← Chapters

အခန်းများအပ်ဒိတ်ပေးနိုင်ခြင်း၏ စွမ်းအား

Vol. 50 Ch. 737

အခန်းများအပ်ဒိတ်ပေးနိုင်ခြင်း၏ စွမ်းအား

Vol. 50 Ch. 737

အလင်းလို မြန်ဆန်သော ဓားပျံက ဝမ်မင်၏ ပေါင်ကို ရုတ်တရက် ဦးတည်လာသည်။

ဤသည်က ဝမ်မင်၏ အသက်ကို ယူဖို့ မဟုတ်ဘဲ မသန်မစွမ်းဖြစ်စေကာ ဖမ်းဆီးရန် ကြံစည်ထားမှန်း ထင်ရှားနေသည်။

ထိုအချိန်တွင် ဝမ်မင်သည် ဝူကျန်းကျွင်း၏ အချက်ပြမှုကို စောင့်နေခဲ့သည်။

ညဦးစီးမှူး အဖွဲ့ဝင်များအပြင် ကြေးစား အမှောင်နက်ဝေါ့ခ် တပ်ဖွဲ့ဝင်များ အားလုံးကို ဖမ်းမိခဲ့ပြီဟု သူထင်ခဲ့သည်။

သူတို့၏ ကွန်ယက်မှ လွတ်မြောက်ပြီး သူ့အတွက် လာမည့်သူရှိလာမည်ဟု မည်သည့်အခါမျှ မမျှော်လင့်ထားပေ။

သရဲခေါင်းဓားသည် မမျှော်လင့်သော အခြေအနေတွင် အလစ်ဖမ်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နိုင်ငံခေါင်းဆောင်၏ တုံ့ပြန်မှုက အလွန် လျင်မြန်သည်။

ဓားပျံက လူသတ်အရှိန်အဝါကို ဖုံးဖိထားသော်လည်း အနည်းငယ် အလင်းပြန်သည်ကို တွေ့သည်နှင့် နိုင်ငံခေါင်းဆောင်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

သူက လက်ဗလာဖြင့် ဓားပျံကို ရိုက်ချလိုက်ရာ ဓားပျံက အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။

"ငါ့ကို တိုက်ခိုက်တာလား"

ထိုအချိန်တွင် ဝမ်မင်သည် ရုတ်တရက် တိုက်ခိုက်ခံရကြောင်း သိလိုက်ရ၍ အလွန် အံ့အားသင့်သွားခဲ့သည်။

လုပ်ကြံသူသည် ဝူကျန်းကျွင်း၏ အသံလှိုင်းမှော်ဘောလုံး တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ပုံရသည်။

၎င်းက ဒေါသ ဓမ္မရာဂျာ၏ အသံလှိုင်း မှော်ဘောလုံး တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ရုံသာမက သူ့ကိုပင် တိကျသော တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့သည်။

ဤလုပ်ကြံသူက သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်သည်မှာ ထင်ရှားနေသည်။

ဝမ်မင်က နိုင်ငံခေါင်းဆောင် 001 အဖြစ် အသွင်ယူထားသော နိုင်ငံခေါင်းဆောင်အား အမိန့်ပေးခဲ့သည်။

"နိုင်ငံခေါင်းဆောင် 001.. သူ့ကို အရှင်ဖမ်းလိုက်"

ဝမ်မင်က ဤအမိန့်ကို ထုတ်ပြန်ပြီးနောက်တွင် တိုက်ခိုက်မှု မအောင်မြင်ခဲ့သော သရဲခေါင်းဓားသည် ဝမ်မင်၏ အနား၌ လျှို့ဝှက်ကျင့်ကြံသူ တစ်ဦး ရှိနေသည်ကို သိရှိလိုက်ရသည်။

သရဲခေါင်းဓားက သူမ သတိလက်လွတ် ဖြစ်သွားသည်ကို သိရှိခဲ့ပြီး ဤလျှို့ဝှက် ကျင့်ကြံသူက မယုံနိုင်လောက်အောင် အစွမ်းထက်ကြောင်း အပြည့်အဝ သိရှိခဲ့သည်။

သူမက အလစ်တိုက်ခိုက်မှုကို မလုပ်ဆောင်မီတွင် စစ်တပ်တဲအတွင်းမှ အခြေအနေများကို အတိအကျ စူးစမ်းလေ့လာခဲ့သည်။

ပြဿနာမှာ သူမသည် ဝမ်မင် တစ်ယောက်ထဲကိုသာ အာရုံခံစားမိခဲ့သည်။

ဦးဆောင်ဆရာတစ်ဦး အတွက် အထူး တာဝန်ပေးထားသော ကိုယ်ပိုင် သက်တော်စောင့် တစ်ဦး ရှိနေပါသလော။

