ဘုရင်ကြီးရဲ့ စူးရှသောအကြည့်
Vol. 50 Ch. 744
ဤကောင်းကင်နှင့် ပင်လယ်အစီအရင်သည် ချက်ချင်းဆိုသလို အသက်သွင်းထားခြင်း ဖြစ်သောကြောင့် ၎င်း၏လည်ပတ်မှု တစ်ဝက်တစ်ပျက်တွင် ရပ်တန့်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
လက်ရှိအခြေအနေအရ သူတို့တွင် ရွေးချယ်စရာအခြေအနေ နှစ်ခုသာ ရှိသည်။
ပထမအချက်မှာ အစီအရင်၏ ပင်မအူတိုင်ကို မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး အစီအရင်၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ရန် ဖြစ်၏။
ထိုသို့ ဖျက်ဆီးပစ်နိုင်လျှင်ပင် အကြွင်းအကျန် နယ်မြေအတု အတွင်း၌ ဆဲလ်ဆင့်ခေါ်ခြင်း အစီအရင် အသက်ဝင်နေသရွေ့ ဆင့်ခေါ်ထားသော ဆဲလ်များသည် အဆုံးမဲ့စုစည်းမှု တစ်ခုအဖြစ် ဆက်လက် ရှိနေဦးမည် ဖြစ်သည်။
သို့သော် ကောင်းကင်နှင့်ပင်လယ် အစီအရင်သည် အလွန်ပင်ကြီးမားလွန်းသဖြင့် ၎င်း၏ ပင်မအူတိုင်ကို အချိန်တိုအတွင်းရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဒုတိယဖြေရှင်းချက်ကမူ အစီအရင်ကို လုံးဝ ဖျက်ဆီးပစ်ရန်ဖြစ်သည်။
ဤနည်းလမ်းသည် လက်ရှိအချိန်တွင် ဖြစ်နိုင်ချေအရှိဆုံး ဖြစ်သော်လည်း သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေကို များစွာ ထိခိုက်ဆုံးရှံးစေမည် ဖြစ်သည်။
အကြွင်းအကျန်နယ်မြေအတု၌ ဆဲလ်အလုပ်လုပ်ခြင်း မှော်စွမ်းရည်ဖြင့် ဆဲလ်များကို ဆင့်ခေါ်ထားသော အမှောင်ရနံ့သခင်သည် သူ၏နံဘေးမှ ညှိုးငယ်နေသော ညဦးစီးမှူးအဖွဲ့ဝင်များကို တစ်ချက် ငဲ့ကြည့်လိုက်သည်။
အစောပိုင်းတွင် ၎င်းတို့၏ အသက်များကို ကယ်တင်ရန်အတွက် အမှောင်ရနံ့သခင်က ဆဲလ်ဆင့်ခေါ်ခြင်း နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဤနည်းလမ်းက သက်တမ်းတိုစေရုံမျှမက ခန္ဓာကိုယ်ကို ကြီးစွာသောထိခိုက်မှုလည်း ဖြစ်စေသည်။
သာမန်အခြေအနေအောက်တွင် တိုက်ပွဲအတွက် ဆဲလ်တစ်ခုသို့မဟုတ် နှစ်ခုကို ဆင့်ခေါ်ခြင်းက အန္တရာယ်မရှိပေ။
သို့သော် ဤမျှလောက်သော သွေးကလပ်စည်းများနှင့် ဆဲလ်များကို ဆင့်ခေါ်လိုက်ခြင်းက သက်တမ်းတိုစေရုံမျှ မရိုးရှင်းတော့ပေ။
ဤအစွမ်းထက်သော ဆင့်ခေါ်မှုသည် ၎င်းတို့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်း အားလုံးကို ကုန်ဆုံးသွားစေပြီး အဆုံးသတ်၌ ခန္ဓာကိုယ်ရှိ ဆဲလ်စနစ်တစ်ခုလုံးကို စတေးပစ်ခဲ့ရသည်။
အစီအရင်ဖန်တီးသူ အနေဖြင့် အမှောင်ရနံ့သခင်ကမူ သူ့ကိုယ်သူ ကာကွယ်ရန်နှင့် လုံခြုံမှုရှိစေရန် အတွက် အစီအရင်ကို ထိန်းချုပ်နိုင်ပေသည်။
