← Chapters

ဝမ်လင်းရဲ့စက္ကူကြိုးကြာ

Vol. 50 Ch. 741

ဝမ်လင်းရဲ့စက္ကူကြိုးကြာ

Vol. 50 Ch. 741

ဝမ်လင်းက မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

သူက တဲထဲတွင် ရှိနေဆဲဖြစ်သော်လည်း အခြားသူများ၏အမြင်တွင်မူ ခေတ္တအနားယူနေပုံ ရနေ၏။

ကောင်းကင်တာအိုနေရာသည် သာမန်လူများ လုံးဝထိတွေ့ရန် မျှော်လင့်ချက်မရှိသည့် နတ်နယ်မြေတစ်ခု ဖြစ်သည်။

ကောင်းကင်တာအိုက သူ့အား ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ဤတစ်ကြိမ်တွင် ကိုယ်တိုင်ကိုယ်ကျ သတိပေးလိမ့်မည်ဟု ဝမ်လင်း မထင်ထားခဲ့ပေ။

ထိုအချိန်တွင် ဝမ်လင်း၏ချီသည် ဝမ်မင်၏ တဲဆီသို့ ရောက်ရှိသွားခဲ့သည်။

ဝမ်မင် နေထိုင်သည့် စစ်တပ်တဲအတွင်း၌ လူသတ်အရှိန်အဝါများ ရှုပ်ထွေးနေခဲ့သည်။

ကောင်းကင်တာအို၏ သတိပေးချက်ကြောင့် ဝမ်လင်းက သူ၏ ကနဦးအစီအစဉ်ကို စွန့်လွှတ်ခဲ့သည်။

သူက စာအုပ်ထဲမှ စာမျက်နှာတစ်ခုကို ဆုတ်ဖြဲလိုက်ပြီး စက္ကူကြိုးကြာပုံကို ခေါက်လိုက်သည်။

စင်စစ် ထိုစက္ကူကြိုးကြာမှာ ဝမ်မင် အသက်အန္တရာယ်ကြုံလာသောအခါ အသက်ကယ်ရတနာ အဖြစ် အသုံးပြုနိုင်သည့် အထောက်အပံ့ မှော်ရတနာဖြစ်သည်။

သို့သော် အသုံးပြုနိုင်သည့် အကြိမ်ရေကမူ အကန့်အသတ်ရှိသည်။

၎င်းက ၄၉ရက်အတွင်း လူတစ်ဦးအတွက် တစ်ကြိမ်သာအသုံးပြုနိုင်ပေသည်။

ကောင်းကင်တာအိုက ဝင်ရောက် မစွက်ဖက်ရန်ပြောထားသော်လည်း အကူအညီအနည်းငယ်က ပြဿနာ မဖြစ်လောက်ဟု သူထင်ခဲ့သည်။

သူတွေးတောနေစဉ်မှာပင် ချန်းချောင်၏ ဦးခေါင်းက သူ၏ ဘေးနားတွင် ရုတ်တရက် ပေါ်လာသည်။

ချန်းချောင်က ဝမ်လင်း မည်သည့်အကြောင်းအရာ ရေးသားနေသည်ကို မြင်ချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ဝမ်လင်းခေါက်ထားသော စက္ကူကြိုးကြာကို မြင်လိုက်ရလျှင် ချက်ချင်းဆိုသလို စိတ်ပျက်အားငယ်သွားသည်။

“ပြီးပြီ.. ပြီးဆုံးသွားပြီ.. ဒီတောင်ကို ငါတို့ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ဘူး”

ကော်ဟောက် “မင်းဘာတွေပြောနေတာလဲ ချန်းချောင် “

ချန်းချောင် “ဝမ်လင်းက ငါတို့အတန်းထဲမှာ အမြဲတမ်း အလယ်အလတ် ဘုရင်ကြီး ဖြစ်ခဲ့တယ်.. အကယ်၍ အလယ်အလတ် ဘုရင်ကြီးသာ စာစီစာကုံးကို အဆုံးတိုင် ရေးနိုင်ခဲ့မယ်ဆိုရင် ငါတို့ကလည်း စာစီစာကုံးကို ပြီးမြောက်သွားမှာ အမှန်ပဲ.. ဒါ‌ပေမဲ့ မင်းတို့ကြည့်စမ်း.. အလယ်အလတ် ဘုရင်ကြီးက စာစီစာကုံး ရေးဖို့နေနေသာသာ စက္ကူကြိုးကြာကိုတောင် ထိုင်ခေါက်နေခဲ့ရတယ်”

ဝမ်လင်း “……….”