ဝမ်မင်ကို မူလက စိတ်မဝင်စားခဲ့သော သရဲခေါင်းဓားသည် ယခုအခါ ချက်ချင်းပင် သိချင်စိတ် ပြင်းပြလာခဲ့သည်။

လက်ရှိတွင် သရဲခေါင်းဓားသည် ဝမ်မင်၏ တဲအပြင်ဘက် မီတာတစ်ရာအကွာရှိ သစ်ရွက်ခြောက်ပင် တစ်ပင်တွင် ပုန်းအောင်းနေသည်။

သူမက ဇာဖြင့် ပြုလုပ်ထားသည့် ဂျာမန်ထီးကို ကိုင်ဆောင်ထားသည်။

စစ်တပ်တဲထဲတွင် အခြားကျင့်ကြံသူ တစ်ဦး ရှိနေသည်ကို သိပြီးနောက်တွင် သူမက ထီးလက်ကိုင်ကို ဆွဲထုတ်လိုက်ရာ ဓားတစ်ချောင်းက လျှောခနဲ ထွက်ကျလာခဲ့သည်။

သူမက ထိုဓားကို လက်ကောက်ဝတ် ဖြတ်ရန် အသုံးပြုလိုက်ပြီး စိမ့်ထွက်လာသည့် သွေးများကို မျက်ခွံတွင် သုပ်လိမ်းလိုက်သည်။

"ရှူရာ မျက်လုံး"

သရဲခေါင်းဓား၏ မျက်လုံးက ချက်ချင်းပင် အနီရောင်ပြောင်းသွားပြီး ဘယ်ဘက် မျက်လုံး၌ မှော်အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။

ရှူရာ မျက်လုံးသည် သရဲခေါင်းဓားကို ကျော်ကြားစေခဲ့သော ဒဏ္ဍာရီလာစွမ်းရည် ဖြစ်သည်။

ဤသည်မှာ အံ့သြဖွယ်ကောင်းသော မျက်လုံးမှော်အတတ် မဟုတ်ပေ။

မိစ္ဆာသားရဲ၏ မျက်လုံးကို နှိုက်ထုတ်ပြီး သူ၏ ဘယ်ဘက်မျက်လုံးထဲသို့ အစားထိုးကာ သန့်စင်ထားခြင်း ဖြစ်သည်။

အောင်မြင်စွာ သန့်စင်ပြီးလျှင် အစားထိုးထားသော မိစ္ဆာသားရဲ မျက်လုံးသည် လူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားမည်ဖြစ်သည်။

အချိန်အများစုတွင် ပုံမှန်အတိုင်းသာ ဖြစ်နေသော်လည်း သွေးဖြင့် လိမ်းကျံပြီးလျှင် ချက်ချင်းဆိုသလို ပြောင်းလဲသွားပေလိမ့်မည်။

စစ်တပ်တဲအတွင်းမှ လျှို့ဝှက် ကျင့်ကြံသူနှင့် ရင်ဆိုင်ရပြီးနောက်တွင် သရဲခေါင်းဓားသည် သူ၏ တိုက်ပွဲ အတွေ့အကြုံအရ ရှူရာမျက်လုံးကို အသုံးပြုရန် လိုအပ်ကြောင်း သိလိုက်သည်။

သို့သော် မျှော်လင့်မထားသော ဖြစ်ရပ် ဖြစ်လာခဲ့သည်။

သရဲခေါင်းဓားက ရှူရာမျက်လုံးကို အသက်သွင်းပြီးနောက်မှာပင် တစ်ဖက်သား၏ အသွင်ကို ခပ်ရေးရေးသာ မြင်နိုင်ခဲ့ပြီး မည်သူမည်ဝါ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။

ကြောက်စရာအကောင်းဆုံးအရာမှာ တစ်ဖက်လူက သူမကို သိသာထင်ရှားစွာ စူးစိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ဤသည်က သတိပေးသောအကြည့် ဖြစ်သည်။

သရဲခေါင်းဓားက အေးစက်သောချွေးများ ထွက်လာသည်။

[ဒီလူက ဘယ်သူလဲ]

သရဲခေါင်းဓားက အလွန်ကြောက်လန့်သွား၏။

ထိုလူ၏ အကြည့်တစ်ချက်ကပင် သူမကို ခြောက်လှန့်ဖို့ လုံလောက်နေသည်။

နောက်ထပ် အခိုက်အတန့်မှာပင် သာမန်မျက်စိဖြင့် လိုက်မမီနိုင်သော အရှိန်ဖြင့် ထိုလူက ရုတ်တရက် တိုက်ခိုက်လိုက်၏။

