ဝမ်မင် ပျက်စီးသွားပြီလား
Vol. 50 Ch. 746
ထိုအခိုက်အတန့်မှာပင် သရဲခေါင်းဓားက သားရဲဘုရင်အကြွင်းအကျန်နယ်မြေရှိ မြေဆီလွှာက သာမန်မြေဆီလွှာမဟုတ်ကြောင်း သိလိုက်ရသည်။
သူ၏သတ္တုကိုယ်ထည်က ထိုမြေဆီလွှာနှင့် တိုက်ရိုက် ထိတွေ့ပြီး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
ကံကောင်း၍သာ သူက လျင်မြန်စွာ တုံပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့မဟုတ်လျှင် မြေအောက်၌ စက္ကန့်အနည်းငယ်သာ ထပ်ကြာသွားလျှင် သူက အမှန်တကယ် ပျက်စီးသွားမည် ဖြစ်၏။
သရဲခေါင်းဓားက မြေဆီလွှာ အဆိပ်သင့်နေကြောင်း သိလိုက်သည်နှင့် ဝမ်မင်အား အခြားနည်းလမ်းဖြင့် တိုက်ခိုက်ရန်အတွက် နည်းဗျူဟာကို ချက်ချင်း ပြောင်းလဲလိုက်သည်။
ဆိုရလျှင် ဝမ်မင်သည် ယခုအခါတွင် အန္တရာယ်အလွန်များသော အခြေအနေတွင် ရှိနေသည်။
၎င်းက ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို အလွန်အကျွံအသုံးပြုထား၍ ယခုအခါတွင် အလွန် အားနည်းနေပြီ ဖြစ်သည်။
သူ၏ဦးနှောက်က သွေးအလုံအလောက် မရ၍ သူက အားနည်းကာ ချွေးထွက်လွန်နေသည့် အပြင် နှလုံးကလည်း တဆတ်ဆတ် ခုန်နေခဲ့သည်။
ဝမ်မင်က သူ၏အသက်ရှူနှုန်းကို ထိန်းညှိရန်နှင့် နှလုံးခုန်နှုန်းကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။
ဤသည်က စိတ်စွမ်းအားကို အလွန်အကျွံ အသုံးပြု၍ ဖြစ်ပေါ်လာသော ဒဏ်ရာဖြစ်သောကြောင့် ချီဖြည့်စွက် ဆေးလုံးများက ဝမ်မင်အတွက် အသုံးမဝင်ပေ။
“ညီနောင် အမှောင်ရနံ့.. ငါ့ကို မင်းရဲ့ဆဲလ်တွေနဲ့ ဖုံးထားပေး”
သရဲခေါင်းဓားက အမှောင်ရနံ့သခင်ကို ပြောလိုက်သည်။
အမှောင်နက်ဝေါ့ခ်၏ အဖွဲ့ဝင်များထဲတွင် ၎င်းတို့နှစ်ဦးသည် ကိုင်တွယ်ရအခက်ဆုံး ဖြစ်သည်။
ကျိုက်ယန်က လူသတ်အရှိန်အဝါတစ်ခုကို သတိပြုမိ၍ ဝမ်မင်၏ အနီးနားတွင် ဓားအစီအရင် တစ်ခုကို ချက်ချင်းဖန်တီးလိုက်သည်။
“ဆဲလ်ဆင့်ပွားခြင်းမှော်စွမ်းရည်”
အမှောင်ရနံ့သခင်က လက်ဟန်တစ်ခု ဖော်ထုတ်လိုက်ရာ သရဲခေါင်းဓား၏ အနက်ရောင် ဓားကိုယ်ထည်ပေါ်တွင် ဆဲလ်များ ချက်ချင်းပင် ပေါ်လာခဲ့သည်။
ထိုဆဲလ်များက ခန္ဓာကိုယ်ပေါ်တွင် ပွားများလာသော ဘက်တီးရီးယားများ ကဲ့သို့ အဆက်မပြတ် ပြန်လည် ရှင်သန်နိုင်သည့် အလွန်ပြင်းထန်သော ဆဲလ်ချပ်ဝတ်ကို အနက်ရောင်ဓားပေါ်တွင် ဖန်တီးလိုက်သည်။
ထို့ကြောင့် သရဲခေါင်းဓား အနေဖြင့် အခြား မည်သည့်အရာအတွက်မှ စိတ်ပူစရာ မလိုတော့ဘဲ ရှေ့သို့ ပြေးတက်ရန်သာ လိုအပ်တော့သည်။
သူ၏ပစ်မှတ်က ဝမ်မင်ဖြစ်သည်။
