ကျေးဇူးကန်းခြင်း
Vol. 85 Ch. 1274
အလယ်ပိုင်းတိုက်၊ ဝါးသစ်တောထဲရှိ သစ်သားအိမ်လေးတွင်..
“ဖျန်ယန်.. မင်းကိုကြည့်ရတာ ဒီရက်တွေထဲ စိတ်အာရုံ ပျံ့လွင့်နေသလိုပဲ.. မင်းစိတ်ထဲမှာ ဘာရှိနေတာလဲ”
ယန်ပေးချန်က စိုးရိမ်ပူပန်သော အမူအရာနှင့်အတူ ညင်သာစွာ မေးလိုက်၏။
ချင်ဖျန်ယန်သည် သူမ မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
“ဘာလို့လဲ မသိဘူး.. ဒီရက်တွေထဲမှာ ကျွန်မက စိတ်ထဲ မအီမသာ ခံစားနေရတယ်”
ခဏမျှ ရပ်တန့်ပြီးနောက်.. သူမသည် အပြုံးတစ်ခုကို ထုတ်ဖော်ကာ စိတ်လက်ပေါ့ပါးချင်ယောင် ဟန်ဆောင်လိုက်၏။
“ပေးချန်.. ဘာမှ စိုးရိမ်မနေနဲ့.. အဲဒါက ဘာမှလည်း မဟုတ်ပါဘူး.. တစ်ရက် နှစ်ရက်နေပြီးရင် အဆင်ပြေသွားမှာပါ”
“မအီမသာဖြစ်တယ် ဟုတ်လား”
သို့သော်လည်း.. ယန်ပေးချန်သည် သုန်မှုန်နေသော အမူအရာတစ်ခု ရှိလာပြီး သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“အဲဒါက မသိစိတ်ရဲ့ လှုံ့ဆော်မှု တစ်ခုပဲ.. မင်းရဲ့ ကျင့်ကြံမှုအဆင့်အရဆို အဲ့လို လက္ခဏာတစ်ခုက အကြောင်းရင်း မရှိဘဲ ပေါ်ထွက်လာမှာ မဟုတ်ဘူး”
“အဲဒါက သိပ်တော့ အဓိပ္ပာယ်မရှိဘူး.. ငါက သေခြင်းအတုကို ဖန်တီးပြီးတော့ အဆူရာဆေဘာကိုလည်း ပြန်ပေးလိုက်ပြီ.. အန္တရာယ်က ဘယ်ကနေ လာနိုင်ဦးမှာလဲ”
“နောက်ပြီး.. အဲဒါက အန္တရာယ်ရှိတယ် ဆိုရင်တောင် သူတို့က ဒီနေရာကို ရှာတွေ့ဖို့ ခက်လိမ့်မယ်”
ယန်ပေးချန်သည် အတွေးနက်သွားပြီး သူ၏အကြည့်က ချင်ဖျန်ယန်ပေါ်သို့ အမှတ်တမဲ့ ရောက်ရှိသွားပြီး သူက ရင်တစ်ချက်ထိတ်သွားလေသည်။
“ဘာများဖြစ်လို့လဲ”
ချင်ဖျန်ယန်က မေးလိုက်၏။
ယန်ပေးချန်သည် တစ်ခါတုန်းက အဆူရာဂိုဏ်း၏ မည်ကာမတ္တတပည့် ဖြစ်ခဲ့ပြီး သွေးလွှမ်းတိုက်ပွဲများနှင့် အကြံသမား လူများစွာကို တွေ့မြင်ခဲ့ဖူးလေသည်။ ထိုအခိုက်အတန့်တွင် သူက ခန့်မှန်းချက်တစ်ခုကို ရရှိသွားခဲ့လေပြီ။
သူတို့နှစ်ယောက်၏ နေရာက ပေါက်ကြားသွားမည်ဆိုလျှင် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိလေသည်။
တစ်စုံတစ်ယောက်သည် သူ့နောက်သို့ လိုက်လာတာ ဟုတ်ရင်ဟုတ်.. မဟုတ်ရင် ချင်ဖျန်ယန်နောက်သို့ နောက်ယောင်ခံလိုက်လာတာ ဖြစ်ရပေမည်။
သူသည် အဆူရာဂိုဏ်းတွင် သူ၏ ကံကြမ္မာသင်္ကေတကို ချန်ထားခဲ့ခြင်း မရှိပေ။
သို့သော်လည်း.. ချင်ဖျန်ယန်ကတော့ မတူပေ။
“ငါတို့ ဒီနေရာကနေ အရင်ထွက်ခွာကြတာပေါ့”
ယန်ပေးချန်သည် ပြတ်သားမှုရှိပြီး မတ်တတ်ထရပ်လိုက်၏။ သူက ချင်ဖျန်ယန်၏ လက်ကိုဆွဲပြီး အပြင်ဘက်သို့ ဦးတည်လိုက်လေသည်။
ချင်ဖျန်ယန်သည် ထပ်မံ၍ မေးမြန်းခြင်း မရှိတော့ပေ။
သူတို့နှစ်ယောက်သည် ဘဝအတွက် တစ်ယောက်ပေါ်တစ်ယောက် ပုံအပ်ထားခဲ့ကြပြီဖြစ်၏။ သူမသည် ယန်ပေးချန်ကို ယုံကြည်ပြီး သူဘယ်သွားသွား သူ့နောက်သို့ လိုက်မည်သာဖြစ်၏။
ယန်ပေးချန်သည် ချင်ဖျန်ယန်ကို ခေါ်ပြီး သစ်သားအိမ်ထဲကနေ ထွက်ခွာစမှာပင်.. သူက ပျက်ယွင်းသော အမူအရာတစ်ခုနှင့်အတူ သူ၏ခြေလှမ်းကို ရပ်တန့်လိုက်၏။