ကြီးမားသောဖိအားက သရဲခေါင်းဓား၏ ဝိညာဉ်စွမ်းအင်ကို ရုတ်တရက် လွှမ်းမိုးသွားခဲ့ရာ သရဲခေါင်းဓားက တစ်လက်မမျှပင် မလှုပ်ရှားနိုင်ခဲ့ပေ။

သူမ၏ ခန္ဓာကိုယ်က ဂျင်တစ်ထောင် အလေးချိန်ဖြင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် ကြီးမား ခိုင်ခံ့သောလက်တစ်ဖက်သည် သူမ၏ ပခုံးပေါ်သို့ ဖိထားလိုက်ပြီ ဖြစ်သည်။

“ပကတိအင်မော်တယ် ကျင့်ကြံသူ”

သရဲခေါင်းဓားသည် ချက်ချင်းပင် စိတ်ပျက်အားငယ်သွားခဲ့သည်။

တစ်ဖက်လူ၏ အဆင့်က သူမ မှန်းဆထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။

ဤကမ္ဘာမြေပေါ်တွင် ဝမ်မင် ဆိုသည်မှာ မည်သူနည်း။

ပကတိအင်မော်တယ် အဆင့်ကျင့်ကြံသူ တစ်ယောက်ပင် သူ့ဘေးတွင် အမြဲရှိနေကာ ကာကွယ်ပေးနေသည်။

ဤလူက နိုင်ငံခေါင်းဆောင်၏ တရားမဝင်သား ဖြစ်နိုင်ပါသလော။

သရဲခေါင်းဓားက အေးစက်သော ချွေးများဖြင့် စိုရွှဲသွားသည်။

သူမ၏ ပြိုင်ဘက်က ပကတိ အင်မော်တယ် အဆင့် ကျင့်ကြံသူမှန်း သိလျှင် သရဲခေါင်းဓားသည် သူမအနေဖြင့် ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ကြောင်း သိလိုက်သည်။

သို့သော် သူမ ကျွမ်းကျင်သောအရာမှာ ထွက်ပြေးခြင်း ဖြစ်သည်။

အခြေအနေမှန်ကို သဘောပေါက်ပြီးနောက် သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် နိုင်ငံ့ခေါင်းဆောင်၏ ချုပ်ကိုင်မှုကို ဖယ်ရှားပစ်ရန် ဖြစ်သည်။

သို့သော် ပကတိအင်မော်တယ် အော်ရာသည် သူမ၏ ပခုံးပေါ်ကျရောက်နေပြီး သူမကို ကောင်းစွာ ထိန်းချုပ်ထားခဲ့သည်။

လက်ရှိတွင် သူမသည် အသက်ရှူမဝလုနီးပါး ဖြစ်နေ၏။

နိုင်ငံခေါင်းဆောင်က သူ၏ပုံရိပ်ကိုမှ မထောက် မိန်းကလေးကို ရက်စက်လွန်းနေခြင်း ဖြစ်သည်။

"ဒီလက်မောင်းကို လိုချင်ရင် ယူထားလိုက်"

သူမက သွားများကို အံကြိတ်ကာ ပြင်းထန်စွာ ဆွဲရုန်းလိုက်ရာ သူမ၏ ညာဘက်ပခုံး အပါအဝင် သူမ၏ ညာလက်တစ်ခုလုံးသည် အမဲသား တောက်တောက်ကြော် ကဲ့သို့ စုတ်ပြဲသွားခဲ့သည်။

ထို့နောက် သူမက အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

နိုင်ငံခေါင်းဆောင်က သရဲခေါင်းဓား၏ လက်ပြတ်ကို ကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။

တစ်ဖက်လူက မိန်းမဖြစ်သော်လည်း ဤမျှအထိ နာကျင်မှုဒဏ်ကိုခံနိုင်မည်ဟု သူ မမျှော်လင့်ထားပေ။

လူတစ်ဦးသည် လွတ်မြောက်ရန်အတွက် တောက်တဲ့ကို တုပပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို စွန့်လွတ်သည့် "တောက်တဲ့နည်းစနစ်"ကို သိရှိလျှင် စွန့်လွှတ်လိုက်သော အစိတ်အပိုင်းသည် နောက်ပိုင်းတွင် ပြန်လည် ကြီးထွားလာမည် ဖြစ်သည်။

ယင်းက အသက်ကယ် လှည့်ကွက်တစ်ခု ဖြစ်ပြီး ကျင့်ကြံသူ အများအပြားသည် ဤနည်းစနစ်ကို သင်ယူခဲ့ကြသည်။

