နင်းချေဖျက်ဆီးခံရခြင်း
Vol. 85 Ch. 1275
“ဖျန်ရန်... အတတ်နိုင်ဆုံး ကြိုးစားပြီးပြေးတော့”
ယန်ပေးချန်က အသံတစ်ခုကို တိတ်တဆိတ် ထုတ်လွှင့်ပို့လွှတ်လိုက်၏။
“သူတို့သတ်ချင်နေတာက ငါ့ကိုပဲ... ငါက သူတို့ကိုတားပေးထားမယ် မင်းက ထွက်ပြေးလွတ်မြောက်နိုင်တာနဲ့ ဇီမို့ကိုသွားရှာ... သူက ငါ့အတွက် သေချာပေါက်လက်စားချေပေးလိမ့်မယ်”
“ထွက်ပြေးဖို့ကြိုးစားချင်သေးတာလား”
ရုတ်တရက် အင်မော်တယ်ဓား၏အသံက လှောင်ပြောင်သရော်လိုမှု တစ်စွန်းတစ်စနှင့်အတူ ထွက်ပေါ်လာ၏။
“ငါက... ဒီနေရာကို ရှာတွေ့သွားပြီးဆိုမှတော့ မင်းတို့ကို ဘာအခွင့်အရေးမှ ထပ်ပေးမှာမဟုတ်တော့ဘူး”
သူက အလေးမထားဟန်ဖြင့် ပြုံး၍ သူ၏လက်ကိုဝေ့ယမ်းပြလိုက်၏။
“အကြီးအကဲချင်... ထွက်လာခဲ့တော့ ဒီနိမ့်ကျတဲ့မိန်းမက ဓားဂိုဏ်းကို သစ္စာဖောက်ပြီး အခု... မိစ္ဆာဂိုဏ်းတွေရဲ့ အရက်စက်ဆုံးမိစ္ဆာနဲ့အတူရှိနေတယ်... ကျုပ်က သူမကို ခင်ဗျားဆီပဲ လွှဲပေးရမှာပဲ”
“အာ့....”
ဝါးသစ်တောထဲမှ သက်ပြင်းချသံတစ်သံက ထွက်ပေါ်လာ၏။
သူမ၏ ကျောထက်တွင် ဓားရှည်တစ်လက်ကို လွယ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က လျှောက်လှမ်းထွက်လာပြီး တွေဝေရှုပ်ထွေးသောအမူအရာနှင့်အတူ ချင်ဖျန်ရန်ကိုကြည့်ကာ သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။
“ဖျန်ရန်...နင်ဘာလို့ ဒီလောက်ထိမိုက်မဲရတာလဲ... ဘာလို့လဲ”
နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်...
ယန်ပေးချန်က ရင်ထဲမှနင့်သွား၏။
သူတို့အတွက် ဤနေရာကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်သည့် အခွင့်အရေးက အလွန်တရာ နည်းပါးသွားပြီဖြစ်ကြောင်း သူသိလိုက်၏ ။
“ဆရာ...”
ချင်ဖျန်ရန်သည် ထိုသူကိုမြင်သောအခါ တုန်လှုပ်သွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
သူမသည် ဓားဂိုဏ်းကို သစ္စာဖောက်နိုင်ပြီး အင်မော်တယ်ဓားကိုပင် တိုက်ခိုက်နိုင်လေသည်။ သို့သော်လည်း သူမက အကြီးအကဲချင်ကို မတိုက်ခိုက်နိုင်ပေ။
သူမသည် စစ်ပွဲများကြားမှာ စွန့်ပစ်ခံထားခဲ့ရသော မိဘမဲ့ကလေးတစ်ယောက်ဖြစ်ခဲ့၏။
အကြီးအကဲချင်သည် သူမကိုကယ်တင်ခဲ့ပြီး သူမကို ပြုစုပျိုးထောင်ပေးကာ တပည့်တစ်ယောက်အဖြစ်လက်ခံခဲ့၏။
သူမ၏ မျိုးရိုးနာမည်ကပင် အကြီးအကဲချင်နှင့် အတူတူဖြစ်၏။
အကြီးအကဲချင်သည် ချင်ဖျန်ရန်၏ ဆရာဖြစ်လေသည်။ သို့သော်လည်း သူမ၏ နှလုံးသားထဲတွင် အကြီးအကဲချင်က သူမ၏ မိခင်ဆိုတာထက် ပိုလေသည်။
ဤနှစ်များအတွင်း သူမနှင့် ယန်ပေးချန်သည် မည်သည့်သတင်းမှ ရရှိခြင်းမရှိဘဲ ဇာတ်မြှုပ်နေထိုင်ခဲ့ကြ၏။ သူမ မလုံမလဲဖြစ်ရဆုံးမှာ အကြီးအကဲချင်အပေါ်ဖြစ်လေသည်။ အင်မော်တယ်ဓားသည် အကြီးအကဲချင်ကိုပါ ခေါ်လာခဲ့လိမ့်မည်ဟု ချင်ဖျန်ရန်က မျှော်လင့်မထားပေ။
“ဖျန်ရန်... နင်က ဂိုဏ်းကိုသစ္စာဖောက်ပြီး မိစ္ဆာဂိုဏ်းတွေရဲ့အဆူရာနဲ့အတူရှိနေတယ်ဆိုတာ အင်မော်တယ်ဓား ပြောပြလို့ငါသိပြီးပြီ... အစကတော့ ငါအဲ့ဒါကို မယုံကြည်ခဲ့ဘူး... ဒါပေမယ့် အခုတော့...”