ဤမြင်ကွင်းကိုမြင်လျှင် နိုင်ငံခေါင်းဆောင်က တိုက်ခိုက်မှုကို တားဆီးရန် ကြံရွယ်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
သိုသော် နောက်ထပ် အခိုက်အတန့်မှာပင် ဆဲလ်ပြန့်ပွားခြင်းမှော်စွမ်းရည်ကို ထုတ်ဖော်ခဲ့သည့် အမှောင်ရနံ့သခင်သည် သူ၏လက်ကို ရုတ်တရက် မြှောက်လိုက်ရာ ခရမ်းရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။
“ဒိုင်းနမိုက် အလင်းလှိုင်းများလား”
နိုင်ငံခေါင်းဆောင်က ယခင်နှင့် လုံးဝမတူတော့ဘဲ အော်ရာများ သိသိသာသာ ပြောင်းလဲသွားသည့် အမှောင်ရနံ့သခင်ကို ကြည့်လိုက်သည်။
“မင်းဘယ်သူလဲ”
ဥက္ကဌချီက ဟွာရှို့မဟာမိတ်၏ ကွပ်ကဲရေး စင်တာကနေ ဆဲလ်ပြန့်ပွားခြင်း မှော်စွမ်းရည်ဟု ခေါ်သော အဆင့်မြင့်မှော်စွမ်းရည်ကို နက်နဲစွာ တွေးတောနေခဲ့သည်။
ဤသည်က တစ္ဆေဝင်ပူးခြင်းနှင့် ဆင်တူသော စိတ်ဝိညာဉ်ဖလှယ်သည့် နည်းစနစ် အမျိုးအစား ဖြစ်သည်။
တစ်ဖက်လူထဲမှ DNAကို ကြိုတင်ရရှိထားသရွေ့ ထိုလူ၏ ခန္ဓာကိုယ်က အဝေးကနေ ထိန်းချုပ် အသုံးပြုနိုင်သည်။
ပုံမှန်နည်းစနစ်များတွင် အကွာအဝေးက အလွန်အရေးပါပြီး ခန္ဓာကိုယ်နှစ်ခုက ဝေးကွာလွန်း၍ မရပေ။
သို့သော်လည်း ဆဲလ်ပြန့်ပွားခြင်း မှော်စွမ်းရည်သည် အကွာအဝေး ကန့်သတ်ချက်ကို လျစ်လျူရှုနိုင်သည်။
ဆဲလ်ပြန့်ပွားခြင်း မှော်စွမ်းရည်၏ သက်ရောက်မှုက အများဆုံး ၅မိနစ်သာ ကြာမြင့်မည် ဖြစ်သည်။
ဤအမှောင်ရနံ့သခင်က အစပိုင်းတွင် ဇီဝဗေဒပညာရှင် တစ်ဦးဖြစ်၍ ဆဲလ်သုတေသနကို စေ့စပ်သေချာစွာ ပြုလုပ်ခဲ့သည်။
သူက ဆဲလ်အလုပ်လုပ်ခြင်း မှော်စွမ်းရည်ကို ကျွမ်းကျင်သူလည်း ဖြစ်သည်။
“ဒီလူရဲ့ခန္ဓာကိုယ်ကို ယူထားတာ ဘယ်သူများဖြစ်နိုင်မလဲ”
ဗိုလ်ချုပ်ရီက မေးခွန်းထုတ်လိုက်သည်။
ဥက္ကဌချီက သက်ပြင်းချလိုက်ပြီး လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“လက်ရှိခြေအနေအရတော့ သူတို့ရဲ့ နောက်ကွယ်က ညသရဲဝိညာဉ်အင်ပါယာ ဖြစ်မယ်လို့ငါထင်တယ်.. အဲဒီ ရာဇဝတ်သားက နိုင်ငံခေါင်းဆောင်ကို ယှဉ်တိုက်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ”
ဥက္ကဌချီက ယခုမှ သဘောပေါက်သွားခဲ့သည်။
ဤအရာအားလုံးကို ညဦးစီးမှူးအဖွဲ့က စီစဉ်ထားခြင်း ဖြစ်နိုင်သည်။
ဆိုရလျှင် ညသရဲဝိညာဉ်အင်ပါယာသည် သူ၏ အစီအစဉ်အတိုင်း တစ်ဆင့်ချင်းစီ လုပ်ဆောင်နေခဲ့သည်။