သို့သော်လည်း အနည်းငယ်သာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။

အဓိကအချက်မှာ သရဲခေါင်းဓားသည် တောက်တဲ့နည်းစနစ်ကို အသုံးမပြုခဲ့ပေ။

ထိုအစား သူမက လက်မောင်းကို တိုက်ရိုက်ဖြတ်ပြီး စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။

“ဘယ်လောက်တောင် ကိုယ့်ကိုယ်ကို ရက်စက်နိုင်တဲ့လူလဲ”

နိုင်ငံခေါင်းဆောင်က လက်ပြတ်ကို လွှတ်ချလိုက်ပြီး သက်ပြင်းချလိုက်သည်။

နောက်ထပ် အခိုက်အတန့်တွင် သူသည် သရဲခေါင်းဓား ပြေးသွားသည့် ဦးတည်ချက်ဆီသို့ လက်တစ်ဖက်ကို တိုက်ရိုက်ဆန့်ထုတ်လိုက်ကာ လက်ချောင်းများကို ကွေးလိုက်သည်။

“ဗုဒ္ဓလက်ဝါး စည်းတံဆိပ်…”

ခဏအကြာတွင် နိုင်ငံခေါင်းဆောင်သည် ပြေးနေသော အလင်းတန်းတစ်ခုကို ဖမ်းမိခဲ့သည်။

အရွယ်အစား သေးငယ်စေရန် မှော်အတတ်ကို အသုံးပြုထားသော သရဲခေါင်းဓားသည် နိုင်ငံခေါင်းဆောင်၏ လက်ဖဝါးတွင် မှင်တက်နေသော မျက်နှာဖြင့် ပေါ်လာသည်။

သရဲခေါင်းဓားသည် အလွန် ခက်ခဲသော ပြိုင်ဘက်နှင့် ကြုံတွေ့နေရပြီမှန်း သိလိုက်သည်။

နိုင်ငံခေါင်းဆောင် အသုံးပြုခဲ့သည့် မှော်စွမ်းရည်သည် အဆင့်၇ မှော်စွမ်းရည်ဖြစ်ပြီး သူအသုံး အများဆုံး မှော်စွမ်းရည်လည်း ဖြစ်သည်။

ဤမှော်စွမ်းရည်ကို နိုင်ငံခေါင်းဆောင် အဘယ်ကြောင့် သင်ယူခဲ့ရပါသနည်း။

နိုင်ငံခေါင်းဆောင်က ဖေဖေဝမ် ဝတ္ထုကို စဖတ်သည့် အချိန်က စခဲ့ခြင်း ဖြစ်သည်။

ဖေဖေဝမ်က ဝတ္ထုကို စတင်ရေးသားချိန်တွင် အပ်ဒိတ်ပေးရန် နှေးကွေးသောကြောင့် နိုင်ငံခေါင်းဆောင်သည် ဤမှော်စွမ်းရည်ကို လေ့လာရန် စိတ်ပါဝင်စားမှု ရှိလာသည်။

ထိုအချိန်က နိုင်ငံခေါင်းဆောင်၏ ရည်ရွယ်ချက်မှာ ဖေဖေဝမ်ကို သူ၏လက်ဖဝါးတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၍ အပ်ဒိတ်ပေးဖို့ တွန်းအားပေးရန် ဖြစ်သည်။

ထို့ကြောင့် ဖေဖေဝမ်သည် ဤမှော်စွမ်းရည်ကို နိုင်ငံခေါင်းဆောင် လေ့လာရန်အတွက် အဓိကတွန်းအား ဖြစ်ခဲ့သည်။

သူ့လက်ဖဝါးပေါ်ရှိ သရဲခေါင်းဓားကို စိုက်ကြည့်ရင်း နိုင်ငံခေါင်းဆောင်က “ကမ္ဘာတလွှား ထွက်ပေါက်မဲ့” သို့မဟုတ် “အချိန်နှင့်ဖိအားကို ထိန်းချုပ်ခြင်း”ကဲ့သို့ အခြားသော နည်းစနစ်အချို့ကို ထုတ်သုံးသင့်သလားဟု တွေးတောမိသည်။

ထိုအကြောင်းကိုတွေးရင်း ဖေဖေဝမ်ကြောင့် နည်းစနစ်များစွာသင်ယူခဲ့ရသည်ဟု နိုင်ငံခေါင်းဆောင် ခံစားခဲ့ရသည်။

အဆုံးသတ်တွင် ထိုနည်းစနစ်များကို သူ တစ်ခါမှ အသုံးမချခဲ့ပေ။

အပိုင်း(၇၃၇) ပြီး၏

All Chapters