ကိုယ်တော်တာမင်း
Vol. 85 Ch. 1273
ဆူဇီမိုသည် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသည် အခြားလူတိုင်းကိုသယ်ဆောင်ပြီး ကျောက်စိမ်းဖားပြုတ်တောင်ကြောရိုးကနေ ထွက်ခွာသွားခဲ့ပြီဖြစ်၏။
သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ပြန်လည်အားဖြည့်ဖို့အတွက် သိုလှောင်အိတ်ထဲကနေ ဆေးလုံးတချို့ကို ထုတ်ယူစားသုံးပြီး အနားယူလိုက်၏။
အဲ့ဒီနောက် သူသည် ဘေးပတ်ဝန်းကျင် တောအုပ်ထဲမှ ဆန်းကြယ်မီးခိုးလင်းယုန်တစ်ကောင်ကို ဖမ်းဆီးပြီး ယန်ပေးချန်နေထိုင်ရာဝါးသစ်တောဆီသို့ ခရီးနှင်လိုက်၏။
ထိုသို့ဖြင့် သူသည် ခရီးသွားရင်း သူ၏ခွန်အားကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်၏။
ဆန်းကြယ်မီးခိုးလင်းယုန်သည် အလွန်တရာမြန်ဆန်စွာဖြင့် တိမ်လွှာများကြား ဖြတ်သန်းသွားလေသည်။
ဆူဇီမိုသည် ဆန်းကြယ်မီးခိုးလင်းယုန်ကျောပေါ်မှာထိုင်ရင်း သူ၏ ထူးခြားဆန်းကြယ်သော အတွေ့အကြုံများအကြောင်း ပြန်လည်စဥ်းစားတွေးတောနေ၏။
ဒီတစ်ခေါက် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဆီသို့ သွားခဲ့သော ခရီးစဥ်သည် ကျင့်ကြံသူအများစုအတွက် ကပ်ဘေးတစ်ခုဖြစ်ခဲ့၏။
ဝင်ရောက်ခဲ့သော ကျင့်ကြံသူ ငါးထောင်ကျော်ထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူက ဆယ်ဦးထက်ပိုမရှိလောက်ပေ။
သို့သော်လည်း... ဆူဇီမိုအတွက်တော့ အလှည့်အပြောင်းများစွာဖြစ်ပေါ်ခဲ့ပြီး သူသည် မမျှော်မှန်းနိုင်သော အကျိုးအမြတ်များကို ရရှိလာခဲ့၏။
တာအိုအရှင်သွေးမိစ္ဆာသည် ဘာ့ကြောင့် သူ၏စိတ်ကိုရုတ်တရက်ပြောင်းလဲပြီး သူ့ကို လွှတ်ပေးခဲ့သလဲ သူက ယခုအချိန်ထိ နားမလည်နိုင်ပေ။
ဒါ့ပြင်... ထိုသူသည် ပြီးပြည့်စုံသော မင်းဝမ်ဆုတောင်းပုတီးကိုပင် သူ့အားပြန်ပေးခဲ့လေသည်။
မင်းဝမ်ဆုတောင်းပုတီးက ဆူဇီမိုအတွက် အဓိပ္ပါယ်များစွာရှိလေသည်။ အဲ့ဒါသည် သူ၏တိုက်ခိုက်ရည်ခွန်အားကို သိသာထင်ရှားစွာမြှင့်တင်ပေးနိုင်၏။
အကြောင်းမှာ ပျောက်ဆုံးနေသော ဗုဒ္ဓပုတီးစေ့နှစ်စေ့တွင် တာမင်းဓမ္မချိပ်စည်း၏ အသန်မာဆုံး ဓမ္မချိပ်စည်းနှစ်ခုဖြစ်သော မဟာဝရဇိန်လှည်းဘီးချိပ်စည်းနှင့် မဟာမြင်းမိုရ်တောင်ချိပ်စည်းတို့ပါဝင်နေသောကြောင့်ဖြစ်၏။
ကိုယ်တော်ယွမ်ပေပြောပုံအရ ထိုဓမ္မချိပ်စည်းနှစ်ခုသည် အကြမ်းဆုံးနှင့် အသန်မာဆုံးဖြစ်ကြလေသည်။
ဒါ့အပြင် ဓမ္မချိပ်စည်း ၆ခုကို အတူတကွ ပေါင်းစည်းလိုက်မည်ဆိုလျှင် ပိုမိုသန်မာသော ဓမ္မပညာရပ်တစ်ခု ပေါ်ထွက်လာပေလိမ့်မည်။
ဆူဇီမိုသည် မင်းဝမ်ဆုတောင်းပုတီးကို ညင်သာစွာ ပွတ်သပ်ရင်း ထိုစဥ်တုန်းက အဖြူရောင်ဝတ်လူသည် ၎င်းကို မည်သို့မည်ပုံကြည့်ရှုခဲ့သည်ကို ပြန်လည်စဥ်းစားကာ ရင်တစ်ချက်ထိတ်သွားခဲ့၏။
အဖြူရောင်ဝတ်လူသည် မင်းဝမ်ဆုတောင်းပုတီးကို တွေ့မြင်ပြီးနောက် သူ့အပေါ် သူ၏စိတ်နေသဘောထားက သိသိသာသာ ပြောင်းလဲသွားပုံရ၏။
“တာအိုအရှင်သွေးမိစ္ဆာက မင်းဝမ်ဆုတောင်းပုတီးနဲ့ ဘယ်လိုများပတ်သက်နေတာပါလိမ့်”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
“တကယ်ဆို... မင်းဝမ်ဆုတောင်းပုတီးနဲ့ ပတ်သက်ချင်းပတ်သတ်.. ကိုယ်တော်တာမင်းကပဲ...”