ကော်ဟောက်က ဝမ်လင်းကို တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။

“ဝမ်လင်းရဲ့ စက္ကူကြိုးကြားက အတော်လေးကြည့်ကောင်းသားပဲ.. ဘယ်ဆိုးလို့လဲ.. ဒီကောင်က သေသေသပ်သပ်လေး ခေါက်တတ်သားပဲ”

ဝမ်လင်း “……….”

စစ်တပ်တဲအတွင်း၌ သရဲခေါင်းဓားက သတ်ဖြတ်ရန်အတွက် လှုပ်ရှားနေပြီ ဖြစ်သည်။

ဤသည်က ကလဲ့စားချေရန် သက်သက်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ယခင်အမျိုးသမီး ခန္ဓာကိုယ်က ပျက်စီးသွားပြီ ဖြစ်သောကြောင့် ၃ရက်အတွင်း ခန္ဓာကိုယ်အသစ်ကို ရှာမတွေ့လျှင် မိုးကြိုးကပ်ဘေးဖြင့် တိုက်ရိုက်သုတ်သင်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သရဲခေါင်းဓားက ဝမ်မင်ကို မျက်စိကျနေခဲ့သည်။

သူ၏အမျိုးသမီး ခန္ဓာကိုယ်ပျက်စီးသွားခြင်းကြောင့် သရဲခေါင်းဓား၏ တိုက်ပွဲဝင်အင်အားသည် အလွန်အမင်း လျော့ကျသွားခဲ့သည်။

ဤအခြေစိုက်စခန်းတွင် အခြေခံ တည်ထောင်ခြင်းအဆင့် ကျောင်းသားများ ရှိသော်လည်း ဤဆရာဝမ်သည် ၎င်းတို့ထက် အရေးပါနေသည်မှာ ထင်ရှားနေသည်။

ဆိုရလျှင် သူ့ရှေ့မှလူမှာ ပကတိအင်မော်တယ် ကိုယ်တိုင် ကာကွယ်ပေးထားရသော တည်ရှိမှုမျိုး ဖြစ်သည်။

နိုင်ငံခေါင်းဆောင်၏ လှုပ်ရှားမှုသည် ဝမ်မင်၏ အရေးပါမှုနှင့် တန်ဖိုးကို သက်သေပြရန် လုံလောက်နေသည် မဟုတ်ပါလော။

ထို့ပြင် သရဲခေါင်းဓားသည် မည်သည့်အသံဗလံမှ အပြင်သို့မထွက်စေရန်အတွက် တဲအတွင်းမှ လူသတ်အရှိန်အဝါကိုပင် သေချာပိတ်ပင်နိုင်သည့် အတားအဆီးတစ်ခုကို ချထားပြီးပြီဖြစ်သည်။

ဝမ်မင်လို သာမန်လူတစ်ယောက်အနေဖြင့် ဤနေရာမှလွတ်မြောက်ရန် နည်းလမ်းမရှိပေ။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် သရဲခေါင်းဓားက ချက်ချင်းလှုပ်ရှားလိုက်သည်။

ထိုအနက်ရောင်ဓားက အမြန်ဆုံးအရှိန်ဖြင့် ဝမ်မင်ဆီသို့ရောက်လာခဲ့သည်။

ဤဆရာက သူ၏ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လိုခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသောကြောင့် သူ့အတွက် နည်းလမ်းတစ်ခုသာ ရှိတော့သည်။

ဤသည်မှာ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ရယူခြင်း ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရန် ဝမ်မင်ကို အရင်သတ်ပစ်ဖို့ လိုအပ်သည်။

အနက်ရောင်ဓားက ဝမ်မင်၏ နှလုံးသားကို တိုက်ရိုက်ဦးတည်နေခဲ့သည်။

အကောင်းမွန်ဆုံးနည်းလမ်းမှာ သေစေနိုင်သောနေရာကို ဦးတည်၍ တစ်ချက်တည်းဖြင့် အဆုံးသတ်ပေးလိုက်ခြင်းဖြစ်၏။

ထိုခဏတွင် ဝမ်မင်သည် သရဲခေါင်းဓားကိုကြည့်၍ ပြုံးလိုက်သည်။

“ငါ့ကိုသတ်ဖို့က လွယ်မှာမဟုတ်ဘူး”

“ငရဲကိုသွားစမ်း”

အနက်ရောင်ဓားက ဝမ်မင်၏ရင်ဘတ်ကို ထိုးဖောက်သွားသော အခိုက်အတန့်တွင် သရဲခေါင်းဓားသည် စိတ်လှုပ်ရှားမှုကို တစ်ဟုန်ထိုး ခံစားလိုက်ရသည်။