ရှေ့မလှမ်းမကမ်းတွင် ဓားရှည်တစ်လက်ကို ကျောမှာလွယ်ထားပြီး ထက်ရှသော မျက်ခုံး၊ မျက်လုံးကို ပိုင်ဆိုင်ထားသည့် အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက် ရှိနေ၏။
သို့သော်လည်း ထိုလူသည် လောကနှင့် တစ်သားတည်းကျနေသည်ဟု ထင်ရ၏။
“စီနီယာအစ်ကို..”
ချင်ဖျန်ယန်သည်လည်း ထိုလူကို မြင်သွားပြီး တုန်လှုပ်စွာဖြင့် အံ့အားတသင့် ခေါ်လိုက်၏။
အဖြူရောင်ဝတ် ဓားကျင့်ကြံသူသည် ဓားဂိုဏ်း၏ မည်ကာမတ္တတပည့် အင်မော်တယ်ဓားပင် ဖြစ်လေသည်။
ပြောရမည်ဆိုလျှင် အင်မော်တယ်ဓားသည် ဓားဂိုဏ်း၏ မည်ကာမတ္တတပည့်တစ်ယောက် ဆက်လက်၍ မဟုတ်တော့ပေ။
အကြောင်းမှာ.. သူ့ထံမှ ဖြာထွက်နေသော အော်ရာသည် ဓမ္မဝိသေသအဆင့်ကို ကျော်လွန်သွားပြီ ဖြစ်သောကြောင့်ပင်။ သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
လူအချို့အတွက်တော့ သူတို့ တွေ့ကြုံခံစားခဲ့ရသော ပြင်းထန်သည့် ထိုးနှက်ချက်များသည် သူတို့ကို သေဆုံးစေခြင်း သို့မဟုတ် သာမန်အညတရဘဝသို့ လျှောကျခြင်းတို့ ဖြစ်စေနိုင်၏။ သို့သော်လည်း ထိုးနှက်ချက်များဖြင့် သူတို့ကိုယ်သူတို့ အဆက်မပြတ် မီးဆေးပြီး ပိုမိုထက်ရှကာ ပိုမိုသန်မာလာသော လူအချို့လည်း ရှိကြလေသည်။
အင်မော်တယ်ဓားက ထိုအထဲတွင် ပါဝင်သည်မှာ သိသာ၏။
သားရဲတစ်ထောင်တောင်ကြားမှာတုန်းက သူသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းအတွက် တိုက်ခိုက်ရာမှာ ကျရှုံးခဲ့၏။
အဲဒီနောက်.. အသွန်းတစ်ရာဂိုဏ်းတွင် သူသည် အဆုံးစွန်မီးကို ရှုံးနိမ့်ခဲ့ပြီး လွှမ်းမိုးခြယ်လှယ်စွာ ဖိနှိမ်ခံခဲ့ရ၏။ သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသပင်လျှင် ကြေမွသွားခဲ့၏။
နောက်ပိုင်း.. အသွန်းတစ်ရာဂိုဏ်း၏ အပြင်ဘက်တွင်လည်း သူသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ကာစ ယန်ပေးချန်၏ အမဲလိုက်ခြင်းကို ခံရပြီး သေလုနီးပါး ဖြစ်ခဲ့ရ၏။ နောက်ဆုံးမှာတော့ သူသည် ချင်ဖျန်ယန်၏ အကူအညီနှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့၏။
ထိုဆက်တိုက် ထိုးနှက်ချက်များသည် သူ့ကို မနင်းချေနိုင်ခဲ့ပေ။
ထိုအစား သူသည် ဤနှစ်များအတွင်း စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ ကျင့်ကြံခဲ့ပြီး နောက်ဆုံးမှာတော့ ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်၏။
ယန်ပေးချန်၏ အမူအရာက ပျက်ယွင်းသွား၏။
သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေလျှင်တောင် သူသည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိနေသော အင်မော်တယ်ဓားကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ ယခု သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရရှိထားသည်ဆိုတော့…။
ဖြောင်း.. ဖြောင်း.. ဖြောင်း..
