ပြေလည်စွာ ခွဲခွာခြင်း
Vol. 85 Ch. 1272
“တာမင်းကျောင်းတော်က မရှိတော့ဘူး”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“မရှိတော့ဘူးလား”
အဖြူရောင်ဝတ်လူ၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာပြီး သူ၏လေသံက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေ၏။
“အဲဒါက လွန်ခဲ့တဲ့ နှစ်တစ်သောင်းကတည်းက မရှိတော့ဘူး”
ဆူဇီမိုသည် သူက သေရတော့မည်ဆိုတာကို သိထားပြီး မည်သည့်အရာကိုမှ ဖုံးကွယ်မထားတော့ပေ။
“အခုဆိုရင် တာမင်းကျောင်းတော်မှာ ကျုပ်တစ်ယောက်ပဲ ကျန်တော့တယ်.. ခင်ဗျားက တာမင်းကျောင်းတော်က အရိုက်အရာဆက်ခံသူတစ်ယောက်ကို လက်စားချေချင်နေတာဆိုရင် ခင်ဗျားက လူမှန်ကို ရှာတွေ့ထားတာပဲ”
တကယ်တော့ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် ကိုယ်တော်ယွမ်ပေလည်း ရှိနေသေး၏။
သို့သော်လည်း ကိုယ်တော်ယွမ်ပေသည် သူ့ဘဝသက်တမ်း ကုန်ခါနီးအချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဆူဇီမိုက ထိုသူကို နောက်ထပ်ပြဿနာများ ထပ်မဖြစ်စေချင်တော့ပေ။
ဆူဇီမို၏ ထင်မြင်ချက်အရ တာအိုအရှင် သွေးမိစ္ဆာသည် နှစ်ပေါင်းသောင်းချီကြာအောင် ကိုယ်တော်တာမင်း၏ ဖိနှိမ်ခံခဲ့ရခြင်းဖြစ်ဖို့များပြီး သူက ထိုသူအပေါ် အရိုးထိတိုင် မုန်းတီးနေပေလိမ့်မည်။
တာမင်းကျောင်းတော်နှင့် ကိုယ်တော်တာမင်းအကြား ပတ်သက်ဆက်နွယ်မှုကြောင့် တာအိုအရှင် သွေးမိစ္ဆာအနေဖြင့် တာမင်းကျောင်းတော်အပေါ် မကျေမချမ်းဖြစ်နေမည်ဆိုလျှင် အဲဒါက သဘာဝကျလေသည်။
ကံဆိုးစွာနှင့်ပင် နှစ်ပေါင်းလေးသောင်းကြာပြီးနောက်.. လောကက ပြောင်းလဲသွားခဲ့လေပြီ။
တာအိုအရှင် သွေးမိစ္ဆာ၏ အသိအကျွမ်းဟောင်းများက ဆက်လက်၍ ရှိမနေကြတော့ပေ။
တာမင်းကျောင်းတော်ပင်လျှင် ယခုအခါ မရှိတော့ပေ။
အဖြူရောင်ဝတ်လူသည် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။
“တာမင်းကျောင်းတော်မှာ မင်းတစ်ယောက်ပဲ ကျန်တော့တာလား”
အတန်ကြာပြီးနောက်.. အဖြူရောင်ဝတ်လူသည် စကားကို ဖြည်းဖြည်းချင်း ပြောလိုက်ပြီး သူ၏လေသံတွင် စိတ်ခံစားချက်များနှင့် ဝမ်းနည်းမှု တစ်စွန်းတစ်စက ရောထွေးနေ၏။ ဆူဇီမိုကို ဆုပ်ကိုင်ထားသော သူ၏လက်ကလည်း တဖြည်းဖြည်း လျော့ကျသွား၏။
သူသည် အတိတ်ကာလကို မျှော်မှန်းတမ်းတသည့်ပုံဖြင့် အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်လိုက်၏။