အနက်ရောင်ဓားက သွေးများစွန်းပေနေသည့် အခိုက်တွင် စမ်းရေ၌ ဇိမ်ခံနေရသလိုမျိုး ရုတ်ခြည်း အေးချမ်းမှုကို ခံစားလိုက်ရသည်။

သို့သော် နောက်ထပ် အခိုက်အတန့်မှာပင် ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။

ဓားချက်က ဝမ်မင်၏နှလုံးသားကို ထိုးဖောက်သွား၍ ဝမ်မင်တစ်ယောက် လဲကျသွားရမည့်အစား သရဲခေါင်းဓား၏ ရှေ့မှာပင် သဲများကဲ့သို့ လေထဲ၌ လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။

နောက်တခဏတွင် ဝမ်မင်၏ရုပ်ပုံသည် တဲအတွင်းရှိ အခြားတစ်နေရာတွင် ပြန်ပေါ်လာခဲ့သည်။

ဤသည်မှာ ဝမ်မင်၏ ဦးနှောက်တွက်ဆခြင်း နည်းစနစ်ဖြစ်သည်။

{အပိုင်း(၃၄၉)တွင် ထိုအကြောင်းကိုအသေးစိတ်ပြန်လည်ဖတ်ရှုနိုင်သည်}

ဝမ်မင် “ငါ့ကိုသတ်ဖို့က ဒီလောက်မလွယ်ဘူး”

သရဲခေါင်းဓားက ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။

ဤနည်းစနစ်က ပုံရိပ်ယောင်နည်းစနစ်လည်း မဟုတ်လောက်ပေ။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ လူငယ်လေး၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်စွမ်းအင် နည်းနည်းလေးမှ မရှိသောကြောင့်ဖြစ်သည်။

ဤသို့ဆိုလျှင် ၎င်းက မှော်နည်းစနစ်ကို မည်သို့ အသုံးပြုနိုင်ပါမည်နည်း။

တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် ရှင်းပြချက်မှာ ဤနည်းစနစ်သည် စိတ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်၏။

“ကြည့်ရတာ မင်းက စိတ်စွမ်းအား တော်တော်လေးကောင်းပုံပဲ”

သရဲခေါင်းဓားက နားလည်သွားသော အမူအရာဖြင့် ဝမ်မင်ကို စိုက်ကြည့်လိုက်သည်။

သူ၏ ကျယ်ပြန့်သောအသိပညာနှင့် အတွေ့အကြံအရ ဖြစ်နိုင်ချေကို မှန်းဆမိခဲ့ခြင်း ဖြစ်၏။

သာမန်လူသားတစ်ယောက်သည် စိတ်စွမ်အား ထက်မြက်နေသရွေ့ အခြားလူများ၏ စိတ်ကိုထိန်းချုပ်ပြီး လှည့်စားမှုများကို ဖန်တီးနိုင်မည် ဖြစ်သည်။

ဤနည်းစနစ်ကို သရဲခေါင်းဓား ပထမဆုံး ကြားသိခဲ့ဖူးသည့်အချိန်မှာ နတ်ဆိုးနတ်ဘုရားများနှင့် စစ်ပွဲတွင် ထိုနည်းစနစ်ကို ဉာဏ်ပညာသူတော်စင် ဥက္ကဌချီ အသုံးပြုခဲ့စဉ်က ဖြစ်သည်။

သရဲခေါင်းဓားက ထိုနည်းစနစ်ကို ဝမ်မင် အသုံးပြုနိုင်လိ့မ်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

အတိအကျပြောရလျှင် ထိုနည်းစနစ်ကို မှော်အတတ်တစ်ခုဟု ယူဆနိုင်ပေသည်။

သို့ရာတွင် ထိုနည်းစနစ်က ဝိညာဉ်စွမ်းအင်ကို အသုံးမပြုထားဘဲ စိတ်စွမ်းအင်ဖြင့်သာ ထိန်းချုပ်ထားခြင်း ဖြစ်၏။

ဤလူက ပကတိအင်မော်တယ် ကာကွယ်ပေးရသည်အထိအဘယ်ကြောင့် တန်ဖိုးကြီးမားနေသည်ကို သရဲခေါင်းဓား တစ်ယောက် ရုတ်တရက် နားလည်သွားခဲ့သည်။

ထိုလူ၏ ဦးနှောက်တစ်ခုလုံးက တန်ဖိုးရှိသော ရတနာသိုက် တစ်ခုလို ဖြစ်နေသည် မဟုတ်ပါလော။

“အစောပိုင်းက ငါသတိလက်လွတ် ဖြစ်သွားခဲ့လို့ပဲ.. မင်းအသုံးပြုတဲ့ လှည့်ကွက်က စိတ်စွမ်းအင်တွေ အများကြီး သုံးစွဲရတယ်.. မင်းအနေနဲ့ ဘယ်လောက်ကြာကြာ သုံးနိုင်မှာမို့လို့်လဲ”