ဝါးသစ်တော၏ အခြားတစ်ဖက်မှ လက်ခုပ်တီးသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ယန်ပေးချန်၏ အကြည့် ရွေ့လျားသွားပြီး သူက ရင်ထဲမှာ နင့်သွား၏။
“ကျွတ်.. ကျွတ်.. ကျွတ်.. သူက အဆူရာတစ်ယောက်ဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရရှိထားတာတောင် သူက အန္တရာယ်ကို ကြိုတင်ခံစားနိုင်တုန်းပဲ”
ဝင်ရောက်လာသူက သက်ပြင်းချ၍ သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“ကံဆိုးစွာနဲ့ပဲ.. အဲဒါက နောက်ကျသွားခဲ့ပြီ”
ဝင်ရောက်လာသူသည် တိမ်လွှာမိုးစက်ဂိုဏ်း၏ မည်ကာမတ္တတပည့် တာအိုအရှင် တိမ်လွှာမိုးစက်ဖြစ်၏။
ယန်ပေးချန်သည် တာအိုအရှင် အင်မော်တယ်ဓားနှင့် အခြားတာအိုအရှင် ၈ယောက်ကို တိုက်ခိုက်ခဲ့စဉ်က ချင်ဖျန်ယန်အပြင် တာအိုအရှင် အင်မော်တယ်ဓားနှင့် တာအိုအရှင် တိမ်လွှာမိုးစက်တို့သာလျှင် လွတ်မြောက်နိုင်ခဲ့၏။
မည်ကာမတ္တ တပည့်နှစ်ယောက်သည် ထိုကဲ့သို့ ကြီးမားစွာ အရှက်ခွဲခံခဲ့ရပြီးနောက်.. ဤကိစ္စကို ဘယ်လိုလုပ် လက်လွှတ်ပေးနိုင်ပါ့မလဲ။
ယခုအချိန်တွင် ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သော လူလေးယောက်စလုံးက ဤနေရာမှာ ရှိနေကြပြီဖြစ်၏။
သို့သော်လည်း ချင်ဖျန်ယန်က ယခုအခါ ယန်ပေးချန်၏ ဘက်မှာ ရောက်ရှိနေခဲ့လေပြီ။
အင်မော်တယ်ဓား၏ အကြည့်သည် ယန်ပေးချန်နှင့် ချင်ဖျန်ယန်၏ ဆုပ်ကိုင်ထားသော လက်များပေါ်သို့ ကျရောက်သွား၏။ သုန်မှုန်နေသော အမူအရာနှင့်အတူ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဆူရာ.. မင်းက သေသွားပြီဆို.. အခုတော့ မင်းက ကောင်းကောင်းရှင်သန်နေခဲ့တဲ့ပုံပဲ”
“အင်မော်တယ်ဓား.. တိမ်လွှာမိုးစက်.. ကိစ္စက ဒီအခြေအနေထိ ရောက်လာမှတော့ စကားတွေအများကြီး ပြောနေစရာ မလိုတော့ဘူး”
တာအိုအရှင် အမုန်းနှင့် ရင်ဆိုင်ခဲ့ရစဉ်က ယန်ပေးချန်သည် သူ့ကို လွှတ်ပေးဖို့အတွက် တစ်ဖက်လူကို အသနားခံဖို့ပင် ကြိုးစားခဲ့လေသည်။ သို့သော်လည်း အင်မော်တယ်ဓားနှင့် ရင်ဆိုင်ရချိန်တွင် ထိုသို့ပြုလုပ်ခြင်းက သူ့ကိုယ်သူ အရှက်ခွဲခြင်းသာ ဖြစ်မည်ဖြစ်ကြောင်း သူက သိရှိထား၏။
“အရင်တုန်းက မင်းတို့တွေကို သတ်ဖို့ကြိုးစားခဲ့တာက ငါပဲ.. အဲဒါက သူမနဲ့ ဘာမှမဆိုင်ဘူး”
ယန်ပေးချန်သည် ချင်ဖျန်ယန်၏ လက်ကို လွှတ်ပေးလိုက်၏။
