နေရာလွတ် ပင်လယ်သေ
Vol. 50 Ch. 748
ဝမ်မင် နိုးလာပြီးနောက် ဦးခေါင်း ကွဲထွက်လုမတတ် ပြင်းထန်စွာ နာကျင်ခံစားနေရသည်။
အချိန်အတော်ကြာမှသာ ခံစားနေရသော ဝေဒနာမှ အနည်းငယ် ပြန်လည် သက်သာလာခဲ့သည်။
သူ လှုပ်ရှားလိုက်သည့်တိုင် ဦးခေါင်းကို ထိခိုက်မိမည် စိုး၍ လှုပ်ရှားမှု ကြီးကြီးမားမား မလုပ်ရဲပေ။
သူက ဘယ်နေရာသို့ ရောက်နေလဲ ဆိုသည်ကို ဆုံးဖြတ်ရန် ထထိုင်လိုက်သည်။
သူ့ဦးခေါင်းက ပြင်းထန်စွာ နာကျင်လွန်း၍ ဖြည်းဖြည်းချင်းသာ လှုပ်ရှားခဲ့သည်။
သူ့တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေ၍ အင်္ကျီအဖြူက စိုစွတ်နေပြီ ဖြစ်သည်။
အဆုံးသတ်တွင် သူ ရောက်ရှိနေသည့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူက နီညီရောင်နှင့် စိမ်းပြာရောင် အလင်းတန်းတို့၏ အလယ်၌ ရောက်နေသည်။
သူ့ရှေ့တွင် အဆုံးမရှိသော ဖန်ပင်လယ်ကြီး ရှိ၏။
နီညီရောင်နှင့်စိမ်းပြာရောင် အလင်းတန်း၏ လှပသော အရောင်များသည် ကောင်းကင်ကို လွှမ်းခြုံထားသည်။
ယင်းက ရောင်စုံ မီးဆလိုက်လို မီးရောင်များ ရောထွေးယှက်တင် ဖြစ်နေသည်။
လက်ရှိအချိန်တွင် သူသည် ဖန်ပင်လယ်ထဲတွင် ဝါးဖောင်သဏ္ဍာန် မျောပါနေသည့် ကောင်းကင်သတ္တုဓားပေါ်၌ ထိုင်နေ၏။
“ဒါက အရင်က ဥက္ကဌချီ ပြောဖူးတဲ့ နေရာလွတ် တွင်းနက်လား”
ဝမ်မင်က စိတ်ငြိမ်ငြိမ်ထားပြီး သူ ဤနေရာသို့ မည်သို့မည်ပုံ ရောက်လာခဲ့သည်ကို ပြန်စဥ်းစားလိုက်သည်။
သူက ကျိုက်ယန်ကို ကယ်တင်ရန်အတွက် ဦးနှောက်တွက်ဆခြင်းနည်းစနစ်ကို အတင်းအကြပ် လုပ်ဆောင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သတိရမိသည်။
အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရပါသနည်း။
ကောင်းကင်သတ္တုဓားကြောင့်သာ မဟုတ်လျှင် တွင်းနက်ထဲသို့ စုပ်ယူခံရသည်နှင့် တစ်ပြိုင်နက် နေရာလွတ် မုန်တိုင်းကြောင့် သူ ကွဲကြေသွားပေလိမ့်မည်။
အဆင့်မြင့် မှော်ဓားအားလုံးတွင် "သခင်ကယ်တင်ခြင်း" ယန္တရား ပါရှိသည်။
ပုံမှန်အားဖြင့် ဤယန္တရား၏ အသက်ဝင်မှုသည် ဓားဝိညာဉ်ပေါ်တွင်သာ မူတည်သည်။
ဓားဝိညာဉ်နှင့် ၎င်း၏သခင်တို့ ဆက်ဆံရေး မြင့်မားလာသောအခါတွင် ဓားဝိညာဉ်သည် အသက်ပေးရန်ပင် ဝန်မလေးဘဲ အရေးပါသော အဆုံးအဖြတ် အခိုက်အတန့်များတွင် ထွက်လာတတ်သည်။