ရုတ်တရက်ဆိုသလို...
ဆူဇီမို၏အသံက ယတိပြတ်ရပ်တန့်သွား၏။ သူသည် အလွန်တရာကြောက်စရာကောင်း၍ ရယ်စရာကောင်းသော ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားပြီး သူ၏မျက်လုံးက ပြူးကျယ်လာ၏။
သူတွေ့မြင်ခဲ့သော အဖြူရောင်ဝတ်လူသည် တာအိုအရှင်သွေးမိစ္ဆာမဟုတ်ဘဲ ကိုယ်တော်တာမင်းများ ဖြစ်နေမလား....။
ထိုထင်မြင်ယူဆချက်က အရမ်းကိုကြောက်စရာကောင်းလွန်း၏။
သို့သော်လည်း ယခုအခါဆူဇီမိုသည် သူ၏ စွမ်းအင်အချို့ကို ပြန်လည်ရရှိလာပြီဖြစ်ပြီး သူ၏အတွေးများက တဖြည်းဖြည်း ပို၍ရှင်းလင်းလာ၏။ သူသည် ခန်းမထဲမှာ ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို ပြန်လည်စဥ်းစားရင်း ထိုရှုထောင့်ကနေ မတွေးဘဲမနေနိုင်ပေ။
အဖြူရောင်ဝတ်လူသည် ဗုဒ္ဓကျောင်းတော်များ၏ အန္တိမဓမ္မဝိသေသ ၄ခုဖြစ်သော အစောင့်အရှောက် ဗြဟ္မာ ၄ဦးကို ကျင့်ကြံထားနိုင်ခဲ့၏။ ဒါ့ပြင် ဗုဒ္ဓဝါဒအပေါ် သူ၏ အောင်မြင်ပေါက်မြောက်မှုသည် အရမ်းကိုကြောက်စရာကောင်းနေရသည့် အကြောင်းအရင်းမှာ အဖြူရောင်ဝတ်လူက ကိုယ်တော်တာမင်း ဖြစ်နေသောကြောင့် ဖြစ်နိုင်လေသည်။
တကယ်တော့... အဖြူရောင်ဝတ်လူ၏ ကိုယ်ပေါ်တွင် ဗုဒ္ဓကျောင်းတော်များ၏ အငွေ့အသက်များစွာရှိနေခဲ့၏။
ဆူဇီမိုသည် အဖြူရောင်ဝတ်လူက တာအိုအရှင်သွေးမိစ္ဆာဖြစ်သည်ဟု ချက်ချင်းထင်မြင်ယူဆခဲ့ခြင်းမှာ ထိုသူက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသောကြောင့်ဖြစ်၏။
သို့သော်လည်း အဲ့ဒါကြောင့်နှင့် အဖြူရောင်ဝတ်လူက တာအိုအရှင်သွေးမိစ္ဆာဖြစ်နေသည်ဟု ဆိုလို၍မရနိုင်ပေ။
နောက်ဆုံးမှာတော့... ဆူဇီမိုသည်လည်း မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို သိရှိထား၏။
သူသည် ကျောက်သားခေါင်းတလားထဲမှာ ပိတ်မိနေခဲ့ပြီးနောက် သိပ်မကြာခင်မှာပင် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို သင်ယူတတ်မြောက်ခဲ့၏။ အဖြူရောင်ဝတ်လူအနေဖြင့် ကျောက်သားခေါင်းတလားထဲမှာ နှစ်လေးသောင်းကြာ ပိတ်မိနေခဲ့ပြီးနောက် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို သင်ယူတတ်မြောက်သွားမည်ဆိုလျှင် အဲ့ဒါက လုံးဝ မထူးဆန်းပေ။
ဆူဇီမိုသည် ပို၍အရေးကြီးသော တစ်စုံတစ်ရာကို အမှတ်ရသွား၏။ အဖြူရောင်ဝတ်လူသည် ဆူဇီမိုနှင့်အရင်က တစ်ခါတွေ့ဆုံခဲ့ဖူးသည်ဟု ဝန်ခံခဲ့၏။ တကယ်ဆို သူသည် လွန်ခဲ့သည့်နှစ်တစ်ရာကျော်က မြေအောက်မိစ္ဆာနန်းတော်ထဲတွင် ပြန်လည်ရှင်သန်လာခဲ့သော အရိုးစုဖြစ်သည်ကိုပင် သူက ဝန်ခံခဲ့ပြီဖြစ်၏။
