အနားယူပြီးနောက် ပြတ်တောက်သွားသော သူ့လက်ဒဏ်ရာပေါ်ရှိ ဓားချီများကို ဖယ်ထုတ်ပစ်နိုင်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူသည် တိုက်ပွဲမြေပြင်မှာရှိနေပြီး ဆူဇီမိုက သူ၏နောက်သို့ တိတ်တဆိတ်ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူ့မှာ ထိုအခွင့်အရေး လုံးဝမရှိတော့ပေ။
ဤပြောင်းလဲမှုသည် အကြီးအကဲလီလေ့၏ မျှော်လင့်နိုင်စွမ်းထက် အပြတ်အသတ်ကျော်လွန်သွားပြီဖြစ်ပြီး သူ့အပေါ် ကြီးမားသည့်ရိုက်ချက်တစ်ခုဖြစ်လာခဲ့၏။
“တာအိုရောင်းရင်းတို့... ကျုပ်ကိုကူညီပါဦး”
အကြီးအကဲလီလေ့၏ မျက်လုံးများသည် ဂနာမငြိမ်ဖြစ်လာပြီး သူကအော်ပြောလိုက်၏။
“ကျုပ်ကို ကူပြီး ဒီကောင်လေးကို ခဏလောက်တားပေးထားကြပါဦး”
“နောက်ကျသွားပြီလေ...”
ဆူဇီမိုက လှောင်ရယ်၍ သူ၏ပါးစပ်ကို ရုတ်တရက်ဖွင့်ဟကာ ဟိန်းဟောက်လိုက်၏။
“သတ်..”
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းက ဆင်းသက်လာခဲ့ပြီဖြစ်၏။
ဤအသံပိုင်းလျှို့ဝှက်အတတ်သည် ချက်ချင်းလက်ငင်း ကျရောက်လာပြီး ခုခံဖို့အတွက် ခက်ခဲလေသည်။
သာမန်အခြေအနေမှာဆိုလျှင် အကြီးအကဲလီလေ့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအရ ဆူဇီမို၏ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းက သူအပေါ် များစွာသက်ရောက်စေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါ အကြီးအကဲလီလေ့၏လက်က ဖြတ်တောက်ခံထားရပြီး သူ၏သွေးချီသည် ရပ်တန့်ခြင်းမရှိဘဲ ဆုတ်ယုတ်နေ၏။
သူက ထိတ်ထိတ်ပျာပျာအခြေအနေတစ်ခုမှာ ရောက်ရှိနေခဲ့လေပြီ။ ထိုဟိန်းဟောက်သံက သူ၏သတ္တိများကို ရိုက်ချိုးပစ်လုနီးပါးဖြစ်၏။
အကြီးအကဲလီလေ့၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး သူက ခဏမျှရပ်တန့်သွား၏။ ဆူဇီမိုသည် ထိုအခွင့်အရေးကို ချိန်ဆကာ သူ၏နှာရောင်ကနေ အစိမ်းရောင်အလင်းတန်းတစ်ခုက ပျံသန်းထွက်ပေါ်လာ၏။ အဲ့ဒါက ဖန်တီးခြင်းကြာခုံဖြစ်၏။
ဆူဇီမိုသည် ဖန်တီးခြင်းကြာခုံကို သူ၏လက်ဖဝါးထဲမှာဆုပ်ကိုင်ပြီး အကြီးအကဲလီလေ့၏ ဦးခေါင်းကိုပစ်ရိုက်ချလိုက်၏။
ဘန်း...
ထိုရိုက်ချက်က အလွန်တရာ အနှစ်ပါလှ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်နှင့်ပင်လျှင် ၎င်းသည် အကြီးအကဲလီလေ့၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်ဖို့ခက်ခဲလေသည်။ သို့သော်လည်း ဖန်တီးခြင်းကြာခုံကတော့ မတူပေ။
ဖန်တီးခြင်းကြာပဒုမ္မာသည် ၎င်း၏ ပြီးပြည့်စုံသော ပုံသဏ္ဌာန်မှာရှိမနေဘဲ ကြာခုံတစ်ခုမျှသာ ဖြစ်သည်ဆိုလျှင်တောင် ၎င်း၏ မာကြောမှုသည် အသွေးအသားခန္ဓာကိုယ်တစ်ခု ခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။
ထိုတိုက်ခိုက်မှုသည် အကြီးအကဲလီလေ့၏ ဦးခေါင်းကို ပွင့်ထွက်သွားစေပြီး လတ်ဆက်သောအသားစများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။
အကြီးအကဲလီလေ့၏ ဦးခေါင်းပေါ်ရှိ ကြီးမားသည့်အစိတ်အပိုင်းတစ်ခုသည် ချိုင့်ဝင်သွားပြီး သူ၏ဦးခေါင်းခွံအများစုက ကြေမွသွား၏။
“အို...”
