အမှန်တရား
Vol. 85 Ch. 1267
ဆူဇီမိုသည် လုံးဝ လှုပ်ရှားခြင်း မရှိဘဲ သူ၏စိတ်ကို တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားနေပြီး သူ၏မျက်လုံးများက အေးစက်စက်အလင်းဖြင့် တောက်ပနေ၏။
ထိုအသံသည် ချောက်ချားစရာကောင်းပြီး ထောင်ချောက်ကို ခင်းကျင်းထားသူက ဘယ်နေရာမှာဆိုတာ သူက မဆုံးဖြတ်နိုင်ပေ။
ဒါ့အပြင် သူတစ်ယောက်တည်းသာလျှင် ထိုအသံကို ကြားနေရ၏။
ရှေးဟောင်းဘုရားကျောင်းထဲရှိ အခြားသော ကျင့်ကြံသူများသည် သူတို့၏ ပုံရိပ်ယောင်ကမ္ဘာထဲမှာ နစ်မျောနေကြဆဲဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေကြဆဲဖြစ်၏။ မည်သူကမှ ထိုအသံကို မကြားရပေ။
“တာအိုရောင်းရင်း.. ခင်ဗျားက စိန်သုတ္တန်ထဲက ဒီလို ပုံရိပ်ယောင်လျှို့ဝှက်အတတ်ကို နားလည်ဆင်ခြင်နိုင်တယ်ဆိုတော့ တကယ့်ကို အစွမ်းထက်တာပဲ”
ရုတ်တရက် ဆူဇီမိုက စကားပြောလိုက်၏။
သူသည် စိန်သုတ္တန်ကို အရင်က မကျင့်ကြံဖူးသော်လည်း အဲဒါသည် စိန်ကျောင်းတော်မှ နည်းစနစ်တစ်ခု ဖြစ်သည်ဆိုတာကို သိထား၏။
သမိုင်းတစ်လျှောက်တွင် စိန်သုတ္တန်မှ ဤလျှို့ဝှက်အတတ်ကို နားလည်ဆင်ခြင်နိုင်သော စိန်ကျောင်းတော်မှကိုယ်တော် တစ်ပါးမှ ပေါ်ထွက်မလာခဲ့ပေ။
ဤထောင်ချောက်ကို ခင်းကျင်းထားသောသူ၏ နားလည်ဆင်ခြင်နိုင်စွမ်းနှင့် ပါရမီအရည်အချင်းကို စဉ်းစားကြည့်နိုင်၏။
ကျင့်ကြံရေးလောကတွင် ပုံရိပ်ယောင်နည်းစနစ် အမျိုးအစားများစွာ ရှိကြ၏။
ပုံရိပ်ယောင်နည်းစနစ်တွင် အတော်ဆုံးဂိုဏ်းမှာ မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ပုံရိပ်ယောင်မိစ္ဆာကျင့်ထုံးဂိုဏ်း ဖြစ်၏။
သို့သော်လည်း ဆူဇီမိုသည် အရင်က ပုံရိပ်ယောင်မိစ္ဆာကျင့်ထုံးဂိုဏ်းမှ ပြိုင်စံရှားများနှင့် တိုက်ခိုက်ခဲ့ဖူးပြီး သူတို့၏ လျှို့ဝှက်အတတ်များကပင် သူ့ကို မလှည့်ဖြားနိုင်ခဲ့ပေ။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် ဤကဲ့သို့ ကြောက်စရာကောင်းသည့် ပုံရိပ်ယောင်နည်းစနစ်တစ်ခုကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။
တကယ်ဆို.. သူသည် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်လာစဉ်ကတည်းက သတိကြီးကြီးထားနေခဲ့ပြီးသားဖြစ်၏။
ထိုသို့ဆိုလျှင်တောင် သူက လှည့်စားခံခဲ့ရသေး၏။
တကယ်ဆို ယခုအချိန်မှာတောင် ထိုပုံရိပ်ယောင်နည်းစနစ် ဘယ်အချိန်တုန်းက ဆင်းသက်လာခဲ့သလဲ သူက မဖော်ထုတ်နိုင်ပေ။ အဲဒါသည် သူက ရှေးဟောင်းဘုရားကျောင်းထဲကို ဝင်ရောက်လာစဉ်ကလား.. သို့မဟုတ် သူသည် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ရယူပြီးသည့်နောက်မှာလား.. ။