သူမသည် ဆက်လက်၍မပြောဘဲ တစ်ဖန်ထပ်၍ သက်ပြင်းချလိုက်၏။
“ဆရာ...”
ချင်ဖျန်ရန်၏အသံက ငိုချတော့မည့်ဆဲဆဲ ဖြစ်၏။
အကြီးအကဲချင်က မေးမြန်းလိုက်လေသည်။
“ဖျန်ရန်... ဒီနှစ်တွေထဲမှာ နင်ထိခိုက်ခံစားခဲ့ရတယ်မလား... နင်ထိခိုက်ခံစားခဲ့ရတယ်ဆိုလည်း ငါ့ကိုပြောပေါ့ ငါက နင့်အတွက် သေချာပေါက်လက်စားချေပြီး ဒီမိစ္ဆာအဆူရာကိုသေချာပေါက် ကိုယ်တိုင်သတ်ပေးမှာပေါ့”
“မဟုတ်ဘူး... ဒီနှစ်တွေထဲမှာ ကျွန်မအရမ်းကိုပျော်ခဲ့ရတယ်”
ချင်ဖန်ရန်က သူမ၏ခေါင်းကို ခါယမ်းပြလိုက်၏။
အကြီးအကဲချင်က စကားဆက်ပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းသွား၏။
အကြီးအကဲချင် သွယ်ဝိုက်ပြောဆိုချင်သည်အရာကို ချင်ဖန်ရန်က မသိစရာအကြောင်းမရှိပေ။
ချင်ဖန်ရန်က အဆူရာယန်ပေးချန်ကို သစ္စာဖောက်ပြီး ယခုအချိန်မှာသူ့ကို ချန်ထားခဲ့မည်ဆိုလျှင် အကြီးအကဲချင်သည် သူမကိုကာကွယ်ဖို့အတွက် ထိုသည်ကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုမည်ဟု ချင်ဖန်ရန်ကို သွယ်ဝိုက်သတိပေးနေခြင်းဖြစ်၏။
သို့သော်လည်း ချင်ဖျန်ရန်က ထိုသို့သောစကားများကို ဘယ်လိုလုပ် ပြောနိုင်ပါ့မလဲ။
အင်မော်တယ်ဓားသည် ထိုစကားကိုကြားပြီး ထပ်မံလောဆော်လိုက်၏။
“အကြီးအကဲချင်... ခင်ဗျားက ဒီကိစ္စကနေ ပုဂ္ဂိုလ်ရေးအမြတ်ထုတ်ချင်နေတာလား... ဂိုဏ်းကို သစ္စာဖောက်ပြီးတော့ မိစ္ဆာတစ်ကောင်နဲ့ ထဲထဲဝင်ဝင်ပတ်သက်တယ်ဆိုတာ ခွင့်လွှတ်လို့မရနိုင်တဲ့ သေဒဏ်ပေးရမဲ့ ပြစ်မှုပဲ... ခင်ဗျားက ဂိုဏ်းစည်းကမ်းကိုလိုက်နာပြီး သူမကို မြန်မြန်ကွပ်မျက်လိုက်တာ ပိုကောင်းလိမ့်မယ်'
အကြီးအကဲချင်၏အမူအရာက ပြောင်းလဲသွားပြီး အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူမ၏ကျောထက်မှ ဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်ကာ ပြတ်သားစွာဖြင့် ပြောလိုက်၏။
“ဖျန်ရန်....ငါ့ကို တိုက်ခိုက်.. ဒီနှစ်တွေထဲမှာ နင်ဘယ်လောက်တိုးတက်လာသလဲ ကြည့်ရသေးတာပေါ့ “
ချင်ဖျန်ရန်က သူမ၏ခေါင်းကိုခါယမ်း၍ ငိုကြွေးလိုက်၏။
“ဆရာ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကို တိုက်ခိုက်မှာမဟုတ်ဘူး”
“နင်.. မတိုက်ခိုက်ဘူးဆိုလည်း ငါက နင့်ကိုချမ်းသာပေးမှာ မဟုတ်ဘူး”
အကြီးအကဲချင်သည် သူမ၏ ဓားကိုဝေ့ယမ်းကာ ဓားချီလှိုင်းများကို ချင်ဖျန်ရန်ဆီသို့ ပစ်ထုတ်လိုက်၏။