သူနှင့် သရဲခေါင်းဓားတို့သည် ညသရဲဝိညာဉ်အင်ပါယာ ထံမှ လျှို့ဝှက်ညွှန်ကြားချက်ကို လက်ခံရရှိခဲ့ကြသည်။
ဤလှုပ်ရှားမှုက ဟွာရှို့မဟာမိတ်အဖွဲ့အစည်း အတွက် အက်ကွဲနေပြီဖြစ်သော အိုးတစ်လုံးကို ရိုက်ခွဲလိုက်ခြင်းနှင့်ပင် တူနေသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့်ပင်လယ် အစီအရင်သည် သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေကို မလွဲမရှောင်သာ ပျက်စီးစေမည် ဖြစ်သောကြောင့်ပင်။
ဤနှစ်များ တစ်လျှောက်လုံးတွင် ဟွာရှို့လူမျိုးများသည် သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေကို ကာကွယ်ရန်အကြောင်းပြချက်ဖြင့် လျှို့ဝှက်မြေနေရာတစ်ခု ဖြစ်သည့် မိစ္ဆာတောင်ကြားကို ထိန်းချုပ်ထားခဲ့သည်။
အကယ်၍သာ ၎င်းတို့က ကောင်းကင်နှင့်ပင်လယ် အစီအရင်ကို ကောင်းစွာ မကိုင်တွယ်နိုင်ခဲ့လျှင် နိုင်ငံတကာ၏ မျက်နှာစာ၌ လှုံဆော်မှုများ ဖြစ်လာပေလိမ့်မည်။
အခြားသောနိုင်ငံများက ဤအချက်ကို အခွင့်ကောင်းယူ၍ မိစ္ဆာတောင်ကြား(ဝါ) သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေကို ပူးတွဲစီမံခန့်ခွဲခွင့် အတွက် နိုင်ငံတကာ ကျင့်ကြံခြင်း အဖွဲ့အစည်းသို့ လျှောက်ထားကြမည် ဖြစ်သည်။
ဤအတိုင်းသာ ဖြစ်လာလျှင် ပြန်လည် ပြင်ဆင်ခွင့်မရသည့်ဆုံးရှုံးမှုများ ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် ကောင်းကင်နှင့်ပင်လယ် အစီအရင်အတွင်း၌ မြူခိုးများ ထူထပ်စွာ စီးဆင်းသွားခဲ့သည်။
ဤသည်မှာ အစီအရင်ကို အသက်သွင်းပြီးပြီ ဖြစ်ကြောင်း လက္ခဏာရပ်တစ်ခု ဖြစ်သည်။
ဦးဆောင်ဆရာများသည် ကျောင်းသားများကို သက်တန့်မြက်သေတ္တာထဲသို့် ပြန်ပို့ရန် စီစဉ်ခဲ့ကြသည်။
ယခုအချိန်တွင် အကြီးမားဆုံး ဦးစားပေးမှာ ကျောင်းသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ဖြစ်သည်။
ထိုမှသာ ဆရာများက စိုးရိမ်မှုမရှိဘဲ တိုက်ပွဲဝင်နိုင်ပေမည်။
အမှောင်ရနံ့သခင် ဆင့်ခေါ်ထားသော ဆဲလ်များသည် အလွန်တရာ ကြီးမားပြီး ၎င်းတို့အနက်မှ တစ်ခုစီသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
ထိုထဲမှ ခွန်အားအနည်းဆုံး ဆဲလ်တပ်သားပင် ရွှေအမြုတေအဆင့်၌ ရှိကြသည်။
ထို့ကြောင့် အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများသည် ၎င်းတို့နှင့် ရင်ဆိုင်ရလျှင် သေခြင်းတရားသို့ လျှောက်လှမ်းသလို ဖြစ်သွားပေလိမ့်မည်။