လူအုပ်ကြီးက ပင့်သက်ကိုရှိုက်လိုက်ကြ၏။
အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းလွန်း၏။
လူအများ၏ ကြည်ညိုလေးစားခြင်းခံရသော ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် ဤအခြေအနေထိ ရိုက်နှက်ခြင်းခံနေရ၏။
ဝှစ်...
အမြုတေစိတ်ဝိညာဥ်တစ်ခုသည် ဒွာရပေါက်ကနေ ထွက်ခွာပြီး ထိတ်ထိတ်ပျာပျာအမူအရာနှင့်အတူ အရပ်တစ်ဘက်သို့ ပြေးထွက်လိုက်၏။ အဲ့ဒါက အကြီးအကဲလီလေ့ဖြစ်၏။
သို့သော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်သည် ဝေးဝေးမပြေးနိုင်ခင်မှာပင် သူ၏အမြင်အာရုံက မှောင်မဲသွား၏။ ဧရာမတောင်ငါးလုံးက သူ့ထံသို့ လျင်မြန်စွာချည်းကပ်လာသည့်အလားပင်။
“ဒါက...”
အကြီးအကဲလီလေ့၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်သွားပြီး ဘာတွေဖြစ်ပျက်လာသလဲ သူက နားမလည်နိုင်တော့ပေ။
သို့သော်လည်း ဘေးကနေရပ်ကြည့်နေသူများကတော့ ရှင်းလင်းစွာမြင်နေရ၏။
အကြီးအကဲလီလေ့၏ အမြုတေစိတ်ဝိညာဥ်က သူ၏ခန္ဓာကိုယ်ကနေ ထွက်ခွာမလာခင်မှာပင် ပေ၈၀ ကျော်မြင့်မားသော ရူလိုင်းဓမ္မခန္ဓာသည် မတ်တတ်ရပ်စောင့်ကြပ်နေပြီး သူ၏ဧရာမလက်ဝါးကိုဖြန့်ထား၏။ အကြီးအကဲလီလေ့၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်လာသော်လည်း ၎င်းသည် ရူလိုင်းဓမ္မခန္ဓာထံကနေ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိပေ။
သူမြင်တွေ့လိုက်ရသော တောင် ၅လုံးသည် ရူလိုင်းဓမ္မခန္ဓာ၏ လက်ချောင်း ၅ ချောင်းမျှသာဖြစ်၏။
ဘုန်း....
ရူလိုင်းဓမ္မခန္ဓာသည် သူ၏လက်ချောင်းများကိုပူးကပ်ပြီး သူ၏လက်ဖဝါးကို တင်းကျပ်စွာဖမ်းဆုပ်လိုက်၏။ ချက်ချင်းပင် အကြီးအကဲလီလေ့၏ အမြုတေစိတ်ဝိညာဥ်သည် ထိုလက်ဝါးထဲမှာ ဖိချေဖျက်ဆီးခြင်းခံလိုက်ရ၏။
ခန်းမတစ်ခုလုံးက ယာယီအားဖြင့် အေးခဲရပ်တန့်သွား၏။
သေလေပြီ...
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရ၏။ သူ၏အမြုတေစိတ်ဝိညာဥ်ကပင် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
ဒါ့အပြင် အဲ့ဒါက သုံးယောက်တစ်ယောက် တိုက်ခိုက်ရသော အခြေအနေဖြစ်၏။
အစကတော့ စွမ်းအားကြီးပုဂ္ဂိုလ် ၃ ယောက်သည် ဆူဇီမိုကို ဝန်းရံထားသော်လည်း သူတို့သည် သူ့ကို အတင်းအကျပ် လှဲချနိုင်ခြင်းမရှိကြပေ။
ယခုအခါ အကြီးအကဲလီလေ့က သေဆုံးသွားပြီဖြစ်ပြီး ဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သာလျှင် ကျန်ရစ်တော့၏။
ဆူဇီမိုသည် အေးစက်စက်အကြည့်နှင့်အတူ သူတို့ဘက်သို့လှည့်လာခဲ့၏။
အတွေးတစ်ချက်နှင့်အတူ ရူလိုင်းဓမ္မခန္ဓာက ရှေ့သို့ပြေးဝင်သွားပြီး တိုက်ပွဲထဲကိုချိတ်ဆက်ဝင်ရောက်လိုက်၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ ခုက စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ကြ၏။
ဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် စတင်၍ အရေးနိမ့်လာကြပြီဖြစ်၏။
မကြာမကြာဆိုသလို... ဆူဇီမိုသည် ဘေးကနေ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ထုတ်ဖော်တတ်ပြီး အဲ့ဒါက ခုခံဖို့အတွက်မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ဆိုးဆိုးဝါးဝါးပုံစံဖြင့် ရှုံးနိမ့်၍ နောက်သို့လန်ကျလာ၏။
ဘုန်း...