ဤထောင်ချောက်ကို ခင်းကျင်းသောသူသည် ဆူဇီမို အတိတ်ကာလက ကြုံတွေ့ဖူးသမျှ ရန်သူများအားလုံးထက် ပို၍ပင် ကြောက်စရာကောင်းသည်ဟူသော ခံစားချက်ကို သူ့အား ပေးနေ၏။
သီယင်းနှင့် တာအိုအရှင်အမုန်းသည် ဤလူကဲ့သို့ သူ့ကို တူညီသော ဖိအားမျိုး မပေးနိုင်ခဲ့ပေ။
အဲဒါက အလွန်တရာ အန္တရာယ်များသော တည်ရှိမှုတစ်ခုဖြစ်၏။
တကယ်ဆို ဆူဇီမိုသည် သူ့အကြောင့်နှင့် ပတ်သက်၍ ဘာမှမသိရပေ။
ဤထောင်ချောက်ကို ခင်းကျင်းထားသောသူက ဗုဒ္ဓကျောင်းတော်များမှ ပညာရှင်တစ်ယောက် ဖြစ်နိုင်ချေ ရှိသည်ဟုသာ သူက ကြိုတင်ခန့်မှန်းချက်တစ်ခု ထုတ်နိုင်၏။
ဆူဇီမိုထံမှ ရုတ်တရက် ထွက်ပေါ်လာသော စကားသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ထောင်ချောက်ကို ခင်းကျင်းထားသူ၏ နည်းလမ်းများမှာ သူက တုန်လှုပ်သွားသောကြောင့် ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူသည် ထောင်ချောက်ကို ခင်းကျင်းထားသူအား အကဲစမ်းပြီး သူ၏တည်နေရာကို ရှာဖွေလိုခြင်းဖြစ်၏။
“ဟီးဟီး”
ရယ်သံတစ်သံက ထွက်ပေါ်လာပြီး သူ့ကို မေးလိုက်လေသည်။
“မင်းက ငါ့ကို ရှာနေတာလား”
ဆူဇီမိုက အမူအရာ ကင်းမဲ့နေသော်လည်း သူ၏ရင်ထဲမှာ လှုပ်ခတ်နေ၏။
သူသည် ထိုသူကို မရှာဖွေနိုင်သေးပေ။
သူ့အနေဖြင့် တိုက်ခိုက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပေ။
အစကတည်းက ထောင်ချောက်ကို ခင်းကျင်းထားသောသူသည် သူနှင့် အခြားလူတိုင်းကို သူ အလိုရှိသည့်အတိုင်း ဦးဆောင်သွားခဲ့ခြင်းဖြစ်၏။
ထိုစဉ်မှာပင်.. ဆူဇီမိုက စောင့်ကြည့်ခံနေရသည်ဟူသော ခံစားချက်တစ်ခုကို ရလာ၏။
ရုတ်တရက်.. သူသည် တစ်ဖက်ကိုလှည့်၍ ချာခနဲလှည့်ကြည့်လိုက်၏။
ထိုအကြည့်က သူ၏ သူငယ်အိမ်နှစ်ဖက်ကို တင်းကျပ်သွားစေ၏။
ရှေးဟောင်းဘုရားကျောင်း၏ အရှေ့ဘက်ခြမ်းနံရံမှာ ပေ၉၀ မြင့်မားသော တိုင်းပြည်ထောက်တိုင်ဗြဟ္မာသည် နံရံကနေ အမှန်တကယ်ပင် လျှောက်လှမ်းလာ၏။ သူသည် အဖြူရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဗျပ်စောင်းတစ်ခုကို ကိုင်ဆွဲကာ ဆူဇီမိုကို ဒေါသတကြီး စိုက်ကြည့်နေ၏။
ဟူး…
ဆူဇီမိုက ပင့်သက်ကို ရှိုက်လိုက်၏။
ဗြဟ္မာလေးဦးထဲမှ တစ်ဦးက အသက်ဝင်လာခဲ့လေပြီ။
အဲဒါက သေချာပေါက် ပုံရိပ်ယောင်တစ်ခု မဟုတ်ပေ။
ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာကို အမှတ်ရသွား၏။
သူသည် ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်လာကတည်းက သူသည် စောင့်ကြည့်ခံနေရသည်ဟူသော ခံစားချက်တချို့ကို ရနေခဲ့သော်လည်း ၎င်း၏ ဇစ်မြစ်ကို မဖော်ထုတ်နိုင်ခဲ့ပေ။
သူသည် အဲဒါကို ယခုပြန်တွေးကြည့်သောအခါ ထိုခံစားချက်သည် ဤအစောင့်အရှောက်ဗြဟ္မာထံမှ လာခြင်းဖြစ်ရပေမည်။
ချွင်.. ချွင်..