လေထဲတွင် ပျံဝဲနေသော နိုင်ငံခေါင်းဆောင်သည် အရှေ့ဘက်သစ်တော၏ ၇ပုံ၁ပုံကို တိုက်ရိုက် လွှမ်းခြုံထားသည့် ကောင်းကင်နှင့်ပင်လယ် အစီအရင်ကို ငုံ့ကြည့်လိုက်သည်၊
၇ပုံ၁ပုံက အလွန်ကျယ်ဝန်းသည်ဟု မယူဆနိုင်သော်လည်း ဤသစ်တောအတွင်း၌ မျိုးတုန်းလုနီးပါး သယံဇာတများစွာ ရှိသည်။
ယနေ့တွင် ကျောင်းသားများအတွက် ဖွင့်လှစ်ပေးခဲ့သောအပိုင်းသည် ရေခဲတောင်၏ အစွန်အဖျားပိုင်းမျှသာ ဖြစ်ပြီး သစ်တော၏ ၇ပုံ၁ပုံမျှလောက်ပင် မဟုတ်ခဲ့ပေ။
ပင်မအူတိုင်ကို ဖျက်ဆီးခြင်းသည် အကြွင်းအကျန် နယ်မြေကို တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်ရန် အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
သို့သော် ဤကောင်းကင်နှင့် ပင်လယ်အစီအရင်သည် အထူးပြုပြင် မွမ်းမံထားသည်မှာ ထင်ရှားနေသည်။
အစီအရင်ပညာရှင်က အစီအရင် ဖွဲ့စည်းတည်ဆောက်ရာတွင် ပင်မအူတိုင် အစစ်အမှန်ကို ဖုံးကွယ်ရန်အတွက် အတုများစွာကိုပါ ဖန်တီးထားခဲ့သည်။
ထို့ပြင် ထိုအတုများသည် တကယ့်အစစ်ထက် မနည်း ရှုပ်ထွေးလွန်းပြီး ဗုံးတစ်လုံးရှိ ဝါယာကြိုးများ ကဲ့သို့ပင် အနည်းငယ် လွဲချော်သည်နှင့် ကွင်းဆက် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
တစ်စုံတစ်ရာ ချွတ်ချော်သည်နှင့် ကြီးမားသောဆုံးရှုံးမှု ဖြစ်ပေါ်လာနိုင်သည့် အတွက် နိုင်ငံခေါင်းဆောင်ပင်လျှင် ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။
အူတိုင်ကို မှားယွင်း ဖျက်ဆီးမိလျှင် အူတိုင်အတုများက လျင်မြန်စွာ တိုးပွားပြီး ပျံ့နှံ့သွားနိုင်သည်။
ဤသည်ကို ကြည့်လျှင် အစီအရင်က မည်မျှ ဆန်းကြယ်သည့်ကို သိနိုင်သည်။
သစ်တောထဲရှိ ကျောင်းသားများကို သက်တန့်မြက်သေတ္တာထဲသို့ ဘေးကင်းစွာ ရွှေ့ပြောင်းလိုက်သည်ကို တွေ့လိုက်ရလျှင် နိုင်ငံခေါင်းဆောင်က သက်ပြင်းချလိုက်သည်။
ကံဆိုးစွာဖြင့် စစ်တပ်တဲများ အားလုံးသည် ဤအချိန်တွင် ပျက်စီးသွားပြီ ဖြစ်သည်။
ကျောင်းသားများက မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းခဲ့ရ၍ တဲများကို သိမ်းဆည်းရန် အချိန်မရခဲ့ပေ။
“အစီအရင်ရဲ့ ပင်မအူတိုင်ကို ထိန်းချုပ်ဖို့ နည်းလမ်းရှိလား”
ဟွာရှို့မဟာမိတ် ကွပ်ကဲရေးစင်တာသည် နိုင်ငံခေါင်းဆောင်ထံမှ မေးခွန်းကို လက်ခံရရှိခဲ့သည်။
ဥက္ကဌချီက သက်ပြင်းချလိုက်သည်။