“ဒီနှစ်တွေထဲမှာ သူမက ငါ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ထွက်မသွားနိုင်ခဲ့ဘူး.. အဲဒါက သူမရဲ့ အမှားမဟုတ်ဘူး”
“ပေးချန်…”
ချင်ဖျန်ယန်က ရင်ထဲမှာ နာကျင်သွား၏။
ယန်ပေးချန်သည် သူသေရတော့မည်ဆိုတာကို သိရှိထားသောကြောင့် သူမကို အတတ်နိုင်ဆုံး ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း သူမက ပြောနိုင်လေသည်။
“အို.. ပေးချန်တဲ့လား.. အဲဒီအသံမှာ ချစ်ခြင်းမေတ္တာတွေ ပါဝင်နေတာပဲ”
တာအိုအရှင် တိမ်လွှာမိုးစက်သည် သူ၏ ခေါက်ယပ်တောင်ကို ဝှေ့ယမ်းပြီး ခနဲ့တဲ့တဲ့ ပြောလိုက်၏။
သူ၏အကြည့်က ချင်ဖျန်ယန်အပေါ် ပြောင်ပြောင်တင်းတင်း ကျရောက်သွားလေသည်။
“တာအိုညီအစ်ကို အင်မော်တယ်ဓား.. ကျုပ်ရဲ့ အတွေ့အကြုံအရဆို ဒီအမျိုးသမီးက အပျိုတစ်ယောက် မဟုတ်တော့ဘူး.. အား…”
အင်မော်တယ်ဓား၏ မျက်နှာပေါ်တွင် နှင်းခဲတစ်လွှာက ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
သူသည် ချင်ဖျန်ယန်အပေါ် မည်သည့်ခံစားချက်မှ မရှိသော်လည်း ဤအမျိုးသမီးသည် အခြားတစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားခြင်းကို သူက သည်းမခံနိုင်ပေ။
တာအိုအရှင် တိမ်လွှာမိုးစက် ပြောလိုက်သည့် စကားကို သူကြားသောအခါ.. သူက ပို၍ပင် အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရ၏။
“စီနီယာအစ်ကို.. ကျွန်မ.. ကျွန်မက.. ပေးချန်နဲ့အတူ ကျင့်ကြံရေးလောကကနေ ထွက်လာခဲ့ပြီးပြီ.. ကျွန်မတို့က ကျင့်ကြံရေးလောကနဲ့ ဆက်ပြီး ဘာမှမပတ်သက်တော့ဘူး”
ချင်ဖျန်ယန်က ခါးသီးစွာဖြင့် အသနားခံတောင်းပန်လိုက်၏။
“စီနီယာအစ်ကို.. ကျေးဇူးပြုပြီး သနားညှာတာမှုပြပြီး ကျွန်မတို့ကို လွှတ်ပေးပါရှင်”
“နင့်ပါးစပ်ကို ပိတ်ထားစမ်း”
အင်မော်တယ်ဓားသည် ကြောက်စရာကောင်းသော အမူအရာတစ်ခု ရှိလာပြီး ဟိန်းဟောက်ပြောဆိုလိုက်၏။
“နိမ့်ကျတဲ့ ကောင်မ.. နင် ငါ့ကို ဘယ်လိုတောင် အဲ့လိုပြောရဲတာလဲ.. နင်က ငါ့ကို စီနီယာအစ်ကိုလို့ ဘယ်လိုတောင် ခေါ်ရဲသေးတာလဲ”
နိမ့်ကျသော ကောင်မဟူသော စကားကို ကြားရချိန်တွင် ချင်ဖျန်ယန်၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွား၏။
မည်သို့ပင်ဆိုစေ.. သူမနှင့် အင်မော်တယ်ဓားသည် တစ်ဂိုဏ်းတည်းသားများ ဖြစ်ခဲ့ကြပြီး ကလေးဘဝ ငယ်ကျွမ်းဆွေများအဖြစ်ပင် သတ်မှတ်နိုင်၏။ တကယ်ဆို.. ဓားဂိုဏ်းမှာ သူတို့သည် လူတိုင်း အားကျရသောသူများ ဖြစ်ခဲ့ကြ၏။
