← Chapters

အဲ့ဒါမင်းပဲ

Vol. 85 Ch. 1268

အဲ့ဒါမင်းပဲ

Vol. 85 Ch. 1268

“အန္တိမဓမ္မဝိသေသတွေ..”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တာအိုရောင်းရင်းတို့... ခင်ဗျားတို့ ၄ယောက်က တကယ်ပဲ အစွမ်းထက်လှပါပေတယ်”

“၄ ယောက်တဲ့လား... ဟားဟား”

ရုတ်တရက်လှောင်ပြောင်သရော်လိုသည့် ရယ်မောသံတစ်သံက ထွက်ပေါ်လာခဲ့၏။

ပုံရိပ်တစ်ခုသည် ဆူဇီမိုရှိရာသို့ အမှောင်ထုထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်ပေါ်လာ၏။

အဲ့ဒါက လူတစ်ယောက်တည်းသာလျှင်ဖြစ်၏။

အဲ့ဒီမှာ တခြားမည်သူမှ မပါရှိပေ။

ရုတ်တရက်... ဆူဇီမိုသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွား၏။

“မင်းပြောတာ.. အချက်တစ်ချက်တော့ မှားသွားတယ်... ငါတို့က ၄ ယောက်မဟုတ်ဘူး... ငါတစ်ယောက်တည်းပဲ”

ထိုလူကဖြည်းဖြည်းချင်းပြောလိုက်၏။

ဆူဇီမိုသည် ကြောင်အ,မှင်တက်သွားပြီး သူ၏မျက်လုံးများထဲတွင် တုန်လှုပ်မှုက အထင်းသားပေါ်လွင်လာ၏။

သူသည် အန္တိမဓမ္မဝိသေသ ၄ ခုကိုတွေ့မြင်သောအခါ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ဓမ္မဝိသေသအဆင့်မှာရှိသည့် ပြန်ဝင်စားမွန်းစတား ၄ ယောက်သည် အတူပူးပေါင်းပြီး မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ ထောင်ချောက်တစ်ခုကို ခင်းကျင်းခဲ့သည်ဟုပင်။

သို့သော်လည်း အန္တိမဓမ္မဝိသေသ ၄ ခုစလုံးကို လူတစ်ယောက်တည်းက ကျင့်ကြံထားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

လူတစ်ယောက်.... ဓမ္မဝိသေသ ၄ ခု...

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် ဘယ်လောက်တောင်များပြားတဲ့ အခွင့်အလမ်းတွေနဲ့ အတွေ့အကြုံတွေကို ကျော်ဖြတ်ခဲ့ရသလဲ။

တာအိုအမွေအနှစ်ကုန်းမြေတွင် သူရရှိခဲ့သည့် အခွင့်အလမ်းများနှင့် နှိုင်းယှဥ်ပါက အဲ့ဒါကို ယှဥ်နိုင်သည့်သူ များစွာမရှိနိုင်ပေ။ ထိုသို့ဆိုလျှင်တောင် သူသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ ခုကိုသာလျှင် ကျင့်ကြံနိုင်ခဲ့၏။

သို့သော်လည်း သူ့ရှေ့မှပုဂ္ဂိုလ်သည် ဓမ္မဝိသေသ ၄ ခုကို ကျင့်ကြံထား၏။

ဒါ့အပြင် သူတို့ ၄ ခုစလုံးက အန္တိမဓမ္မဝိသေသများဖြစ်နေ၏။

အဲ့ဒါက အရမ်းကိုကြောက်စရာကောင်း၏။

အန္တိမဓမ္မဝိသေသ ၄ ခုကို အသာထားဦး.. ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်သည် ပုံရိပ်ယောင်နည်းစနစ်တစ်ခုကိုသုံးကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအပါအဝင် ကျင့်ကြံသူ ငါးထောင်ကျော်ကို လှည့်စားထားနိုင်သည်ဆိုသည့်အချက်ကတင် တကယ့်ကို အံ့မခန်းလိလိကြောက်စရာကောင်းနေပြီဖြစ်၏။

သီယင်းနှင့် တာအိုအရှင်အမုန်းတို့ပင်လျှင် ဆူဇီမိုရှေ့မှ ဤလူနှင့်ယှဥ်ပါက များစွာနိမ့်ကျနေသေး၏။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ပင်လျှင် သူ့ရှေ့မှဤလူကို မယှဥ်နိုင်ပေ။