သို့သော် ဝမ်မင်၏ ကောင်းကင်သတ္တုဓားတွင် ဓားဝိညာဉ် မပါရှိပေ။
လက်ရှိ "သခင်ကယ်တင်ခြင်း" ယန္တရားသည် အလားတူအကျိုးသက်ရောက်မှုကို ထုတ်လုပ်ရန် အတွက် သိပ္ပံနည်းကျ နည်းလမ်းများကို အသုံးပြုထားသည်ထက် မပိုပေ။
အားလုံးကို ခြုံငုံ၍ ပြောရလျှင် ကောင်းကင်သတ္တုဓားသည်ာအင်မော်တယ် စံအိမ်သခင် ချန်ယွီ ဖန်တီးထားသည့် ရှားပါး မှော်ဓားတစ်လက် ဖြစ်သည်။
ကောင်းကင်သတ္တုဓားကို ပြန်လည် ဒီဇိုင်းဆွဲပြီးသောအခါတွင် ဝမ်မင်သည် ၎င်းထဲတွင် သိပ္ပံနည်းပညာ အချို့ကို ထည့်သွင်းပြီး သမားရိုးကျ မှော်ဓားနှင့် တတ်နိုင်သမျှ တူအောင် ကြိုးစားခဲ့သည်။
ရိုးရှင်းစွာပြောရလျှင် သူ၏ သိပ္ပံနည်းပညာ ထည့်သွင်းထားသော မှော်ဓားတွင် ပုံမှန်မှော်ဓား၏ လုပ်ဆောင်ချက် အားလုံး ပါ၀င်သည်။
ထိုအချိန်က သူ့အကြံအစည်သည် လက်ရှိ အခိုက်အတန့်တွင် အသုံးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
"ကောင်ဆိုးလေး... နိုးလာပြီလား"
ဝမ်မင်က ဤနေရာကနေ ဘယ်လို ရုန်းထွက်ရမလဲ စဉ်းစားနေစဥ်မှာပင် သရဲခေါင်းဓား၏ အသံက ဝါးဖောင်ပေါ်မှ ထွက်ပေါ်လာသည်။
ဝမ်မင်က လန့်ဖျပ်သွားပြီး နောက်ဆုတ်သွားသည်။
သူကြည့်လိုက်ရာ သရဲခေါင်းဓားက ဝါးဖောင်ပေါ်တွင် အမှန်တကယ် ရှိနေသည်ကို သိလိုက်ရသည်။
ကောင်းကင်သတ္တုဓား၏ "သခင်ကယ်တင်ခြင်း" ယန္တရားသည် ဓားပိုင်ရှင်ပေါ်တွင်သာ အလုပ်လုပ်သင့်သည်။
ကြည့်ရသည်မှာ ကောင်းကင်သတ္တုဓားသည် သရဲခေါင်းဓား၏ ဓားကိုယ်ထည်ကို ဝမ်မင်၏ မှော်ရတနာအဖြစ် လွဲမှားစွာ မှန်းဆပြီး ကယ်တင်ခဲ့ပုံရ၏။
ယင်းသည် ဝမ်မင်၏ ဒီဇိုင်းမှ ချို့ယွင်းချက်တစ်ခုဟု ယူဆနိုင်ပေသည်။
ဝမ်မင်က အံကြိတ်လိုက်သည်။
သူ ဤနေရာက ထွက်သွားနိုင်ခဲ့လျှင် ဒီဇိုင်းချို့ယွင်းချက်ကို သေချာပေါက် ပြင်ဆင်ရမည် ဖြစ်၏။
သရဲခေါင်းဓား၏ အခြေအနေက ဝမ်မင်ထက် များစွာဆိုးဝါးနေပုံရသည်။
ယုတ္တိဗေဒအရပြောရလျှင် သရဲခေါင်းဓားသည် ဝမ်မင်ကို လုံးဝ သတ်သင့်သော်လည်း ယခုအခါတွင် အလျင်စလို ဖြစ်မနေပေ။
သူက သတ်ဖြတ်လိုသော အော်ရာကို အနည်းငယ်မျှပင် မဖော်ပြဘဲ ဓါးပုံစံဖြင့် ဝါးဖောင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။
သရဲခေါင်းဓားတွင် သတ်ဖြတ်လိုသော အော်ရာကို ထုတ်လွှတ်နိုင်သည့် စွမ်းအင် ရှိမနေတာမျိုး ဖြစ်နိုင်ပါသလော။
