မှော်ခရစ်စတယ်
Vol. 50 Ch. 742
ကျိုက်ယန်က အရည်အချင်းရှိသော သက်တော်စောင့်တစ်ဦးအဖြစ် အချိန်နှင့်တပြေးညီ စောင့်ရှောက်နိုင်ခဲ့သည်။
ဝမ်မင်က သူဘယ်နေရာကို ရောက်နေပါစေ၊ ကျိုက်ယန် သူ့အနီးတွင်ရှိနေမည်ကို ကောင်းစွာသိခဲ့သည်။
သို့သော် ကျိုက်ယန်ကို မြင်တွေ့လိုက်သည့် အခိုက်အတန့်တွင် သရဲခေါင်းဓားသည် ပျော်ရွှင်နေခဲ့သည်။
ဆိုရလျှင် သူက နောက်ထပ် ရွေးချယ်စရာတစ်ခုကို ထပ်မံရှာတွေ့ခဲ့သည်။
ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့မှ ကျိုက်ယန်သည် ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အခြားသော ကဏ္ဍပေါင်းစုံတွင် ဝမ်မင်ထက် သာလွန်နေသည်မှာ ထင်ရှားနေသည်။
သူမက သူ၏ယခင်ပိုင်ရှင်ထက်ပင် အဆင့်များစွာ မြင့်မားနေ၏။
ထိုအကြောင်းကိုတွေးရင်း သရဲခေါင်းဓားက စိတ်ထဲတွင် ပီတိဝေဖြာနေခဲ့သည်။
သူ့အနေဖြင့် ကျိုက်ယန်၏ ခန္ဓာကိုယ်ကို လုယူပြီး ဝမ်မင်၏ဦးနှောက်ကိုသာ သိမ်းပိုက်နိုင်ခဲ့လျှင် မယုံကြည်နိုင်လောင်သော အောင်မြင်မှုကို ရရှိနိုင်ပေသည်။
ဤအတွေးကြောင့် သရဲခေါင်းဓားက ရုတ်ခြည်း တက်ကြွသွားခဲ့သည်။
ကျိုက်ယန်က သရဲခေါင်းဓား၏ ပုံစံအစစ်အမှန်ကို ယခုမှသာပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း ထိုနာမည်ကို ရင်းနှီးနေခဲ့သည်။
ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့တွင် သူမ ရှိနေစဉ်က သရဲခေါင်းဓားနှင့် ပတ်သက်သည့် မစ်ရှင်တစ်ခုကို သူမ ကြားဖူးခဲ့သည်။
ကံမကောင်းစွာပင် ထိုမစ်ရှင်က ကျရှုံးသွားခဲ့သည်။
သရဲခေါင်းဓားက အဝိုင်းခံထားရသည့်တိုင် လိမ္မာပါးနပ်စွာဖြင့် အဆုံးသတ်တွင် ဖမ်းဆီးခြင်းမှ လွတ်မြောက်သွားခဲ့သည်။
ထိုစစ်ဆင်ရေးတွင် ခမ်းနားသော အင်မော်တယ်တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် တာဝန်ထမ်းဆောင်စဉ်မှာပင် သေဆုံးသွားခဲ့ရသည်။
ထိုကိစ္စမှာ ယခုအချိန်ထိ ကျိုးကြောင်းဆီလျော်စွာ မရှင်လင်းနိုင်သေးသည့် ကိစ္စတစ်ခု ဖြစ်သည်။
ကျိုက်ယန်က မြေအောက်တွင် ပုန်းအောင်းနေစဉ် သရဲခေါင်းဓား ပြောဆိုသမျှကိုကြားပြီး ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို စေ့စေ့စပ်စပ် နားလည်သွားခဲ့သည်။
ထိုအချိန်က သရဲခေါင်းဓားသည် ၎င်း၏ ပိုင်ရှင်ဟောင်းကို စွန့်ပစ်ခဲ့ပြီး တာဝန်ကျ အဖွဲ့ဝင်တစ်ဦးနှင့် အတင်းအဓမ္မပဋိညာဉ် စာချုပ်ချုပ်ဆိုကာ လွတ်မြောက်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ပုံရသည်။
ကျိုက်ယန်က စစ်တပ်တဲအတွင်း သရဲခေါင်းဓား ချမှတ်ထားသည့် အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