နှစ်ပေါင်းထောင်ချီကြာ ချစ်ခင်ရင်းနှီးခဲ့မှု၏ ရလဒ်အဖြစ် သူမသည် ရက်စက်ပြင်းထန်သော စွပ်စွဲစော်ကားမှုကိုသာ ရရှိလိုက်လေသည်။
ယန်ပေးချန်၏ မျက်လုံးထဲတွင်လည်း အမျက်ဒေါသက တလိပ်လိပ်တက်လာပြီး သူက အော်ပြောလိုက်၏။
“အင်မော်တယ်ဓား.. မင်းက ဓားဂိုဏ်းရဲ့ မည်ကာမတ္တ တပည့်တစ်ယောက်ဖြစ်ဖို့တောင် ထိုက်တန်ရဲ့လား”
“အရင်တုန်းက.. ဖျန်ယန်က မင်းကို အသွန်းတစ်ရာဂိုဏ်းမှာ ကယ်တင်ခဲ့တယ်.. အသွန်းတစ်ရာဂိုဏ်းရဲ့ အပြင်ဘက်မှာလည်း သူမသာ မတိုက်ခိုက်ခဲ့ဘူးဆိုရင်.. မင်းက ငါ့လက်ချက်နဲ့ သေနေလောက်ပြီ”
“ဒီလောကမှာ ဘယ်သူမဆို ဖျန်ယန်ကို ကျိန်ဆဲလို့ ရတယ်.. မင်းတစ်ယောက်ကတော့ အဲ့လိုဆဲဖို့ အဆင့်မမီဘူး”
အင်မော်တယ်ဓားက လှောင်ရယ်လိုက်၏။
“မင်းက ငါ့ကို သတ်နိုင်ခဲ့မယ်လို့ ထင်လို့လား... အဲဒီ နိမ့်ကျတဲ့ကောင်မ ဝင်မပါခဲ့ရင်တောင် ငါက မထိမခိုက် ထွက်ခွာနိုင်သေးတယ်”
ဤတစ်ကြိမ်မှာတော့ တာအိုအရှင် တိမ်လွှာမိုးစက်က ဘာမှ ပြန်ပြောတော့ပေ။
ထိုစဉ်တုန်းက သူသည်လည်းပဲ တိုက်ပွဲနယ်မြေမှာ ရှိခဲ့ပြီး အရာရာတိုင်းကို ရှင်းခင်းစွာ မြင်ခဲ့ရ၏။ ချင်ဖျန်ယန်ကြောင့်သာ မဟုတ်လျှင် အင်မော်တယ်ဓားက သေလူတစ်ယောက် ဖြစ်နေခဲ့ပေလိမ့်မည်။
တာအိုအရှင် တိမ်လွှာမိုးစက်သည် သူ၏နှုတ်ခမ်းကို ကွေးညွှတ်ပြီး စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
‘အင်မော်တယ်ဂိုဏ်းတွေနဲ့ အထက်လမ်းဂိုဏ်းတွေတဲ့လား.. သူ့လိုမျိုး ကျေးဇူးကန်းတဲ့ တစ်စုံတစ်ယောက်ကိုတော့ မိစ္ဆာဂိုဏ်းက သူတွေတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး’
ယခု သူသည် အင်မော်တယ်ဓားနှင့် တစ်ဖက်တည်းမှာ ရှိနေသောကြောင့် သူသည် ထိုကဲ့သို့သော တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုမည်တော့ မဟုတ်ပေ။
“တစ်ချိန်တုန်းက ငါက အဆူရာတစ်ယောက်အဖြစ်နဲ့ မင်းလိုမျိုးကောင်နဲ့ တစ်တန်းတည်း ရပ်တည်ခဲ့ရတာကို ပြန်စဉ်းစားကြည့်တော့.. အဲဒါက ငါ့ကို အော်ဂလီဆန်စေတာပဲ”
ယန်ပေးချန်က ဒေါနှင့်မောနှင့် ပြောဆိုလိုက်၏။
“မင်းက ငါနဲ့ တစ်တန်းတည်း ရပ်တည်ဖို့ ဆက်ပြီးတော့ အဆင့်မမီတော့ဘူး”
အင်မော်တယ်ဓားက အေးစက်စွာဖြင့် ပြောလိုက်၏။
“ဘာလို့လဲဆိုတော့.. သေလူတွေက ဘယ်တော့မှ အဆင့်မမီဘူးလေ”