"အဆုံးသတ်မှာ မင်းနဲ့ငါ အတူတူ ဒုက္ခရောက်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး... ဒီနေရာလွတ် ပင်လယ်သေထဲကိုမှ စိမ့်ဝင်သွားတယ်"
သရဲခေါင်းဓား၏ လေသံက အလွန်အားနည်းနေ၏။
"ဒါဆို ဒါက နေရာလွတ်ပင်လယ်သေလား"
ဝမ်မင်က မျက်မှောင်ကြုတ်လိုက်သည်။
သူက အလွန်ကြီးကျယ်သော လှုပ်ရှားမှုများကို မလုပ်ဝံ့ပေ။
သရဲခေါင်းဓား၏ အသံကြောင့် စောစောက သူ လန့်ဖျပ်သွားခဲ့သည်။
ယခုအခါတွင် သူ့ခေါင်းက ပေါက်ကွဲထွက်တော့မည်ဟု ခံစားလာရပြန်ပြီ ဖြစ်သည်။
ဥက္ကဌချီ ယခင်က နေရာလွတ် ပင်လယ်သေ အကြောင်း ပြောပြခဲ့ဖူးသည်ကို သတိရမိသည်။
နေရာလွတ် ပင်လယ်သေသည် နေရာလွတ် လှိုင်းလေထန်ခြင်း အမျိုးအစားဟု ယူဆနိုင်ပြီး နေရာလွတ် မုန်တိုင်းထက် ပို၍ ရှင်သန်ရန် အခွင့်အရေးရှိသည်။
လူတစ်ဦးသည် ပထမဆုံး စုပ်ယူခံလိုက်ရသောအခါတွင် မျက်ရည်ကျရသည်အထိ နာကျင်မှုကို ခံစားရမည် ဖြစ်၏။
တစ်ခုတည်းသော ခြားနားချက်မှာ နေရာလွတ် လှိုင်းလေထန်မှုဖြစ်စဉ်သည် အနည်းငယ်ပို၍ လုံခြုံသော ပတ်ဝန်းကျင်ဖြစ်သည့် နေရာလွတ် ပင်လယ်သေ နှင့် ဆက်စပ်နေသည်။
နေရာလွတ် မုန်တိုင်းကမူ ပိုမိုကြီးမားသော မုန်တိုင်းတစ်ခုနှင့် တူပြီး ပကတိအင်မော်တယ်အဆင့် ကျင့်ကြံသူမှ လွဲ၍ မုန်တိုင်းထဲသို့ ဝင်သွားသော လူအများစုသည် ဘယ်တော့မှ ပြန်မလာနိုင်ကြပေ။
ဝမ်မင်သည် သူ့လက်ဖြင့် နေရာလွတ် ပင်လယ်သေမှ "ရေ" တစ်စက်ကို အသာအယာ ထိကိုင်လိုက်သည်။
၎င်းက အလွန် ထူးခြားသော အရည်တစ်မျိုးဖြစ်သည်။
၎င်း၏ သာမန် အထိအတွေ့က အန္တရာယ်မရှိသော်လည်း အချိန်အကြာကြီး စိမ်ထား၍ မရပေ။
သို့မဟုတ်လျှင် သင့်၌ သံမဏိအရိုးများ ရှိနေလျှင်ပင် အတွင်းပိုင်းထိ ဖြည်းညင်းစွာ ကြေမွသွားလိမ့်မည် ဖြစ်သည်။
[အကယ်၍ သူသာ သရဲခေါင်းဓားကို ဖောင်ပေါ်ကနေ တွန်းချနိုင်ခဲ့ရင်..]
ဝမ်မင်က ချက်ချင်းပင် အကြံအစည်တစ်ခု တွေးမိလိုက်သည်။
သို့သော် သရဲခေါင်းဓား၏ အသံကြောင့် ထိုအကြံအစည်ကို အလွန်လျင်မြန်စွာ စွန့်ပစ်လိုက်ရသည်။
"ကောင်ဆိုးလေး... မင်းဘာတွေတွေးနေတာလဲ ငါသိတယ်...
ငါမင်းကို သတိပေးချင်တယ်.. ငါလှုပ်ရှားဖို့ အရမ်းနာကျင်နေချိန်မှာ မင်းငါ့ကို တစ်ခုခု လုပ်ဝံ့ရင် မင်းကို ငါနဲ့အတူ ဆွဲချသွားမယ်"
“….........”