သူ၏ ပါရမီအရည်အချင်းနှင့် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများအပေါ် နားလည်ဆင်ခြင်နိုင်စွမ်းနှင့်ဆိုပါက သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် နောက်ဆုံးမှာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုစလုံးကို ပေ၉၀ အန္တိမအဆင့်ထိ ကျင့်ကြံလာနိုင်လိမ့်မည်ဟု ဆူဇီမိုက ယုံကြည်ထား၏။

ထိုသို့ဆိုလျှင်တောင် သူ့မှာ ၃ခုသာလျှင်ရှိပြီး ဤထောင်ချောက်ကို ခင်းကျင်းထားသောလူကတော့ ဓမ္မဝိသေသ ၄ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။

တကယ်တော့... အဲ့ဒါသည် ဆူဇီမိုက ဤလူထက် နိမ့်ကျသည်ဟုမဆိုနိုင်ပေ။ သူသည် သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်ကိုပါ ထည့်တွက်မည်ဆိုလျှင် ဆူဇီမိုသည် သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုနှင့်အတူ ဤလူကိုသေချာပေါက် တိုက်ခိုက်နိုင်ပေလိမ့်မည်။

သူ၏ သိုင်းတာအိုအစစ်အမှန်ခန္ဓာကိုယ်ကပါ အဆင့်တစ်ခုထိရောက်အောင်ကျင့်ကြံနိုင်ခဲ့လျှင် ဤလူသည် သူ့ကိုယှဥ်နိုင်ချင်မှယှဥ်နိုင်ပေတော့မည်။ ထိုသို့ဆိုလျှင်တောင် လူတစ်ယောက်ထဲကနေ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၄ခုကို စုဖွဲ့နိုင်ခဲ့သည်ဆိုသောအချက်ကတင် တုန်လှုပ်စရာကောင်းလွန်းနေပြီဖြစ်၏။

ဒီဘက်မျိုးဆက်သည် အမှန်တကယ်ပင် ပြိုင်စံရှားများ ပြန်ဝင်စားမွန်းစတားများဖြင့် ပြည့်နှက်နေသည်။ အန္တိမဓမ္မဝိသေသ ၄ခုကိုစုဖွဲ့ထားသော တာအိုအရှင်တစ်ယောက်ပင်လျှင် ပေါ်ထွက်လာလေသည်။

ထိုကဲ့သို့သော ပြန်ဝင်စားမွန်းစတားတစ်ယောက်က သေချာပေါက် အညတရတစ်ယောက်မဟုတ်နိုင်ပေ။

ဒါဆို... အရင်ကဤလူကို ဘာ့ကြောင့် မည်သူကမှ မကြားဖူးရတာလဲ...။

ဆူဇီမို စဥ်းစားတွေးတောနေစဥ်မှာပင် ထိုပုံရိပ်သည် သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူ၏အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလိုက်၏။

မမျှော်လင့်ထားစွာပင် သူက ကိုယ်တော်တစ်ပါးမဟုတ်ပေ။

ဝင်ရောက်လာသူသည် အဖြူရောင်သန်းနေသော ဝတ်ရုံကိုဝတ်ဆင်ထား​ပြီး သူ၏ပခုံးထောက်ဆံပင်က သူ၏မျက်နှာကို ဖုံးအုပ်ထားပြီး မျက်လုံးတစ်လုံးကိုသာလျှင် ဖော်ထား၏။

ထိုမျက်လုံးက အကန့်အသတ်မဲ့သော ပညာဉာဏ်အလင်းကို ပိုင်ဆိုင်ထားသည့်အလား ကြည်လင်တောက်ပ၍ သိမ်မွေ့နေ၏။

ထိုမျက်လုံးနှင့်တွေ့ဆုံပါက ကြောက်စိတ်မွှန်ခြင်း ၊ ထိတ်လန့်ခြင်း ၊ မအီမသာဖြစ်ခြင်းနှင့် စိတ်ကျဥ်းကျပ်မှုများအားလုံးက ပျောက်ကွယ်သွားမည့်အလားထင်ရ၏။

