အပြင်ပန်းသည် အတွင်းပိုင်း၏ ရောင်ပြန်ဟပ်မှုတစ်ခု
Vol. 85 Ch. 1269
ဘေးပတ်ဝန်းကျင်ရှိ သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းအသံများက တဖြည်းဖြည်းစဲသွား၏။
ယခုအချိန်တွင် ခန်းမထဲမှာ ကျင့်ကြံသူပေါင်း ၂၀၀ထက်ပိုမရှိတော့ပေ။
ကျန်ရှိနေသော လူများသည် သူတို့၏ ဓမ္မစွမ်းအားများအားလုံးကို သုံးစွဲထားကြပြီးဖြစ်လျှင်တောင် သူတို့သည် ရူးသွပ်နေသည့်အလား နီးရဲနေသော မျက်လုံးများနှင့်အတူ ရတနာများအတွက် အရူးအမူးတိုက်ခိုက်နေကြဆဲ ဖြစ်၏။
အစကနေ ယခုအချိန်ထိ အဖြူရောင်ဝတ်လူက လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့ခြင်းမရှိပေ။
သူလုပ်စရာရှိသည်မှာ မရေမရာသော သတင်းအချို့ကိုလွှင့်ပြီး မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဆီသို့ ကျင့်ကြံသူများကို ဆွဲဆောင်ဖြားယောင်းဖို့ဖြစ်၏။ အဲ့ဒီနောက် သူသည် ပုံရိပ်ယောင်နည်းစနစ်တစ်ခုကိုထုတ်ဖော်ပြီး ကျင့်ကြံသူပေါင်း ငါးထောင်ကျော်ကို ဤနေရာမှာ မြှုပ်နှံလိုက်မည်ဖြစ်၏။
အဖြူရောင်ဝတ်လူသည် ဓမ္မဝိသေသအဆင့်မှာသာရှိနေသေး၏။
ဆူဇီမိုသည် တာအိုအရှင်သွေးမိစ္ဆာနှင့် ပတ်သက်သည့် ဒဏ္ဍာရီအချို့ကို ကိုယ်တော်ယွမ်ပေထံမှ တစ်ခါကြားခဲ့ရဖူး၏။ သို့သော်လည်း သူသည် အတိတ်ကာလက ဤပညာရှင်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံရမှသာလျှင် ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ ခံစားမိလာ၏။
အဲ့ဒါသည် ခွန်အားအရာမှာသာလျှင်မဟုတ်ဘဲ သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေ ၊ ဉာဏ်ပညာ ၊ အစီအစဥ်ချမှုနှင့် အော်ရာတို့မှာပါဖြစ်၏။
အဲ့ဒီမှာ ဖော်မပြနိုင်သော ဖိအားတစ်ခုလည်းရှိနေ၏။
သူ့ရှေ့ရှိ အဖြူရောင်ဝတ်လူသည် တာအိုအရှင်သွေးမိစ္ဆာ ဖြစ်နိုင်ကြောင်း ဆူဇီမိုနားလည်လာသောအခါ အဲ့ဒီမှာ အရာရာတိုင်းအတွက် ဖြေရှင်းချက်တစ်ခုရှိလာခဲ့၏။
တကယ်တော့... သူ စဥ်းစားဖော်ထုတ်နိုင်ခြင်းမရှိသေးသည့် အချက်အလက်တစ်ချို့လည်းရှိနေသေး၏။
“ဒီမဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက ဘယ်လိုလဲ... အထဲမှာ ရတနာတွေ မရှိပေမဲ့ ဒီရှေးဟောင်းဘုရားကျောင်းကတော့ အစစ်အမှန်ပဲ... ခင်ဗျားက ဒီလောက်ကြီးမားတဲ့ ရှေးဟောင်းဘုရားကျောင်းကြီးကို ခင်ဗျားနဲ့အတူ အဆက်မပြတ် ဘယ်လိုသယ်သွားနိုင်တာလဲ”
ဆူဇီမိုက မေးလိုက်၏။
အပြင်ဘက်ရှိ ကောလာဟလများအရ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း ပထမဦးဆုံး ဆင်းသက်လာသည်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တောင်ပိုင်းဒေသမှာဖြစ်၏။
အဲ့ဒီနောက် အချိန်တစ်ခုကြာပြီးတိုင်း ဤရှေးဟောင်းဘုရားကျောင်းသည် နေရာတစ်နေရာမှာ ဆင်းသက်လိမ့်မည်ဖြစ်ပြီး ရတနာများကို စွန့်စားရှာဖွေဖော်ထုတ်ဖို့အတွက် ကျင့်ကြံသူများစွာကို ဆွဲဆောင်ပေလိမ့်မည်။
၎င်းသည် ရှေးကျ၍ ခမ်းနားထည်ဝါပြီး မဟာကျိုးမြို့တော်ထက် အဆများစွာပိုမိုကြီးမား၏။
အဖြူရောင်ဝတ်လူသည် ဤမျှကြီးမားသည့် ပစ္စည်းတစ်ခုကို ဘယ်လိုတောင်ရွေ့လျားပြီး သူနှင့်အတူ အဆက်မပြတ်သယ်ဆောင်ထားနိုင်သလဲ ဆူဇီမိုက စဥ်းစားမကြည့်နိုင်ပေ။
“မင်းက ဉာဏ်ကောင်းတယ်ဆိုမှတော့... ခန့်မှန်းကြည့်လေ”
အဖြူရောင်ဝတ်လူကလည်း ဆူဇီမိုကို ချီးကျူးနေပုံရပြီး ချက်ချင်းမဖြေဘဲ တည်ငြိမ်စွာဖြင့်သာ ပြန်ပြောလိုက်၏။
ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆူဇီမို၏ မျက်လုံးထဲတွင် အလင်းတစ်ချက်ဖျတ်ခနဲ လက်သွားကာ သူက လွှတ်ခနဲ ပြောဆိုလိုက်၏။
“ဒီမဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းက ခင်ဗျားရဲ့ ဓမ္မလက်နက်.....”
ထိုဖြစ်နိုင်ခြေကသာလျှင် သူ၏ ယခင်သံသယများကို ဖြေရှင်းချက်ပေးနိုင်ပေလိမ့်မည်။
ထိုဖြစ်နိုင်ခြေကသာလျှင် အဖြူရောင်ဝတ်လူသည် ရှေးဟောင်းဘုရားကျောင်း၏ ဝင်ပေါက်ဝများရှိ ကျောက်တံခါး လေးချပ်ကို ထိန်းချုပ်ပြီး လူတိုင်းကို ဤနေရာမှာ ပိတ်လှောင်ထားနိုင်သည့် အကြောင်းရင်းကို ရှင်းပြနိုင်ပေလိမ့်မည်။
“အမှန်ပေါ့...”