သိပ်မကြာမီ ရူလိုင်းဓမ္မခန္ဓာသည် အခွင့်အလမ်းတစ်ခုကို ချိန်ဆပြီး ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်၏ ရင်ဘက်ကို ပစ်ထိုးကာ ထိုသူ၏ ခန္ဓာကိုယ်ကို လွင့်ပျံထွက်သွားစေ၏။
ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် ပေတစ်ထောင်ကျော်လွင့်စင်သွားပြီး သူ့နောက်တွင်ရှိသော နံရံနှင့်ပစ်တိုက်ကာ ဖြည်းဖြည်းချင်း အောက်သို့လျှောကျလာ၏။ သူ၏အရွတ်များနှင့် အရိုးများက ကွဲထွက်ကုန်ပြီဟု ခံစားရပြီး သူ၏မျက်နှာက နာကျင်သောအမူအရာတစ်ခုကို ထုတ်ဖော်ပြသနေ၏။
တကယ်တော့ ထိုထိုးချက်သည် သူ၏အသက်ကို ခြိမ်းခြောက်နိုင်ဖို့ မလုံလောက်ပေ။
ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် ရှုံးနိမ့်သွားပြီး မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့၏။ သူသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခု၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းမရှိတော့ပေ။
ရွှီး...
သွေးရောင်က ဖြာလက်သွား၏။
မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်၏ ဝမ်းဗိုက်ပေါ်တွင် သွေးသံရဲရဲပေါက်ပြဲဒဏ်ရာတစ်ခုက ပေါ်ထွက်လာပြီး သူ၏ကိုယ်တွင်းအင်္ဂါများက ထွက်ကျလုနီးပါးဖြစ်၏။
ဖောင်း...
အဲ့ဒီနောက်ချက်ချင်းပင် မိုးကြိုးဓမ္မခန္ဓာ၏ ကျာပွတ်သည် မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်ကို ထိတွေ့ရိုက်ခတ်သွားပြီး ထိုသူကိုလည်း နံရံတစ်ခုဆီသို့ လွင့်စင်ထွက်သွားစေ၏။
စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်လုံးက ရှုံးနိမ့်သွားရလေပြီ။
ဆူဇီမိုသည် သုံးယောက်တစ်ယောက် တိုက်ခိုက်ရင်း အနိုင်ရရှိလာခဲ့လေပြီ။
ဘုန်း...
မိုးကြိုးလေပြေနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် နံရံနှင့်ထိတွေ့ရိုက်ခတ်သောအခါ ၎င်းသည် ထိုနံရံကို ပြိုကျသွားစေပြီး များစွာသောကျောက်တုံးကျောက်ချပ်များက ပြုတ်ကျလာကာ ဖုန်များက တထောင်းထောင်းထသွား၏။
ဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ရုတ်ရုတ်သဲသဲအခြေအနေကို အားပြုကာ နံရံ၏ အခြားတစ်ဘက်သို့ ထွက်ပြေးလိုက်၏။
ဆူဇီမိုက ရှေ့သို့တက်လှမ်းလိုက်လေသည်။
သူသည် နံရံအစပ်သို့ ရောက်ရှိသောအခါ အလိုလိုရပ်တန့်လိုက်၏။
နံရံ၏ အခြားတစ်ဘက်တွင် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ ပိတ်မိနေသော နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုရှိနေ၏။ ယခုအခါ သူတို့သည် ပြင်းထန်သော တိုက်ပွဲတစ်ခုမှာရှိနေပြီး သူတို့ထဲမှ အယောက်တစ်ရာကျော်ကျော်သာလျှင် ကျန်ရှိတော့၏။
သူတို့ထဲတွင် ဓားဂိုဏ်းမှ တာအိုအရှင်ခရမ်းရောင်ဓားနှင့် စိန်ကျောင်းတော်မှ ကိုယ်တော်မဟူရာရွှေတို့ပါရှိလေသည်။ ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
တစ်စုံတစ်ရာက လွဲမှားနေလေပြီ။
သူ့ရင်ထဲတွင် တလှုပ်လှုပ်ဖြစ်ပေါ်နေသော ထူးဆန်းသည့် ခံစားချက်က ပို၍ ပြင်းပြလာခဲ့၏။