အနက်ရောင်ဓားအတွင်းမှ သရဲခေါင်းဓားက ခနဲ့လိုက်သည်။

ဤတစ်ကြိမ်က ဝမ်မင် အတွက် ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို ဒုတိယအကြိမ် အသုံးပြုခြင်းဖြစ်သည်။

ယခင်တိုက်ပွဲတွင် သူက ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို စိတ်ကြိုက် အသုံးပြုနိုင်ခဲ့သည် ။

ဤတစ်ကြိမ်တွင် သူက အခြေအနေဆိုးရွားနေခဲ့သည်။

ဆိုလိုသည်မှာ သရဲခေါင်းဓားက စစ်တပ်တဲအတွင်းကို အတားအဆီးများ ချထားပြီးပြီဖြစ်၍ သူက မည်သည့်နည်းစနစ်ကို အသုံးပြုပါစေ တဲထဲ၌သာ အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုအချိန်က ဥက္ကဌချီသည် ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို အသုံးပြုခဲ့စဉ် ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအား နှစ်မျိုးစလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် ဝမ်မင်ကမူ ထိုသို့မလုပ်နိုင်ပေ။

ဤနည်းစနစ်ကို နောက်ဆုံးအကြိမ် အသုံးပြုခဲ့စဉ်က ဦးနှောက်ကို အလုပ် အလွန် ပေးလိုက်ရ၍ ဦးနှောက်သေမလိုဖြစ်ခဲ့ရသည်ကို သူချက်ချင်း သတိရမိသည်။

ထို့ကြောင့် ဤသည်က ရေရှည်ဖြေရှင်းချက် မဟုတ်ပေ။

သရဲခေါင်းဓားကို စိုက်ကြည့်ရင်း ဝမ်မင်က စိတ်လှုပ်ရှားနေခဲ့သည်။

လက်ရှိအခြေအနေအရ သူ့အနေဖြင့် ကံကြမ္မာကိုအလောင်းအစား လုပ်ရန်သာ ရှိတော့သည်။

“အကူအညီကို စောင့်နေတာလား”

သရဲခေါင်းဓားကခနဲ့လိုက်သည်။

“ငါဒီစစ်တပ်တဲ တစ်ဝိုက်မှာ အတားအဆီးတွေ ချထားပြီးပြီ.. မင်းကို ကယ်တင်မယ့်သူတွေ တစ်ယောက်မှလာမှာ မဟုတ်ဘူး”

သို့သော် သရဲခေါင်းဓား ရယ်မောခြင်း မဆုံးမီမှာပင် တဲအတွင်း၌ တောက်ပသော အလင်းတန်းများ ရုတ်ခြည်း ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကို ကြည့်ကာ သရဲခေါင်းဓားက ထိတ်လန့်သွားခဲ့သည်။

“ဒါက…”

“မမြင်နိုင်တဲ့ အစီအရင်တစ်ခုများလား”

နောက်ထပ် အခိုက်အတန့်မှာပင် လှပသော ပုံရိပ်တစ်ခုသည် မြေပြင်ထက်မှ ထွက်ပေါ်လာခဲ့သည်။

ဤအစီအရင်ကို ကျိုက်ယန်က မြေကြီးထဲတွင် မြှုပ်နှံထားခြင်း ဖြစ်သည်။

အရည်အချင်းရှိသော သက်တော်စောင့်တစ်ဦး အနေဖြင့် ကျိုက်ယန်၏ ကြိုတင်ပြင်ဆင်မှုများက အသုံးဝင်လာခဲ့ပြီဟု ဆိုရမည်။

ကျိုက်ယန် ထွက်ပေါ်လာသည်ကို မြင်လျှင် ဝမ်မင်က ကျေနပ်သွားသော်လည်း တစ်ချိန်တည်းမှာပင် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်သွားခဲ့သည်။

“ဘယ်လိုကြီးလဲဟ.. မင်းက တကယ်ပဲ မြေအောက်ထဲမှာ ပုန်းနေတာလား”

ထိုစကားကိုကြားလျှင် ကျိုက်ယန်က အံကြိတ်လိုက်သည်။

“ငါနင့်ကိုကာကွယ်ဖို့ မြေအောက်ထဲမှာ အကြာကြီးစောင့်နေခဲ့ရတယ်.. နင်က ငါ့ကို ဘာလို့ လာအော်နေရတာလဲ”

ဝမ်မင် “……….”

[ဒီစိတ်ကြီးတဲ့မိစ္ဆာမကတော့]

အပိုင်း(၇၄၁) ပြီး၏

All Chapters