အတန်ကြာ စောင့်ဆိုင်းပြီးနောက်.. အဖြူရောင်ဝတ်လူက သူ့ကို တိုက်ခိုက်မလာသောအခါ ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်မိ၏။
ဤအချိန်အတောအတွင်း သူသည် သက်လုံအားအချို့ကို ပြန်လည်ရရှိထားပြီး အပေါ်သို့ မော့ကြည့်လိုက်၏။
ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်လူက သူ့ရှေ့တည့်တည့်မှာ မတ်တတ်ရပ်နေပြီး အဝေးတစ်နေရာကို ငေးမျှော်ကြည့်ကာ အတွေးထဲမှာ နစ်မျောနေ၏။
“ခင်ဗျား…”
ဆူဇီမိုက စကားပြောတော့မည့်ဆဲဆဲမှာပင်… အဖြူရောင်ဝတ်လူ၏ အကြည့်က သူ့ဆီသို့ တစ်ဖန်ပြန်ရွေ့လျားလာ၏။
အဖြူရောင်ဝတ်လူ၏ မျက်လုံးများသည် ကြည်လင်တောက်ပ၍ အထွတ်အထိပ် ဉာဏ်ပညာကို ပိုင်ဆိုင်ထားဆဲဖြစ်၏။
သို့သော်လည်း ဘာကြောင့်ရယ်မသိ.. အဖြူရောင်ဝတ်လူက သူ့ကိုကြည့်ပုံသည် အရင်ကနှင့်မတူ ကွဲပြားခြားနားသွားသည်ဟု ဆူဇီမိုက ခံစားရ၏။
“မင်းက ဒီမဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းကို ဘာလိုချင်လို့ ရောက်လာတာလဲ”
ရုတ်တရက် အဖြူရောင်ဝတ်လူက မေးလိုက်၏။
“ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးနဲ့ ဗုဒ္ဓပုတီးစေ့ နှစ်စေ့”
ဆူဇီမိုက တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်း မရှိပေ။
သူသည် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ရရှိထားခဲ့ပြီဖြစ်သော်လည်း ကံဆိုးစွာနှင့်ပင် သူက ဤနေရာကနေ မထွက်နိုင်တော့ပေ။
လွန်ခဲ့သည့် နှစ်လေးသောင်းက ကျင့်ကြံရေးလောကကို ဗြောင်းဆန်အောင် ပြုလုပ်ခဲ့သော အနှိုင်းမဲ့မိစ္ဆာတစ်ကောင်သည် ဤရှေးဟောင်းဘုရားကျောင်းထဲမှာ ပုန်းကွယ်နေလိမ့်မည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။
“တကယ်တော့.. ငါလွှင့်ခဲ့တဲ့ သတင်းတွေအားလုံးက အတုအယောင်တွေချည်းပဲတော့ မဟုတ်ဘူး”
ရုတ်တရက် အဖြူရောင်ဝတ်လူက ပြောလိုက်၏။
“ဒီမဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲမှာ ဗုဒ္ဓပုတီးစေ့ နှစ်စေ့ တကယ်ပဲ ရှိတယ်”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် အဖြူရောင်ဝတ်လူက သူ၏လက်ဖဝါးကို လှန်လိုက်၏။
သူ၏ လက်ဖဝါးထဲတွင် ဗုဒ္ဓပုတီးစေ့ နှစ်စေ့ ရှိနေ၏။
ဆူဇီမိုသည် အာရုံစိုက်၍ ကြည့်လိုက်၏။ ဗုဒ္ဓပုတီးစေ့ နှစ်စေ့သည် ဝိညာဉ်အားဖြည့်သစ်သားမှ ပြုလုပ်ထားပြီး လုံငန်းသီး အရွယ်အစားလောက် ရှိကြ၏။ သူတို့ပေါ်တွင် ဓမ္မချိပ်စည်းများကို ခတ်နှိပ်ထားပြီး သူတို့သည် မင်းဝမ်ဆုတောင်းပုတီးများကဲ့သို့ တူညီသော အော်ရာကို ပိုင်ဆိုင်ထား၏။
“ဒါက..”