ရုတ်တရက်.. တိုင်းပြည်ထောက်တိုင်ဗြဟ္မာသည် သူ၏ဗျပ်စောင်းကို ပွေ့ပိုက်ပြီး သူ၏လက်ချောင်းများဖြင့် ကြိုးများကို တီးခတ်ကာ ခိုင်မာသော သတ်ဖြတ်လိုစိတ် ပါဝင်သည့် စူးစူးရှရှ သတ္တုချင်း ထိခတ်သံကို ထွက်ပေါ်လာစေ၏။
ဆူဇီမိုသည် သူ၏နားထဲမှာ စူးရှသော နာကျင်မှုကို ခံစားရပြီး မျက်မှောင်ကြုတ်ကာ ညည်းတွားရေရွတ်လိုက်ရ၏။
တိုင်းပြည်ထောက်တိုင်ဗြဟ္မာ၏ ဘေးနားပတ်လည်တွင် တိုက်ခိုက်နေကြသော ကျင့်ကြံသူများသည် တောင့်တောင့်တင်းတင်း အမူအရာများနှင့်အတူ ရုတ်တရက် ရပ်တန့်သွားကြ၏။
ဖောင်း.. ဖောင်း.. ဖောင်း..
ထို့နောက် ချက်ချင်းပင်.. ထိုကျင့်ကြံသူများ၏ မျက်နှာများနှင့် ခန္ဓာကိုယ်များပေါ်တွင် သွေးစီးကြောင်းများက ပေါ်ထွက်လာပြီး သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်ကြ၏။
ဆူဇီမို၏ ကိုယ်ကာယနှင့်ပင်လျှင် ထိုဗျပ်စောင်းအသံကို ခံနိုင်ရည်မရှိဘူးဆိုလျှင် အခြားသော ကျင့်ကြံသူများ၏ ရလဒ်ကို စဉ်းစားကြည့်နိုင်၏။
ရုတ်တရက်ဆိုသလို…
ဆူဇီမိုသည် တစ်စုံတစ်ရာကို ခံစားမိသွားပြီး အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်၏။
တောင်ဘက်နံရံပေါ်တွင် ပေ၉၀ မြင့်မားသော ပုံရိပ်တစ်ခုသည် ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ လျှောက်လှမ်းလာ၏။
ကြီးပွားခြင်းဗြဟ္မာ…
ဤပုံရိပ်သည် အစိမ်းရောင်ဖြစ်ပြီး ချပ်ဝတ်တန်ဆာတစ်စုံကို ဝတ်ဆင်ထား၏။ သူက ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
ဓားကို ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။
သူ့ရှေ့တွင်ရှိသော ကျင့်ကြံသူ တစ်ရာကျော်သည် ခါးလယ်ကနေ ပိုင်းဖြတ်ခံလိုက်ရ၏။ တကယ်ဆို သူတို့ကြားတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင် ပါဝင်ပြီး အတောမသတ်နိုင်သော သွေးများက တုန်လှုပ်စရာကောင်းသော ပုံစံဖြင့် ပန်းထွက်လာခဲ့၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ထိုကျင့်ကြံသူများသည် ပုံရိပ်ယောင်လောကထဲမှာ ရှိနေဆဲဖြစ်ပြီး သေသည့်တိုင်အောင် နိုးထမလာကြပေ။
“ဂါး..”