သူတို့သည် အဲ့ဒါကိုကိုယ်တိုင်မြင်တွေ့ခြင်းမရှိလျှင် ဤကဲ့သို့သော ကြည်လင်သန့်စင်သည့်မျက်လုံးကိုပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်သည် ဤမျှအထိ သွေးအေးရက်စက်လွန်းမည်ဟု ယုံကြည်လိမ့်မည် မဟုတ်ပေ။

ဤလူ၏ နှာရောင်ပေါ်တွင် ပါးလွှာသော သွေးအမာရွတ်တစ်ခုရှိနေပုံရ၏။

သို့သော်လည်း ထိုအမာရွတ်ကို သူ၏ဆံပင်ရှည်များက ဖုံးအုပ်ထားပြီး ရှင်းလင်းစွာမမြင်နိုင်ပေ။

ဆူဇီမိုက အဖြူရောင်ဝတ်လူကို ချိန်ဆအကဲဖြတ်နေစဥ်မှာပင် အဖြူရောင်ဝတ်လူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ အတိတ်ကာလကို လွမ်းဆွတ်သည့်အမူအရာတစ်ခု ထုတ်ဖော်ပြသလာ၏။

ခဏနေပြီးနောက် သူ၏အမူအရာက ပြောင်းလဲသွားပြီး ဆူဇီမိုကိုမယုံကြည်နိုင်စွာနှင့် တုန်လှုပ်စွာကြည့်လိုက်၏။

“အဲ့ဒါ မင်းလား”

“ဟမ်...”

ဆူဇီမိုက သူ၏မျက်လုံးကိုမှေးကျဥ်းလိုက်၏။

အဲ့ဒါက စကားတစ်ခွန်းမျှသာဖြစ်သော်လည်း ထိုစကားတွင် ပါဝင်သော သတင်းအချက်အလက်များက များပြားလွန်းလေသည်။

အဖြူရောင်ဝတ်လူ၏ လေသံအရ ထိုသူသည် သူ့ကိုအရင်က တွေ့မြင်ခဲ့ဖူးသည်မှာသိသာ၏။

သို့သော်လည်း ဆူဇီမိုသည် မည်သို့ပင်ကြိုးစားကြည့်ပါစေ သူ့ရှေ့မှ ဤလူကို ဘယ်နေရာမှာသူမြင်ဖူးခဲ့သလဲ စဥ်းစားကြည့်လို့မရနိုင်ပေ။

ဤလူ၏ ပုံပန်းသွင်ပြင်က အရမ်းထူးခြားမနေသော်လည်း ဤကဲ့သို့သော ကြည်လင်သန့်စင်သည့် မျက်လုံးနှင့် တစ်စုံတစ်ယောက်ကို သူက သေချာပေါက်မေ့လျော့သွားလိမ့်မည် မဟုတ်ပေ။

“ဘယ်လောက်တောင် အံ့အားသင့်ဖို့ကောင်းလိုက်သလဲ”

အဖြူရောင်ဝတ်လူက သူ၏ခေါင်းကိုညင်သာစွာ ခါပြီး ရေရွတ်လိုက်၏။

“မင်းငါ့ကို အရင်က မြင်ဖူးတာလား”

ရုတ်တရက် ဆူဇီမိုကမေးလိုက်၏။

အဖြူရောင်ဝတ်လူက အဓိပ္ပါယ်ပါပါပြုံး၍ မငြင်းပယ်ပေ။

“ငါတို့... တစ်ခါတွေ့ခဲ့ဖူးတယ်”

“တစ်ခါ.... တစ်ခါ...”

ဆူဇီမို၏စိတ်ထဲတွင် များပြားလှစွာသော သဲလွန်စများက တဖျပ်ဖျပ်ပေါ်ထွက်လာခဲ့၏။

အဖြေက ပေါ်ထွက်လာတော့မည့်ဆဲဆဲပင်...။

သူသည် အပိုင်းအစများနှင့်သဲလွန်စများကို အတူတကွချိတ်ဆက်ရင်း နောက်ဆုံးအဖြေကို ကောက်ချက်ချနေ၏။

သူတို့က တစ်ခါသာလျှင်တွေ့ခဲ့ဖူး၏။

မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း...

လွန်ခဲ့သည့်နှစ်တစ်ရာကျော်က...

လတ်ဆတ်သောသွေးများ....