ဆူဇီမိုက အိုးတိုးအမ်းတမ်း အမူအရာတစ်ခု ရှိနေ၏။
တစ်ဖက်မှာတော့ သူ၏ အမြုတေစိတ်ဝိညာဉ်သည် ခမ်းခြောက်နေခဲ့ပြီး သူ့အနေဖြင့် ဗုဒ္ဓပုတီးစေ့ နှစ်စေ့သည် အစစ်လား အတုလား သို့မဟုတ် အဖြူရောင်ဝတ်လူ၏ လှည့်စားမှုတစ်ခုလား.. သူက မပြောနိုင်တော့ပေ။
တစ်ဖက်မှာတော့ ဗုဒ္ဓပုတီးစေ့ နှစ်စေ့က အစစ်အမှန်ဆိုလျှင်တောင် အဖြူရောင်ဝတ်လူက ဘာကြောင့် ထိုသို့ပြုမူလာသလဲ သူမသိပေ။
ဘာစကားမှ ထပ်မပြောဘဲ.. အဖြူရောင်ဝတ်လူက ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မင်းဝမ်ဆုတောင်းပုတီးကုံးကို ဖြုတ်ယူလိုက်၏။
သူသည် သူ့လက်ထဲရှိ ဗုဒ္ဓပုတီးစေ့ နှစ်စေ့ကို ပုတီးကုံးထဲမှာ သီပြီး ဓမ္မစွမ်းအားများကို ထိုးသွင်းလိုက်၏။ ဗုဒ္ဓပုတီးစေ့ ခြောက်စေ့က ဝင်းလက်တောက်ပလာပြီး ပြီးပြည့်စုံသော နတ်ဘုရားဆန်ဆန် အလင်းတစ်ခုကို ဖြာထုတ်ပေးလာ၏။
ဖျက်ဆီးခံခဲ့ရပြီး နှစ်ပေါင်းလေးသောင်းကြာ ပျောက်ဆုံးနေခဲ့သော တာမင်းကျောင်းတော်၏ ဤရတနာသည် နောက်ဆုံးမှာ အတူတကွ စုစည်းမိသွားလေပြီ။
အဖြူရောင်ဝတ်လူသည် ဗုဒ္ဓပုတီးစေ့ ခြောက်စေ့ကို သူ၏လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ပြီး အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေ၏။
ဆူဇီမိုသည်လည်း နှမျောတမ်းတသော အမူအရာတစ်ခုကို ထုတ်ပြလာ၏။
မင်းဝမ်ဆုတောင်းပုတီးသည် နောက်ဆုံးမှာတော့ ပြီးပြည့်စုံသွားခဲ့လေပြီ။
ကံမကောင်းစွာနှင့်ပင်.. အဲဒါက အခြားသူတစ်ယောက်၏ လက်ထဲသို့ ကျရောက်တော့ပေမည်။
“ထွက်သွားတော့”
ထိုစဉ်မှာပင် အဖြူရောင်ဝတ်လူက ရုတ်တရက် စကားပြောလိုက်၏
“ဟမ်..”
ဆူဇီမိုက အဲဒါကို ရှင်းလင်းစွာ မကြားလိုက်နိုင်ပေ။
အဲဒါထက် သူသည် သူကြားခဲ့ရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေပုံရ၏။
“မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲမှာ မင်းလိုချင်တဲ့ ရတနာကို ရသွားပြီပဲ.. အခုက မင်းထွက်သွားဖို့ အချိန်တန်ပြီ”
အဖြူရောင်ဝတ်လူက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
ဤတစ်ကြိမ်တွင်တော့ ဆူဇီမိုသည် အရာရာတိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
သို့သော်လည်း သူက တွေဝေရှုပ်ထွေးနေ၏။
အဖြူရောင်ဝတ်လူက ဘာကြောင့် သူ့ကို လွှတ်ပေးရတာလဲ။
နာမည်ကြီးကျော်ကြားခဲ့သော တာအိုအရှင် သွေးမိစ္ဆာသည် မင်းဝမ်ဆုတောင်းပုတီးကုံးကြောင့်နှင့် သနားကရုဏာ ကြီးမားသွားတာလား။
ဒါမှမဟုတ် တခြား တစ်စုံတစ်ရာကြောင့်များလား။