စင်စစ် ညသရဲဝိညာဉ်အင်ပါယာသည် အမှောင်ရနံ့သခင်၏ ခန္ဓာကိုယ်ကို ဆဲလ်ဆင့်ပွားခြင်း နည်းစနစ်မှတဆင့် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ဤတစ်ကြိမ်က သူ့အတွက် ဟွာရှို့နိုင်ငံ၏ ခေါင်းဆောင်နှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခြင်းလည်း ဖြစ်၏။
ညသရဲဝိညာဉ်အင်ပါယာက နိုင်ငံခေါင်းဆောင်ကို စိုက်ကြည့်ကာ ရယ်မောလိုက်သည်။
“မင်းရဲ့လှည့်ကွက်က တော်တော်ကောင်းပါတယ်.. လူသားပုံစံတူ မှော်ရတနာက ငါ့ကို လှည့်စားလုနီးပါးပဲ”
ညသရဲဝိညာဉ်အင်ပါယာ၏ ရည်ရွယ်ချက်က အလွန်ရိုးရှင်းသည်။
ခန္ဓာကိုယ်ကို အပိုင်စီးသည်က အချိန်ကန့်သတ်ချက် ရှိ၍ သူ့အနေဖြင့် လုပ်စရာရှိသည်များကို လျင်မြန်စွာ လုပ်ဆောင်ရန် ဖြစ်သည်။
ဤကဲ့သို့သော အချိန်တွင် နိုင်ငံခေါင်းဆောင်သည် ဝမ်မင်ကိုကယ်တင်ရန်အတွက် မည်သည့်ခွန်အားကိုမှ အသုံးမချနိုင်တော့ပေ။
သူက ညသရဲဝိညာဉ်အင်ပါယာနှင့် ရင်ဆိုင်နေရသောကြောင့် ဝမ်မင်၏ ဘေးကင်းရေးသည် ကျိုက်ယန်နှင့် ဆရာများအပေါ်တွင်သာ လုံးဝ မှီတည်နေခဲ့သည်။
နိုင်ငံခေါင်းဆောင်က ကြောက်မက်ဖွယ်ဖိအားများကို ထုတ်လွှတ်နေသော ညသရဲဝိညာဉ်အင်ပါယာအား လေးလေးနက်နက် ကြည့်လိုက်သည်။
“မင်လေးကို ဖမ်းချင်ရင် ငါ့ကို အရင်ကျော်ဖြတ်ရမယ်”
ထိုစကားကိုကြားလျှင် ညသရဲဝိညာဉ် အင်ပါယာက ရယ်မောလိုက်သည်။
သူက နိုင်ငံခေါင်းဆောင်ကို လုံးဝ မကြောက်ရွံ့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးသည် ပကတိအင်မော်တယ်များ ဖြစ်သောကြောင့်ပင်။
အော်ရာ ထိပ်တိုက်တွေ့ဆုံမှုအရ သူတို့နှစ်ဦး၏ စွမ်းအားက တန်းတူပင် ဖြစ်ကြောင်း သိလိုက်သည်။
“အကြွင်းအကျန်နယ်မြေထဲမှာ တိုက်ပွဲဖြစ်ရင် အကုန်လုံးပျက်စီးကုန်လိမ့်မယ်”
ဤတစ်ကြိမ်က ညသရဲဝိညာဉ်အင်ပါယာ အနေဖြင့် ခန္ဓာကိုယ်တစ်ခုကို အပိုင်စီးထားစဉ် ရန်သူနှင့် ရင်ဆိုင်ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုအချိန်တွင် ညသရဲဝိညာဉ်အင်ပါယာသည် ရုတ်တရက် သက်ပြင်းချလိုက်သည်။
“မင်းပို့လိုက်တဲ့ လူသားပုံစံတူ မှော်ရတနာက ခုခံကာကွယ်မှုတွေ တကယ်ကို ကောင်းမွန်တာပဲ.. ကံမကောင်းစွာနဲ့ပဲ ငါတို့ခွဲခြမ်းစိတ်ဖြာဖို့ အချိန်မရသေးခင်မှာ သူ့ကိုယ်သူ ဖျက်ဆီးလိုက်တယ်.. မဟုတ်ရင် ငါအချိန်ကုန်ခံ ခွဲခြမ်းစိတ်ဖြာပြီးမှ TT စိတ်ဝိညာဉ်ကားနဲ့ ပြန်ပို့ပေးပါတယ်လေ.. ဘာပဲဖြစ်ဖြစ် ဒီလူသားပုံစံတူ မှော်ရတနာက ပုံဆိုးပန်းဆိုး အဖိုးကြီးစက်ရုပ်တစ်ရုပ်ပဲ.. သားရဲတွေကိုတောင် လိုက်ပါ ပို့ဆောင်ပေးတဲ့ TT စိတ်ဝိညာဉ်ကားတွေက အဘိုးကြီးတစ်ဦးကိုတော့ ခပ်ဝေးဝေးထိ လိုက်ပို့မယ်လို့ ငါမထင်ဘူး”
“……….”