“အဲဒီနေရာမှာ ကျနော်သာ ရှိနေရင်တော့ ဦးနှောက်တွက်ဆခြင်း နည်းလမ်းကို အသုံးပြုပြီး အစီအရင်ရဲ့ ပင်မအူတိုင်ကို ရှာဖွေနိုင်မှာပဲ.. ဒါပေမဲ့ အခုအချိန်မှာတော့ မဖြစ်နိုင်တော့ပါဘူး”
ဟုတ်ပါသည်၊ ဉာဏ်ပညာသူတော်စင်ဖြစ်သည့် ဥက္ကဌချီသာထိုနေရာတွင် ရှိနေလျှင် ဦးနှောက်တွက်ဆခြင်း နည်းလမ်းကိုအသုံးပြု၍ အစီအရင်ကို လွှမ်းခြုံပြီး ပင်မအူတိုင်ကို ရှာဖွေနိုင်မည် ဖြစ်သည်။
ယခုအချိန်တွင် ဝမ်မင်သည် သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်သည်။
ဆိုရလျှင် ဝမ်မင်သည် ဥက္ကဌချီ၏ တပည့်အရင်း ဖြစ်ပြီး လက်ရှိအခြေအနေ၏ ကောင်းကျိုးဆိုးကျိုးများကို သိရှိနေသူလည်း ဖြစ်၏။
အကြွင်းအကျန်နယ်မြေကို အပြည့်အဝ ထိန်းသိမ်းနိုင်ရန်အတွက် ပင်မအူတိုင်ကို ကျိန်းသေ ရှာဖွေရမည် ဖြစ်သည်။
စစ်တပ်တဲ အတွင်း၌ ဓားအစီအရင်ကို အသက်သွင်းခဲ့သောကျိုက်ယန်သည် အလွန်ခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်သည့် သရဲခေါင်းဓားနှင့် ယှဉ်ပြိုင် တိုက်ခိုက်နေရသည်။
ဝမ်မင်နှင့် ကျိုက်ယန်တို့က စတင်သိကျွမ်းခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း ၎င်းတို့၏ အချင်းချင်း နားလည်မှုက အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝမ်မင်က စစ်တပ်တဲထဲတွင် ပိတ်မိနေခြင်း မရှိခဲ့လျှင် သူ၏ ကောင်းကင်တွက်ဆခြင်း နည်းလမ်းဖြင့် ကောင်းကင်နှင့်ပင်လယ်အစီအရင်ကို လွှမ်းခြုံကာ ပင်မအူတိုင် အစစ်အမှန်ကို ရှာဖွေနိုင်လိမ့်မည် ဖြစ်၏။
ထိုခဏတွင် ဝမ်မင်၏ မျက်လုံးထဲမှ အဓိပ္ပါယ်ကို သတိပြုမိသော ကျိုက်ယန်သည် သူမ၏ တိုက်ခိုက်မှုပုံစံကို ပြောင်းလဲကာ ဟာကွက်ကို တမင်တကာ ပြုလုပ်လိုက်သည်။
ထိုဟာကွက်ကို မြင်လျှင် သတ်ဖြတ်ရန်ဆန္ဒ ပြင်းပြနေသော သရဲခေါင်းဓား၏ အနက်ရောင် ဓားကိုယ်ထည်သည် ကျိုက်ယန်ကို သတ်ဖြတ်ရန် ပျံသန်းလာခဲ့၏။
ကျိုက်ယန်က ရှောင်တိမ်းလိုက်ရာ အနက်ရောင်ဓားက သူကိုယ်တိုင် တည်ဆောက်ထားသည့် အနက်ရောင် အတားအဆီးအလွှာကို ဖောက်ထွက်သွားခဲ့သည်။
ထိုခဏမှာပင် ကျိုက်ယန်သည် သရဲခေါင်းဓား ဖန်တီးထားသည့် စစ်တပ်တဲအတွင်းမှ အတားအဆီးကို ဖြိုခွဲလိုက်တော့သည်။
“ငါလုပ်နိုင်ခဲ့ပြီ”
ကျိုက်ယန်က ပျော်ရွှင်သွားခဲ့သည်။
သူမက ဝမ်မင်ကို ကာကွယ်ရန်အတွက် ဝမ်မင်၏ နံဘေးတွင် ဆက်လက် ရှိနေခဲ့သည်။
စစ်တပ်တဲအတွင်းမှ အတားအဆီး ပြိုပျက်သွားသည်နှင့် ဝမ်မင်က ကောင်းကင်သတ္တုဓားကို ဆင့်ခေါ်ကာ ဓားပေါ်တွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ပြီး ဦးနှောက်တွက်ဆခြင်း နည်းလမ်းကိုအပြည့်အဝ အသုံးချကာ အစီအရင်၏ ပင်မအူတိုင်ကို ရှာဖွေရန် ကြိုးစားခဲ့သည်။