ထိုစဉ်မှာပင်.. ကျယ်လောင်သော နဂါးဟိန်းဟောက်သံက မြောက်ဘက်အရပ်ကနေ ထွက်ပေါ်လာခဲ့၏။
သူက အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်၏။
မြောက်ဘက်နံရံပေါ်တွင် အကန့်အသတ်မဲ့အမြင်ဗြဟ္မာသည် အသက်ဝင်လာခဲ့ပြီဖြစ်၏။
သူက သွေးနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ တောင့်တင်းခိုင်မာသော လက်ကို သွေးနီရောင် နတ်နဂါးတစ်ကောင်က ရစ်ခွေထား၏။ ၎င်းသည် သူ၏ ကြီးမားသည့် ပါးစပ်ကို ဖွင့်ဟပြီး ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
သွေးနီရောင်နဂါး ပျံသန်းထွက်ပေါ်လာသည့် ခဏမှာပင် ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး ၎င်း၏ လမ်းကြောင်းတွင် ရပ်နေသော ကျင့်ကြံသူပေါင်းများစွာကို ချက်ချင်းပင် စုပ်ယူဝါးမျိုလိုက်၏။ မည်သည့်သွေးကမှ ထွက်မလာခဲ့ပေ။
ဓမ္မဝိသေသ တာအိုအရှင်များစွာက ဝါးမျိုခံလိုက်ရ၏။
မဟာရှေးဟောင်းဘုရားကျောင်းထဲရှိ ကျင့်ကြံသူ အရေအတွက်က လျော့ကျလာခဲ့၏။
ဆူဇီမိုသည် မြောက်ဘက်နံရံဆီသို့ နောက်တစ်ဖန် လှည့်ကြည့်လိုက်၏။
ထင်မှတ်ထားသည့်အတိုင်းပင်…
မြောက်ဘက်နံရံပေါ်တွင် အနန္တအကြားဗြဟ္မာသည်လည်း နိုးထလာခဲ့ပြီဖြစ်၏။
သူသည် ပေ၉၀ မြင့်မား၍ အစိမ်းရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ သူက ကောင်းကင်တစ်ခွင် လွှမ်းခြုံနိုင်သည်ဟု ထင်ရသော ရတနာထီးတစ်လက်ကို ကိုင်ဆွဲထား၏။
အနန္တအကြားဗြဟ္မာက သူ၏လက်ကို ဆန့်ထုတ်လိုက်သောအခါ ထီးက လည်ပတ်၍ ထွက်ပေါ်လာ၏။
ထီး၏ လွှမ်းခြုံခြင်းကို ခံရသော ကျင့်ကြံသူ တစ်ရာကျော်ကျော်သည် ရုတ်တရက် စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုဖြင့် ၎င်းဆီသို့ ဆွဲငင်ယူဆောင်ခြင်းကို ခံလိုက်ရ၏။
ထီး၏အောက်တွင် အဆုံးမဲ့သော ချောက်နက်တစ်ခု ရှိနေသည့်အလား ၎င်းသည် လက်ရှိကျင့်ကြံသူများ အားလုံးကို အလောင်းပင် မကျန်ရှိစေဘဲ ဝါးမျိုလိုက်၏။
မဟာအစောင့်အရှောက် ဗြဟ္မာလေးဦးက အသက်ဝင်လာခဲ့လေပြီ။
အတိအကျဆိုရလျှင်.. အစကနေ ယခုအချိန်ထိ ထိုအစောင့်အရှောက် ဗြဟ္မာလေးဦးသည် သက်မဲ့ပစ္စည်း သို့မဟုတ် နံရံပေါ်ရှိ ပန်းချီကားများမျှသာ မဟုတ်ခဲ့ပေ။
ကျင့်ကြံသူ ရာပေါင်းများစွာသည် သူတို့လေးယောက် လှုပ်ရှားမှု ပြုလုပ်လိုက်သည့် ခဏမှာပင် ချက်ချင်းလက်ငင်း သတ်ဖြတ်ခြင်း ခံလိုက်ကြရ၏။
ခန်းမထဲတွင် ကျင့်ကြံသူပေါင်း ငါးရာပင် မကျန်ရှိတော့ပေ။
အစောင့်အရှောက် ဗြဟ္မာလေးဦးက အရမ်းကို ကြောက်စရာကောင်းလွန်း၏။