ရုတ်တရက်... ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူရှေ့တွင် ရှိသော အဖြူရောင်ဝတ်လူကို စိုက်ကြည့်ကာ စကားကိုတစ်လုံးချင်းပြောလိုက်၏။

“လတ်စသတ်တော့... အဲ့ဒါ... မင်းကိုး... တာအိုအရှင်သွေးမိစ္ဆာ”

အဖြူရောင်ဝတ်လူက ကြောင်အ,မှင်တက်သွား၏။

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က မြောက်ပိုင်းဒေသရဲ့ မြေအောက်မိစ္ဆာနန်းတော်မှာ ခေါင်းတလားထဲကနေ ပြန်လည်ရှင်သန်လာတဲ့အရိုးစု... အဲ့ဒါ မင်းပဲ”

ထိုအခိုက်အတန့်တွင် ဆူဇီမို၏စိတ်ထဲမှာ မေးခွန်းပေါင်းများစွာရှိနေသေးသော်လည်း သူတို့ထဲမှ များစွာအတွက် အဖြေတစ်ခုရရှိလာခဲ့၏။

ထိုစဥ်တုန်းက ဆူဇီမိုသည် အခြေတည်အဆင့်မှာသာရှိနေခဲ့၏။ နတ်ဆိုးမကျိ၏ ဖိတ်ခေါ်မှုဖြင့် သူသည် မိစ္ဆာဂိုဏ်းများ၏ အမွေအနှစ်ကို ရှာဖွေရန် မြေအောက်အနက်ပိုင်းထဲသို့ စွန့်စားဝင်ရောက်ခဲ့၏။ ထိုစဥ်တုန်းက သူသည် အန္တရာယ်များစွာနှင့် တွေ့ကြုံခဲ့ပြီး သေလုမတတ်ဖြစ်ခဲ့ရ၏။

ထိုစဥ်တုန်းက ရှေးဟောင်းခေါင်းတလားထဲရှိ အဖြူရောင်အရိုးစုသည်ပြန်လည်ရှင်သန်လာပြီး ကျင့်ကြံသူများ၏ အသွေးအသားများကို စုပ်ယူဝါးမျိုခဲ့၏။ ဆူဇီမိုပင်လျှင် နတ်ဖီးနစ်အရိုးကိုအသုံးချကာ ထိုသူကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့ရ၏။

နောက်ဆုံးမှာတော့ မြေအောက်လိုဏ်ခေါင်းက ပြိုကျသွားပြီး အရာရာတိုင်းက မြှုပ်နှံခံခဲ့ရ၏။

ဆူဇီမိုနှင့် နတ်ဆိုးမကျိကတော့ သူတို့သည် ကျောက်သားခေါင်းတလားထဲမှာ ပုန်းကွယ်ပြီး ထိုကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့၏။

ဆူဇီမိုသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နှင့် မင်းဝမ်ဆုတောင်းပုတီးစေ့တစ်စေ့ကို ထိုကျောက်သားခေါင်းတလားထဲမှာပင် ရရှိခဲ့ခြင်းဖြစ်၏။

နောက်ပိုင်းမှာတော့ ကိုယ်တော်ယွမ်ပေထံမှ တာအိုအရှင် သွေးမိစ္ဆာ၏အကြောင်းကို သူကြားသိရသောအခါ ကျောက်သားခေါင်းတလားထဲမှာ ဖိနှိမ်ခံခဲ့ရသော လူသည် တာအိုအရှင် သွေးမိစ္ဆာဖြစ်ဖို့များကြောင်း သူက နားလည်သွားခဲ့၏။

တကယ်တော့... အဲ့ဒီမှာ ရှင်းမပြနိုင်သည့် အချက်အလက်များစွာရှိနေသေး၏။

ဥပမာအားဖြင့် ကျောက်သားခေါင်းတလားထဲမှာ တာအိုအရှင်သွေးမိစ္ဆာကို ဖိနှိမ်ခဲ့တဲ့သူက ဘယ်သူလဲ။

​ကျောက်သားခေါင်းတလားထဲမှာ ဘာ့ကြောင့် မင်းဝမ်ဆုတောင်ပုတီးစေ့တစ်စေ့တည်း ကျန်ရှိနေရတာလဲ...။

တာအိုအရှင် သွေးမိစ္ဆာသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို သိရှိပြီးသားဆိုလျှင် သူက ကျောက်သားခေါင်းတလားအဖုံးမှာ ဘာ့ကြောင့် ထိုကျင့်ကြံရေးနည်းစနစ်ကို ရေးထွင်းခဲ့ရတာလဲ...။ သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို လက်ဆင့်ကမ်းဖြန့်ဝေချင်သောကြောင့်များလား။