ယန်ပေးချန်က လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် အင်မော်တယ်ဓားနှင့် တာအိုအရှင်တိမ်လွှာမိုးစက်သည် လှုပ်ရှားလာပြီး ဖိုခနောက်ဆိုင်နေရာယူကာ သူ့ကိုပိတ်ဆို့တားဆီးလိုက်၏။
“အဆူရာ... မင်းက ဘယ်ကိုသွားချင်နေသေးတာလဲ”
အင်မော်တယ်ဓားသည် အူမြူးအားရသော အမူအရာတစ်ခုနှင့်အတူ ညင်သာစွာပြုံးလိုက်၏။
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ကျင့်ကြံရေးလောကတွင် သူ၏ နာမည်ဂုဏ်သတင်းသည် အောက်သို့ထိုးဆင်းသွားခဲ့ရ၏။
ဤနှစ်များအတွင်း သူသည် ယခုနောက်ဆုံးအချိန်ထိ အရှက်ရမှုကို ကြိတ်မှိတ်ခံစားခဲ့ရ၏။
“တချို့လူတွေရဲ့ လက်ထဲကိုစွမ်းအားရောက်ရှိသွားတဲ့အခါ အဲ့ဒါက ယုတ်မာဖို့ဖြစ်လာတာပဲ”
ယန်ပေးချန်က အေးစက်စွာဖြင့် ပြောလိုက်၏။
“အရင်တုန်းက ငါမင်းကို မသတ်ခဲ့တာ ငါ့ရဲ့ တကယ့်အမှားပဲ”
“အဲ့လိုဆိုမှတော့... ငါမင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးရတာပေါ့”
အင်မော်တယ်ဓားက ပြုံးလိုက်၏။
“မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းသီးသန့် နောက်ထပ် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ဆင်နွှဲကြတာပေါ့... ဘယ်လိုလဲ”
အပေါ်ယံကြည့်လျှင်တော့ အဲ့ဒါက အခွင့်အရေးတစ်ခုဖြစ်လေသည်။ သို့သော်လည်း ယန်ပေးချန်သည် ဓမ္မဝိသေသအဆင့်မှာရှိနေပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရရှိထား၏။ သူ၏ အဆူရာဆေဘာကိုပင်လျှင် အဆူရာဂိုဏ်းသို့ပြန်ပေးလိုက်ပြီဖြစ်၏။
သို့သော်လည်း အင်မော်တယ်ဓားကတော့ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေလေပြီ။ ဤတိုက်ပွဲ၏ ရလဒ်ကို သံသယရှိစရာမလိုပေ။
တာအိုအရှင်တိမ်လွှာမိုးစက်က သူ၏လက်တစ်ဖက်ကိုဖြန့်လိုက်၏။
“ဒီလိုဆိုမှတော့လည်း... ငါက ဘေးကနေ ထိုင်ပြီး ပြပွဲကို စောင့်ကြည့်ရတာပေါ့”
ယန်ပေးချန်က တိတ်ဆိတ်ငြိမ်သက်နေ၏။
သူ၏အကြည့်က တစ်ဘက်တွင်ရှိသော တိုက်ပွဲနယ်မြေဆီသို့ရောက်ရှိသွား၏။
အကြီးအကဲချင်က အဆက်မပြတ်တိုက်ခိုက်နေလေသည်။
ချင်ဖျန်ရန်သည် တစ်ချိန်လုံး ရှောင်တိမ်းနေပြီး တိုက်ခိုက်ဖို့ကို ငြင်းဆန်နေ၏။
သို့သော်လည်း အကြီးအကဲချင်၏ တိုက်ခိုက်မှုအောက်တွင် ချင်ဖန်ရန်သည် ယခုဆို ရှောင်တိမ်းဖို့အတွက် နေရာလွတ်ကျဥ်းမြောင်းလာခဲ့ပြီဖြစ်၏။
ဘန်း...
ရုတ်တရက်ဆိုသလို...