စင်စစ် သရဲခေါင်းဓား၏ အားနည်းသောပုံစံကြောင့် ဤမျှအားကောင်းသော အတားအဆီးကို တည်ဆောက်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် သရဲခေါင်းဓားတွင် ဝှက်ဖဲများ ရှိနေသည်မှာ သေချာနေ၍ သူမ အလွန်ပင် သတိထားနေရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သရဲခေါင်းဓားက နောက်ထပ် တိုက်ခိုက်မှုများကို ပြုလုပ်လာသည်။
သူ၏ပစ်မှတ်မှာ ဝမ်မင် ဖြစ်သည်။
ဤအမျိုးသမီး သက်တော်စောင့်၏ အားနည်းချက်မှာ ဝမ်မင်ဖြစ်ကြောင်း သူကောင်းစွာ သိထားခဲ့သည်။
“ချလွမ်”
သတ္တုချင်း ထိခိုက်မိသံများ ထွက်ပေါ်လာသည်။
ကျိုက်ယန်က သူမ၏ဖိနပ်မှ စစ်သုံးဓားမြှောင် တစ်ချောင်းကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး အနက်ရောင်ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
အနက်ရောင်ဓား၏ မရပ်မနား တိုက်ခိုက်မှုများကို ကျိုက်ယန်က စစ်တပ်သုံးဓားဖြင့်ပင် လုံးလုံးလျားလျားကြီး ခုခံကာကွယ်နိုင်ခဲ့သည်။
သူမ၏ လှုပ်ရှားမှုများက မြန်ဆန်နေသဖြင့် ဝမ်မင်၏ မျက်လုံးတွင် အရိပ်များသာ မြင်တွေ့ခဲ့ရသည်။
“မင်းက ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့က မဟုတ်လား.. ဒီဓားနည်းစနစ်ကို မတွေ့ရတာတောင် အတော်ကြာခဲ့ပြီ”
သရဲခေါင်းဓားက တိုက်ခိုက်နေရင်း ပြောလိုက်သည်။
သူ၏ပုံစံက အနက်ရောင်ဓား ဖြစ်သောကြောင့် ကျိုက်ယန် မည်မျှပင် တိုက်ခိုက်ပါစေ သူက နာကျင်မှုကို မခံစားရပေ။
အဆုံးသတ်တွင် သူသည် ရှေးဟောင်း ဓားတစ်လက် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့ကို ရင်ဆိုင်ရန် စစ်သုံး ဓားမြှောင် တစ်လက်ကို အသုံးပြုနေခြင်းသည် တကယ်ကို နုံအလွန်းသော ရွေးချယ်မှု ဖြစ်သည်။
“ဟုတ်တယ်.. အဲဒါ ရှင်နဲ့ဘာဆိုင်လို့လဲ”
ကျိုက်ယန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
သူမ၏ စစ်တပ်သုံးဓားက သရဲခေါင်းဓားကို ရင်ဆိုင်ရာတွင် လုံလုံလောက်လောက်ဘအသုံးမဝင်ကြောင်း သူမ လေးလေးနက်နက် သိလိုက်ရသည်။
စစ်တပ်သုံးဓားကို ဆက်လက် အသုံးပြုနေခြင်းသည် မှန်ကန်သောရွေးချယ်မှု မဟုတ်ပေ။
ဤကဲ့သို့သော တိုက်ပွဲတွင် စိုးရိမ်မှုသည် ခံနိုင်ရည်စွမ်းအားကို ကုန်ခန်းစေ၏။
အနက်ရောင်ဓားပုံစံဖြစ်သည့် သရဲခေါင်းဓားသည် စွမ်းအင်ဖြုန်းတီးမှု သို့မဟုတ် ဒဏ်ရာများအား လျစ်လျူရှုနိုင်သော်လည်း သူမက ထိုသို့မလုပ်နိုင်ပေ။
ယခုအချိန်တွင် သူမသည် အလွန် ကြီးမားသော ဖိအားနှင့် ရင်ဆိုင်နေရသည်။
သို့ရာတွင် ဝမ်မင်ကို ကာကွယ်ရန်မှာ သူမ၏အဓိကတာဝန် ဖြစ်သည်။
သူမ၏ အသက်ကိုပေးရမည်ဆိုလျှင်ပင် ဝမ်မင်ကို ကာကွယ်ရပေမည်။