ထိုစကားကိုကြားလျှင် နိုင်ငံခေါင်းဆောင်၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားခဲ့သည်။
သူက တစ်ဖက်သား သူ့ကို စိတ်ဆွနေမှန်းသိ၍ စိတ်ကို တည်ငြိမ်အောင် ကြိုးစားခဲ့သည်။
ခဏအကြာတွင် ကျင့်ကြံသူ နှစ်ယောက်ကြားရှိ ထိပ်တိုက်တွေ့ဆုံမှုသည် မဆုတ်သာမတိုးသာ အခြေအနေ ဖြစ်လာခဲ့သည်။
တစ်ဖက်တွင်လည်း ဆဲလ်များက သရဲခေါင်းဓား၏ အနက်ရောင် ဓားကိုယ်ထည်ကို ဖုံးအုပ်သွားပြီးနောက်တွင် သရဲခေါင်းဓားသည် ရှေ့သို့ အတားအဆီးမရှိ တက်လာခဲ့သည်။
ဤအချိန်တွင် ကျိုက်ယန်၏ ဖိအားသည် အလွန်ပင် ကြီးမားးလာသည်။
အဘယ်ကြောင့်ဆိုသော် ဆရာများက သူ့လောက် မသန်မာသလို တိုက်ပွဲအတွေ့အကြုံလည်း သိပ်မရှိကြသောကြောင့်ပင်။
သရဲခေါင်းဓားက သူတို့ဆီ ပျံသန်းလာသည်ကို မြင်လျှင် လူအုပ်ကြီးက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။
ထို့အပြင် ဆရာအများစုသည် ဝမ်မင်ထံမှ အစီအရင် အူတိုင်၏ ကိုဩဒိနိတ် အမှတ်များကို လက်ခံရရှိပြီးနောက် တိုက်ခိုက်ရန် သွားရောက်ခဲ့ကြသည်။
ကောင်းကင်နှင့်ပင်လယ် အစီအရင် ပျောက်ကွယ် မသွားသရွေ့ သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေသည် ဖျက်ဆီးခံရမည့် အခြေအနေတွင် ဆက်လက် ရှိနေဦးမည် မဟုတ်ပါလော။
“အာကာပြင်ခုတ်ချက်”
သရဲခေါင်းဓားက အလင်းကဲ့သို့ အရှိန်ဖြင့် အရှေ့သို့ ပျံတက်သွားခဲ့သည်။
သရဲခေါင်းဓား အနားသို့ ရောက်လာသည်နှင့်တပြိုင်နက် ကျိုက်ယန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
“တကယ်ပဲ အာကာပြင်ခုတ်ချက်ပါလား”
ဤသည်မှာ အသေခံ တိုက်ခိုက်ရေး ဓားနည်းစနစ်တစ်ခုဖြစ်သည်။
ခန္ဓာကိုယ်ကိုလိုချင်၍ အစောပိုင်းက ဆူညံနေသော သရဲခေါင်းဓားသည် အသေခံတိုက်ခိုက်ရေး ဓားနည်းစနစ် တစ်ခုကို အသုံးပြုလာလိမ့်မည်ဟု ကျိုက်ယန် မမျှော်လင့်ခဲ့ပေ။
“ငရဲကို အတူတူသွားလိုက်ရအောင်”
အနက်ရောင်ဓားက လေထဲတွင် ပျံသန်းလာကာ ကျိုက်ယန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားသောကြောင့် သရဲခေါင်းဓားက အေးစက်စက်ရယ်မောလိုက်သည်။
သို့သော် သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျိုက်ယန်က ဒဏ်ရာပင်မရခဲ့ပေ။
သူမ၏ ခန္ဓာကိုယ်က တစ်ဖက်တွင် ပြန်ပေါ်လာခဲ့သည်။
ဆိုရလျှင် ကျိုက်ယန်သည် ဝမ်မင်၏ ဦးနှောက်တွက်ဆခြင်းနည်းစနစ်ဖြင့် ကယ်တင်ခံခဲ့ရခြင်း ဖြစ်၏။
သရဲခေါင်းဓားက တုန်လှုပ်သွားသော်လည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်ခြင်း မရှိပေ။
သူက ဝမ်မင်ဆီသို့ ဦးတည်၍ ပျံသန်းလိုက်သည်။
သို့သော် ဝမ်မင်ကို ထိုးဖောက်ခါနီးတွင် ဝမ်မင်က ရုတ်တရက် ဦးခေါင်းကို ကိုင်လိုက်ပြီး နာနာကျင်ကျင် အော်ဟစ်လိုက်သည်။
နောက်ထပ် အခိုက်အတန့်မှာပင် ဝမ်မင်၏ ဦးခေါင်း အထက်၌ တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုတွင်းနက်ထဲမှ ပြင်းထန်သောစွမ်းအားများက ဝမ်မင်နှင့်အတူ သရဲခေါင်းဓားကိုပါ စုပ်ယူသွားခဲ့၏။
အပိုင်း(၇၄၆) ပြီး၏