ထိုအခိုက်အတန့်တွင် ဆူဇီမိုက ခြေကုန်လက်ပန်းကျနေပြီး သူ၏စိတ်ကလည်း ပင်ပန်းနွမ်းနယ်နေ၏။ သူ၏စိတ်သည် ရှုပ်ထွေးနောက်ကျိနေပြီး အကျိုးအကြောင်းများကို ကောင်းကောင်း မဆက်စပ်နိုင်တော့ပေ။
နောက်ခဏ၌.. အဖြူရောင်ဝတ်လူ ပြုလုပ်လိုက်သော တစ်စုံတစ်ရာက ဆူဇီမိုကို ပို၍ပင် တုန်လှုပ်သွားစေ၏။
“ဒါကို ယူလိုက်”
သူက ပြီးပြည့်စုံသော မင်းဝမ်ဆုတောင်းပုတီးကို ဆူဇီမိုအား ပြန်ကမ်းပေးလိုက်၏။
ဆူဇီုက ကြောင်အ,မှင်တက်သွား၏။
အဖြူရောင်ဝတ်လူသည် သူ့ကို လွှတ်ပေးရုံသာမက.. ပြီးပြည့်စုံသော မင်းဝမ်ဆုတောင်းပုတီးကိုပါ သူ့အား ပြန်ပေးနေ၏။
“ကျုပ်က ခင်ဗျားကို နောက်တစ်ခေါက် ပြန်လာရှာမှာ မစိုးရိမ်ဘူးလား”
ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်ရဲ့ ပါရမီအလားအလာနဲ့ဆို.. ကျုပ်က ပကတိဓမ္မဝိသေသအဆင့်ကို ကျင့်ကြံခဲ့ပြီးရင် ခင်ဗျားက ကျုပ်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်တော့မယ်”
သူတို့နှစ်ယောက်သည် တူညီသော ကျင့်ကြံမှုအဆင့်မှာ ရှိကြမည်ဆိုလျှင် ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခု လျော့နေသော်လည်း သူတို့နှစ်ယောက်ကြား တိုက်ပွဲ၏ ရလဒ်က ကြိုတင်ခန့်မှန်း၍ ရနိုင်တော့မည် မဟုတ်ပေ။
“သေချာတာပေါ့.. ငါ မင်းကို စောင့်နေမယ်”
အဖြူရောင်ဝတ်လူက ပြောလိုက်၏။
“မင်း ငါ့ကို အနိုင်ယူလာမှာကိုလည်း ငါမျှော်လင့်စောင့်စားနေမယ်”
အဖြူရောင်ဝတ်လူ၏ စကားများက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေပုံ ရသော်လည်း ဆူဇီမိုက နားမလည်နိုင်ပေ။
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး ထပ်မေးလိုက်၏။
“ကျုပ်က မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို သိသွားခဲ့ပြီးပြီ.. ကျုပ်ထွက်သွားပြီးရင် ခင်ဗျားရဲ့ ထောင်ချောက်ထဲကို ဘယ်သူကမှ ဝင်လာမှာ မဟုတ်လောက်တော့ဘူး”
“ငါကလည်း အဲဒါကို ထပ်ပြီးမလိုတော့ပါဘူး”
အဖြူရောင်ဝတ်လူက မှင်သေသေဖြင့် ပြောလိုက်၏။
“ဒီနေ့ပြီးရင် ဒီခန်းမထဲမှာ ကျန်ခဲ့တဲ့ သွေးက ငါ့ကို ပေါင်းစည်းခန္ဓာအဆင့် တက်လှမ်းနိုင်စေဖို့ လုံလောက်တယ်.. မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲကို နောက်ထပ်ဝင်လာမယ့် ကျင့်ကြံသူတွေက ငါ့ရဲ့ အာသီသကို ဆက်ပြီးဖြည့်တင်းနိုင်မှာ မဟုတ်တော့ဘူး.. ငါက နောက်ထပ်နည်းလမ်းတစ်ခုကို ရှာရလိမ့်မယ်”
သူ၏လေသံက တည်ငြိမ်နေသော်လည်း အဲဒီမှာ သန်မာသော သွေးရနံ့နှင့် သတ်ဖြတ်လိုစိတ်က ပါဝင်နေ၏။
သူသည် သူ၏ရည်မှန်းချက်ကို လုံးဝ ဖုံးကွယ်မထားပေ။
ပေါင်းစည်းခန္ဓာအဆင့်၌ သူ၏ တိုက်ခိုက်ရည်ခွန်အားနှင့် နည်းလမ်းများသည် ပို၍ပင် ကြောက်စရာကောင်းလာပေဦးမည်။