ယန်ပေးချန်သည် သူ၏ရင်ဘတ်မှ ပြင်းထန်သော ရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားလိုက်ရ၏။ သူက မတုံ့ပြန်နိုင်ခင်မှာပင် လွင့်စင်ထွက်သွားပြီး ပေအတော်များများလိမ့်ဆင်းကာ ဝါးပင်များနှင့် ပစ်တိုက်မိသွား၏။
တာအိုအရှင်အင်မော်တယ်ဓားက ယန်ပေးချန်၏ ရင်ဘတ်ကို ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
“မင်းက ငါ့ရှေ့မှာ ဘယ်လိုတောင် စိတ်အာရုံပျက်ယွင်းရဲတာလဲ... မင်းက ငါ့ကိုအထင်သေးတာလား”
အင်မော်တယ်ဓားသည် လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခုနှင့်အတူ ယန်ပေးချန်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာပြီး လှောင်ရယ်မောလိုက်၏။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ သူ့အနေဖြင့် ယန်ပေးချန်ကို သတ်ဖြတ်ဖို့က အရမ်းကိုလွယ်ကူ၏။ သူ့ထံမှ ထိုးချက်တစ်ချက်ကပင် ယန်ပေးချန်၏ရင်ဘတ်ကို ထိုးဖောက်နိုင်၏။
သို့သော်လည်း သူက ထိုသို့မလုပ်ပေ။
ထိုးချက်တစ်ချက်နှင့် ယန်ပေးချန်ကို သတ်ဖြတ်လိုက်ပါက အဲ့ဒါသည် အင်မော်တယ်ဓားကို ကျေနပ်စေလိမ့်မည်မဟုတ်ပေ။
သူသည် ယန်ပေးချန်ကို နည်းနည်းချင်း ညှင်းပန်းနှိပ်စက်ချင်လေသည်။
ထိုသို့ဖြင့် ဤနှစ်များအတွင်း သူတွေ့ကြုံခံစားခဲ့ရသော နာကြည်းမှုများကို ဖြေဖျောက်ပြီး သူ့ရင်ထဲက မကျေမချမ်းမှုများကို ရှင်းထုတ်နိုင်မည်ဖြစ်၏။
“အား...”
ချင်ဖျန်ရန်သည် ယန်ပေးချန်ရိုက်နှက်ခံရသည်ကိုမြင်သောအခါ တုန်လှုပ်သွား၏။ သူမက စိတ်အာရုံပျက်ယွင်းသွားစဥ် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုက ပေါ်ထွက်လာပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်ရ၏။
ယန်ပေးချန်သည် ချင်ဖျန်ရန်ဒဏ်ရာရရှိသွားသည်ကိုမြင်သောအခါ သူ၏မျက်လုံးထဲမှ ဒေါသမီးစီးကြောင်းတစ်ခုက လျှံထွက်လာသည်ဟုထင်ရ၏။ သူသည် လူးလဲ၍ ကျုံးထပြီး သူမကို ကူညီပေးချင်၏။ သို့သော်လည်း သူထရပ်လိုက်သည့်ခဏမှာပင် တာအိုအရှင်အင်မော်တယ်ဓားက သူ့ရှေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး သူ၏ခြေထောက်ကိုမြှောက်ကာ သူ၏ရင်ဘတ်ကို ကန်လိုက်၏။
ထိုကန်ချက်က မပြင်းထန်လွန်းသလို ပေါ့လည်းမပေါ့ပေ။ သို့သော်လည်း ယန်ပေးချန်သည် အဲ့ဒါကို ခံနိုင်ရည်မရှိပေ။ သူ့ရင်ထဲရှိ နာကျင်မှုက မခံမရပ်နိုင်အောင်ဖြစ်ပြီးပါးစပ်အပြည့်သွေးများကိုအန်ထုတ်လိုက်ရ၏။
“အဲ့ဒါက ခံစားရတာ ဆိုးတယ်မလား”
“မင်းက.. စိတ်ထဲမှာ မကျေမချမ်းခံစားမနေရဘူးလား”
“ဟားဟားဟားဟား...”