သို့သော်လည်း အစကနေ အခုချိန်ထိ အဖြူရောင်ဝတ်လူသည် သူက တာအိုအရှင်သွေးမိစ္ဆာပါဟု ဝန်ခံခဲ့ခြင်းမရှိပေ။
အဖြူရောင်ဝတ်လူက တစ်ခါပြောခဲ့ဖူးလေသည်။
“မိစ္ဆာတွေက ဗုဒ္ဓဖြစ်လာနိုင်သလို... ဗုဒ္ဓကလည်း မိစ္ဆာအဖြစ် ပြောင်းလဲသွားနိုင်တာပဲ.. သူတို့ကြားမှာ ဘာများကွာဟချက်ရှိလို့လဲ”
အဲ့ဒါကို ယခု ပြန်လည်စဥ်းစားကြည့်လေလေ ထိုစကားများက ပို၍အဓိပ္ပါယ်ရှိသည်ဟု ထင်လာရ၏။
ထိုဖြေရှင်းချက်ကသာလျှင် တာမင်းကျောင်းတော်၏ အရိုက်အရာဆက်ခံသူအဖြစ် ဆူဇီမို၏ သရုပ်သကန်ကို ကြားသိရပြီးနောက် အဖြူရောင်ဝတ်လူ၏ စိတ်နေသဘောထား ရုတ်တရက်ပြောင်းလဲသွားခြင်းကို ရှင်းပြပေးနိုင်ပေလိမ့်မည်။
တကယ်ဆို... သူသည် ဗုဒ္ဓပုတီးစေ့ နှစ်စေ့ကိုပင် ထုတ်ယူပြီး ပြီးပြည့်စုံသော မင်းဝမ်ဆုတောင်းပုတီးကို ဆူဇီမိုအားပြန်ပေးခဲ့လေသည်။
ကိုယ်တော်တာမင်းက မိစ္ဆာတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့သည်ဆိုလျှင်တောင်....။
သူသည် တာမင်းကျောင်းတော်နှင့် ဖြတ်တောက်မရနိုင်သော ဆက်သွယ်မှုတစ်ခု ရှိနေဆဲ ဖြစ်၏။
လွန်ခဲ့သည့်နှစ်တစ်ရာအတွင်း မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အကြိမ်ရေများစွာ ပေါ်ထွက်ခဲ့၏။ သို့သော်လည်း ၎င်းသည် မြောက်ပိုင်းဒေသသို့ တစ်ခါမှရောက်မလာခဲ့ပေ။ ၎င်းသည် တာမင်းကျောင်းတော်နှင့် ရှောင်လွှဲဖို့ကြိုးစားချင်နေတာ ဖြစ်ဖို့များလေသည်။
သို့သော်လည်း... တာမင်းကျောင်းတော်က ဖျက်ဆီးခံခဲ့ရပြီး အတိတ်ကာလမှာ ကျန်ရစ်ခဲ့ပြီကို အဖြူရောင်ဝတ်လူက မသိရှိခဲ့ပေ။
ဒါ့အပြင်... ကိုယ်တော်တာမင်း၏ ဝါစဥ်အရ သူသည် ကိုယ်တော်ယွမ်ပေနှင့် သိနေတာပင် ဖြစ်ဖို့များလေသည်။
ကိုယ်တော်ယွမ်ပေသည် သူသိခဲ့သည့် တစ်ဦးတည်းသော မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်၏။
“အဲ့ဒါက အမှန်တွေများဖြစ်နေမလား”
ဆူဇီမိုသည် ငေးငိုင်နေသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။ သူသည် ထိုဖြစ်နိုင်ချေကို တွေးမိထားပြီဆိုလျှင်တောင် သူ၏ နှလုံးသားအနက်ပိုင်းထဲမှာ အဲ့ဒါကို ယုံကြည်လက်ခံလိုစိတ်မရှိပေ။