ထိုအချိန်တွင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ နောက်ထပ် သွေးမြစ်စီးမှုတစ်ခုက သေချာပေါက် ထွက်ပေါ်လာပေတော့မည်။
အဖြူရောင်ဝတ်လူ၏ အကြည့်က တလက်လက်ဖြစ်သွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်လိုက်၏။ ရှေးဟောင်းဘုရားကျောင်း၏ အရှေ့ဘက်ခြမ်းရှိ ကျောက်သားတံခါးက ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် နေက ထွက်လာကာစဖြစ်၏။
နွေးထွေးသော နေရောင်ခြည်သည် ခန်းမထဲသို့ တိုးဝင်လာပြီး မကောင်းဆိုးဝါးဆန်ဆန် သွေးရနံ့အချို့ကို ဖယ်ရှင်းပေးလိုက်၏။ ဆူဇီမိုသည် နွေးထွေးမှုအချို့ကို ပြန်လည်ရရှိလာခဲ့၏။
အဲဒီနောက် ချက်ချင်းပင် ဆူဇီမိုသည် သိပ်သည်းပြင်းထန်သည့် အားလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး သူက ရှေးဟောင်းဘုရားကျောင်း၏ အပြင်ဘက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရ၏။
တစ်ခဏအတွင်းမှာပင် သူသည် ရှေးဟောင်းဘုရားကျောင်း အပြင်ဘက်သို့ ရောက်ရှိသွားခဲ့လေပြီ။
အဖြူရောင်ဝတ်လူသည် သူ့ကို အမှန်တကယ်ပင် လွှတ်ပေးခဲ့ပြီး ပြီးပြည့်စုံသော မင်းဝမ်ဆုတောင်းပုတီးကိုပင် သူ့အား ပြန်ပေးခဲ့လေသည်။
ဘန်း.. ဘုန်း… ဘုန်း…
ကျောက်သားတံခါးက ဖြည်းဖြည်းချင်း ပြန်လည်ဆင်းသက်လာ၏။
ဆူဇီမိုသည် အလိုလိုလှည့်ကြည့်လိုက်ပြီး ရှေးဟောင်းဘုရားကျောင်း၏ အနက်ပိုင်းထဲတွင် ပုံရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရ၏။ ကျောက်သားတံခါး ဆင်းသက်လာခြင်းနှင့်အတူ ထိုပုံရိပ်က ပျောက်ကွယ်သွားခဲ့လေပြီ။
ဆူဇီမို၏ ရှေ့တည့်တည့်တွင် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းသည် တစ်ခဏအတွင်းမှာပင် လက်သီးဆုပ်အရွယ်သို့ ကျုံ့ဝင်သွားပြီး အရပ်တစ်ဖက်သို့ ပျံသန်းကာ သိပ်မကြာခင် မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။
အဲဒါက ပြီးဆုံးသွားခဲ့လေပြီ။
ဆူဇီမိုသည် လေထဲမှာ မတ်တတ်ရပ်ရင်း သူ၏ဘေးပတ်လည်ရှိ လတ်ဆတ်သော လေများကို ရှူရှိုက်ကာ မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲတွင် ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းကို ပြန်လည်စဉ်းစားလိုက်၏။ အရာရာတိုင်းက အိပ်မက်ဆန်နေသည်ဟု သူက ခံစားနေရဆဲဖြစ်၏။
အရာရာတိုင်းသည် အိပ်မက်တစ်ခုမျှသာ ဖြစ်ခဲ့သည့်အလားပင်။
သူက သူ၏ လက်ဖဝါးကို တစ်ချက်ကြည့်လိုက်၏။
မင်းဝမ်ဆုတောင်းပုတီးသည် ဗုဒ္ဓပုတီးစေ့ ၆စေ့နှင့်အတူ ပြီးပြည့်စုံစွာ ရှိနေပြီး မြင့်မြတ်ထည်ဝါသော အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေ၏။