အဖြူရောင်ဝတ်လူက ခေါင်းညိတ်၍ သရော်လိုသည့်ဟန်ဖြင့် ရယ်မောလိုက်၏။
“ဒါက... ငါ့ရဲ့ မူပိုင်ဓမ္မလက်နက်ပဲ... အဲ့ဒီလူတွေက ငါ့ရဲ့ မူပိုင်ဓမ္မလက်နက်ထဲကိုဝင်ရောက်လာပြီးမှ ငါ့ကိုဘယ်လိုလုပ်ယှဥ်နိုင်ဦးမှာလဲ”
ရွေ့လျားနေသော ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုသည် အစကတည်းက ထူးဆန်းနေခဲ့၏။
သို့သော်လည်း ဤရှေးဟောင်းဘုရားကျောင်းသည် ကျင့်ကြံသူတစ်ယောက်၏ မူပိုင်ဓမ္မလက်နက်တစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူကများတွေးထင်ထားပါမည်နည်း။
ဆူဇီမိုက ထပ်မေးလိုက်၏။
“ခင်ဗျားက... ခင်ဗျားရဲ့ ပုံရိပ်ယောင်နည်းစနစ်ကို ဘယ်အချိန်တုန်းက ထုတ်ဖော်လိုက်တာလဲ”
ခဏမျှရပ်တန့်ပြီးနောက် သူက ပြန်ပြောင်းစဥ်းစားလိုက်၏။
“ကျောက်တံခါးတွေ ပြုတ်ကျလာပြီး နောက်ခဏမှာပဲ နံရံအောက်က အစိမ်းရောင်မီးအိမ်တွေက လင်းလက်လာခဲ့တယ်... ဟုတ်တယ်မလား”
ဆူဇီမိုသည် ထိုမြင်ကွင်းအပေါ် နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုရှိနေခဲ့၏။
ကျောက်သားတံခါးများ ရုတ်တရက်ဆင်းသက်လာမှုသည် ခန်းမထဲရှိလူတိုင်းကို ကြောက်စိတ်မွှန်သွားစေ၏။
ထိုအခိုက်အတန့်တွင် အစိမ်းရောင်မီးအိမ်များက လင်းလက်လာပြီး တဖျပ်ဖျပ်ဖြစ်လာခဲ့၏။ နံရံပေါ်ရှိ အစောင့်အရှောက် ဗြမ္မဟာ ၄ ဦးသည်လည်း အသက်ဝင်လာပုံရ၏။
ထိုအချိန်မှာ ကျင့်ကြံသူများက တုန်လှုပ်နေကြပြီဖြစ်၏။ ထိုအခိုက်အတန့်တွင် ကျင့်ကြံသူများအားလုံးသည် ရင်ထဲမှာ တဒိတ်ဒိတ်ခုန်နေပြီး ဟာကွက်များကို ထုတ်ဖော်မိနေကြ၏။
“မှန်တာပေါ့”
အဖြူရောင်ဝတ်လူက မည်သည့်အရာကိုမှ ဖုံးကွယ်ခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
အဲ့ဒီနောက် သူက ညင်သာစွာ ပြုံးလိုက်၏။
“အဲ့ဒီကျင့်ကြံသူတွေက ဒီနေရာမှာပိတ်မိနေပြီးတော့ ဘယ်လိုမှရုန်းမထွက်နိုင်ကြတော့ဘူး... ဒါပေမဲ့ ငါ့ရဲ့ပုံရိပ်ယောင်နည်းစနစ်က ငါးစာတစ်ခုသာသာပဲ”
“သူတို့ပျက်စီးရခြင်းရဲ့ အစစ်အမှန်အရင်းအမြစ်က သူတို့ရဲ့နှလုံးသားထဲကနေ လာတာပဲ”
သူ၏ သေးသွယ်ဖြူဖွေးသောလက်ညိုးကိုဆန့်ထုတ်ပြီး အဖြူရောင်ဝတ်လူက ဆူဇီမို၏ ရင်ဘတ်ကို လက်ညိုးထိုးပြလိုက်၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်၍ ခဏမျှစဥ်းစားတွေးတောလိုက်၏။
တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား သူက ပြောလိုက်၏။
“အပြင်ပန်းက အတွင်းပိုင်းရဲ့... ရောင်ပြန်ဟပ်မှုတစ်ခု”
“မှန်လိုက်လေခြင်း..”