“တပ်ဦးချိုးဖြတ်ဓားအစီအရင်”
ထိုခဏတွင် ကျိုက်ယန်သည် သူမ၏လက်ညိုးကို ကိုက်လိုက်ပြီး လက်ညိုးမှသွေးဖြင့် သူမ၏ဓားတွင် သုပ်လိမ်းလိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် သူမက ထိုဓားကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ၎င်းက ဓားအစီအရင်တစ်ခု အဖြစ်ပြောင်းလဲသွားပြီး သူမနှင့် ဝမ်မင်တို့ကို ဝိုင်းရံထားသည့် မရေမတွက်နိုင်သောဓားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤနည်းလမ်းအားဖြင့် ဝမ်မင်ကို ဦးတည်နေသည့် သရဲခေါင်းဓား၏ အစီအစဥ်က အလုပ်မဖြစ်တော့ပေ။
သို့ရာတွင် ဤဓားအစီအရင်သည် သိပ်ကြာကြာခံနိုင်မည်မဟုတ်ပေ။
ဓားအစီအရင်၏ စွမ်းအားမကုန်ခင် ကျိုက်ယန်သည် သရဲခေါင်းဓားကိုတစ်ချက်တည်းနှင့် အပြီးသတ်နိုင်မည့် တန်ပြန်အစီအမံကို စဉ်းစားနေခဲ့သည်။
အထူးသဖြင့် သရဲခေါင်းဓားက ဝမ်မင်၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေသဖြင့် အရှင်ဖမ်းဆီးရန် အခြေအနေ မရှိတော့ပေ။
သူမက တိုက်ရိုက် သတ်ပစ်ရန်သာ ရှိတော့သည်။
သို့သော်ကျိုက်ယန်နှင့် ဝမ်မင်တို့၏ မျှော်လင့်ချက်များနှင့်ဆန့်ကျင်ဘက်ပင် သရဲခေါင်းဓားသည် ကျိုက်ယန်၏ ဓားအစီအရင်ကို မြင်သောအခါတွင် သူ၏ အပြင်းအထန် တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်သည်။
“အချိန်တန်ပြီလို့ထင်တယ်”
သရဲခေါင်းဓားက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
ထိုစကားကြောင့် ကျိုက်ယန်က သူ့ကို စူးစိုက်ကြည့်လိုက်သည်။
“နင်ဘာကိုဆိုလိုတာလဲ”
သူမ၏ စကားဆုံးသည်နှင့် သရဲခေါင်းဓား၏ အနက်ရောင်ဓားခန္ဓာကိုယ်က ဝိညာဉ်အလင်းရောင် တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထိုအရာက ခရမ်းရောင်ခရစ်စတယ် တစ်ခု ဖြစ်သည်။
ထိုအရာကိုမြင်လျှင် ကျိုက်ယန်၏ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားခဲ့သည်။
“ဒါက…”
ဝမ်မင်က ဘာစကားမှ မပြောသော်လည်း ဤခရစ်စတယ်က မည်သည့်အရာလဲ ဆိုသည်ကို သိထားခဲ့သည်။
ဤသည်က လူသိရှင်ကြား မကြေငြာရသေးသည့် နောက်ဆုံးပေါ် နည်းပညာဖြင့် ပြုလုပ်ထားသော မှော်ခရစ်စတယ် ဖြစ်သည်။
၎င်းကိုပြုလုပ်ရန် အခြေခံပစ္စည်းအဖြစ် တာအိုအဆောင်လက်ဖွဲ့များကို အသုံးပြုရသည်။
ထိုမှော်ခရစ်စတယ်သည် အထူးအဆင့်မြင့် မှော်စွမ်းရည်များကို သိမ်းဆည်းထားနိုင်သည့် နည်းပညာအသစ် တစ်ခုဖြစ်သည်။
ယခု သရဲခေါင်းဓား၏ လက်ထဲတွင်ရှိသော မှော်ခရစ်စတယ်ထဲတွင် အဆင့်၇ မှော်စွမ်းရည် ရှိနေသည်။
သရဲခေါင်းဓားက အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