လွန်ခဲ့သည့်နှစ်လေးသောင်းက မေတ္တာကြီးမားသော နှလုံးသားတစ်ခုရှိသည့် တာမင်းကျောင်းတော်၏ မည်ကာမတ္တတပည့် ကိုယ်တော်တာမင်းသည် တာအိုအရှင်သွေးမိစ္ဆာကို ဖိနှိမ်ပြီး အများလူထုကို ကယ်တင်ဖို့အတွက်နှင့် လက်ရှိအခြေအနေထိ ရောက်ရှိသွားတာများလား။
တကယ်တော့ ဆူဇီမိုသည် သူ၏ရင်ထဲမှာ အဖြေတစ်ခုကို ရရှိနေခဲ့ပြီးလေပြီ။
အကြောင်းမှာ သူသည်လည်းပဲ အရင်က မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံခဲ့ဖူးသောကြောင့်ဖြစ်၏။
အတိအကျဆိုကလျှင် သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ ဓမ္မပညာရပ်အနည်းငယ်ကိုသာ ကျင့်ကြံခဲ့ဖူး၏။
ထိုသို့ဆိုလျှင်တောင် သူသည် မိစ္ဆာတာအိုမှာ ကျရှုံးပြီး သွေးဆာရက်စက်သော မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲခဲ့လုနီးပါးပင်။
သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို တစ်ကြိမ်အသက်သွင်းတိုင်း သူသည် ၎င်းအပေါ်မှီခိုအားထားစိတ် ပိုမိုကြီးမားလာခဲ့၏။
သွေးဆာရက်စက်မှုတဆင့် အကန့်အသတ်မဲ့သော စွမ်းအားများကို ရရှိနိုင်သည်ဟူသော ခံစားချက်သည် တကယ့်ကို ယစ်မူးဖွယ်ရာကောင်း၏။
တကယ်တော့... သူ့နှလုံးသား၏ အနက်ပိုင်းထဲတွင် အဖြူရောင်ဝတ်လူက တာအိုအရှင်သွေးမိစ္ဆာကဲ့သို့ မိစ္ဆာတစ်ကောင်အဖြစ် အမှန်တကယ်ပြောင်းလဲသွားခြင်းမရှိဟု ဆူဇီမိုက ယုံကြည်နေဆဲ ဖြစ်၏။
အနည်းဆုံးတော့ အဖြူရောင်ဝတ်လူ၏ နှလုံးသားထဲတွင် တာမင်းကျောင်းတော်ကို မျှော်မှန်းတမ်းတစိတ်ရှိနေဆဲ ဖြစ်၏။
မဟုတ်ပါက အဖြူရောင်ဝတ်လူသည် ပြီးပြည့်စုံသော မင်းဝမ်ဆုတောင်းပုတီးကို သူ့အားပေးပြီး သူ့ကို ထွက်ခွာခွင့်ပေးခဲ့လိမ့်မည် မဟုတ်ပေ။
အဖြူရောင်ဝတ်လူ၏ နှလုံးသားထဲတွင် သူသည် တာမင်းကျောင်းတော်၏ ဤဓမ္မလက်နက်ကို ဆက်လက်ဆောင်ထားဖို့ မထိုက်တန်တော့ဟု ခံစားမိပြီး ထို့ကြောင့်ပင်လျှင် ဆူဇီမိုကို ပေးခဲ့ခြင်းဖြစ်နိုင်လေသည်။
တကယ်တော့... ထိုအရာများအားလုံးသည် ဆူဇီမို၏ ထင်မြင်ယူဆချက်များသာဖြစ်၏။
အဲ့ဒီမှာ ရှင်းပြဖို့ရန်ခက်ခဲသော မေးခွန်းအချို့ရှိနေဆဲ ဖြစ်၏။
ဥပမာအားဖြင့် အဖြူရောင်ဝတ်လူက ကိုယ်တော်တာမင်းဆိုလျှင် သူက ကျောက်သားခေါင်းတလားထဲမှာ ဘာကြောင့် ပိတ်လှောင်ခံထားခဲ့ရတာလဲ...။
ကျောက်သားခေါင်းတလားထဲမှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ရေးဆွဲထားခဲ့သည့်သူက ဘယ်သူလဲ။
အဲ့ဒါတွေအားလုံးကို တာအိုအရှင်သွေးမိစ္ဆာက ပြုလုပ်ခဲ့တာလား...။