အင်မော်တယ်ဓားက ရူးသွပ်စွာဖြင့် ရယ်မောလိုက်၏။
ယန်ပေးချန်ကို ရက်ရက်စက်စက်နင်းချေဖျက်ဆီးပြီး သူ့ကို လှောင်ပြောင်ကျီစယ်နေရသည့်ခံစားချက်သည် အင်မော်တယ်ဓားကို ကျေနပ်နှစ်ခြိုက်စေ၏။ ဤနှစ်များအတွင်း ဖွဲ့တည်လာခဲ့သော သူ၏ မကျေမချမ်းမှုများက ပြေပျောက်လာခဲ့လေသည်။
ယခုဆို... နာမည်ကြီးကျော်ကြားလှသော အဆူရာပင်လျှင် သူ၏ရှေ့မှာ ဒူးထောက်နေရပြီဖြစ်၏။
အင်မော်တယ်ဓားသည် ယန်ပေးချန်ကို သူ့ရှေ့မှာ ချင်ဖျန်ရန် ကူကယ်ရာမဲ့စွာ သေဆုံးရသည်ကို စောင့်ကြည့်စေချင်လေသည်။
ဘန်း...
ယန်ပေးချန်သည် ကြိုးစား၍ ထရပ်လိုက်သော်လည်း အင်မော်တယ်ဓားထံမှ နောက်ထပ်ထိုးချက်တစ်ချက်ဖြင့် သူက တစ်ဖန်လွင့်စင်ထွက်သွား၏။
“အဟွတ်...”
သူသည် သွေးများကို ပါးစပ်အပြည့်ထွေးထုတ်ပြီး ခုခံနိုင်ခြင်းမရှိတော့သည့်ပုံဖြင့် သူ၏ခေါင်းကို ငုံ့ထား၏။
တာအိုအရှင်အင်မော်တယ်ဓားသည် ယန်ပေးချန်ရှေ့သို့ တစ်ဖန်ရောက်ရှိလာပြီး စိတ်လက်ပေါ့ပါးသော အမူအရာဖြင့် သူ့ကိုငုံ့ကြည့်နေ၏။
ရုတ်တရက်ဆိုသလို...
အဆူရာ၏လက်ထဲတွင် ဆေဘာတစ်လက်ပေါ်ထွက်လာ၏။
“သတ်”
ယန်ပေးချန်သည် ခုန်ထ၍ သူ၏လည်ချောင်းအနက်ပိုင်းအတွင်းမှ မာန်ဖီဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။ လက်ပြန်လွှဲယမ်းခြင်းနှင့်အတူ သူသည် အင်မော်တယ်ဓား၏ လည်ပင်းဆီသို့ ခုတ်ပိုင်းချလိုက်၏။
အဲ့ဒါက အဆူရာဆေဘာ၏ သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်၏။
သူတို့နှစ်ယောက်သည် အလွန်တရာနီးကပ်နေပြီး ယန်ပေးချန်သည် အတန်ကြာသည့်အထိ ကြိတ်မှိတ်ခံစားခဲ့သည်မှာ အင်မော်တယ်ဓားက သူ၏စိတ်ကို လျှော့ချထားသည့် ဤအခိုက်အတန့်ကို ရယူချင်သောကြောင့်ဖြစ်လေသည်။
အဲ့ဒါကသာ သူ၏အခွင့်အရေးဖြစ်၏။
သူတို့နှစ်ယောက်သည် ထိပ်တိုက်ရင်ဆိုင်ကြမည်ဆိုလျှင် သူက လုံးဝအနိုင်မရနိုင်ပေ။
ဆေဘာသည် အင်မော်တယ်ဓား၏ လည်ပင်းဆီသို့ဆင်းသက်လာခဲ့လေပြီ။ သို့သော်လည်း အင်မော်တယ်ဓားက လုံးဝလှုပ်ရှားခြင်းမရှိပေ။ သူက အချိန်မီရှောင်တိမ်းဖို့ မတုံ့ပြန်နိုင်သည့်အလားပင်။
ရွှမ်း...
ဆေဘာသည် အင်မော်တယ်ဓား၏ လည်ပင်းဆီသို့ ကျဆင်းသွားသောအခါ အဲ့ဒီမှာ သတ္တုချင်းထိခတ်သံတစ်သံက ထွက်ပေါ်လာခဲ့၏။
ယန်ပေးချန်၏ မျက်လုံးက မှိန်ကျသွားလေသည်။ တာအိုအရှင်အင်မော်တယ်ဓားသည် သရော်ပြုံး၍ သူ၏လက်ချောင်းကို ညင်သာစွာ ဆန့်ထုတ်ပြီး သူ့လည်ပင်းပေါ်ရှိ ဆေဘာကိုဆုပ်ကိုင်ကာ အလေးမထားဟန်ဖြင့် ပြောလိုက်၏။
“မင်းက... ဒီသတ္တုပျက်နဲ့ ငါ့ကိုထိခိုက်အောင် လုပ်ချင်တာလား”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆေဘာက ကျိုးသွားခဲ့လေပြီ။