အဖြူရောင်ဝတ်လူက ငြင်းဆန်ခြင်းမရှိဘဲ ဆူဇီမိုကိုမှင်သေသေဖြင့်သာ ကြည့်နေ၏။

ဆူဇီမိုသည် ယခုအခါပို၍ပင်သေချာလာပြီး အေးစက်စွာဖြင့်ပြောလိုက်၏။

“မင်းပြောခဲ့တဲ့... ငါတို့နှစ်ယောက်ကြားတစ်ခါတွေ့ခဲ့ဖူးတယ်ဆိုတာ... အဲ့ဒီ မြေအောက်မိစ္ဆာနန်းတော်မှာပဲ... ဒါပေမယ့်လို့ အဲ့ဒီအချိန်တုန်းက မင်းကအရိုးစုတစ်ခုပဲရှိသေးတယ်... အခုနဲ့ယှဥ်ရင် ကွာဟချက်က အရမ်းကိုကြီးမားလွန်းတယ်”

“မင်းလည်းအတော်လေးပြောင်းလဲသွားခဲ့တာပဲ”

အဖြူရောင်ဝတ်လူက ပြောလိုက်၏။

“အဲ့ဒီအချိန်တုန်းက... မင်းက အခြေတည်အဆင့် ကျင့်ကြံသူလေးတစ်ယောက်ပဲ... နှစ်တစ်ရာကျော်အတွင်း မင်းက ဒီလောက်အတိုင်းအတာအထိ ကြီးထွားလာတာ.. တွေ့တွေ့ချင်း ငါတောင်မင်းကို မမှတ်မိဘူး”

ထိုသို့ပြောရင်းဖြင့် အဖြူရောင်ဝတ်လူသည် ဆူဇီမို၏ ထင်မြင်ယူဆချက်ကို သွယ်ဝိုက်၍ အသိအမှတ်ပြုလိုက်ပြီဖြစ်၏။

ဆူဇီမိုသည် ခန်းမထဲရှိ ပြန့်ကျဲနေသော အလောင်းများကိုကြည့်ပြီးသက်ပြင်းချလိုက်၏။

“မင်းက... ကြိုးစားပမ်းစားနဲ့ ဒီထောင်ချောက်ကို ခင်းကျင်းခဲ့ရတဲ့အကြောင်းရင်းက မိစ္ဆာသန့်စင်ထုတ်သုတ္တန်ကိုကျင့်ကြံပြီး မင်းရဲ့ယခင်ကျင့်ကြံမှုအဆင့်ကိုပြန်လည်ရရှိဖို့အတွက် ဒီကျင့်ကြံသူတွေရဲ့ လတ်ဆတ်တဲ့သွေးကို အသုံးပြုချင်နေတာပဲ”

လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ပထမဆုံးအကြိမ်အဖြစ် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း ဆင်းသက်လာခဲ့သည်ဟု သူကြားသိရသောအခါ အဲ့ဒီမှာ တစ်စုံတစ်ရာလွဲမှားနေကြောင်း သူက ခံစားမိခဲ့ပြီးဖြစ်၏။

အချိန်ကိုက်ဖြစ်ပျက်လာမှုက အရမ်းကိုတိုက်ဆိုင်လွန်းနေ၏။

သို့သော်လည်း သူက ထိုအကြောင်းနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခြင်းမရှိခဲ့ချေ။

ယခု... ကြည့်ရသည်မှာ တာအိုအရှင်သွေးမိစ္ဆာသည် သူ၏ ယခင်ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ ပြန်လည်ရရှိဖို့အတွက် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ ဤထောင်ချောက်ကို ခင်းကျင်းထားခဲ့ပုံရ၏။

ဤနှစ်များအတွင်း မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း တစ်ကြိမ်ဆင်းသက်လာတိုင်း မရေမတွက်နိုင်သော ကျင့်ကြံသူများ ဤနေရာမှာ မြှုပ်နှံခံခဲ့ရ၏။ သူတို့၏ သွေးများသည် တာအိုအရှင်သွေးမိစ္ဆာအတွက် ကျင့်ကြံခြင်းအရင်းအမြစ်တစ်ခုဖြစ်လာခဲ့၏။

All Chapters