အဖြူရောင်ဝတ်လူက ခေါင်းညိတ်ပြလိုက်၏။
“မင်းတို့တွေက အဲ့ဒီရတနာတွေကို မြင်ရတယ်ဆိုတာ... မင်းတို့အားလုံးရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒတွေကြောင့်ပဲ”
အဲ့ဒါသည် ကျင့်ကြံသူများအားလုံးက မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲတွင် သူတို့အလိုရှိရာ ရတနာများကို ဘာ့ကြောင့်ရှာဖွေတွေ့ရှိနိုင်ရသလဲ ဆိုတာကိုလည်း ရှင်းပြပေးနိုင်၏။
နောက်ဆုံးမှာတော့ ရတနာဟုခေါ်သော ထိုအရာများသည် ကျင့်ကြံသူတိုင်း၏ စိတ်ကူးစိတ်သန်းများမျှသာဖြစ်၏။
ထို့ကြောင့်ပင်လျှင် ပုံရိပ်ယောင်နည်းစနစ်က အရမ်းကိုကြောက်စရာကောင်းနေခြင်းဖြစ်၏။
ထိုပုံရိပ်ယောင်လောကကနေ ရုန်းထွက်နိုင်ဖို့ နည်းလမ်းတစ်ခုသာလျှင်ရှိလေသည်။
အဲ့ဒါသည် သူတို့၏ နှလုံးသားထဲရှိ စွဲလမ်းခြင်းဥပါဒါန်များကို ယာယီအားဖြင့် ဖိနှိမ်ဖို့ဖြစ်၏။ လူတစ်ယောက်သည် စိတ်ဆန္ဒများမရှိဘဲ ပုံသဏ္ဌာန်မဲ့နေမည်ဆိုလျှင် သူတို့သည် ပုံရိပ်ယောင်များထဲကနေ ရုန်းထွက်လာနိုင်မည်ဖြစ်၏။
အဲ့ဒါက ဆူဇီမိုအတွက်လည်းအတူတူပင်ဖြစ်၏။ သူသည် ဗုဒ္ဓပုတီးစေ့နှစ်စေ့ကို ပစ်ထုတ်ဖို့အတွက် သူ့ရင်ထဲရှိနှမြောတမ်းတမှုကို ဖြတ်တောက်နိုင်ခဲ့ပြီးမှသာလျှင် သူ၏ အမှန်တကယ်လွတ်မြောက်မှုကို ရရှိလာခဲ့၏။
ထိုဖြစ်စဥ်က ရိုးရှင်းသည်ဟု ထင်ရသော်လည်းအဲ့ဒါက တကယ့်ကို ချောက်ချားစရာကောင်း၏။
သူ့ရင်ထဲရှိ စွဲလမ်းခြင်းဥပါဒါန်မှ လွတ်မြောက်နိုင်ခြင်းမရှိလျှင် ဆူဇီမိုသည်လည်း ခန်းမထဲရှိ အခြားသောကျင့်ကြံသူများကဲ့သို့ ယခုအချိန်ထိ ပုံရိပ်ယောင်လောကထဲမှာ နစ်မျောကာ တိုက်ခိုက်နေပေလိမ့်ဦးမည်။
သူ၏ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံကို ဖီဆန်ပြီး လူတိုင်းကို သတ်ဖြတ်နိုင်သည်ဆိုလျှင်တောင် ဘာဖြစ်သလဲ...။
သူသည် နောက်ဆုံးမှာတော့ မည်သို့မည်ပုံသေသွားရသည်ကိုပင်မသိရှိဘဲ အဖြူရောင်ဝတ်လူ၏ မညှာမတာ သတ်ဖြတ်ခြင်းကို ခံရဦးမည်ဖြစ်၏။
ဆူဇီမိုကပြောလိုက်၏။
“ဒဏ္ဍာရီအရဆို... ခင်ဗျားက အရမ်းကိုသွေးဆာပြီးတော့ သွေးအေးရက်စက်သူတစ်ယောက်ပဲ... ကျုပ် ဒီနေ့နောက်ဆုံးမှာတော့ အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီ”
“ဟားဟား...”