ထိုအချိန်မှာပင် အကြွင်းအကျန် နယ်မြေအတုမှ ဆင့်ခေါ်ထားသည့် ဆဲလ်စစ်တပ်များက ဤနေရာသို့ တည်နေရာရွှေ့ပြောင်းလာပြီး မိုးရွာပြီးနောက် ထွက်ပေါ်လာသည့် မှိုကဲ့သို့ပင် မြေပြင်မှ ထွက်ပေါ်လာခဲ့သည်။
ဤသည်က ပင်မအူတိုင်ကို ရှာဖွေနေသည့် ဝမ်မင်အတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်၏။
“အရေအတွက်က များလှချည်လား”
ဆရာများက တအံ့တဩ အော်ဟစ်လိုက်ကြသည်။
သူတို့က ကျောင်းသားများအတွက် စိတ်ပူစရာ မလိုတော့သဖြင့် ဝူကျန်းကျွင်း၏ အမိန့်ကိုလိုက်နာပြီး ဝမ်မင်ကို ကာကွယ်ရန် ပြုလုပ်ခဲ့ကြသည်။
သို့သော် ဆဲလ်စစ်တပ်၏ အရေအတွက်က အလွန်ပင် များပြား၍ သမုဒ္ဒရာတွင် ရပ်နေသကဲ့သို့ သူတို့ ခံစားခဲ့ရသည်။
ဆိုရလျှင် ဆင့်ခေါ်ထားသည့် ဆဲလ်တပ်သားများသည် အရေအတွက် တစ်သောင်းကျော်ထိ ရှိခဲ့သည်။
ဆဲလ်တပ်သား အများစုသည် မြင့်မားသော နယ်ပယ်အဆင့်တွင် မရှိကြသော်လည်း ၎င်းတို့၏များပြားလှသောအရေအတွက်ကမူ ကိုင်တွယ်ရန် အလွန်အခက်တွေ့မည်ဖြစ်သည်။
အမှောင်ရနံ့သခင်က ကောင်းကင်နှင့်ပင်လယ် အစီအရင်မှတစ်ဆင့် အကြွင်းအကျန် နယ်မြေအတုမှ သူဆင့်ခေါ်ထားသော ဆဲလ်စစ်တပ်များကို တည်နေရာ ရွှေ့ပြောင်းပြီးနောက်တွင် သရဲခေါင်းဓားနှင့် လာရောက်တွေ့ဆုံခဲ့သည်။
“ညီနောင်အမှောင်ရနံ့က တကယ်ကို အံ့မခန်းပါပဲ.. “
ကြီးမားသော ဆဲလ်စစ်တပ်ကြီးကို ကြည့်ရင်း သရဲခေါင်းဓားက နှလုံးသားထဲမှ စိတ်ပါလက်ပါ ချီးမွမ်းလိုက်သည်။
“ဒါက အသေးအမွှားလေးပါပဲ”
အမှောင်ရနံ့သခင်က ပြန်ဖြေလိုက်သည်။
သူတို့နှစ်ယောက်က အဝေးကနေ အခြေအနေကို ရပ်ကြည့်နေကြသည်။
သို့ရာတွင် သူတို့၏ မနီးမဝေး၌ မတ်တပ်ရပ်နေသော ဝမ်လင်း၏ ကိုယ်ပွားကို သူတို့ သတိမထားမိကြပေ။
ဝမ်လင်း၏ ကိုယ်ပွားက အေးစက်စက် မျက်လုံးများဖြင့် ဆဲလ်စစ်တပ်ကို စူးစိုက်ကြည့်နေခဲ့သည်။
ဆရာများကလည်း ရန်သူကို ရင်ဆိုင်ရန်အတွက် စိတ်ချင်းဆက်သွယ်၍ ဆွေးနွေးနေကြသည်။
နောက်ထပ် အခိုက်အတန့်တွင် မည်သူမှ ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်ပွားခဲ့သည်။
မြေပြင်ကနေ တက်တက်ကြွကြွ ထွက်ပေါ်လာသည့် ဆဲလ်စစ်တပ်က တကယ်ကို ငြိမ်ကျသွားခဲ့သည်။
၎င်းတို့က ထိန်းချုပ်ခံထားရသကဲ့သို့ မျက်လုံးထဲတွင်ကြောက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
အပိုင်း(၇၄၄) ပြီး၏