“ဒီခရီးစဉ်မှာ ကြုံတွေလာနိုင်တဲ့ အန္တရာယ်တွေကို ညသရဲဝိညာဉ်အင်ပါယာက ကြိုတွက်ထားနိုင်တဲ့ အတွက် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့တယ်.. ပြောရရင် ညသရဲဝိညာဉ်အင်ပါယာက ငါနဲ့တိုက်ရိုက် ဆက်သွယ်မှုရှိခဲ့တယ်.. “
ကျိုက်ယန် “မင်းအခုဘာလုပ်ချင်တာလဲ”
“အကြွင်းအကျန် နယ်မြေအတုမှာရှိတဲ့ အမှိုက်အုပ်စုက ဆဲလ်စစ်တပ်ကို ခေါ်ယူဖို့အတွက် သူတို့ရဲ့ ဆဲလ်တွေကို စတေးခဲ့ကြတယ်.. အကယ်၍ အဲဒီ ဆဲလ်စစ်တပ်ကို ဒီအကြွင်းအကျန်နယ်မြေ အစစ်ဆီ ငါဆင့်ခေါ်လိုက်ရင် ဘာဖြစ်သွားမယ်လို့ မင်းတို့ထင်လဲ”
ထိုစကားကိုကြားလျှင် ကျိုက်ယန်၏ အမူအရာက ဆိုးရွားသွားခဲ့သည်။
အကြွင်းအကျန်နယ်မြေအတုမှ အခြေအနေကို သူမ ကောင်းစွာသိသည်။
ထိုဆဲလ်စစ်တပ်ကိုသာ သရဲခေါင်းဓားက ဆင့်ခေါ်လိုက်လျှင် ဤနေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပေမည်။
ထို့ပြင် ကျောင်းသားများအတွက်လည်း အလွန်ပင် အန္တရာယ်ရှိလာလိမ့်မည်။
သရဲခေါင်းဓားက မှော်ခရစ်စတယ်ကို ကိုင်ထားရင်း ရယ်မောလိုက်သည်။
“ဪ.. နောက်ထပ်တစ်ခု ငါပြောစရာ ကျန်သေးတယ်.. ဒီမှော်ခရစ်စတယ်က ညသရဲဝိညာဉ်အင်ပါယာ သီးသန့်တီထွင်ထားတဲ့အရာပဲ.. ဒါက အာကာပြင်အစီအရင် အဖြစ်လည်း အသုံးပြုနိုင်တယ်.. ပင်လယ်နဲ့ကောင်းကင် အစီအရင်ကို မင်းတို့ကြားဖူးတယ် မဟုတ်လား”
“ပင်လယ်နဲ့ကောင်းကင် အစီအရင်လား”
ကျိုက်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်မင်ကို စိုက်ကြည့်လိုက်သည်။
ဝမ်မင် “ငါမသိဘူး.. ငါက ပင်လယ်နဲ့ကောင်းကင်ပါတီကိုပဲ သိတယ်”
ကျိုက်ယန် “……….”
“သခင် သရဲခေါင်းဓား.. သူတို့က ဆဲလ်တွေကို ရှင်းပစ်ဖို့အတွက် ကောင်းကင်Eဂြိုဟ်တုကနေ ပစ်ခတ်ဖို့ပြင်ဆင်နေကြပြီ”
ထိုအချိန်တွင် အမှောင်ရနံ့သခင်၏ အသံက ခရမ်းရောင်ခရစ်စတယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။
သရဲခေါင်းဓား “သူတို့အတွက် ကံဆိုးတာပဲ.. ဟက်.. နောက်ကျသွားခဲ့ပြီ”
ထိုစကားကို ပြောပြီးသည်နှင့် သူက မှော်ခရစ်စတယ်ကို နေရာမှာပင် တိုက်ရိုက် ချေမွလိုက်သည်။
ထိုခဏမှာပင် ဝမ်မင်၏စစ်တပ်တဲကို ဗဟိုပြု၍ ပင့်ကူမျှင်ကဲ့သို့ အလင်းတန်းများက အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်နှင့်ပင်လယ် အစီအရင်ကို လီတစ်ရာ ကောင်းကင်နှင့်ပင်လယ် အစီအရင်ဟုလည်း ခေါ်၏။
၎င်းက လီတစ်ရာ အချင်းဝက်အတွင်း၌ မည်သည့်အရာကို မဆို ချက်ချင်း ထုတ်လွှတ်နိုင်စွမ်း ရှိသည်။
အဆင့်၇ မှော်စွမ်းရည်အားလုံးထဲတွင် ၎င်းသည် အစွမ်းအထက်ဆုံး အစီအရင်တစ်ခုလည်း ဖြစ်သည်။
အပိုင်း(၇၄၂) ပြီး၏