အဲ့ဒါတွေကို ပြုလုပ်ရခြင်းရဲ့ တာအိုအရှင်သွေးမိစ္ဆာရဲ့ ရည်ရွယ်ချက်က ဘာလဲ...။
ပို၍အရေးကြီးသော မေးခွန်းမှာ တာအိုအရှင်သွေးမိစ္ဆာက အသက်ရှင်နေသေးတာလား။
ဆူဇီမိုသည် သားရဲတစ်ထောင်တောင်ကြားမှာတုန်းက နှစ်တစ်ထောင်သွေးပင်လယ်ထဲတွင် ပေါ်ထွက်လာခဲ့သော သွေးရောင်လူသားမျက်နှာကို ပြန်လည်အမှတ်ရလိုက်၏။
တကယ်တော့... ထိုဖြစ်စဥ်တစ်ခုလုံးနှင့် ပတ်သက်၍ ဖြေရှင်း၍မရသော မေးခွန်းများစွာရှိနေဆဲ ဖြစ်၏။
အဖြူရောင်ဝတ်လူက ကိုယ်တော်တာမင်းဆိုလျှင် သူက နှစ်လေးသောင်းကြာ ဖြတ်သန်းလာခဲ့သည်ဟု ဆိုလိုရပေလိမ့်မည်။
ကိုယ်တော်တာမင်းသည် နှစ်လေးသောင်းကြာအောင် ကျောက်သားခေါင်းတလားထဲမှာ ပိတ်မိနေပြီးနောက် ဘာ့ကြောင့်သေမသွားခဲ့ရတာလဲ။
အဲ့ဒီမှာ ဝိညာဥ်အားဖြည့်သစ်သားကနေ ပြုလုပ်ထားပြီး လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သော မင်းဝမ်ဆုတောင်းပုတီးစေ့တစ်စေ့ ကျောက်သားခေါင်းတလားထဲမှာ ရှိနေခဲ့သည်ဆိုလျှင်တောင် ၎င်းသည် လူတစ်ယောက်၏ ဘဝသက်တမ်းကို ဤမျှအထိ မြှင့်တင်မပေးနိုင်ပေ။
အဲ့ဒီမှာ ဆူဇီမိုထည့်မတွက်မိသည့် အခြားတစ်စုံတစ်ရာရှိနေရပေဦးမည်။
မသိလိုက်မသိဘာသာနှင့်ပင် သူသည် အတွေးပေါင်းများစွာဖြင့် တစ်ရက်တာကို ကုန်ဆုံးစေခဲ့ပြီဖြစ်၏။
သာလွန်အဆင့်ဆေးလုံးများနှင့်ပေါင်းစပ်လိုက်သောအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် သူ၏ ခွန်အားအများစုကို ပြန်လည်ရရှိလာခဲ့ပြီဖြစ်၏။
“သွားတော့”
ဆူဇီမိုသည် သူ့ခြေထောက်အောက်ရှိ ဆန်းကြယ်မီးခိုးလင်းယုန်ကို သူ၏ခြေထောက်ဖြင့်ထောက်၍ မတ်တတ်ရပ်ကာ ၎င်းကိုလည်း ဆေးပုလင်းအချို့နှင့် ဓမ္မလက်နက်တစ်ခုပစ်ထုတ်ပေးလိုက်လေသည်။
သူ၏ဆုလာဘ်ကို လက်ခံရရှိပြီးနောက် ဆန်းကြယ်မီးခိုးလင်းယုန်သည် သူ၏ဦးခေါင်းကိုမော့၍ အော်မြည်ကာ သူ့ရင်ထဲရှိ မကျေမချမ်းမှုများကို ဖြေဖျောက်နိုင်သွား၏။
ဆူဇီမိုက ပြုံးလိုက်၏။ ဆန်းကြယ်မီးခိုးလင်းယုန်က မည်မျှပင်မြန်ဆန်ပါစေ ၎င်းက သူ၏အမြန်နှုန်းကို မယှဥ်နိုင်ပေ။
သူ၏ပုံရိပ်သည် တောက်လောင်နေသော ရွှေရောင်းအလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး အရပ်တစ်ဖက်သို့ ပြေးထွက်လိုက်လေသည်။
ဆူဇီမိုသည် ဝါးသစ်တောဆီသို့ တတ်နိုင်သမျှ မြန်မြန်ပြန်ပြီး ယန်ပေးချန်ကို ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံး ပေးချင်လေသည်။