ဆူဇီမို၏ ကျင့်ကြံမှုနှင့်ပင်လျှင် သူသည် အစောင့်အရှောက် ဗြဟ္မာလေးဦး၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ မွန်းကျပ်ဖွယ်ရာ ခံစားရ၏။
အစောင့်အရှောက် ဗြဟ္မာလေးဦးက ဒီထောင်ချောက်ကို ခင်းကျင်းထားတာများလား..။
တစ်စုံတစ်ရာတော့ လွဲမှားနေလေပြီ။
အဲဒီမှာ မှားယွင်းမှု တစ်စုံတစ်ရာ ရှိနေရပေမည်။
အစောင့်အရှောက် ဗြဟ္မာလေးဦးသည် ဗုဒ္ဓကျောင်းတော်များ၏ ဒဏ္ဍာရီများသာ ဖြစ်၏။ သူတို့က အစစ်အမှန် တည်ရှိသည်ဆိုလျှင်တောင် သူတို့သည် အထက်ဘုံများမှာသာ ရှိသင့်သည်ဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ သေချာပေါက် မရှိရပေ။
မဟုတ်ပါက.. သူတို့သည် ဒဏ္ဍာရီများမျှသာ ရှိနေလိမ့်မည် မဟုတ်ပေ။
မဟုတ်ပါ.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ ဗုဒ္ဓကျောင်းတော်များ၏ ရှေးဟောင်းကျမ်းစာများတွင် သူတို့နှင့် ပတ်သက်သည့် ရှင်းလင်းတိကျသော မှတ်တမ်းမှတ်ရာများ သေချာပေါက် ရှိနေရပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုလျှင်.. သူ့ရှေ့ရှိ အစောင့်အရှောက် ဗြဟ္မာလေးဦးသည် ဗုဒ္ဓကျောင်းတော်များ၏ ဒဏ္ဍာရီလာ ဗြဟ္မာလေးဦး သေချာပေါက် မဟုတ်ပေ။
သို့သော်လည်း သူတွေ့မြင်နေရသော အရာတိုင်းက ပုံရိပ်ယောင်တစ်ခု မဟုတ်ကြောင်း ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိနေ၏။
အစောင့်အရှောက် ဗြဟ္မာလေးဦး၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကလည်း အစစ်အမှန်ဖြစ်၏။
အစောင့်အရှောက် ဗြဟ္မာလေးဦးက ရှေ့သို့ တက်လှမ်းခြင်း မရှိတော့ဘဲ ဆူဇီမိုကို စိုက်ကြည့်နေ၏။ သူတို့၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှုက ထင်ဟပ်နေပြီး ဆူဇီမိုက နောက်ဆုံးအဖြေကို ခန့်မှန်းနိုင်မလား သူတို့က စောင့်ကြည့်ချင်နေသည့်အလားပင်။
ရုတ်တရက်ဆိုသလို..
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။
ထိုအတွေးသည် ကြောက်စရာကောင်းလွန်းပြီး ထို့ကြောင့်ပင် သူ၏တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာခဲ့၏။
သို့သော်လည်း အဲဒါကို ထပ်တွေးကြည့်လေလေ.. အဲဒါက အမှန်တရားဖြစ်ဖို့ များလေလေပင်။
တကယ်ဆို.. သူ့ရှေ့ရှိ အစောင့်အရှောက် ဗြဟ္မာလေးဦးသည် ဗုဒ္ဓကျောင်းတော်များ၏ ဒဏ္ဍာရီလာ ဗြဟ္မာလေးဦး မဟုတ်ပေ။
အကြောင်းမှာ သူ့ရှေ့ရှိ အစောင့်အရှောက် ဗြဟ္မာလေးဦးသည် ပေ၉၀ မြင့်မားသော အန္တိမဓမ္မဝိသေသများ ဖြစ်နေသောကြောင့်ပင်။