အဖြူရောင်ဝတ်လူက ရယ်မော၍ အခြားမည်သူမှနားမလည်နိုင်သည့် စိတ်ခံစားချက်တစ်စွန်းတစ်စက သူ၏မျက်လုံးထဲမှာ ဖျပ်ခနဲ ပေါ်ထွက်လာ၏။
“သွေးဆာရက်စက်သတဲ့လား... မင်းက ဒီအဆင့်ထိကျင့်ကြံမလာနိုင်ခင် မင်းသတ်ခဲ့တဲ့အသက်တွေက ရေလို့တောင်ရသေးရဲ့လား”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။
ကျင့်ကြံရေးလောကက အရမ်းကိုရက်စက်ကြမ်းတမ်းလှ၏။ ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားဟုခေါ်သော သူတို့အားလုံးသည် ဒီနေ့သူတို့ရပ်တည်နေသည့်နေရာကို ရောက်ရှိဖို့အတွက် မရေမတွက်နိုင်သော အလောင်းများကို နင်းဖြတ်ခဲ့ရ၏။
အဖြူရောင်ဝတ်လူက ပြောလိုက်၏။
“အဲ့ဒီလူတွေက... ရမ္မက်လောဘကြောင့် မျက်စိကွယ်သွားကြတာပဲ... သူတို့က လောဘပိုကြီးလေလေ သူတို့ပြုတ်ကျမယ့်တွင်းကလည်း ပိုနက်လေလေပဲ... အဲ့လိုလူမျိုးတွေက သေသွားတယ်ဆိုလည်းကောင်းတာပဲ... ဘာများသနားနေစရာလိုလို့လဲ”
“နောက်ပြီး... ငါက သူတို့ကို သတ်တာလည်းမဟုတ်ဘူး... သူတို့က တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရင်းနဲ့ သေဆုံးကုန်ကြတာပဲ”
အဖြူရောင်ဝတ်လူသည် လှောင်ပြောင်သရော်လိုသော အမူအရာနှင့်အတူ စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ရယ်မောလိုက်၏။
သူသည် တာအိုအရှင်သွေးမိစ္ဆာဟု ကျော်ကြားပြီး မိစ္ဆာသွေးသန့်စက်ထုတ်သုတ္တန်ကဲ့သို့ ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည့်အချက်မှာ သူ့တွင် ကိုယ်ပိုင်တွေးမြင်သည့်နည်းလမ်းရှိသည်ဟု ဆိုလိုလေသည်။ အခြားသူများအနေဖြင့် အဲ့ဒါကို ပြောင်းလဲပေးနိုင်ဖို့က ခဲယဥ်း၏။
“နောက်ပြီး... အဲ့ဒါက အလုံးစုံပျက်သုန်းတဲ့ အခြေအနေတစ်ခုလည်းမဟုတ်ဘူး”
အဖြူရောင်ဝတ်လူက ဆက်ပြောလိုက်၏။
“ငါက... ဒီထောင်ချောက်မှာ ရှင်သန်ဖို့အတွက် နည်းလမ်းနှစ်ခုချန်ပေးထားတယ်...”