ဝမ်မင်က နောက်ပြန်ဆုတ်လိုက်သည်။
သူ၏ ပင်ကိုသိစိတ်ကနေ ဤစကားက အချည်းနှီး ခြိမ်းခြောက်မှု မဟုတ်ကြောင်း ပြောနိုင်သည်။
သရဲခေါင်းဓား၏ လက်ရှိအခြေအနေအရ ဝမ်မင်၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်ထားနိုင်မည် မဟုတ်သော်လည်း အပါခေါ်သွားရန် ခွန်အားရှိသည်မှာတော့ သေချာသည်။
ကောင်းကင်သတ္တုဓားသည် ယခုအခါတွင် သူ့ကို ကာကွယ်ရန် ဝါးဖောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
ဤသည်မှာ ဝမ်မင်၏ တစ်ခုတည်းသော လက်နက်ဖြစ်သည်။
ကောင်းကင်သတ္တုဓားသာ မူလပုံစံအတိုင်း ရှိနေလျှင် သူက သရဲခေါင်းဓားကို တိုက်ခိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
သို့သော် ကောင်းကင်သတ္တုဓားကို တိုက်ရိုက် အသုံးမပြုနိုင်သည့် အခြေအနေတွင် ရန်သူကို ရင်ဆိုင်ခြင်းသည် အဓိပ္ပါယ်မရှိသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
အဆုံးသတ်တွင် သူ့မှာ သာမန်ခန္ဓာကိုယ်သာ ရှိသည် မဟုတ်ပါလော။
"ဟုတ်တယ်.. ဒီကနေ ထွက်သွားဖို့ နောက်ဆုံး ခွန်အားကို ငါချန်ထားရမယ်.. မင်းငါ့ကို ဒုက္ခမပေးရင် ငါလည်း မင်းကို မတိုက်ခိုက်ပါဘူး"
ထိုစကားကို ကြားလျှင် သရဲခေါင်းဓားက ရယ်မောလိုက်သည်။
"မင်း ဒီကနေ ထွက်သွားချင်သေးတာလား.. နေရာလွတ် ပင်လယ်သေထဲကို စိမ့်ဝင်သွားတဲ့အခါ.. နေရာလွတ်ကို မင်းကိုယ်တိုင် မဖွင့်နိုင်သ၍ ငါတို့ကို နေရာလွတ်က စွန့်ထုတ်ပစ်တဲ့အထိ စောင့်ရလိမ့်မယ်.. ဘယ်လောက်ကြာမယ်လို့ ထင်လဲ"
"လူများစွာမှာ နေရာလွတ် လှိုင်းလေထန်ခြင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတစ်ခု ရှိခဲ့ကြတယ်.. အဲဒါက စုပ်ယူခံရပြီး နာရီအနည်းငယ် အတွင်းမှာပဲ နေရာလွတ်ထဲကနေ စွန့်ထုတ်ခံရမယ်လို့ ယူဆခဲ့ကြတာပဲ"
"နေရာလွတ်ပင်လယ်ပြင်က အချိန်နှင့်တစ်ပြေးညီ နာရီအနည်းငယ်အတွင်း သက်ရှိအရာတွေကို စွန့်ထုတ်တာကတော့ အမှန်ပဲ.. ဒါပေမဲ့ အချိန်က လက်တွေ့ကမ္ဘာနဲ့ နှိုင်းယှဉ်ရင် ဒီနေရာမှာ မတူညီတဲ့နှုန်းနဲ့ စီးဆင်းနေတယ်"
"နေရာလွတ်ပင်လယ်သေမှာ မျောလွင့်နေတဲ့ တစ်နေ့တာက ပြင်ပကမ္ဘာမှာ ဆယ်မိနစ်ပဲ ရှိတယ်"
"မင်းလည်း နေရာလွတ်ပင်လယ်သေ အကြောင်း နည်းနည်းပါးပါး သိထားမယ်လို့ ငါထင်တယ်"
သရဲခေါင်းဓားက ရယ်မောကာ ပြောလိုက်သည်။
"မင်မြင်တဲ့အတိုင်းပဲ.. ငါ့ရဲ့လက်ရှိအခြေအနေကြောင့် ငါထွက်သွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ
ဒါပေမယ့် လွတ်မြောက်ဖို့ နည်းလမ်းရှိလာမယ် ဆိုတာတော့ ငါသေချာပေါက်ပြောရဲတယ်.. ဘာလို့လည်းဆိုတော့ မင်းရဲ့ဦးနှောက်က ငါ့ကို လွတ်မြောက်အောင် ကူညီပေးနိုင်တယ်လေ.. ဒါက မင်းကို မသတ်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းတစ်ခုပဲ"
ဤအချက်ကို ပြောရင်း သရဲခေါင်းဓား၏ အသံက ရုတ်တရက် အေးစက်သွားသည်။
"အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်... တစ်အချက်.. ငါနဲ့ အတူသေပွဲဝင်မယ်.. နှစ်အချက်.. ငါတို့ ပူးပေါင်းပြီး အတူတူ ထွက်သွားကြမယ်"
"ကောင်းပြီ ငါနှစ်အချက်ကို ရွေးချယ်တယ်"
ဝမ်မင်က မဆိုင်းမတွပင် ပြောလိုက်သည်။
"ဒါပေမယ့် ဘယ်လို ပူးပေါင်းဆောင်ရွက်ရမှာလဲ"
သရဲခေါင်းဓား "မင်းက ငါတို့ ထွက်သွားဖို့ နည်းလမ်းကို တွေးပါ.. ငါက မင်းကို အားပေးနေမယ်"
ဝမ်မင် “…........”
အပိုင်း(၇၄၈) ပြီး၏