“အဲ့ဒီကျင့်ကြံသူတွေက လောဘမတက်ခဲ့ဘူးဆိုရင် သူတို့က ဒီမဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကို ရောက်လာမှာမဟုတ်သလို... ဒီကပ်ဘေးကိုလည်း ကြုံတွေ့ရမှာမဟုတ်ဘူး... အဲ့ဒါက ရှင်သန်ဖို့အတွက် ပထမဆုံးနည်းလမ်းပဲ”
“သူတို့က ရှေးဟောင်းဘုရားကျောင်းထဲကို ဝင်ရောက်လာမယ်ဆိုရင်တောင် အဲ့ဒီကျင့်ကြံသူတွေထဲက ဘယ်သူမဆို... သူတို့ရဲ့ စွဲလမ်းခြင်းဥပါဒါန်တွေကို လွှတ်ချပြီး ပုံရိပ်ယောင်လောကကနေ လွတ်မြောက်နိုင်တာနဲ့အမျှ ငါက သူတို့ရဲ့အသက်ကိုချမ်းသာပေးပြီး ရှေးဟောင်းဘုရားကျောင်းထဲကနေ ပြန်ထုတ်ပေးလိုက်မယ်... အဲ့ဒါက ရှင်သန်ဖို့အတွက် ဒုတိယနည်းလမ်းပဲ”
“သူတို့က သူတို့ရဲ့ စွဲလမ်းခြင်းဥပါဒါန်တွေကို လွှတ်ချနိုင်ခဲ့မယ်ဆိုရင် ငါက သူတို့ကို အခွင့်အလမ်းတွေ ၊ ကျင့်ကြံရေးနည်းစနစ်တွေ ၊ လျှို့ဝှက်အတတ်တွေ ၊ ဆေးလုံးတွေနဲ့ လောကဆိုင်ရာရတနာတွေကိုတောင် ပေးလိုက်ဦးမယ်”
လွန်ခဲ့သည့်နှစ်တစ်ရာကျော်အတွင်း မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်သွားခဲ့သော ကျင့်ကြံသူများထဲမှ အချို့သည် ရှင်သန်ခဲ့ကြ၏။
ထို့ကြောင့်ပင်လျှင် ရှင်သန်လွတ်မြောက်လာခဲ့သော ထိုကျင့်ကြံသူများသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲကနေ ထွက်ခွာလာပြီးနောက် အခွင့်အလမ်းနှင့် အကျိုးအမြတ်များစွာကို ရရှိလာနိုင်ကြခြင်းဖြစ်၏။
ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။
“အဲ့ဒါအပြင်... ပိုအရေးကြီးတာက ခင်ဗျားက အဲ့ဒီကျင့်ကြံသူတွေကိုလွှတ်ပေးလိုက်တယ်ဆိုတာ သူတို့ကို အခွင့်အလမ်းအကျိုးအမြတ်တွေပေးချင်တယ်ဆိုတာထက်... နောက်ထပ်လူတွေကို ပိုပြီးတော့ ဆွဲဆောင်ဖို့အတွက်ပဲလေ”
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်သွားသော ကျင့်ကြံသူတိုင်းက အထဲမှာသေဆုံးသွားမည်ဆိုလျှင် မည်သူကများ စွန့်စားရှာဖွေဖော်ထုတ်ရဲဦးမှာလဲ...။
ထိုနည်းလမ်းဖြင့်သာ အဖြူရောင်ဝတ်လူသည် ကျင့်ကြံသူအချို့ကို တမင်ရည်ရွယ်ချက်ဖြင့်လွှတ်ပေးပြီး သူတို့ကို အခွင့်အလမ်းနှင့် အကျိုးအမြတ်များ ရရှိစေမှသာ နောက်ထပ်ပိုများသည့် ကျင့်ကြံသူများကို သူက ဆွဲဆောင်နိုင်မည်ဖြစ်၏။
“မင်းက... တကယ့်ကိုဉာဏ်ကောင်းတာပဲ”
အဖြူရောင်ဝတ်လူက ပြုံးလိုက်၏။
ဆူဇီမိုသည် မျက်ခုံးကိုပင့်ပြီး ရုတ်တရက်မေးလိုက်၏။
“ခင်ဗျားကဲ့စကားအရဆို... ကျုပ်က ပုံရိပ်ယောင်နည်းစနစ်ထဲကနေ ရုန်းထွက်လာနိုင်ခဲ့ပြီးပြီ.. ခင်ဗျားက ကျုပ်ကို အသက်ရှင်လျက်လွှတ်ပေးမှာလား”
အဖြူရောင်ဝတ်လူ၏ မျက်လုံးထဲရှိ အပြုံးသည် သိပ်သည်းစုဖွဲ့လာပြီး သူက ခေါင်းကိုဖြည်းဖြည်းချင်းခါပြလိုက်၏။
“မင်းကတော့... မရဘူး”